Friday, April 4, 2014

ခရိုနီတွေ ၀ါးမျိုသွားတဲ့ မန္တလေးက ဥယျာဉ်များ



ပြီးခဲ့တဲ့ အပတ်က “သတိ - ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မကျူးကျော်ရ”ဆိုပြီး
စစ်တပ်တွေ တပ်ဆွဲပြီး သိမ်းထားတဲ့ မန္တလေးမြို့က နန်းတော်ကြီးကို အများပြည်သူ
အနားယူအပန်းဖြေ လေ့လာစရာ နေရာအဖြစ် ပြန်လည် ပြုလုပ်ကြဖို့ ဆောင်းပါးလေး
ေေေေေေေေaရးလိုက်ပါတယ်။

ဒီဆောင်းပါးကို ဖတ်မိတဲ့ မန္တလေးသား တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အစ်ကိုရေ၊ မန္တလေးက သမိုင်းဝင် ယဉ်ကျေးမှု နေရာတွေ အများ ပြည်သူတွေ အနားယူ အပန်းဖြေဖို့ နေရာတွေကို အုပ်ချုပ်သူ အာဏာပိုင်တွေက အသိဉာဏ်မဲ့စွာ လုပ်ဆောင်ခဲ့လို့ ပျက်စီးပျောက်ကွယ် ခဲ့ရတဲ့ အကြောင်းလေး ရေးစမ်းပါ ဦးဗျာတဲ့...

သူပြောတာ သေချာစဉ်းစား ကြည့်မှပဲ ဟုတ်သားပဲဗျ။ ကျွန်တော်တို့ မြို့သူမြို့သား အခြေခံ လူတန်းစားတွေ အခမဲ့ အနားယူ အပန်းဖြေနိုင်တဲ့ နေရာတွေ၊ ပွဲလမ်းသဘင်တွေ
ကျင်းပရာ လူထု ကွင်းကြီးတွေ လုံးဝ မရှိတော့တာ စဉ်းစားမိတယ်ဗျ...

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာက ဟိုအရင်တုန်းကဆိုရင် လည်ပတ် လေ့လာစရာ
aရှးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ၊ လူထု အပန်းဖြေ အနားယူစရာ
ဥယျာဉ်တွေ၊ ပွဲလမ်း သဘင်တွေ ကျင်းပတဲ့ လူထုကွင်းပြင်ကြီးတွေ အင်မတန် ပေါများတဲ့
မြို့ဗျ။

ရတနာ ပုံမန္တလေးမြို့ကို တည်ထားခဲ့တဲ့ မင်းတုန်းဘုရင် ဆိုရင် သူ့ပြည်သူပြည်သားတွေ
အတွက် ဥယျာဉ် ၂၀တောင် တည်ဆောက်ခဲ့တာ။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက်ကျမှ ဒီယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ်တွေ ဥယျာဉ် ပန်းခြံတွေက မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ ၀ါးမျိုဖျက်စီး ခံလိုက်ရတာပဲ။ အရင်က အိမ်ဝန်း ခြံဝန်းကြီးတွေနဲ့ စိမ်းစိုသာယာတဲ့ ဥယျာဉ်မြို့တော်ကြီးဟာ အခုဆိုရင် ခြောက်သွေ့ပူပြင်းပြီး
နေလို့ ပျော်စရာ မကောင်းတဲ့ ကွန်ကရစ်မြို့ကြီး ဖြစ်သွားပါပြီ။

ဟိုး အရင်တုန်းကဆို မန္တလေး တောင်ခြေ၊ ကျုံးမြောက်ဘက်မှာ ရဟန်းရှင်လူ၊ မြို့ခံ
လူထုကြီး စုဝေး ပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီး ဆိုပြီး ရှိပါတယ်။ ထိုကွင်းထဲမှာပဲ မန္တလေးမြို့တည် နှစ်တစ်ရာပြည့်ပွဲကို ကျင်းပခဲ့လို့ မန်းရာပြည့်ကွင်းလို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီကွင်းထဲမှာ ပြည်ထောင်စုနေ့လို လူထု အစည်းအဝေးပွဲတွေ၊ လွတ်လပ်ရေးပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပကြပါတယ်။ မန္တလေးမှာ ဘာပွဲလမ်း သဘင်လုပ်လုပ် အဲဒီ
ကွင်းကြီးထဲမှာပဲ ကျင်းပခဲ့ပါတယ်။ မန္တလေးရဲ့ ပြည်သူ့ ရင်ပြင်ကြီးလို့တောင် ပြောလို့
ရပါတယ်။

စစ်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်မှာတော့ အဲဒီ မန်းရာပြည့် ကွင်းကြီးကို အစိုးရက
ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့လို့ မန်းရာပြည့်ကွင်းကြီး ပျောက်ကွယ် ခဲ့ရပါတယ်။ ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့ပေမဲ့လည်း မြို့နေလူထု
အတွက် အပန်းဖြေ အနားယူနိုင်တဲ့ နေရာ အစစ်အမှန် မဖြစ်ခဲ့ပါဘူး။

အခုချိန်မှာဆိုရင် တိရစ္ဆာန် ဥယျာဉ်ကြီးကို စီးပွားရေး လုပ်ငန် ရှင်တစ်ဦး လက်ထဲ လွှဲအပ်
လိုက်တော့ ပိုဆိုးသွားခဲ့ပါတယ်။ ၀င်ကြေး တစ်ယောက်တစ်ထောင် သတ်မှတ်လိုက်တော့ မိသားစု ငါးယောက် သွားလည်ရင် ငါးထောင် ကုန်ကြမှာဆိုတော့ အခြေခံ လူတန်းစားတွေ အနား မကပ်နိုင်တော့ပါဘူး။ ၁၉၅၄ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရဲ့
နာမည်ကြီး အနားယူ အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ မန်းသီတာ ဥယျာဉ်ဟာလည်း
၁၉၉၃ ခုနှစ်မှာ ကျုံးကြီး ပြန်လည် တူးဖော် ပြုပြင်တာကနေ ဖျက်သိမ်းပစ်ခဲ့ လိုက်ပါတယ်။
နောက်နန်းတွင်း ထဲမှာရှိတဲ့ မြိုင်ဟေ၀န် ဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်များ
ဟာလည်း နန်းတွင်းကို အများ ပြည်သူ ၀င်ထွက်ခွင့် တင်းကြပ် လိုက်တာကနေ မှေးမှိန်
ပျောက်ကွယ် ခဲ့ရပြန်ပါတယ်။

မန္တလေးမြို့ပြ ဖွံ့ဖြိုးလာတော့ ၃၅လမ်း တောင်ဘက်နဲ့ မြောက်ဘက်မှာမှာရှိတဲ့ ဂေါ်ရာ
သင်္ချိုင်း တွေကို မြို့ပြင် ထုတ်လိုက်တော့လည်း ၃၅လမ်း တောင်ဘက်မှာ ရှိတဲ့ မြေနေရာ
ကို ဘောလုံးကွင်း လုပ်ခဲ့ပြီး မြောက်ဘက်မှာရှိတဲ့ မြေကွက်လပ်ကို မန်းမန္တလာ ဥယျာဉ်
အဖြစ် လုပ်ခဲ့ပါသေးတယ်။ အခုတော့ မန်းမန္တလာ ဥယျာဉ်ကို ဖျက်သိမ်းပြီး အကွက်တွေ
ရိုက် လုံးချင်းအိမ်ရာတွေ အဖြစ် ပြောင်းလဲ ပစ်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်လောက်မှာ မြို့တောင်ဘက်၊ သိပ္ပံလမ်းနဲ့ ရန်ကုန် မန္တလေး လမ်းထောင့်မှာ
ရှိတဲ့ ဆင်ဖြူကန် သင်္ချိုင်းကို ဖျက်သိမ်းပြီး အဲဒီနေရာကို ပွဲလမ်း သဘင်တွေ ကျင်းပရာ နေရာအဖြစ် ပြုလုပ် ခဲ့ပါတယ်။

အဲဒီကွင်းထဲမှာပဲ အထက် မြန်မာပြည် နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲတွေ၊ ပန်းဆယ်မျိုး ပြပွဲ ပြိုင်ပွဲတွေ၊ သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲတွေစတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာပါ။

မန်းရာပြည့်ကွင်းကြီး မရှိတော့တဲ့ နောက်ပိုင်း မန္တလေးမြို့ရဲ့ ဒုတိယ လူထု ရင်ပြင်ကွင်းကြီး တစ်ခုလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဆင်ဖြူကန် ကွင်းကြီးဟာလည်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စည်ပင်သာယာ အာဏာရှိတွေ ပေါင်းပြီး စင်တင် တေးဂီတ
တွေဖွင့်၊ စားသောက်ဆိုင်တွေဖွင့်၊ ဂေါက်သီး လေ့ကျင့်ရေးကွင်းတွေ၊ ကားမောင်းသင်
ကွင်းတွေ ဖွင့်ဖို့ ငှားရမ်းလိုက်လို့ ပျောက်ကွယ် ခဲ့ရပါတယ်။

မန္တလေးသူ မန္တလေးသားတွေ အားလုံး ပိုင်ဆိုင်တဲ့ ဒီကွင်းကြီးကို ကိုယ့်အကျိုးစီးပွား
အတွက် အမြော်အမြင် ကင်းမဲ့စွာ လုပ်ဆောင်ခဲ့တဲ့ တာဝန်ရှိ လူကြီးမင်းတွေကိုလည်း
တော်တော် အံ့သြမိပါတယ်။ မန္တလေးမြို့ အတွက် တစ်ခုတည်းသော ကျန်ခဲ့တဲ့ ဒီဆင်ဖြူကန် ကွင်းကြီးကို အများပြည်သူတွေ အတွက် ပြန်လည် အသုံးပြုနိုင်ဖို့ မန္တလေးရဲ့ ပြည်သူ့
ရင်ပြင် အဖြစ် ထားရှိနိုင်ဖို့ အထူးတောင်းဆို လိုပါတယ်။

မန္တလေးမြို့ အနောက်တောင် ဘက်မှာရှိတဲ့ တက်သေးအင်းကို မန္တလေး ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းခဲ့ပေမယ့် အင်းထဲမှာ ငါးမွေးမြူရေး လုပ်ငန်းတွေလုပ်ကြ၊ စားသောက်ဆိုင်တွေ၊ စင်တင် တေးဂီတတွေ၊ ကာရာအိုကေဆိုင်တွေ၊ ကော်ဖီဆိုင်တွေ
အဖြစ် ဖွင့်လှစ်ခဲ့တာကြောင့် လူအများစု ဖြစ်တဲ့ အခြေခံ လူတန်းစား မြို့နေလူထု အတွက် အပန်းဖြေ နေရာ မဖြစ်ခဲ့ဘဲ လူကုံတန်တွေ အတွက် ပျော်ရွှင် အပန်းဖြေစရာ နေရာတစ်ခု
ဖြစ်နေပါတယ်။ အဲဒီလို အရင်က မင်းတုန်းမင်း လက်ထက်မှာ တည်ခဲ့တဲ့ ၆၂လမ်းမပေါ်က မနောရမံ ဥယျာဉ်ဟာလည်း အခပေး ဂိမ်းကစားကွင်း ဖြစ်သွားခဲ့ပါတယ်။

တော်သေးတာပေါ့ဗျာ။ ကျွန်တော်တို့ မြို့သူ၊ မြို့သားတွေ မဟာမြတ်မုနိဘုရားတောင် ပိုက်ဆံမပေးဘဲ ဖူးမျှော်ခွင့်ရနေတာ ကံကောင်းနေပြီလို့ အောက်မေ့ရမှာပဲဗျ။

ဒီလို ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အခမဲ့ လူထု အပန်းဖြေ ဥယျာဉ်တွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ လူထုကွင်းကြီးတွေ ကွယ်ပျောက် ခဲ့ရတာဟာ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကြောင့် လုံးဝ မဟုတ်ဘူးဗျ။ စစ်အစိုးရ လက်ထက် ခေတ်အဆက်ဆက် မန္တလေးကို အုပ်ချုပ်ခဲ့တဲ့ မန္တလေးသားတွေ မဟုတ်တဲ့ အာဏာပိုင် လူကြီးတွေ၊ မြို့တော်ဝန်တွေက မြို့နေလူထု အတွက် မကြည့်ဘဲ လာဘ်လာဘနဲ့ ကိုယ်ကျိုးစီးပွား
ရှေ့တန်းတင်ပြီး အသိ ဉာဏ်ကင်းမဲ့စွာ ဖျက်စီးပစ်ခဲ့လို့ မှေးမှိန် ပျောက်ကွယ် ခဲ့ရတာပါ။

ကျွန်တော်ပြောတာ ဟုတ်၊ မဟုတ် စဉ်းစား ကြည့်ပေါ့ဗျာ။ မန္တလေးမြို့ရဲ့ မြို့တော်ဝန် တာဝန်
ကို ထမ်းဆောင်ခဲ့တဲ့ လူကြီး တော်တော်များများဟာ အကျင့် ပျက်ခြစားလို့ အပြစ်ပေး
အရေးယူ ခံခဲ့ရတာ ချည်းပါပဲ။ ဒီလိုလူတွေ တာဝန်ယူခဲ့တဲ့ မြို့ ခုလိုဖြစ်ခဲ့တာ မဆန်းဘူး
လို့တောင် ပြောရမလိုပါပဲ။ စစ်အာဏာရှင် အုပ်ချုပ်မှု ပြီးဆုံးလို့ ဒီဘက် ဒီမိုကရေစီခေတ်
ရောက်တော့လည်း ကောင်းအောင်လုပ် ဆောင်ကြလားဆိုတော့ ပိုတောင်
ဆိုးသွားသေးပါတယ်။

အခု အစိုးရသစ် လက်ထက် မြို့တော်ဝန် အသစ် လက်ထက်မှာ မန္တလေး ချမ်းမြသာစည်
လေယာဉ်ကွင်း အရှေ့ဘက်မှာရှိတဲ့ အရင် စစ်အစိုးရ လက်ထက်တုန်းက ပဲဖြူကုန်း ရွာသူ၊ ရွာသားတွေဆီက သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ မင်္ဂလာ မန္တလေး စီမံကိန်း ဆိုပြီး ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုတဲ့ စီးပွားရေးသမားတွေနဲ့ မန္တလေး စည်ပင်
သာယာနဲ့ အကျိုးတူ ပူးပေါင်းပြီး လုံးချင်း အိမ်ရာတွေ၊ ကွန်ဒိုတွေ၊ ဟိုတယ် စီမံကိန်းတွေ
ဆောင်ရွက်ပစ်ခဲ့တယ်။ လက်ရှိ မန္တလေး မြို့တော်ဝန်ကို မေးချင်တာက ဒီနေရာမှာ မြို့နေ
လူထုတွေ အနားယူ အပန်းဖြေနိုင်တဲ့ ဥယျာဉ် ပန်းခြံတွေ တည်ဆောက်လို့ မရဘူးလား။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးတူ ဆောင်ရွက်ခဲ့တယ် ဆိုတာတောင် ပွင့်လင်း
မြင်သာစွာ မထုတ်ပြန်ခဲ့ပါဘူး။

ဒီနေ့အထိ အစိုးရသစ် သက်တမ်း(၄)နှစ် နီးပါးရှိခဲ့ပေမဲ့ ကျွန်တော်တို့ မန္တလေး ပြည်သူ၊
ပြည်သားတွေ ရွေးချယ် ခန့်အပ်ခဲ့တယ်လို့ ပြောတဲ့ အုပ်ချုပ်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း မန္တလေး မြို့ကြီး အတွက် မြို့သူ၊ မြို့သားတွေ အတွက်
ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တာ၊ လုပ်ဆောင်ခဲ့တာ၊ လွှတ်တော်မှာ တင်ပြ ဆွေးနွေး
တောင်းဆိုခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီနေရာမှာ နိုင်ငံခေါင်းဆောင်တွေကို ကျွန်တော် ပြောချင်တာက မန္တလေးမြို့ကို အုပ်ချုပ်ဖို့ အတွက် တိုင်းဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့ လုပ်ဖို့ဆိုတာက ဘယ်သူလာလာ လုပ်လို့
မရဘူး ဆိုတာပါပဲ။ မန္တလေးဟာ ရန်ကုန်နဲ့ မတူသလို နေပြည်တော်နဲ့လည်း မတူပါဘူး။ မန္တလေးရဲ့ သမိုင်း၊ ယဉ်ကျေးမှုတွေ၊ လူမှုရေး၊ စီးပွားရေး၊ နေထိုင်မှု ဓလေ့စရိုက်တွေ ခံစားနားလည်ဖို့ မန္တလေးကို တကယ်ချစ်တဲ့၊ စေတနာထားနိုင်တဲ့ လူဖြစ်မှရမယ် ဆိုတာ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကို ပြောချင်တာက
ဖြစ်ပြီးခဲ့တာတွေ အတွက် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ပေမဲ့ တစ်ချိန်မှာ မန္တလေးမြို့ကို
ပြန်လည် ကယ်တင်ဖို့ မန္တလေး အစစ် ပြန်ဖြစ်ဖို့အတွက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်
ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကျင့်သီလ လည်းကောင်း၊ အသိဉာဏ်လည်း ရှိပြီး၊ လူထုအပေါ်ကို စေတနာထားတဲ့ မန္တလေးမြို့ကို တကယ်ချစ်တဲ့ ကိုယ်စားလှယ်တွေကို
ရွေးချယ် ခန့်အပ်ကြဖို့ နှိုးဆော် တိုက်တွန်း လိုက်ပါတယ်။

ကျော်ကြီး (MDY)
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ် အမှတ်(၆) မှဆောင်းပါး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...