Friday, April 25, 2014

စစ်ကြောရေး….

……………………
တခြမ်းပဲ့လမင်းကို ငေးရင်း….
ဘီယာဆိုင်က မသဲမကွဲသီချင်းသံကို နားစွင့်
အိပ်မက်မက်နေတဲ့ ကင်းသမားထံ…
ဆေးလိပ်တို တောင်းသောက်ခဲ့ရသော..တရားခံ…

Breakfast မပါတဲ့ နံနက်ခင်းကို
အိပ်စက်ခြင်းထောပတ်သုတ်ပြီး စားသုံးခဲ့..
အရပ်ခြောက်မျက်နှာ…

ပိတ်နေတဲ့ လှောင်အိမ်တွေထဲမှာ
ပျော်အောင်နေပါ ငှက်ကလေးတဲ့
မုဆိုးက အားပေးတယ်။
လှောင်ခြိမ့်ထဲ ကိုယ်တိုင်ဝင်ရမှ
လွတ်နေတဲ့ ငှက်ဆိုးတွေ ဘယ်လောက်များမှန်း
ကိုယ် သိခဲ့ရပါတယ်။
ကိုယ်က အတောင်ကျိုးပြီးသားငှက်ပါ…
ပျံမှာစိုးလို့ ဖမ်းသတဲ့လား…..
မမှန်သူက ကောင်းသူကိုကန်
မကောင်းသူက မှန်သူကို ထောင်း..
မဟောင်းတော့တဲ့ ဇာတ်လမ်းမှာ…
ပုတ်သင်ညိုတွေက ပိုအဆိပ်ရှိကြသတဲ့..။
ငါးကလေးရေနစ်မှာစိုးလို့တဲ့
ကုန်းပေါ်တင်ပေးတဲ့ ကိုတံငါတွေ…
နွားခြံထဲ ကျားထည့်မွေး…
နွားပြေးမှာစိုးလို့ နဖားကြိုးကို တိုင်မှာချည်
ကျားမောမှာစိုးလို့ ရေတိုက်ပြီးချော့ထားကြတဲ့
စေတနာရှင်တွေ……
ပြောခဲ့တုန်းကတော့ ငါးည…တဲ့
နတ်ပြည်က သက္ကရာဇ်နဲ့
ယမမင်းရှေ့မှာ လှောင်ထားခဲ့တာလား..
ဖြစ်နေတာက ပြိတ္တာ…
ရောက်နေတာက ဘီလူးတွေကြား…
အရမ်းချစ်လို့ဆိုပြီး
ကျားက လျှာနဲ့လျက်တာခံနေရတဲ့
ယုန်သူငယ်နှပ်စားလေးဘ၀ပေါ့…
ဘုရားကရေကန်ထဲ
မိကျောင်းကိုဘေးမဲ့လွှတ်ပြီး
ကုသိုလ်ယူတဲ့ပွဲ…
ရေကန်ကြီးမီးလောင်တာ
ဓာတ်ဆီနဲ့ဖြန်းတဲ့ မီးသတ်ကား..
မှားနေတဲ့ ဇာတ်ထုပ်မှာ
ကိုယ်က ဘီလူးခေါင်းဆောင်းမိတဲ့
မင်းသားများ ဖြစ်နေသလားပဲ…
တကယ်တော့
ကိုယ်က ကျောက်ကပ်မကောင်းတဲ့လူနာပါ…
ဒါပေမယ့်
ခွဲစိတ်ခံလိုက်ရတာက အသဲ….
ခံစားလိုက်ရတာက ဦးနှောက်….
အထိနာသွားတာကတော့ နှလုံးသား….
အစားထိုးခံလိုက်ရတာက ဘ၀ တစ်ခုလုံးပေါ့ဗျာ။
Koko Maung

၂၀၀၇ ခုနှစ်က အောင်သပြေစစ်ကြောရေးခန်းက အုတ်နံရံမှာ ဘယ်သူရေးသွားမှန်းမသိတဲ့ကဗျာလေးပါ။ အမှတ်တရ ကူးယူခဲ့တာ (ကဗျာရေးသူကို သိခွင့်ရချင်ပါသေးတယ်ဗျာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...