Saturday, April 26, 2014

ဆရာကြီးဦးဝင်းတင်၏ နောက်ဆုံးခရီးသို့  ဂါရ၀ပြုခြင်း


ဆရာကြီး ဦးဝင်းတင်ကိုခန်းခန်းနားနား လူထုဈာပန ဖြစ်စေချင်တာ ကျနော်ဆန္ဒပါ။ တတ်နိင် ရင်သူ့ခန္ဓာကိုယုတသန်ခန်းမမှာ လူထုဈာပန အဖြစ် ကျင်းပချင်ပါတယ်။ ယုဒဿန်ခန်းမက သိက္ခာတော်ရဆရာတော်ကလဲခွင့်ပြုပါတယ်။ဒါပေမဲ့ ကျနော်ဆန္ဒမပြည့်ဝခဲ့ဘူးပေါ့နော်။



တကယ်ကဆရာကြီးအလောင်းကို မိုးပြာရောင်ပိတ်ပတ်ပြီးဧရာဝတီမြစ်ကမ်းပါးတွင်ဈာပနအခန်းနားကျင်းပခြင်ပါတယ်။ ဆရာကြီးအတွက်အမှတ်တရဂူဗိမာန်ကိုလဲ တစ်နေ့နေ့တစ်နေရာမှာတော့ ဖြစ်အောင်ကျနော် တို့  ကြိုးပန်းရပါမယ်။

(၁)

ဆရာ ကြီး ရုပ်ကလပ်ကိုရေဝေးက ရေခဲတိုက်ကို သွင်းတော့ ကျနော်လိုက်ဝင်သွားမိတယ်။ ကျနော် ရင်ထဲမှာဆရာကြီးကို ဂါရ၀ပြုဖြစ်စေချင်တဲ့ဆန္ဒတွေကလွမ်းမိုနေပါတယ်။ပူလောင်နေပါတယ်။ဆွေမျိုးတွေ နောက်ဆုံးဂါရ၀ပြုပြီးတော့ ၀န်ထမ်းများကရေချိုးပေးဖို့စီစဉ်တော့အားလုံးထွက် သွားကြပါတယ်။ ရေချိုးခန်းမှာဘယ်သူမှမရှိတော့ပါ ။ ကျနော်ထင်ထားတာက တမျိုးပါ။ဆရကြီးကို ရဲဘော်တွေကရေးချိုး၊ အမွေးနံသာလိမ်းကျံပေးကြမယ်လို့ထင်ပါတယ်။ ရေချိုးခန်းထဲမှာ သုသာန်ဝန်ထမ်းတချို့ကိုသာတွေ့ ရပါတယ်။ လူငယ်တချို့ကိုတွေ့ ရတယ်။

လူတွေကပူဆွေးသောကရောက်နေကြတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေကြတဲ့အတွက် ဆရာကြီးအလောင်းကိုရေချိုးဖို့အတွက်မေ့သွားကြတယ်လို့ ထင်တယ်။ ကျနော်နဲ့အတူပါလာတဲ့ ရဲဘော်တွေလဲ ကျနော့်နားမှာတစ်ဦးမှမကျန်ခဲ့ကြပါ။ကျနော်သာကျန်ခဲ့ပါတယ်။

ဆရာကြီးရုပ်ကလပ်ကို ရေချိုးဖို့တင်လိုက်တော့သုသန်ရဲ့ ရေချိုးခန်းက သန့် ရှင်းမှုနည်းလှ တယ်။ ဆင်းရဲလွန်းလှပါတယ်။ ဆပ်ပြာတုံးအဟောင်းတစ်တုံး၊ညစ်ပတ်နေတဲ့ ပလပ်စတိတ် ရေတိုင်ကီတွေကို ကျနော် မခံစားနိင်ပါ။

ဆရာကြီးဆေးရုံတက်စဉ်ကလဲ ဆေးရုံကို ကျနော်ရောက်ပါတယ်။ ဆေးရုံကြီးကကလဲ တော်တော်ကိုညစ်ပတ်ပါတယ်။ သန့် ရှင်းမှု အဆင့်အတန်းက တော်တော်ကို ကျဆင်းနေပါတယ်။ရေဝေးသုသန်ဆိုတော့ စဉ်းစားသာ ကြည့်ပါ။

ဆရာကြီးရုပ်အလောင်းကိုအမွေးနံသာတွေနဲ့ကျနော်ရေချိုးပေးခြင်ပါတယ်။ ပန်းတွေဝေနေစေချင်တယ်။ဆရာကြီးကိုချစ်မြတ်နိုးမှုလူတိုင်းရှိတယ်။ ကျနော်နေရာမှာ တခြားသူတဦးဆိုလဲ ဒီလိုပဲ လုပ်မှာပဲ။ဒီလိုဂါရ၀ပြုမိမှာပဲ။ ဒါမှားသလား။ ကျနော်စိတ်မှာ ဘယ်လို့ မှမခံစားနိင်တော့ဘူး ဒါနဲ့ ရေခွက်ကိုယူပြီး ဆရာကြီးကိုရေချိုးပေးလိုက်မိပါတယ်။အရင်ဆုံး ဆရာကြီးခေါင်းကိုလျှော် ပေးမိပါတယ်။ နောက်တော့မျက်နှာသစ်ပေးတယ်။နောက်တော့ ခနာကိုယ်။

ဆရာကြီးခန္ဒာကိုယ်ကပူနွေးနေတုန်း။ကျက်သရေရှိနေတုံး။တည်ကြည်နေတုံး။ပြုံးရီနေတုံး။ ကျနော်ကို ခွန်အားတွေပေးနေတုန်းဖြစ်ပါတယ်။

ကျနော်စိတ်ထဲမှာတော့အသက်ရှင်နေတဲ့ဆရာကြီးကို နှစ်သစ်ကူးမှာရေကန်တော့နေရသလိုကြည်နူးလာတယ်။

ကျနော်စိတ်ထဲမှာရေတွေကအေးမြကြည်လင်လာတယ်။ ညစ်ပတ်နေတဲ့ရေတိုင်ကီအပြာကြီးက ၀င်းဝင်းပပဖြစ်လာတယ်။ ရေခွက်ကသန့်ရှင်းလာတယ်။ ရုပ်အလောင်းကိုတင်ထားတဲ့ အလူမီနီယံ ခုံကြီးက မြကျောက်ဖြာလို့ ဖြစ်လာတယ်။ အခန်းထဲမှာအမွေးနံတွေမွေးလာသလိုခံစားရပါတယ်။ခြင်္သေမင်းက၀ိညဉ်ကင်းမဲ့နေသော်လဲရဲရင့်တည်ကြည်မှုဘယ်တော့မပျောက်သွားပါတကား။

ဆရာကြီးအတွက် ကျနော်လုပ်ပေးနိင်တာ ဒါပဲလားလို့  တွေးမိတယ်။ ရှက်မိတယ်။မျက်ရည်ကျမိ တယ်။ ဆရာကြီးရုပ်အလောင်းကို ကျနော် ရေချိုးပေးရမယ်လို့ကျနော်မစဉ်းစားမိပါ။ မသိပါ။ သို့ သော် ဆရာကြီးကိုရေချိုးပေးကျနော်လာရသလိုဖြစ်သွားခဲ့ပါတယ်။ကျနော်ပိတိဖြစ်ပါတယ်။







(၂ )

ကျနော်ဆရာကြီးခေါင်းကိုစတင်လျော်ပေးနေချိန်မှာကလေးတချို့က တယ်လီဖုံးများနဲ့ဓါတ်ပုံ ရိုက်လိုက်ကြတဲ့အတွက် ကျနော်ချက်ချင်းတားလိုက်ပါတယ်။သူတို့ လဲရပ်လိုက်ကြပါတယ်။ မတင်ဖို့ သတိပေးလိုက်ပါတယ်။ သို့သော်အင်တာနက်မှာဓါတ်ပုံတချိုတွေ့လိုက်ရပါတယ်။ပြန်ဖြုတ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။ဓါတ်ပုံတင်မိသူများကလဲ ဆရာကြီးကို အဂါရ၀ လုပ်ခြင်တဲ့လို့မဟုတ်ဘူးဆိုတာကိုလဲယုံကြည်ပါတယ်။ ကျနော်တို့အင်တာနက်မှာလူတချို့က ဆဲထားတယ်လို့ လာပြောကြပါတယ်။ကျနော်တို့ ချစ်ခင်တဲ့ဆရာကြီးကိုပြုစုခွင့်ကိုအဆဲဆိုခံပြီးရလိုက်တာပဲလို့ အောင်းမေ့မိတယ်။ထိုက်တန်လှပါပေတယ်။ကျနော်ခံပါမည်။

( ၃)

ဆရာကြီးဆုံးသွားတဲ့မနက်အစောကြီးမှာဆေးရုံကြီးကိုအမြန်လိုက်ခဲ့ဖို့ ကိုမောင်ကို ကကျနော်ကိုဖုံးဆက်ခေါ်ပါတယ်။သူအသံက ကြေကွဲစို့  နစ်နေတယ်။ သူက အလောင်းကိုရေဝေးကိုသယ်ကြတော့မယ်ဗျာခင်ဗျားလာပြောပါဦး ။ ရေဝေးကိုမသယ်စေချင်ဘူး လို့  သူပြောပါတယ်။ သူကဆရာကြီးအလောင်းကိုခုလိုချက်ခြင်းသယ်သွားတာကို ခံစားနေရတယ်။ကျနော်ရောက်သွားတော့ သူလိုပဲ ကိုစိန်လှိုင် နဲ့  ရဲဘော်တွေ စိတ်မကောင်းကြီးစွာခံစားနေတာကိုတွေ့ ရတယ်။

ဒေါ်ခင်ကြည်ဈာပန၊ဆရာကြီး တင်မိုးဈာပန၊ဆရာကြီးဒဂုံတာရာ ဈာပနတွေလိုခန်းနား စေချင်ပါတယ်။ဒီပုဂ္ဂိုလ်ကြီးများရဲ့ ဈာပနတွေမှာ ကျနော်ပါခဲ့ပါတယ်။ ၁၉ ၈၉ ဒေါ်ခင်ကြည်ဈာပန ကို အာဏာပိုင်များကလမ်းလျောက်မပို့ ရဟု အမိန့် ထုတ်ပါတယ်။ ဖမ်းမလိုလိုစီးမလိုလိုသတင်းများပျံနေတယ်။ သို့ သော်ကျနော်တို့  ဒေါ်ခင်ကြည်ရုပ်အလောင်းကိုစစ်သားများကိုဖယ်ရှားခဲ့တယ်။ လှည်းတန်းမှ သည်ရွှေတိဂုံတောင်ဖက်မုဒ်ဆီသို့ လမ်းလျောက် ချီတက်ဂါရ၀ပြုခဲ့ကြ။

ကျောင်းသားတွေချီတက်လာတာကိုမြင်ရတော့ ဆရာကြီးဦးတင်မိုးက သူတို့ မသေပါလား ဆိုတဲ့ကဗျာ ရှည်တပုဒ်ကိုရေးဖွဲ့ ပြီးတော့ပင်ကျနော်တို့ ကိုဂုဏ်ပြုခဲ့ပါတယ်။

(၄)



ကျနော်မြန်မာပြည်ပြန်အရောက်မှာ ရုပ်အလောင်းကိုရေချိုးပေးရတာ ၂ ကြိမ်ကြုံခဲ့ရပါတယ်။ မထင်မှတ်ပဲလုပ်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ ပထမအကြိမ်ကကိုမျိုးမင်းဆုံးစဉ်ကပါ။ဒုတိယအကြိမ်ကဆရာကြီးဦးဝင်းတင်ဖြစ်သွားရပါတယ်။ ကိုမျိုးမင်းက ကျနော်တို့  ၈၈ ကလာအတူ အလုပ် လုပ်ခဲ့တဲ့ရဲဘော်တစ်ဦးဖြစ်ပါတယ်။ သူ့မိသားစုက ချမ်းသာပါတယ်။ ယခင်ကရွှေတောင်ကြား မှာနေပါတယ်။စစ်အစိုးရလက်ထက်မှာ သူတို့ မိသားစုစီးပွားရေးကိုထိခိုက်သွားခဲ့ရပါတယ်။မိသားတစုလုံးရဲ့  ဒီမိုကရေစီအရေးပေါ် အားပေးထောက်ခံမှုကြောင့်ဖြစ်ပါတယ်။ ယခုပါရမီ မှာနေပါတယ်။ သူဆုံးသွားတဲ့မနက်အစောကြီးမှာသူအိမ်က ကျန်ရစ်သူမိသားစုများကကျနော့် ကို ဖုံးဆက်ခေါ်တဲ့အတွက် ကျနော်ထသွားပါတယ်။ဟိုရောက်တော့ချက်ခြင်းသဂြိုလ်ချင်တယ်ပြောပါတယ်။ အိမ်ကိုရောက်သွားတော့ အသက်အရွက်ကြီးရင့်နေတဲ့ သူမိခင်၊ဖခင်၊ ဇနီး၊ တူမလေးများနဲ့  ကလေးများသာရှိပါတယ်။ ယောက်ကျားအရင့်မကြီးဆိုလို့ကျနော်သာရှိပါ တယ်။ ကိုမျိုးမင်းမိခင်ကလဲ ကျနော်တို့ ကိုသားလိုချစ်ပါတယ်။ကျနော်တို့ ကလဲ မာမီလိုသာ ခေါ်ပါတယ်။ ကိုမျိုးမင်းကိုအလွန်ချစ်ပါတယ်။ကိုမျိုးမင်းနဲ့သူ့ ပထမ အိမ်ထောင်ပါ ထောင်ကျ တယ်။ နစ်ရှည်ကျကြပါတယ်။ကိုမျိုးမင်းက Dream bed ပေါ်မှာခွေခွေလေးသေဆုံးနေရှာ ပါတယ်။ ကျနော်စိတ်မကောင်းပါ။မာမီ ဘာလုပ်ချင်သလဲဆိုတော့ အလောင်းကိုရေချိုးပြီး ပြင်ပေးပါလို့ ပြောတဲ့အတွက်ကျနော်ရေချိုးပေးလိုက်ရပါတယ်။

ကျနော့် သူငယ်ချင်း၊ကျနော်ရဲဘော်၊ ဒီမိုကရေစီအရေးတော်ပုံတပ်သားတစ်ဦး၊ ကျရာတာဝန် ကိုထမ်းဆောင်ခဲ့သူ၊သူအခုကျနော်ကို ထာဝရနှုတ်ဆက်သွားခဲ့လေပြီ။ ကျနော်ကိုယ်တိုင်ပဲ ရေချိုးပေးခဲ့ပါတယ်။

(၅)

ကျနော်တို့တိုင်းပြည်က ဆင်းရဲလွန်းသွားတဲ့အတွက် အသိပညာတွေလဲနိမ့်ကျ၊ ကျင့်ဝတ်တွေလဲနိမ့်ကျ၊ ယဉ်ကျေးမှုတွေလဲနိမ့်ကျသွားပါတယ်။ ဧရာဝတီသတင်းဌာနက ကိုအောင်ဇော့်စကားနဲ့ ပြောရရင်တော့ ဆရာကြီးဟာမြန်မာပြည်ရဲ့ မန်ဒဲလားလိုပုဂိုလ်ကြီးဖြစ်ပါတယ်။ခန်းနားစွာဂုဏ်ပြုပေးရမှာကျနော်တို့ရှင်သန်ကျန်နေသူများရဲ့ထုံးတမ်းဖြစ်ပါတယ်။ဆရာကြီးဦးဝင်းတင်လိုပုဂ္ဂိုလ်ကိုတောင်မှကျနော်တို့ခန်းနားစွာဂုဏ်မပြုနိင်ခဲ့ရင်ကျန်ရှိနေသေးသော ခေါင်းဆောင် များလဲရေဝေးမှာပဲအဆုံးသတ်ကြမယ်ဆိုတာကို သတိပေးလိုပါတယ်။

ကျနော်တို့ နိင်ငံမှာဒီလိုပုဂ္ဂိုလ်တွေ ကွယ်လွန်သွားတဲ့အခါမှာ လုပ်ပေးရမဲ့ လုပ်ရိုးလုပ်ထုံး Ritual Protocol တွေ State Funeral Producers ကို မသိကြတော့ပါ။ လင်ကွန်း၊ လီနင် ၊ မော်စီတုံး၊ ဟိုချိမင်း၊ ကနေဒီ၊ ဒိုင်ယာနာတို့ကွယ်လွန်သွားချိန်မှာသူတို့ ရုပ်အလောင်းတွေကို ဘယ်လိုပြင်ဆင်ကြတယ်။ ဘယ်လိုစီစဉ်ကြတယ်ဆိုတဲ့အကြောင်းတွေကိုကျနော်ဖတ်ဖူးပါ တယ်။ သူတို့ ရေချိုးပေးတဲ့အချိန်မှစ၊အ၀တ်စားလဲပုံ၊အခေါင်းဒီဇိုင်းကိုရွေးပုံ၊ ပန်းခြင်းများချပုံ၊ sitting plansများသတ်မှတ်ပုံ၊ အခေါင်းနားတွင် ထွန်းမည့် မီးလုံး၊ မီးအားကိုသတ်မှတ်ရပုံ လူထုဂါရပြုပွဲကိုစီစဉ်ပုံတွေကို မှတ်တမ်းထားရှိပါတယ်။ စာအုပ်စာတန်းတွေပြုစုရေးသား ခဲ့ကြပါတယ်။

မော်စီတုံးကွယ်လွန်ချိန်မှာတရုပ်ပြည်ခေါင်းဆောင်များက ဘယ်လိုစီမံရမယ်ဆိုတာကို မသိကြတဲ့အတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဆီကို ညတွင်းသွားမေးရပုံ တွေပါရှိပါတယ်။ ဟိုချီမင်းကွယ်လွန်ချိန်က ဘယ်လိုလုပ်ပေးခဲ့သလဲဆိုတာကိုသွားမေးကြခြင်း ဖြစ်ပါတယ်။

ကမ္ဘာသမိုင်းဖြစ်ရပ်တွေမှာလူမျိုးတမျိုးကလူမျိုးတမျိုးကို ကျွန်ပြုလေ့ရှိတယ်။ တနည်းအား ဖြင့်ပြောရရင်ယဉ်ကျေးမှု မြင့်တဲ့လူမျိုးက ယဉ်ကျေးမှုနိမ့်တဲ့လူမျိုးကို ကျွန်ပြုသွားခြင်းဖြစ်

ပါတယ်။ယဉ်ကျေးမှုဆိုတဲ့နေရာမှာ မွေးဖွားခြင်း (Birth) ၊ ထိမ်းမြှားခြင်း ( Marriage ) နဲ့ သေဆုံးခြင်း ( Death) တွေမှာ ပြုလုပ်တဲ့ ရည်မှန်းချက်နဲ့  နည်းလမ်းတွေက လူအဖွဲ့စည်း အတွက် တိုးတက်ကြီးပွားမှု၊ ခွန်အား၊ညဏ်အားနဲ့ ကျင့်ဝတ်တွေကိုသခန်းစာပေးသလဲပေါ် မူတည်နေပါတယ်။

( ၆)

မာနယ်ပုလောစစ်ဆင်ရေးတုံးကကျဆုံးရဲဘော်တွေကို ညဖက် ကျနော်ကိုယ်တိုင်ရေးချိုး ပေးဖူးတယ်။စစ်ယူနီဖေါင်းအသစ်တစုံကိုဝတ်ပေးခဲ့တယ်။ ကျနော်အတွေ့ အကြုံအရ ရုပ်အလောင်းများကို အကျီဝတ်ပေးရတာ အခက်ခဲဆုံးဖြစ်ပါတယ်။သို့ သော် ရအောင် ၀တ်ပေးကြရပါတယ်။ အလောင်းတွေကိုအကျီဝတ်ပေးရတဲ့နည်းရှိပါတယ်။

ညဖက်ကျမှာအလောင်းတွေကိုရေချိုးရတာကတော့တိုက်ပွဲတွေပြင်းထန်နေလို့ ပါ။ မနက်ဝေလီဝေလင်းမှာစစ်အခန်းနားနဲ့  ဈာပန လုပ်ပေးခဲ့တာ ပြန်မြင်ယောင်မိတယ်။ ကျနော်တို့ ဘယ်ရဲဘော်ကို မှ ပြစ်စလက်ခတ် မသဂြိုလ်ခဲ့ပါ။ ကျနော်တို့တော်လှန်ရေး အဖွဲ့ စည်းများမှာ ရဲဘော်ကျင့်ဝတ်တခုက တိုက်ပွဲတွင်း ရဲဘော်ကျဆုံးပါက ရဲဘော်ရဲ့  အလောင်းကိုရအောင်ယူခဲ့ဖို့ ဖြစ်ပါတယ်။ အလောင်းကိုကောင်းမွန်စွာသဂြိုလ်ဖို့ဖြစ်ပါတယ်။ ခက်ခက်ခဲခဲပြန်သယ်ခဲ့ရတဲ့အလောင်းများစွာရှိခဲ့ပါတယ်။

( ၇)

၁၉၈၈ ခုနစ်ဇွန်လ ပြည်လမ်းမမှာ ပထမ ဆုံး ကျောင်သား အလောင်း ကို လဲ ကျနော်တို့  မထားပြစ်ခဲ့ပါ။ အလောင်းကိုတင်ပြီး ပြည်သူလူထုကို ကားနဲ့လှည့်ပြခဲ့တယ်။ ရအောင် ကောက်ပြီးရေခဲတိုက်သို့ ပို့ ခဲ့ပါတယ်။ ၈၈ ကိုမှီသူများသိနိင်ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်းကျဆုံးသွားသောရဲဘော်တွေထောင်နဲ့ချီဖြစ်နေပြီဖြစ်ပါတယ်။သူတို့ အားလုံးအတွက် အမေရိကန် စစ်သချိုင်းလို ဗိမာန်တခု လိုအပ်နေပြီလို့မြင်ပါတယ်။ ၈၈ မှာကျဆုံးခဲ့သူများထောင်နဲ့ချီရှိပါတယ်။ထောင်တွင်းနဲ့ ထောင်ပြင်ပကျန်းမာရေးထိခိုက်ပြီး ကျဆုံးသူများ စွာရှိနေတယ်။အေဘီအက်စ်ဒီအက်ဖ်တခုထည်းကျဆုံးသူအင်အား ၇ ရာနီးပါး ရှိပါတယ်။

ဒီထက်ပိုပြီးလေးလေးနက်စဉ်းစား လုပ်ဆောင်သင့်တာကတော့ နိင်ငံရေးပဋိပက္ခအတွင်း ဘက်နှစ်ဖက်စလုံးမှာကျဆုံးသူတွေအတွက် ငြိမ်းချမ်းရေး ဂူဗိမာန် တခုအထိပါ ကျနော်တို့  မလုပ်ရဦးမယ်။

(၈)

ကျဆုံးသွားသောရဲဘော်များအလောင်းဟာ ၀ိညဉ်ကင်းမဲ့နေပေမဲ့ ကျက်သရေရှိ နေကြ ပါတယ်။ ဆရာကြီးဦးဝင်းတင်နဲ့တကွ ကျဆုံးသွားသောအာဇာနည်များကောင်းရသုဂတိ သို့ လားပါစေ ။

မိုးသီးဇွန်

၂၄.၄.၂၀၁၄

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...