Thursday, May 1, 2014

ဆြာဒင် နန်းတော်ရှေ့ပါဗျာ။ သွင်းဆိုသည့်စာ။ ဆြာဒင်နှင့်ရွှေပင်ရွာမှရှက်တတ်ကြသူများ။



(၁)
"တခေါက်လောက်ကြွခဲ့ကြစမ်းပါ။ ကျုပ်နှမများကိုဖိတ်ကြားချင်ပါတယ်ခင်ဗျာ။ ထိန်ဝါရောင်တိမ်တောင်တွေ စိမ်းစိမ်းစို ကိုယ်တို့ရွာ၊ ခုများတော့ မြို့ကြီးလို ဓာတ်မီးရောင်ရှိန်ကုသိုလ်ဖြစ်ဆေးရုံ၊ပွဲနဲ့လမ်းနဲ့သာသာယာယာ စာသင်ကျောင်းတွေနဲ့ရှေးကနဲ့မတူပါ ကျေးရွာ ဝါဒပြောင်းလဲလိုက်ကြပေါ့ခင်ဗျာ၊ ဟာ ဟာ ဟာ"

"ဗျို့ဆြာဒင်"
"ဘာတုန်းဟ၊ အလန့်တကြား ကပ္ပလီငယ်ရယ်"
အရေးကောင်း ဒိန်းဒေါင်းဖျက်ဟူသည့်စကားဥပမာသည် ဤနေရာတွင်ဧကန်မုချ၊မြေကြီးလက်ခတ်မလွဲ၊ဆတ်ဆတ်ကြီးမှန်လေပြီ။ နန်းတော်ရှေ့ဆရာတင်၏ ကျေးရွာဝါဒသီချင်းမှာ ဆြာဒင်၏အောင်မြင်ခန့်ငြားလှသောအသံဝါကြီးနှင့်လိုက်ဖက်လွန်းလှသဖြင့် နှုတ်မှ ဆိုညည်းအပ်သော တေးတံတျာသည် ဆြာဒင့်နားဝယ် ချိုမြိန်လျက်ရှိရကား ဆိုမဝ၊နားထောင်မငြီးသုတိသြဘာမင်္ဂလာရှိနေချိန်တွင် ဆေးရိုးသည် ကပ္ပလီ၏ ခုနစ်အိမ်ကြားရှစ်အိမ်ကြားခေါ်သံကြောင့် ဆုံးခန်းမတိုင်လိုက်နိုင်တော့ပဲခုလတ်တွင်ရပ်တန့်သွားရချေ၏။
"ကဲ ဆြာဒင် အဝတ်အစားလဲပေတော့ ကြီးမယ်သီအိမ်မှာ ဆြာဒင့် သြဝါဒကို နာခံဖို့ လူစုံနေကြပြီဗျ"
နိုင်ငံတကာခရီးသွားတို့ဥဒဟိုဝင်ထွက်သွားလာလည်ပတ်ကြသော ယိုးဒယားပြည်ဖူးခက်ကျွန်းအရပ်နေဆြာဒင်သည် အသက်အရွယ် ထောက်လာသည်ကတကြောင်း၊ဖူးခက်မြေတွင် အနေကြာလာသည်နှင့်အမျှ မျက်စိရှုပ်နားရှုပ်သည့်ဒဏ်ကို မခံစားနိုင်တော့သည်က တကြောင်းတို့ကြောင့်၊ အခါအခွင့်သင့်သည်နှင့် လွန်စွာအလိုက်အကဲသိတတ်သည့် တပည့်ကျော်သုံးဦးခြံရံလျက် ဇာတိမြေရွှေပင်ရွာ ဆီသို့ အလွမ်းပြေခရီးအဖြစ်ဝှီးကနဲဝှစ်ကနဲ အလည်အပတ်ရောက်ရှိသွားတတ်ချေ၏။
ဆွေကြီးမျိုးကြီးဖြစ်လေသော ဆြာဒင်မှာ ရွာလုံးကျွတ်အမျိုးမတော်စပ်သူဟူ၍မရှိချေ။ဘကြီးဘဒွေးကအစ၊ဒွေးကြီးဒွေးလေးအဆုံး၊ မသေ ကြွင်းကျန် ကျောင်းနေဖော်သူငယ်ချင်းတသိုက်နှင့် ၎င်းတို့၏သားသမီးမြေးမြစ်တို့သည်လည်း ဆြာဒင်နှင့်အဖွဲ့အား ရောက်လေ သည့် အခေါက်တိုင်းတွင် မျက်ရည်တစမ်းစမ်းဖြင့် ဝမ်းသာရွှင်ပြကြိုဆိုတတ်ကြလေ၏။
(၂)
ရွှေပင်ရွာအား နှစ်ပရိစ္ဆေတကြာရှည်လေးမြင့်စွာ ခွဲခွာပြီးသကာလ ရန်ကုန်ရွှေမြို့တော်ကြီးတွင် တက္ကသိုလ်ပညာကို ဆည်းပူးခဲ့ရုံမျှမက ယိုးဒယားပြည်ဖူးခက်သို့တိုင်အောင် ရွှေပင်သားတို့၏အင်ပါယာကိုချဲ့ထွင်နိုင်လေသည့် ဆြာဒင်အား ရွာခံဆွေမျိုးညာတကာတို့စိတ်ဝယ် မာကိုပိုလို၊ကိုလံဘတ်နှင့်ဘတ်စကိုဒဂါးမားတို့နည်းတူ တတန်းတစားတည်းစာရင်းသွင်းကြဟန်ရှိလေသည်။စင်စစ်ထိုပုဂ္ဂိုလ်ကြီးတို့၏ ရာဇဝင်ကို ဂဃနဏသိကြသည်ကားမဟုတ်။ ရွှေပင်ပဏ္ဍိတ်ကျောင်းဆရာလေးကိုဘိုကိတ်၏ နှုတ်ထွက်စကားကို သံယောင်လိုက်ကာ မိုင်ထောင်ချီ ဝေးလံလှသည့် တနယ်တကျေးသို့ စွန့်စားထွက်ခွာကြသူများ ဟုသာ နားလည်ကြကုန်လေ၏။
သို့ကြောင့်ပင်ဖြစ်ပေမည်။ရွှေပင်မြေမှလွဲ၍ ရွာနှင့်နှစ်တိုင်ကွာ သားမြားဘူတာဆီသို့ တနှစ်တခေါက် မရောက်ဖူးကြသည့် ရွှေပင်သားတို့ သည် အိယောင်ဝါးဆြာဒင်အားပညာရှိကဝိတဆူ၊ဇမ္ဗူတလူဟု ထင်မှတ်ကြလျက် သည်တခေါက်ရွှေပင်ရွာအရောက်တွင်ပြင်ပ ကမ္ဘာကြီး ၏ခြင်းရာ၊နိုင်ငံရပ်ခြားတိုင်းတပါးသားတို့၏အကြောင်း၊ သောင်းပြောင်းထွေလာတို့ကို ဗဟု=များစွာသော၊ သုတ=အကြား အမြင်ရရှိ နိုင်ကြ စေရန်အလို့ငှာ သနားငဲ့ညှာသောအားဖြင့် ဟောပြောပေးပါမည့်အကြောင်း မျက်နှာ အောက်ချ၊ရိုသေခယစွာ တောင်းပန် ကြလေ၏။ရွှေပင်လူထု၏အားကို ဆြာဒင်မလွန်ဆန်သာချေ။
ဆြာဒင်သည် ကပ္ပလီ၏လာရောက်နှိုးဆော်မှုကြောင့် ကမန်းကတန်းဆိုလက်စသီချင်းကိုရပ်ကာ ကြီးမယ်သီအိမ်ရှိရာသို့ အသော့နှင် ရချေပြီ။ မင်းပရိသတ်ဗိုလ်ပုံအလယ်တွင် မဟာအရှက်တော် မကွဲစေရန်အလို့ငှာ ကမ္ဘာကြီး၏ပစ္စက္ခဖြစ်ရပ်တို့ကို မျက်ချေ မပြတ်အင်တာ နက်တည်းဟူသော ဗဟုဘဏ်တိုက်နှင့် အမြဲတစေ ထိတွေ့နေသော တပည့်ကျော်တို့ထံမှ .. "ဟကောင်တွေ ။ကနေ့ ဘာ သတင်းထူး သေးတုန်း ဆြာဒင့်ကိုကြိုပြောကြအုံးလဟ" ဟူသည့် အထက်စီးလေသံဖြင့် လမ်းခရီးတလျှောက် မသိမသာနည်းနာခံရင်း ခြေကုန်သုတ် ခဲ့ရာ ကြီးမယ်သီ့အိမ်ရှေ့သို့ ဒုတ်ဒုတ်ထိရောက်ခဲ့ရပြန်ချေသည်။
တောကျောင်းကျောင်းထိုင်ကိုယ်တော်တိုင်ပင်လျှင် ဆြာဒင်၏ဟောပြောပွဲရှိရာသို့ တခုတ်တရကြွရောက်ချီးမြှင့် တော်မူလေရာ လွန်စွာများပြားလှသောရွှေပင်ရွာလူအုပ်ကြီးသည် အိမ်ကြီးရခိုင်ပိုင်ရှင်၊လူကုံထံ စာရင်းဝင် ကြီးမယ်သီ၏ အိမ်ရှေ့ ကွက်လပ်တွင် အုံးအုံးကျွက်ကျွက်စုရုံးရောက်ရှိကြကာ၊ကြက်ပျံမကျစည်ကားလျက်ရှိကြလေကုန်သည်တမုံ့။
(၃)
အခမ်းအနားမစတင်မီနှစ်နာရီခန့်ကပင် မင်းပေါင်းစုံညီလျက်၊လက်ပံပင်ဇရက်ကျသည့်နှယ် ဆူညံစွာရှိနေကြလေရာ ဆြာဒင်တစ်ယောက် ဗိုလ်ရှုခံသည့်အိုက်တင်တခွဲသားဖြင့်ရောက်ရှိလာချိန်တွင်မူ မီးကိုရေဖြင့်ငြိမ်းအပ်ဘိသကဲ့သို့ ပရိသတ်မင်းအပေါင်းသည်ငြိမ်သက်ခြင်း အတိသို့ရောက်လေ၏။ ရွှေပင်သား လူငယ်တချို့ကား တရုတ်ပြည်ဖြစ်စီးကရက်ကို ဟန်ပါပါခဲရင်း ဆြာဒင့်သြဝါဒကိုစောင့်မျှော်ကုန်၏။ သက်ကြီး ဝါကြီး တချို့ကား ပြောင်းဖူးဖက်ဆေးလိပ်ကို မီးတရဲရဲထအောင်ဖွာရင်း၊ဆြာဒင့်၏ ဟောပြောမှုကိုငံ့လင့်ကြကုန်၏။ ဆြာဒင်ကား ဟန်ကိုယ့် ဖို့ဟူသော ပညာရှိတို့၏လမ်းညွန်ချက်နှင့်အညီ ရွှေပင်ရွာလူစုံ၊ဗိုလ်ပုံအလယ်တွင် ခန့်ထည်စွာ မတ်မတ်ရပ်ရင်း၊ ကွပ်ပျစ်ပလ္လင်ထက်ဝယ် အမြိန့်သားစံနေတော်မူသည့် တောကျောင်းဘုန်းကြီးအားလက်အုပ်ချီဂါရဝပြုပြီးသကာလ ရွှေပင်ရွာသားတို့ ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်နိုင် စေရန် "အဟမ်း အဟမ်း" ဟူသော လည်ချောင်းရှင်းသံဖြင့် ဟောပြောမှုကိုနိဒါန်းပျိုးလိုက်ရချေ၏။
"ရွှေပင်ရွာမိဘပြည်သူအပေါင်းတို့ခင်ဗျား"
အချီးစကားမဆုံးမီမှာပင် ရွှေပင်ပရိသတ်ထံမှ တီးတိုးစကားသံတချို့ထွက်လာသည်ကား ..
"ဟာ ဆြာဒင်က အသက်ကြီးလှပြီဥစ္စာ၊ဘယ်နှယ့် ကျုပ်တို့ကို မိဘပြည်သူလုပ်နေရတာတုန်း"
"အေးလကွာ။ငါနဲ့ တောကျောင်းဘုန်းကြီးဆီမှာ စာအံဖက်၊ဂွေလှိမ့်ဖက်ဖြစ်ပါလျက်ကနဲ့ ငါ့ကို မိဘစာရင်းသွင်းတာတော့ တယ်ဟန်မကျ လှဘူး"
"ဟိုဘက်နိုင်ငံတွေမှာ ဒီလိုပဲ ခေါ်ကြတယ်ထင်ပါရဲ့"
"တိတ်တိတ်နေကြစမ်းပါဟ။ဆြာဒင်က နင်တို့ထက်တတ်တယ်။ဒီစကားမျိုးကို လောကွတ်လို့ခေါ်သဟ၊လောကွတ်။လောကွတ်"
ဆြာဒင်သည် ပရိသတ်ငြိမ်သက်သည်အထိအတန်ငယ်စောင့်ဆိုင်းပြီးမှ စကားကိုရှေ့ဆက်ရပြန်၏။
"ဆြာဒင်ဒီနေ့ဟောပြောမဲ့အကြောင်းအရာကတော့ "ရှက်တတ်ရင်လဲသေလို့ရတယ်"ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ ဆြာဒင်တို့မိဘဘိုးဘွား တွေရဲ့လက်သုံးစကားတစ်ခွန်း ကိုအားလုံးကြားဖူးကြမယ်ထင်ပါတယ်။ အသက်ထက်အရှက်က ပိုပြီးအရေးကြီးတယ်ဆိုတဲ့စကားပေါ့"
ဆြာဒင့်၏ စကားမဆုံးမီမှာပင် ရွှီ...ဖြောင်းဖြောင်းဟူသော လက်ခေါက်မှုတ်သံသြဘာသံတို့နှင့်အတူတခဲနက်ထောက်ခံသူများ ပေါ်ထွက် လာပြန်လေသည်။
"မှန်ချက်ကွာ။ဒဲ့ပဲ"
"ဟုတ်ပါ့ ဟုတ်ပါ့။လွှတ်မှန်ပေါ့"
"ဒါကြောင့်လည်း ဆြာဒင် ဆြာဒင် ဆိုပြီး နာမည်ကြီးပေသကိုး"
"ဟုတ်သာပေါ့။အသက်နဲ့လူလုပ်ရတာမှုတ်ဘူး၊အရှက်နဲ့"
"ရွှေပင်က ခုခေတ်ကာလသားသမီးတွေ ဆြာဒင့်စကားကိုမြေဝယ်မကျမှတ်ကြဟေ့"
(၄)
ဤသို့လျှင် ဆြာဒင်သည် ယနေ့ကြွလာ ရွှေပင်ရွာပရိသတ်တို့၏ အားပေးသံ တီးတိုးဝေဖန်သံနှင့်လက်ခုပ်သြဘာသံများကြားမှပင် အာရှတိုက်အတွင်း၊တောင်ကိုးရီးယားအမည်ရှိ ခေတ်မီနိုင်ငံကြီးတခုတွင် ပူပူနွေးနွေးယခုရက်ပိုင်းများတွင်ဖြစ်ပေါ်ခဲ့သော ဝမ်းနည်းကြေ ကွဲဖွယ် ဖြစ်ရပ်တခုကို အခြေခံလျက် ရွှေပင်သားတို့အရှက်တရားရှိကြစေရန် အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့်ပိုင်ပိုင်နိုင်နိုင်ကြီး တံထွေးသီးအောင် ဟောပြောသမှုပြုခဲ့လေတော့သည်။
ဆြာဒင်၏ပိုင်နိုင်ကျွမ်းကျင်လှသောဟောပြောချက်ကြောင့် ရွှေပင်သားတို့၏ စိတ်အစဉ်ကား လွန်ခဲ့သော ၁၆၊၀၄၊၂၀၁၄နေ့က ဆိုးလ်မြို့ အင်ချွန်းအရပ်မှသည် ဂျယ်ဂျုကျွန်းဆီသို့ခုတ်မောင်းခဲ့သော ခရီးသည်လေးရာကျော်တင်ဆောင်ထားသည့် Sewol အပန်းဖြေ သင်္ဘောကြီးဆီသို့ ရောက်ရှိသွားကြလေကုန်ပြီတကား။မမျှော်လင့်ပဲ သင်္ဘောကြီးတိမ်းမှောက်သည့် အခန်း အရောက်တွင် ရွှေပင်လူထုသည်ထိတ်ထိတ်ပြာပြာ ဖြစ်ကြ၏။ ကျောင်းသားကျောင်းသူအများစုပါဝင်သည့် ခရီးသည်တို့ကို ထားရစ်ကာ ကိုယ်လွတ်ရုန်း ခဲ့သော သင်္ဘောမာလိန်မှူးကြီး၏ အကြောင်းကို ကြားကြရသည့်အခါ ဒေါသ အမျက်ချောင်းချောင်းထွက်ကြ ကုန်၏။ခရီးသည်သုံးရာ နီးပါးပျောက်ဆုံး ကွယ်လွန်ကြ ရခြင်းအတွက်လည်း များစွာပူဆွေးဟန်ရှိကြကုန်၏။
ထို့ပြင်တဝ အင်ချွန်းမြို့ဒေါင်ဝှမ်အထက်ကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးသည် အဆိုပါခရီးစဉ်ကို စီစဉ်မိခဲ့ခြင်းအတွက်နောင်တ ကြီးစွာရလျက် မိမိကိုယ်မိမိ ဒုက္ခသည်စခန်းမှာပင် အဆုံးစီရင်သွားခြင်း၊နောက်ဆုံးအနေဖြင့် အဆိုပါသင်္ဘောနစ်မြှုပ်ရာတွင် ကယ်ဆယ် ရေးလုပ်ငန်းများ အချိန်မီမဆောင်ရွက်နိုင်ခြင်းကြောင့် တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong Won ရာထူးမှနှုတ်ထွက်ခြင်း စသည့်နောက်ဆက်တွဲ ဖြစ်ရပ်တို့ကို ရွှေပင်သားတို့သည် နားရွက်မျှပင်မခတ်ကြပဲ နားစိုက်ကြကုန်၏။စုတ်တသတ်သတ်ဖြစ်ကြကုန်၏။
ဆြာဒင်ကား ဒုတိယကမ္ဘာစစ်ကြီးတွင် အရေးနိမ့်ခဲ့လေသော နေမျိုးနွယ်နိပွန်တို့ ဧကရာဇ် ၏အိမ်တော်ရှေ့တွင် ဆာမူရိုင်း စိတ်ဓာတ်ဖြင့် ဟာရာဂီရိပြုခဲ့ကြသည့်အကြောင်းခြင်းရာနှင့် ဟောပြောချက်ကိုနိဂုံးကမ္ပတ်အဆုံးသတ်လိုက်လေရာ ရွှေပင်လူထု၏လက်ခုပ်သြဘာသံ သည် အနီးနားရှိညောင်ကြတ်ပင်ရွာသို့တိုင်အောင်၊သောသောညံ မြည်းဟည်းလေတော့သတည်း။
(၅)
တပည့်ကျော်သာဝကသုံးဦးသည် ထင်မှတ်မထားလောက်အောင် ပွဲလည်တင့်ခဲ့လေသောဆြာဒင့်အား ချီးမွမ်းမကုန်ရှိကြလေရာ ဆြာဒင် မှာ နေမထိထိုင်မသာအိုးတို့အန်းတန်းပင်ဖြစ်ရလျက် ကြီးမယ်သီအိမ်မှ တည်ခင်းအပ်သော ရသာချိုချဥ၊်ခဲဘွယ်ဘောဇဉ်တို့ကို အားမနာတမ်းသုံး ဆောင်ပြီးသကာလ လေးဦးသားတည်းခိုရာနေအိမ်ဝပ်ကျင်းသို့အပြန်ခရီးတွင်ပင်မက၊ အိပ်ယာဝင်ချိန်အထိ ဘုတ်ကျီးမြှောက် ၊ကျီးဘုတ် မြှောက်နှင့်စကားအမျှင်မပြတ်နိုင်ကြပဲ သက်ကြီးခေါင်းချချိန်လွန်မှသာ အိပ်ပျော်ခြင်းသို့ရောက်ကြလေ၏။
မှေးကနဲပျော်မည်ရှိသည်ဟုသာ ထင်မှတ်မိတော့သည်။ဆြာဒင်တို့တည်းခိုရာအိမ်ရှေ့တွင် ကျွက်စီကျွတ်စီအသံများ ကြားနေရသည်ဟု သံသယဝင်မိသဖြင့် ကြက်အိပ်ကြက်နိုးသတိတရားမလွတ်လေသော ဆြာဒင်သည် ဖယောင်းတိုင်တတိုင်ကို ဖျတ်ကနဲမီးထွန်းညှိလျက် လက်ဖြင့်ကိုင်မြှောက်ရင်း အိမ်၏ အရှေ့ဖက်ကွက်လပ်ဆီသို့လှမ်းမျှော်ကြည့်လိုက်မိချိန်တွင်ကား မည်းမည်းလှုပ်နေသော ရွှေပင်လူထု သည် ကြည်လင်ရွှင်ပျခြင်းမရှိသည့် မျက်နှာထားကိုယ်စီဖြင့် စုရုံးရောက်ရှိနေကြလေရာ ဆြာဒင့်မှာ နဝေတိမ်တောင်မျက်နှာပေးဖြင့် စိစစ်မေးမြန်းသမှုပြုရပြန်လေ၏။
"ဘယ့်နှယ်။စောစောစီးစီ နံနက်မိုးသောက်အလင်းမရောက်မီ ရွာရှိလူကုန် ဆြာဒင့်အိမ်ရှေ့ကြွရောက်လာကြတာဖြင့် အဘယ်အရေး
ပေနည်း"
ဆြာဒင့်စကားအဆုံးမှာပင် လူအုပ်ရှေ့သို့ ရင်ကိုကော့လျက်ထွက်လာသူမှာ ရွှေပင်ပဏ္ဍိတ်ကျောင်းဆရာလေး ကိုဘိုကိတ်ဖြစ်၏။
"စောစောစီးစီး ဆြာဒင့်ကို ဒုက္ခလာပေးတယ်မထင်ပါနဲ့။ကျုပ်တော့ ရွှေပင်ကျောင်းဆရာအဖြစ်က နှုတ်ထွက်လိုက်ပါပြီဆြာဒင်။ ရွှေပင်ကျောင်းကနေ မက်ထရစ်မအောင်ခဲ့တာ ငါးနှစ်တောင်ရှိပြီ။ ဒီအတွက် ကျုပ်မှာ တာဝန်မကင်းသလိုခံစားရလို့ပါဗျာ"
ကိုဘိုကိတ်နောက်သို့အဆုတ်တွင် လူအုပ်ကြားမှ ရှေ့တလှမ်းတိုးလာသူကား ဆြာဒင့်ပထွေးလေး ဘပေါ်အေးပေတည်း။
"ဘထွေးလည်း အိမ်ထောင်ဦးစီးအဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီကိုရင်၊ကျုပ်ကလေးတွေကို ကွန်ပြူတာဆိုလား လက်ပတော့ဆိုလား တလုံးမှဝယ်မပေးနိုင်တာ ကျုပ်အပြစ်ပါပဲ။သူတို့မှာသာကွန်ပြူတာရှိနေရင် ဆြာဒင်တို့လို မျက်စိကြီးနားကြီးဖြစ်နေလောက်ပြီ။ ကျုပ်လည်း နေဝင်မိုးချုပ်တတ်နိုင်သလောက်တကုပ်ကုပ်လုပ်ခဲ့တာပါပဲ။ဒါပေသည့်ဘထွေးမှာ တာဝန်မကင်းလှပါဘူး"
ဆြာဒင်မည်သို့သော တုန့်ပြန်စကားကို ဆိုရမည်မသိသေးချိန်တွင် ကေသာဂျာရစ်ဒီဇိုင်းပုဆိုးကွင်းသိုင်းထားသော ကျောင်းတဖက်နှင့် နွားအုပ် ကျောင်းနေသည့် ရွှေပင်၏အနာဂတ်မျိုးဆက်သစ် ဆယ့်ခြောက်နှစ်မပြည့်သေးသည့် ဘိုစန်းကလည်း မြွေပူရာကင်းမှောင့်ပြန် ချေ၏။
"ကျနော်လည်း နွားကျောင်းသားအဖြစ်က နှုတ်ထွက်လိုက်ပါပြီဆြာဒင်။တနေကုန်လှန်ထားတာတောင် နွားတွေမှာ အရိုးပေါ်အရေတင် ဘဝရောက်ရတာ ကျနော့်အပြစ်ပေါ့။စားကျက်မြေတွေအစိုးရသိမ်းပစ်တာက တပိုင်းပါဗျာ"
(၆)
ရုတ်ခြည်းဆိုသလို ထပ်၍ပေါ်လာပြန်သူကား ဘယ်ချိန်က တုံးလိုက်မှန်းမသိသော ဂဒိန်းတိုကြီးနှင့်ရွှေပင်သူကြီး ဘထွေးတော် ဘိုးချစ်ခိုင် ဖြစ်၏။သူသည်လည်း ဆို့နင့်ကြေကွဲနေယောင်တကား။ဘထွေး၏မျက်နှာပေးကား ပြိုမှာလေလားမိုးရဲ့ဟူသော သီချင်းစာသား ကို ချက် ချင်းပြေး၍သာသတိရစရာကောင်းတော့သည်။
"တကယ်တော့ ရွာလုံးကျွတ်နှုတ်ထွက်ချင်စိတ်ပေါက်အောင် ဖန်တီးခဲ့တဲ့ တရားခံအစစ်ဟာ ကျုပ်ပါပဲ ဆြာဒင်။သူကြီးတစ်ယောက် အနေနဲ့ ရွှေပင်ရွာကောင်းရာကောင်းကြောင်းဆိုလို့ ရွာမှာလျှပ်စစ်မီးလင်းဖို့မပြောနဲ့။စက်ရေတွင်းတတွင်းဖြစ်အောင်တောင် မစွမ်း ဆောင်နိုင်ခဲ့ပါဘူး။ ကျုပ် လည်း သူကြီး ဘဝက နှုတ်ထွက်ပြီး သာသနာ့ဘောင်မှာ ရဟန်းဘဝနဲ့ အရိုးထုတ်ပါတော့မယ်"
ဆြာဒင့်မှာဘာတခွန်းမှ ပြန်ပြောချိန်မရ။ နှုတ်ဆွံ့မှင်တက်မိနေချိန်တွင် ရုတ်ကနဲ လူအုပ်ကြီးရှဲသွားလေရာ တောကျောင်းမှ ကျောင်းထိုင်ကိုယ်တော် ဘုန်းကြီးသန်းအောင် စက္ခုနြေ္ဒချလျက် ကြွချီတော်မူလာသည်ကိုမြင်ရပြန်လေ၏။ဆြာဒင့်ခမျာပျာပျာသလဲ မြတ်သော နေရာကို စီမံလျက် နိမ့်သောအရပ်မှနေ၍ ဆရာတော်၏ နှုတ်မြွက်သြဝါဒစကားကို ခံယူရပြန်၏။
"ဘုန်းကြီးလည်း တစ်ညလုံးတမှေးမှ မကျိန်းနိုင်ဘူးဒကာ၊ဒကာဒင်ပောာတာမှန်ချက်။ဒကာကြီးဟောသလိုဖြင့် ဘုန်းကြီးမှာလည်း တာဝန်မကင်းပေဘူး။ရွှေပင်သားတွေ ယောနိသောမနသီကာရ အသင့်အတင့် နှလုံးသွင်း တတ်အောင်ကျုပ် မဟောနိုင်ခဲ့ဘူးလေ။ ဒါဟာ ဘုန်းကြီးအပြစ်ပါပဲ။တောကျောင်း၊ကျောင်းထိုင်ဘဝကနေ ကျုပ်နှုတ်ထွက်တော့မယ်ဒကာဒင်"
သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်ဖြင့် ရွှေပင်ရွာလုံးကျွတ်နှုတ်ထွက်ပွဲကြီးဖြစ်ပေတော့မည်။မဂျာအေးကို သူ့အမေရိုက်သဖြင့် ဆြာဒင်တစ် ယောက် မှောင်မိုက်တွင်ငိုရကိန်းဆိုက်လေပြီ။ကြံရာမရသည့်အဆုံး ဆြာဒင့်နှုတ်မှ တောင်စဉ်ရေမရ ယုတ္တိမတန်သော ဖြေသိမ့်စကား တချို့သည် ဗလုံးဗထွေးထွက်အံကျလာလေရာ ဆြာဒင်ကိုယ်တိုင်ပင် ဘရိတ်မအုပ်နိုင်တော့ချေ။
"ဟ ဟ။နေကြပါဦးဗျာ။အဲအဲ၊ ငံ့ပါဦးဘုရား။ ဘယ်နှယ့် ရွှေပင်တရွာလုံး ရွာလုံးကျွတ်နှုတ်ထွက်ပွဲကြီးလုပ်မှတော့ ဆြာဒင်လည်း ရွှေပင်ရွာအာဂန္တုအဖြစ်ကနေချက်ချင်း နှုတ်ထွက်ပြီး ဖူးခက်ကို ကုန်းကြောင်းလျှောက် ပြန်ရမဲ့ကိန်းဆိုက်တော့မပေါ့။ ဒီလိုလုပ် ပါဗျာ။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာတော်တို့၊ခင်ဗျားတို့တတွေမှာ တိုက်ရိုက်တာဝန်မရှိပါဘူး။ဒါကြောင့်ဆြာဒင်ကိုယ်တိုင် နတ်မောက်၊ မကွေးနဲ့ နေပြည်တော်အထိ တက်ပြီး တာဝန်ရှိတယ်လို့ထင်ရသူတွေ ရှက်တတ်လိုရှက်တတ်ငြား၊ နှုတ်ထွက်လိုနှုတ်ထွက်ငြား ပြောကြည့်ပေးပါ့မဗျာ။ လောလောဆယ်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပါတော့။ဆရာတော်လည်းပြန်ကြွပါတော့ဘုရား။ရှစ်ကြီးခိုးပါရဲ့"
(၇)
ကိုယ့်ရှူးကိုယ်ပတ်သောဆြာဒင်ကား လင်းအားကြီးအချိန်၊မျက်နှာမသစ်ရသေးခင်တွင်ပင် ရွှေပင်လူထုအား မျက်နှာငယ်ဖြင့်လျှာထွက် မတတ် တိုးလျှိုး တောင်းပန်လူစုခွဲစေပြီးနောက် လူအုပ်စဲချိန်၊အိမ်တွင်းဘက်သို့ပြန်လှည့်အဝင်တွင် ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသား၊ သကောင့် သားသုံးဦးသည် ပြီတီတီ မျက်နှာပေး ကိုယ်စီဖြင့် ဆြာဒင်ဆိုခဲ့သည့် တေးသီချင်းကို ခပ်ညည်းညည်းသံပြိုင် သီဆိုနေကြလေရာ စိတ်မဆိုး သော်ငြား ကျွဲမြီးတိုနေသော ဆြာဒင့်မှာ ဒင်းတို့အား ဖနောင့်ဖြင့်သုံးချက်စီနာနာပေါက်ချင် သည့်စိတ် ဆင်ရိုင်းကို သတိတည်း ဟူသော အသိတရားဖြင့် အချိန်မီချွန်းအုပ်လိုက်ရချေ၏။
"နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ။ ပြုပြင်ရေးလုပ်တဲ့ရွာ အမျိုးသားအတွက်ဆို မငြိုငြင်ပါ။ ကောင်းချီးသခါင်္၊ ရွှေ တေဇာ၊ကောင်းချီးသခါင်္င်္မြန်မာတို့ရွှေတေဇာ၊ဘုန်းမိုးစွေကာ သွန်းဖြိုးရွာလေတာ။ ဦးအောင်ဇေယျ ယင်းပထမက နေတာ မုဆိုးဖိုခေါ် ရွာ ကလေးပါခင်ဗျာ။ အမျိုးသားများ တိုးပွားစရာ၊နိုးကြားကာ အောင်မြင်ဆောင်ရွက်လာ ဇာတိကမ္ဘာသိ ပါရမီ့ရှင်တောင် ထွက်ခဲ့ဖူးတဲ့ ရွာကလေးပါ။ (တို့လူလေးများ ဆိုသလေး)
အောင်မြန်မာ အောင်ဇာတာ အောင်ရာနိမိတ်ကယ် သွန်းဘိသိဘ်ဖြာ။အောင်ရပ်ကယ်သာသလေး၊ အောင်ရာတည့်မယွင်း ယိုင်းပင်း ကူညီပေး၊ ဆြာဒင် နန်းတော်ရှေ့ပါဗျာ သွင်းဆိုသည့်စာ"
ဂဒိန်းတို=ကတုံးတို။ဦင်္းပြည်းကတုံး

မင်းဒင်

ဓာတ်ပုံ။ ။ဂူဂဲလ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...