Sunday, April 13, 2014
ငြိမ်းချမ်းရေး စစ်တမ်း (၄)
၂၀၁၄ ခုနှစ် ပြီလ ၅ မှ ၈ ရက်နေ့ အထိ ရန်ကုန်တွင် အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား တော်လှန် ရေး အဖွဲ့ အစည်းများအကြား အပစ်ရပ်ရေးဆွေးနွေးပွဲသည် မူပိုင်းဆိုင်ရာအရ သဘောတူညီချက် အတိအကျ မရဘဲ ရွှေ့ ဆိုင်းလိုက်ရသည်။ ယင်းဆွေးနွေးပွဲမှာ ဘာတေးလ်လစ်တနာပြောသလို နွားရှေ့ ထွန်ကျူး ဖြစ်နေသည်။ နိုင်ငံရေး ဆွေးနွေးပွဲများအရင်ကျင်းပကာ သဘောတူညီချက်ရအောင်ယူရမည့်အစား အပစ်အခတ်ရပ်စဲရေး သက်သက်ကိုသာ အရင် ဦးစွာလက်မှတ်ထိုးရပြန်ဦးတော့မည်လား၊ ၁၉၈၉ မေလက စတင်လုပ်ခဲ့သလိုမျိုးထပ်လုပ် ရပြီး နောက်ထပ် နှစ်ပေါင်း ၂၅ နှစ်ကြာ ဆိုးသွမ်းသံသရာ ပြန်လည်ဦးတော့ မည်လား စိုးရိမ်ဘွယ် ရှိလာသည်။
တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးသည် ငြိမ်းချမ်းရေးပြသနာများကို ထဲထဲ ၀င်ဝင်လေ့လာပြီး၊ အင်တိုက် အားတိုက် ပါဝင်လှုပ်ရှားမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးရနိုင်ဘွယ်ရှိပါသည်။ ယခုမူဤသို့ ဖြစ်မနေသေးပါ။ အကြောင်း နှစ်ချက်ကြောင့်ဖြစ်သည်။ ပထမ တကြောင်းမှာ ခေါင်းဆောင် အဆင့်ဆွေးနွေးပွဲများကိုသာ အဓိကထားနေခြင်းကြောင့် ပင်။ နှစ်ဘက်အင်အားစုများ ၏ အောက်ခြေ တပ်ထုများ၊ သက်ဆိုင်ရာတိုင်းရင်းသားလူထုများနှင့် လူထုအဖွဲ့ အစည်းများ အတွင်းချပြ ဆွေးနွေးခြင်း၊ သဘောထားအမြင်တောင်းခံခြင်းတို့ မှာ လွန်စွာပင်နည်းလွန်းနေသည်။
ဗြိတိန် အခြေစိုက် စစ်ရေးဆိုင်ရာ အထူးပြု IHS Jane’s Defence စာစောင်၏ လေ့လာသုံးသပ်ချက်အရ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၃ ခုနှစ် နှစ်စပိုင်းများအတွင်း ကေအိုင်အို အား ထိုးစစ်ဆင်နွှဲခဲ့ရာ အစိုးရစစ်တပ် ဘက် မှ ဟယ်လီကော်ပတာ နှစ်စီး ဆုံးရှုံးပြီး တပ်အင်အား ၅၀၀၀ ခန့် ကျဆုံးခဲ့ကြောင်းဖြင့် ရာဝတီသတင်းဌာနက ကိုးကား ဖေါ်ပြထားသည်။[1]
အဘယ်ကြောင့် ကာချုပ်မင်းအောင်လှိုင်သည် မိမိ ရဲဘော်များ၏ အလောင်းများအလယ်တွင် ရပ်ကာ ဂုဏ်ယူ ၀င့်ကြွားစွာ တပ်မတော်နေ့ အခန်းအနားကျင်းပနိုင်သနည်း။ မည်သည့်အရာကို ဂုဏ်ယူကာ ကိုယ့်ဇနီးများကို ကိုယ် ပန်းကုံးစွပ် ခိုင်းနေကြသနည်း။ မိမိတပ်အင်အား ၅၀၀၀ ခန့် မျှ အသက်ပေးခဲ့ရသည့်အပြင် ကချင်လူမျိုး ဒုက္ခသည် တသိန်းကျော် အိုးမဲ့ အိမ်မဲ့ ဘ၀ပျက်ကြရခြင်း အတွက် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အကျိုးအမြတ်သည် အဘယ်နည်း။ မည်သည့် အကျိုးအမြတ်မျှ မရပါဘဲလျှက် ဆင်နွှဲခဲ့သော စစ်ပွဲအတွက် လက်ရှိအစိုးရနှင့် ကာချုပ်မင်း အောင်လှိုင်၏ တာဝန်ခံမှုသည် အဘယ်နည်း။ ဤမျှများပြားသည့် တပ်အင်အားကျဆုံးမှုကို အဘယ်ကြောင့်တရားဝင် ထုတ်ပြန်ကြေ ငြာခြင်း မပြုသနည်း။ ကျဆုံးခဲ့သူများအတွက်ထိုက်တန်သည့် လျော်ကြေးငွေများ အား ကျန်ရစ်သူ မိသားစုများအား အပ်နှင်း ပြီးပြီလား။ စသည် စသည်ဖြင့် မေးခွန်းပေါင်းများစွာပေါ်လာပါသည်။
ဤမေးခွန်းများ၏ အဖြေများကို အောက်ခြေတပ်မတော်သားများကိုယ်တိုင် ရှာဖွေသင့်သည်။ ၄င်းတို့ ရှာဖွေ နိုင်အောင် သတင်းအချက်အလက်များ ပေးသင့်သည်။ တပ်မတော်သား ဆိုသည်မှာ အမိန့် နာခံရမည်မှန်သော်လည်း
အသိနှင့် နာခံသူများဖြစ်ရန်လိုသည်။ စက်ရုပ်စစ်သားများ မဖြစ်သင့်။ အသိတရားနှင့် အမိန့် နာခံသူများ ဖြစ်မှသာ အနှစ်သာရနှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်နိုင်သည်။ သို့ မဟုတ်ပါက အာဏာရှင်ခေါင်းဆောင်တဦး သို့ မဟုတ် တစု ၏ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်ရမည့် စစ်ကျွန်များဘ၀ဖြင့်သာ နိဂုံးချုပ်ပါမည်။ မည်သည့်အခါတွင်မျှလည်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရနိုင်ဘွယ်မရှိပါ။ ၄င်းတို့ ကိုယ်တိုင်က ကိုယ့်ဘ၀ မှန်ကို ကိုယ်သိမြင်လာပြီး ကိုယ့်ညီနောင်တိုင်းရင်းသားချင်း သတ်ဖြတ်ရသည့် အလုပ်ကို ရွံမုန်းလာမှသာ ငြိမ်းချမ်းရေး အစစ်အမှန်ရနိုင်ပါသည်။
အငြင်းပွားလျှက်ရှိသော ဝေါဟာရ သုံးလုံး။
ပြီလ ၅ မှ ၈ ရက်နေ့ အတွင်းရန်ကုန်ဆွေးနွေးပွဲတွင် အဓိက စကားလုံးသုံးလုံး၌ သဘောတူညီမှု မရခဲ့ ကြကြောင်းသိရသည်။ တော်လှန်ရေး၊ ဖက်ဒရယ် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တို့ ဖြစ်သည်။ တိုင်းရင်းသား အဖွဲ့ များက မိမိတို့ ကိုယ်ကို တော်လှန်ရေးအဖွဲ့ အစည်းဟု သုံးနုန်းသည့်အပေါ် အစိုးရကိုယ်စားလှယ်များက လက်မခံနိုင်ကြပါ။ ဤသည် ကို အဖြေရှာ ရန် နည်းလမ်းနှစ်ခုရှိသည်။ တခုမှာ အာဏာပိုင် များဘက်မှနေ၍ စစ်အာဏာရှင်စနစ် ကို စွန့် လွှတ်ပါမည် ဟု ကြေငြာ လိုက်ရန်ဖြစ်သည်။ ဤတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများဘက်မှလည်း တော်လှန်ရေး ဟူသော စကား လုံးကိုဖြုတ်ရန် ၀န်လေးလိမ့်မည်ဟုမထင်။ အခြားနည်းလမ်းတခုမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ  ဗိုလ်ချုပ် အောင်သန်း လေး ရှင်းပြ သုံးစွဲသွားခဲ့သည့် ဝေါဟာရဖြစ်သည်။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ အစည်းများအား ခုခံစစ်[2] ဆင်နွှဲသည့်အဖွဲ့ အစည်းများအနေဖြင့် သတ်မှတ်လိုက်ရန် ဖြစ်သည်။ ဤတွင် မြန်မာ့တပ်မတော်သည် ကျူးကျော်စစ်ကို ဆင်နွှဲလျှက်ရှိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှာ ၄င်းတို့ ၏ နယ်မြေနှင့် လူထုကို ကာကွယ်သည့် ခုခံစစ်ကိုဆင်နွှဲနေကြသူများအဖြစ် တရားဝင်အသိအမှတ် ပြုလိုက်ရာရောက် သည်။ အစိုးရကိုယ်စားလှယ်များတွင် ရွေးချယ်နိုင်ခွင့်ရှိပါမည်။
စစ်ခေါင်းဆောင်သစ်များသည် ဖက်ဒရယ် ဟူသော ဝေါဟာရနှင့် အနှစ်သာရကို တရားဝင်လက်ခံရန် အဘယ် ကြောင့် ၀န်လေးနေသနည်း။ ၂၀၁၂ ခုနှစ်နိုဝင်္ဘာလ ၂ ရက်နေ့ တွင် စစ်ခေါင်းဆောင်ဟောင်း၊ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဖက်ဒရယ်ဥပဒေရေးဆွဲရန်ပင် လွှတ်တော်အမတ်နှစ်ဦးအား တာဝန်ပေးခဲ့သည်မှာ အထင်အရှားဖြစ်သည်။ နောက်ထပ်စစ်ခေါင်းဆောင်ဟောင်းဖြစ်သော သမတဦးသိန်းစိန်က ၂၀၁၄ မတ်လ ၂၉ ရက်နေ့ တွင် နိုင်ငံရေးပါတီများ နှင့် တွေ့ ဆုံရာ၌ ဖက်ဒရယ် ဝေါဟာရကို အတိအကျ သုံးစွဲကာ အောက်ပါအတိုင်း ပြောဆိုသွားခဲ့သည်။
“တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ ဖြစ်တဲ့ တန်းတူရေးဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံပြီးပြည် ထောင်စုဘွား လူမျိုးစုအားလုံး အပြန်အလှန်အသိအမှတ်ပြုတဲ့ ဖက်ဒရယ် စနစ်ကို အခြေခံမယ့် ပြည်ထောင်စု တခုပေါ် ပေါက်လာရေးကို အလေးပေးပြီးနိုင်ငံရေးဆွေးနွေးပွဲကြီးကို ပြုလုပ်သွားမှာပါ။”
ယင်းသို့ အထင်အရှားဖြစ်ပါလျှက် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်သစ်များသည် ဆက်လက်မျက်စိမှိတ် ငြင်း နေပါက၊ အဓိပ္ပါယ်နှစ်မျိုးသက် ရောက်သွားနိုင်သည်။ တမျိုးမှာ ဖက်ဒရယ်ကို မပေးလို၍သာ ဟူ၍ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲဟူ သည်များတွင် မဟာ မြန်မာလူမျိုးကြီးဝါဒကို ကျင့်သုံးလိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအား တက်ရောက်ဆွေးနွေး ခွင့်ပေး၊ မြှော ထားပေးလိုက်ပြီး အမျိုးသားညီလာခံမျိုး ဒုတိယအကြိမ် ဖန်တည်းကာ နောက်ထပ် နှစ်ပေါင်းသုံးဆယ် အာဏာတည်မြဲ ရန် ကြိုးပမ်းလို၍ဟု သုံးသပ်နိုင်မည်။ ဤသည်မှာ မကောင်းပါ။
နောက်တမျိုးမှာ ၂၀၀၈ ဖွဲ့ စည်းပုံအောက်သို့ ပြန်လည် ဆွဲသွင်းလိုသောကြောင့်ဖြစ်မည်။ စစ်ခေါင်းဆောင် ဟောင်းများက တဘက်တွင် ဖက်ဒရယ်လေသံပေးထား နေချိန် အခြားတဘက်တွင် စစ်ခေါင်းဆောင်သစ်များက င်းကို ငြင်းဆိုကာ ဘယ်ခြောက်ခါ ညာလှမ်းသည့် နိုင်ငံရေးပရိယာယ်ကျင့်သုံးလှည့်ဖြားပြီး ၂၀၀၈ ဖွဲ့ စည်းပုံဘောင် လမ်းကြောင်းကိုသာ ပြန်ခေါ်သွားလို၍ဟု သုံးသပ်နိုင်မည်။ ယင်းသို့ ဖြစ်လျှင် ပိုဆိုးပါသည်။ မည်သည့်အခါတွင်မျှ ယုံကြည်မှု တည်ဆောက်နိုင်တော့မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးကို တကယ်တန်း လိုလားသည်ဆိုပါက စစ်ခေါင်း ဆောင်သစ်များ သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်ကို စာချုပ်တွင် အတိအလင်း ထည့်သွင်းချုပ်ဆိုရန် ၀န်မလေးသင့်ပါ။
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၄) ရက်နေ့ တွင် မြစ်ကြီးနားအစည်းအဝေးအပြီးဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက တိုင်း ရင်းသားတွေလိုခြင်တဲ့ ဖက်ဒရယ် ဆိုတာဘာလဲ သူမသိပါဟု ပြောကြားသွားခဲ့သည်။ ယခုသိလောက်ပြီဟုယူဆသည်။ ၂၀၁၄ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ကရင်ပြည်နယ် ကေအင်ယူဌာနချုပ် လော်ခီးလာ(ခေါ်) လေးဝါးစခန်း ကျင်းပ ခဲ့သည့် ညီလာခံ အပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ စုပေါင်းတင်သွင်းသည့် စာချုပ်မူကြမ်း ၏ အခန်း (၁) အပုဒ် (၃) တွင်အောက်ပါအတိုင်း ဖေါ်ပြထားကြောင်း လေ့လာရသောကြောင့်ဖြစ်သည်။[3]
----------မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်  အရေးများ အပြည့်အ၀ရှိသော ပြည်နယ်များကို အခြေခံ၍ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ”ဖြင့် တည်ဆောက်ရန် သဘောတူညီသည်။
တိုင်းရင်းသားခေါင်းဆောင်များ၏ အထက်ပါ အဆိုပြုချက်မှာ ရှင်းနေသည်။ နားမလည်နိုင်ရန် အကြောင်းမရှိ။ မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင်များအနေဖြင့်  ကိုယ်ပိုင်ပြဌာန်းခွင့် တွင် ခွဲထွက်ခွင့်များပါသွားလေမလား ဟု စိုးရိမ် မည် ဆိုလျှင် သဘာဝကျသည်။ ခွဲမထွက်စေလိုသည့် စေတနာကို လေးစားရပါမည်။ သို့ ရာတွင် ခွဲထွက်ပိုင်ခွင့်သည် တိုင်း ရင်းသား ပြည်နယ်များ၏ အခွင့်အရေးဖြစ်သည်။ ပင်လုံစာချုပ်အတွက်လုံးပန်းနေသည့် ကာလအတွင်း ဗိုလ်ချုပ် အောင် ဆန်းကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသည်။ “ဆယ်နှစ်နေလို့ မှ ခွဲမထွက်ခြင်အောင် မလုပ်နိုင်ရင် ငါတို့ ဗမာ (မြန်မာ) တွေ ညံ့လို့ ပေါ့။” ဟု ဗိုလ်ချုပ်က ပြောခဲ့သည်။ ဤသည်ကို အခြေခံ၍ ခွဲထွက်ခွင့်ကို ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာပင် ထည့်သွင်းပြဌာန်းခဲ့ရသည်။
နှစ်ပေါင်း ၆၅ နှစ်ကြာပြည်တွင်းစစ်ကာလအတွင်း မြန်မာအများစုကြီးနှင့် ဖွဲ့ စည်းထားသည့် အစိုးရအဆက် ဆက်က မြန်မာမဟုတ်သည့် တိုင်းရင်းသားများအပေါ် ဆက်ဆန်ပြုမူပုံ (အထူးသဖြင့် ကေအိုင်အိုအပေါ်ဆင်နွှဲခဲ့သည့် ထိုးစစ်ကြီးကို) ထောက်ပြလျှက် သုံးသပ်ထားသည့် ဆောင်းပါးတွင် စီးပွားရေးအရ အမြတ်ထုတ်သည့် ကိုလိုနီလက် သစ်မဟုတ်ဘဲ၊ ဗြိတိသျှ အစိုးရက ကျင့်သုံးခဲ့သည့် နယ်ချဲ့ ကိုလိုနီစနစ်ဟောင်းမျိုးသာ ဖြစ်ကြောင်းဖြင့်  မြန်မာ တိုင်း ရင်းသား ပညာတတ်များကိုယ်တိုင် စတင်ဆွေးနွေးလာနေကြပြီဖြစ်သည်။[4] ဤသည်တို့ မှာ မြန်မာမဟုတ်သည့် တိုင်းရင်းသားပြည်နယ်များအတွက် ခွဲထွက်ခြင်စရာအခြေခံများဖြစ်ခဲ့ကြောင်း ၀န်ခံရပါမည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ရှစ်လချခံခဲ့ရသူ လူငယ်ကလေးတဦးဖြစ်သော  ကိုထင် အောင်လင်း က ခွဲထွက်ရေးနှင့် စပ်လျှဉ်း ၍ ဒီဗွီဘီ ဆွေးနွေးခန်းတခုတွင် အောက်ပါအတိုင်း ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့သည်။[5]
ခွဲမထွက်စေ လိုသောစေတနာရိုးရှိပါက ယခုချုပ်ဆိုမည့် စာချုပ် တိုင်းရင်းသားပြည်နယ်များအားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အပ်နှင်းသွားရန် သဘောတူကြောင်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် ဟောင်း သစ်များဘက် က ထည့်သွင်းချုပ်ဆိုပေးဘို့ လိုပါမည်။ ယင်းသို့ ဖြစ်လျှင် တိုင်းရင်းသားခေါင်းဆောင်များကလည်း ခွဲထွက်သွားမည် မဟုတ်ကြောင်းကို အာမခံ ချုပ်ဆိုပေးရန် ၀န်လေးကြလိမ့်မည် မထင်ပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်သွင်းချုပ်ဆိုမပေးဘဲ မြန်မာ့တပ်မတော်ဘက်က ဇွတ်တင်းခံနေမည် ဆိုပါက ယင်း၏ သဘောသဘာဝသည် အဘယ်နည်း။ ခွဲထွက်ရေးလမ်းကြောင်းပေါ် လက်တွေ့ မရောက်ရောက်အောင် တမင် တွန်းတင်ပေးလိုက်ပြီး စစ်တိုက်ရန် အကြောင်းရှာခြင်း သက်သက်ဟုသာ သုံးသပ်ရပါမည်။ တိုင်းရင်းသားအချင်းချင်း သွေးချောင်းစီး လူသတ်ပွဲကြီးများ ထပ်မံဖြစ်ပွားပါက တာဝန်ရှိသူမှာ လက်ရှိ အာဏာရ စစ်ခေါင်းဆောင် ဟောင်း သစ်များသာ ဖြစ်ပါမည်။
ဖက်ဒရယ်ကို လိုလားသော တိုင်းရင်းသားအမတ်များ။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ သက်သက်သာ ကြိုးပမ်းဖေါ် ဆောင်နေမည်ဆိုလျှင် အခက်အခဲများကြီးမားလှပါမည်။ လက်နက်မကိုင်သည့် တိုင်းရင်း သား နိုင်ငံရေးပါတီ အဖွဲ့ အစည်းများလည်း ဤ ပြန်လည်ရှင်သန်လာနေသည့် ဖက်ဒရယ်နိုင်ငံရေးရေစီးကြောင်းတွင် တစုံတရာပါဝင်လာသည်ကို သတိပြုမိသည်။ ဤသည်ကို ကြိုဆိုရပါမည်။ သို့ ရာတွင် လွှတ်တော်အတွင်းရောက်နေကြ သည့် တိုင်းရင်းသားပါတီများမှာ လက်တွေ့ အရ ဖက်ဒရယ်ကို ပံ့ပိုးခြင်းထက်အဟန့် အတားပြုသည့်သဘောများသာ လုပ်ဆောင်လျှက်ရှိကြောင်းတွေ့ ရသည်။ အဘယ် ကြောင့်နည်း။ ဖက်ဒရယ်အခြေခံ ကို ဖျက်ဆီးသည့် ဥပဒေများ၊ တိုင်းရင်းသားပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရုပ်သိမ်းသည့် ဥပဒေများအား လွှတ်တော်က တခုပြီးတခုပြဌာန်း နေသည်ကို လက်ပိုက်ကြည့်နေုခြင်း၊ ထိုင်ပြီး အတည်ပြုပေးနေခြင်း တို့ ကြောင့် ဖြစ်သည်။
၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ ပြည်ထောင်စုသမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ် ခန့် ထားခွင့်ရှိကြောင်း အတိအလင်းပြဌာန်းထားသည်။ ယင်းမှာ သမိုင်းကြောင်းအရ လွတ်လပ်စွာနေထိုင် ခဲ့ကြသော မြန်မာမဟုတ်သည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့ နှစ်သက်သည့် ခေါင်းဆောင်ကို ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် တင်မြှောက်ပိုင်ခွင့် ဆုံးရှုံးခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိခိုက်ခြင်း ဖြစ်သည်။ သို့ ဖြစ်၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များ သည် ၂၀၀၈ ဖွဲ့ စည်းပုံကို လက်မခံဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်း ခွင့်ကို အာမခံချက်ပေးမည့် ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ်ပေါ်ပေါက်လာရေး လုပ်ငန်းစဉ် ချမှတ်ဆောင် ရွက် နေကြ ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လ (၈) ရက်နေ့ တွင် ပြဌာန်းလိုက်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရနှင့် ကြိုတင်ညှိနိုင်းပြီးမှသာ ၀န်ထမ်းအဖွဲ့ အစည်းဖွဲ့ စည်းနိုင်ကြောင်း [6] နိုင်ငံတော်သမ္မတသည် ၀န်ထမ်းအဖွဲ့ အစည်း အကြီးအမှုးများကို ခန့် အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ် ပယ်ခြင်း တို့ ကို ဆောင်ရွက်နိုင်ကြောင်း[7] ပြဌာန်းထားသည်။ ဤဥပဒေသည် တိုင်းရင်းသား ပြည်နယ်များ၏ ကိုယ် ပိုင် ပြဌာန်းခွင့်ကို အတိအလင်း ဆက်လက်ချိုးဖေါက်ထားသည်။ နိုင်ငံရေးတာဝန်ဖြစ်သည့် ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်ထောင်စု သမ္မတ က ခန့် ထားခြင်းဖြင့် ဗဟိုမှ နေ၍ ပြည်နယ်၏ အပေါ်ပိုင်းကို တိုက်ရိုက်ချုပ်ကိုင်ထား ရုံသာမက နိုင်ငံ့ဝန်ထမ်း ဥပဒေကို ထပ်မံပြဌာန်းကာ ပြည်နယ်အတွင်းလည်ပတ်မည့် အုပ်ချုပ်ရေး ယန္တယားကိုပါ ဗဟိုက တင်းကြပ်စွာကိုင်ထားနိုင်ရန် ဥပဒေဖြင့် အသေချည်နှောင်လိုက်ခြင်းဖြစ်သည်
ယင်းမှာ ဖက်ဒရယ် နှင့် ဖြောင့်ဖြောင့်ဆန့် ကျင်ကာ တင်းကြပ်သည့် တပြည်ထောင် အုပ်ချုပ်ပုံစနစ်ကို အတိ အကျ ဖေါ်ဆောင်နေခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ တွင် ပြဌာန်းလိုက်သည့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သည် လည်း အလားတူပင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်သွင်းစဉ်းစားခြင်းမရှိ။ ရင်းနှီးမြှုပ်နှံမှု လုပ်ပိုင်ခွင့်ချပေး သည့် အခွင့်အာဏာကို ပြည်ထောင်စု အစိုးရကသာ ကျင့်သုံးထားသည်။[8] ရင်းနှီးမြှုပ်နှံမှုဟု ဆိုရာတွင် သဘာဝ သယံ ဇာတပစ္စည်းများ ရှာဖွေခြင်း နှင့် ထုတ်လုပ်ခြင်းဆိုင်ရာများ ပါဝင်ကြောင်း ပြဌာန်းထားခြင်း[9] အားဖြင့် သဘာဝသယံ ဇာတပေါကြွယ်သော ပြည်နယ်များ၏ အခွင့်အရေးကို ဆက်လက်မျက်ကွယ်ပြုထားသည်။ ပြည်နယ်များသည် မိမိတို့  ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများအပေါ် မိမိတို့ နှစ်သက်လိုလားသော ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများအား လုပ်ငန်း လိုင်စင်များ ချပေးခွင့်မရှိ။
စီးပွားရေး ဖွံ့ ဖြိုးမှု နည်းပါးပြီးဆက်သွယ်သွားလာရန်ခက်ခဲသောဒေသ များ တွင် ပြည်ထောင်စု အစိုး၇က ဖွဲ့ စည်းပေးသော ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံလျှင် ရင်းနှီးမြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့်ကာလ သတ်မှတ်ချက်ထက် ပိုမိုသော ကင်းလွတ်ခွင့်များပင် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း အဆိုပါဥပဒေတွင် ဆက်လက် ပြဌာန်းထားပြန်သည်။[10]
စီးပွားရေး ဖွံ့ ဖြိုးမှု နည်းပါးပြီးဆက်သွယ်သွားလာရန်ခက်ခဲသောဒေသ များ ဟူသည်မှာ တောင်တန်းထူထပ် သော တိုင်းရင်းသားပြည်နယ် များ ကိုသာ အဓိကအားဖြင့်ဆိုလိုသည်။ ယင်းဒေသများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ခွင့်ပြုခြင်းအား ပြည်ထောင်စုအစိုးရကသာ တိုက်ရိုက်ချ ပေးသွားတော့မည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ခြင်း ဖြစ်သည်။ ပြည်ထောင်စု အစိုးရ ဆိုင်းဘုတ်အောက်တွင် မိန့် မိန့် ကြီးထိုင် လျှက်ရှိသော စစ်ခေါင်းဆောင်ဟောင်း သစ်များနှင့် ပုလင်းတူ ဗူးဆို့ စီးပွားရေးလုပ်ငန်းရှင်ခရိုနီကြီးများသည် ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်အောက်တွင်တိုင်းရင်းသား ပြည်နယ်များသို့ ဆင်းချလာ ကြ ပါတော့မည်။ ဆင်းလဲ ဆင်းနေကြပြီဖြစ်သည်။ အပစ်ရပ်လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ ထိန်းချုပ်မှုအောက်ရှိ ဒေသများအတွင်းသို့ လည်း အပစ်ရပ်လက် မှတ်ထိုးပြီးနောက်တွင် ၄င်း တို့ ဝင်ချလာကြပါတော့မည်။ ဤသည်မှာ ဥပဒေနှင့် အညီဖြစ်သည်။ တရားဝင်ဖြစ်သည်။ ယင်းကို ဟန့် တားသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းသည် ဥပဒေကို ချိုးဖေါက်သူဖြစ်သည်။ လူဆိုးဂိုဏ်း ဖြစ်သွားမည်။
ဤမျှ ဆိုးဝါးပြီး ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ထားသည့် ဥပဒေမှန်း သိပါလျှက် လွှတ်တော် အတွင်းရှိ တိုင်းရင်းသား အမတ်များက အလွယ် တကူ အတည်ပြုပေးလိုက်ကြသည်။
နောက်ထပ် သာဓက တခုကို ပြပါဦးမည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပြဌာန်းလိုက်သည့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေဖြစ်သည်။ ၄င်းအရ ပြည်ထောင်စု အစိုးရက ဖွဲ့ စည်းပေးလိုက်သည့် ဗဟိုအဖွဲ့ သည် နိုင်ငံတော် အတွင်းမည်သည့် နေရာဒေသကိုမဆို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်ကြောင်း၊ မြေငှားရမ်းခသတ်မှတ်ခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ မြေအသုံးချခြင်း များပြုနိုင်ကြောင်း၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့် ခွဲရေးကိစ္စများပြုနိုင်ကြောင်း စသည်တို့ ကို ပြဌာန်းထားသည်။ ယင်းဥပဒေသည် အမျိုးသား ပြည်နယ်များရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံ သည့် မြေယာအပေါ် စီမံခန့် ခွဲခွင့်ကို ထပ်မံ ချိုးဖေါက်လိုက်ခြင်းဖြစ်သည်။ ယင်းမှာ လွန်စွာ သိလွယ်မြင်လွယ်သော အကြောင်းရပ်ဖြစ်သည်။ သို့ ပါလျှက် ဖက်ဒရယ် ကို အော်ဟစ်ကြွေးကြော် နေသော တိုင်းရင်းသားအမတ်များသည် အဘယ်ကြောင့် မကန့် ကွက်ကြသနည်း။
မိမိတို့ မှာ လူနည်းစုဖြစ်နေသဖြင့် ကန့် ကွက်၍လည်း နိုင်ခြေမရှိပါ ဆိုခြင်းမှာ သဘာဝကျသော အဖြေ မဟုတ်ပါ။ မူလကထဲက လူနည်းစုဖြစ်မည်ကို သိပါလျှက်နဲ့ လွှတ်တော်အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။မိမိတို့  သက် ဆိုင်ရာတိုင်းရင်းသားလူမျိုး အသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ မပြဌာန်း နိုင်သည်ရှိစေဦး၊ ကြီးမားစွာဟန့် တားသော ဥပဒေများတခုပြီးတခု ပေါ်လာ နေသည်ကို ထိုင်ပြီး အတည်ပြု နေရသည့် ဘ၀မျိုးဖြင့် နိဂုံးမချုပ်သင့်ပါ။ မတရားသော ဥပဒေများ၊ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိခိုက်သော ဥပဒေများအား ပြတ်ပြတ်သားသား ကန့် ကွက်ရန် တာဝန် ရှိသည်။ ကန့် ကွက်ပါလျှက် မအောင်မြင်ဟု ဆိုလျှင်လည်း လွှတ်တော်မှ ထွက်ခွာလာရုံသာ ဖြစ်သည်။ ဤသည်မှာ ဥပဒေတွင်းလှုပ်ရှားမှုဖြစ်သည်။ ဤလှုပ်ရှားမှုမျိုးအားကောင်း လာလျှင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားသည့် အထောက်အပံ့ဖြစ်နိုင်သည်။
ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ မပြဌာန်းနိုင်ရုံသာမက ယင်းကို ထိခိုက်သော ဥပဒေများပြဌာန်းနေမှုအားပင် မတားဆီးနိုင်ပါဘဲလျှက် အတုအယောင် လွှတ်တော်အတွင်း ဆက်ရှိနေလျှင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရန် ပံ့ပိုးပေးနေခြင်းသာ ဖြစ်ပါမည်။ ယင်းသို့ မဖြစ်သင့်ပါ။
တည်ဆဲဥပဒေ များကို လေးစားလိုက်နာရေး၏ လက်တွေ့ အဓိပ္ပါယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ အကြားလက်ရှိကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စာချုပ် တည်ဆဲဥပဒေများကို လေးစားလိုက်နာရေး ဟူသည့် အချက်အား ထည့်သွင်းလက်မှတ် ထိုးရန် စစ်ခေါင်းဆောင်ဟောင်းသစ်များက တိုင်းရင်းသားခေါင်းဆောင်များအား ဖိအားပေးလျှက်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ၄င်းတို့ တက်သုတ်ရိုက်ပြီး ပြဌာန်းထားသည့် ဥပဒေများအရ တိုင်းရင်းသားပြည်နယ်များတွင် လုပ်ပိုင် ခွင့် မည်မည်ရရ ဘာမျှ မရှိတော့ဘဲ အခွန်ချည်းသာ ကျန်တော့သောကြောင့် ဖြစ်သည်။
တည်ဆဲဥပဒေများကို လေးစားလိုက်နာရေး ဟူသည့်အချက်ကို ထည့်သွင်းချုပ်ဆိုပြီးနောက် အပစ်ရပ်လိုက် ပြီ ဆိုကြပါစို့ ။ ပြည်နယ်များ၏ သဘာဝသယံဇာတများအပေါ် အမြတ်ထုတ် သွေးစုပ်သည့်လုပ်ငန်းအား ပြည်ထောင်စု အစိုးရ အမည်အောက်တွင် ခိုလှုံချယ်လှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်ဟောင်း သစ်များ၏ လက်ဝယ် သို့ တရား ၀င် လွှဲအပ်လိုက်ရာ ရောက်သည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ များသည် ၄င်းတို့ ဘ၀ရပ်တည်ရေးအတွက် လက် ၀ါးဖြန့် ခံတောင်းစားရုံမှ လွဲ၍ အခြားမရှိတော့။ မိမိတို့ အဖွဲ့ အစည်းရပ်တည်ရေးအတွက်ဖြစ်စေ၊ မိမိတို့ ဒေသခံလူထု၏ ဘ၀ ဖွံ့ ဖြိုးရေးအတွက်ဖြစ်စေ၊ သဘာဝသယံဇာတများကို အသုံးချမည်ဆိုလျှင် ယင်းကို အကြောင်းရှာကာ မြန်မာ့တပ် မတ်ာက စစ်ပွဲများ ပြန်လည်ဆင်နွှဲလာနိုင်သည်။ စစ်ပွဲပြန်မဖြစ်လိုလျှင် ၄င်းတို့ ပြုသမျှနုကာ၊ လက်နက် များကိုင်ပြီး ငုတ်တုတ်ထိုင်ကြည့်နေရုံသာဖြစ်သည်။ ဤသည်မှာ မကောင်းသည့် ပထမ အခြေအနေဖြစ်သည်။
ဒုတိယ အခြေအနေမှာ အစိုးရသည် ၄င်းတို့ လက်သပ်မွေးထားလိုသည့် တိုင်းရင်းသားအဖွဲ့ အစည်းအချို့ နှင့် ယင်းတို့ ၏ ခေါင်းဆောင်များ အား လက်သိပ်ထိုးကာ သဘာဝသယံဇာတ ထုတ်လုပ်ရေး နှင့် အခြား စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များချပေးခြင်း နှင့် ၄င်းတို့ မှတဆင့် အခြား ပုဂ္ဂိုလ်များ၊ ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်များ ထပ်ဆင့်ချပေးပြီး စီးပွားရှာမှုအပေါ်မသိခြင်ယောင်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ယေဘုယျ ပြုမှု Generality ကို ဆန့် ကျင်ကာ ရွေးနုတ်မှု Selectivity  ကို ကျင့်သုံးခြင်းဖြစ်သည်။ သို့ ဖြစ်လျှင် ဥပဒေစိုးမိုးရေး အခြေခံကို ပျက်စီး စေပြီး ပြည်နယ်များသည် မည်သည့်အခါတွင်မျှ စစ်မှန်သည့် တည်ငြိမ်မှု မရနိုင်ပါ။ ပြည်နယ်တွင်းရှိ အခြေခံလူထု များ၏ စီးပွားရေးဘ၀လည်း တိုးတက်မည် မဟုတ်ဘဲ တပြည်လုံး အပစ်ရပ် ရေးခေါင်းစဉ်အောက်တွင် စစ်ခေါင်းဆောင် ဟောင်း သစ်များ၊ ၄င်းတို့ ၏ ခရိုနီများ နှင့် ကိုယ်ကျိုးရှာလိုသည့်တိုင်းရင်း သားခေါင်းဆောင်များသာ ကြီးပွားချမ်းသာ သွားကြပါမည်။ ဤဒုတိယ အခြေအနေမှာ ပို၍ ဆိုးပါမည်။
ပြည်နယ်များအတွင်းရှိသဘာဝ သယံဇာတများအပေါ်စီမံခန့် ခွဲရေး နှင့် စပ်လျှဉ်း၍ ထည့်သွင်းဆွေးနွေးရန် ကြိုးပမ်းသည့်အခါတိုင်း စစ်ခေါင်းဆောင် ဟောင်းသစ်များက ဤသို့ သော အသေးစိပ်ကိစ္စများကို အပစ်ရပ်ပြီးနောက် ကျင်းပမည့်နိုင်ငံရေးဆွေးနွေးပွဲများတွင်သာ ထည့်သွင်းဆွေးနွေးရန် ပညာသားပါပါ ရှောင်လွှဲပစ်လေ့ရှိကြ သည်။ ဤ သည်ကို လက်မခံသင့်ပါ။ ပမာအားဖြင့် ဆိုလျှင် ခရီးတခုကို နှစ်ယောက်အတူ သွားရာ တဦးက ဆင်ပေါ်က စီးလိုက် ပြီး အခြားတဦးက ခြေထောက်နှင့် ပြေးလိုက်ရသည့် အနေအထားမျိုးဖြစ်သည်။ တည်ဆဲဥပဒေများနှင့် အညီ ပြည်နယ် များအတွင်းရှိ သဘာဝသယံဇာတ အားလုံးကို အနှောက်အယှက်မရှိ၊ ထင်သလို လက်ဝါးကြီးအုပ်အကျိုးခံစားခွင့်ရနေ ပြီဖြစ်သဖြင့် စစ်ခေါင်းဆောင် ဟောင်း သစ်များက ဆင်ပေါ်တွင် စီးနင်းလိုက်ပါနေကြသည့် သဘောဆောင်သည်။ တိုင်းရင်းသား အဖွဲ့ အစည်းများ အနေဖြင့် မည်သည့် စီးနင်းစရာမျှ မရှိဘဲ ဆင်ဘေးမှ နေ၍ ခြေလျင်ပြေးလိုက်ကာ ဆွေးနွေးကြရမည့်သဘော ဆောင် သည်။ ဤသို့ ဖြစ်ပါက ပြေးရင်းသာ ပျံလွန်တော်မူ သွားနိုင်သည်။ အကျိုးရှိနိုင် ဘွယ်မမြင်ပါ။ ယင်းမှာ တန်းတူရေး သဘောလည်း မဆောင်ပါ။
ပို၍ အရေးကြီးမှာ သဘာဝ သယံဇာတများအပေါ် စီမံခန့် ခွဲရေးနှင့် စပ်လျှဉ်း၍ သက်ဆိုင်ရာပြည်နယ်များ အတွင်းရှိဒေသခံ တိုင်းရင်းသား လူထုများ၏ အခန်းကဏ္ဍနှင့် ၄င်းတို့ ၏ ခံစားခွင့်ဖြစ်သည်။ လက်ရှိလွှတ်တော်က ပြဌာန်းထားသော ဥပဒေများတွင် ထင်ထင်ရှားရှားမပါသလို သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများအနေဖြင့် မူဝါဒ ချမှတ်ကျင့်သုံးမှုများလည်း နည်းပါးနေဆဲဖြစ်သည်။ ဤ အရင်း ခံကျသည့် ပြသနာအား ဖြေရှင်းနိုင်မည့် လမ်းကြောင်းကို တထိုင်တည်း ချမှတ်လိုပါက ဆီအာရာလီယွန်း နိုင်ငံ၏ အတွေ့ အကြုံကို လေ့လာသင့်ပါသည်။ ယင်းတွင် ဆီအာရာလီယွန်း အစိုးရ နှင့် တော်လှန်ရေးတပ်ဦး[11] တို့ ဆွေးနွေးခဲ့ ကြပြီး စာချုပ်ချုပ်ဆိုရာတွင် သက်ဆိုင်ရာ အရေးကြီးသည့် အကြောင်းရပ်များ ပူးတွဲကော်မရှင်များ ဖွဲ့ စည်းဆောင် ရွက်ခဲ့ ကြသည်။ မဟာဗျူဟာကျသောသဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့် ခွဲရေးကော်မရှင်ကို ကြီးကြပ်သည့် ဘုတ်အဖွဲ့ ၏ဥက္ကဌ ရာထူး နေရာတွင် တော်လှန်ရေးတပ်ဦးခေါင်းဆောင်အား အပ်နှင်းခဲ့သည်။ အဖွဲ့ ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
              (၁) သမတက ခန့် အပ်သည့် အစိုးရ ကိုယ်စားလှယ် နှစ်ဦး
(၂) တော်လှန်ရေးတပ်ဦး က ဖွဲ့ စည်းမည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် နှစ်ဦး              (၃) လူထုအသင်းအဖွဲ့ ကိုယ်စားလှယ် သုံးဦး နှင့်
              (၄) ပါလီမန်က ခန့် အပ်သည့် အခြားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် နှစ်ဦး တို့ ဖြစ်သည်။
နိဂုံး
            ဤငြိမ်းချမ်းရေးစစ်တမ်း(၄)ကို ရေးသားပြုစုနေစဉ်မှာပင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊မန်စီမြို့ နယ် အတွင်း၊ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်စပ်၌ မြန်မာ့တပ်မတော်သည် ကေအိုင်အို ကို ပြန်လည် စတင် တိုက်စစ်ဆင်နေပြန်ပါပြီ။ ငြိမ်းချမ်းရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး မည့် ကိန်းမျိုးကြုံနေရသည်။ စစ်တိုက်မည်၊ မတိုက်မည် ဟူသည်မှာ မြန်မာ့တပ်မတော် လက်ထဲတွင် ရှိနေသည်။ စင်စစ်အားဖြင့် ဤစစ်သည် နိုင်ငံခြားရန်မှ ကာ ကွယ်ရန် မဟုတ်သလို ပြည်ထောင်စု မပြိုကွဲအောင်တားဆီးရန်လည်း မဟုတ်ပါ။ မတရားစစ် သက်သက် ဖြစ်သည်။ ရခိုင်ပြည်နယ်မှ လာပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်စပ်အကြားက ဖြတ်သွားသော ဓါတ်ငွေ့ ပိုက်လိုင်းကို ကာကွယ်ရေး၊ ကချင်ပြည်နယ်မှ တရုတ်နယ်စပ်ကိုထွက်သော ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေး၊ ကချင်ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများကို စိတ်တိုင်းကျ ချယ်လှယ် အမြတ်ထုတ်နိုင်ရေး၊ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ပြီး ဧရာဝတီမြစ်ကို ရောင်းစားနိုင်ရေး စသည့် စီးပွားရေး ရည်မှန်းချက်များ နှင့် တိုက်နေသောစစ်၊ တနည်းအားဖြင့် ကိုလိုနီစနစ်ဟောင်း နယ်ချဲ့ စစ်သက်သက်ဖြစ်သည်။ ဤစစ်ကို အမြန်ဆုံးတားဆီးပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်လာနိုင်ရေးအတွက် မြန်မာနိုင်ငံပြည်တွင်းစစ်ပြသနာကို ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံ သို့ ပါ ဆွဲတင်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုရက်တည်ထောင်သူ
                                                    ဧပြီလ (၁၂) ရက် ၂၀၁၄ ခုနှစ်             
[2] Resistance War
[3] ရွှေဟင်္သာ သတင်းဌာနမှ ဖြန့် ဝေသည့် သဘောတူညီချက်ကို မူရင်းအတိုင်း ပြန်လည်မျှဝေပါသည်။  https://drive.google.com/file/d/0B5uXEhFP_PLIcjFHRUNBWm05LXc/edit?usp=sharing
[4] Colonialism and Ethnic Conflicts in Burma by Sai Latt:
   http://asiapacific.anu.edu.au/newmandala/2013/04/16/colonialism-and-ethnic-conflict-in-burma/
[6] နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ (၄)
[7] နို်င်ငံဝန်ထမ်းဥပဒေ ပုဒ်မ (၆)
[8] မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၁၀) နှင့် (၁၁)
[9] မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၂) ပုဒ်မခွဲ (ဌ) (၇)
[10] မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၁၅) ပုဒ်မခွဲ (ဌ)
[11] The Revolutionary United Front of Sierra Leone
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...