Saturday, April 26, 2014

တိုင်းပြည်အတွက် ခရီးသည် ဒေါ်သောင်းငွေ



ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေးအတွက် ရန်ကုန်ကနေ ကချင်ပြည်နယ် မြစ်ဆုံကို ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့
ကိုသီဟ ဦးဆောင်တဲ့ ၄၅ ယောက်အဖွဲ့ က စိတ်ဆန္ဒပြင်းပြစွာနဲ့  လိုက်ပါချီတက်နေတဲ့ အသက်အကြီးဆုံး ၇၇ နှစ်အရွယ် ကို ဒီကနေ့ တွေ့ ခဲ့ရပါတယ်။


လမ်းလျှောက်ဖော်တွေက အမိုး လို့  ခေါ်ကြတဲ့ သူဟာ သထုံ ဇာတိ တောင်ပေါ် ကရင် ပါ။
အသက် ၂၀ ကတည်းက အလုပ်လုပ်ရင်း ရန်ကုန်ကိုရောက်ခဲ့ပြီး သာကေတ (၄)ရပ်ကွက် မှာနေပါတယ် အိမ်ထောင် ဆုံးခဲ့တာ နှစ် ၃၀ လောက်ရှိခဲ့ပြီမို့  သားသမီး မထွန်းကား တဲ့
သူဟာ တစ်ယောက်ထဲ နေကြောင်း သိရပါတယ်၊

စာမတတ်ကြောင်း အနှိပ်သည် ဖြစ်ကြောင်းနဲ့ အခုအခါမှာတော့ တစ်ခါနှိပ် ၅၀၀၀ လောက် ရနေလို့  ကုသိုလ်ရေးနဲ့  ဘုရာတည် ကျောင်းဆောက် လုပ်ရင်း ပရဟိတ လည်းလုပ်တယ် လို့ ဆိုပါတယ်။ အနှိပ်သည် ဆိုတာကိုက ပရဟိတသဘောပဲ တောမှာဆို အနှိပ်က ဆေးကုတာပဲလေ လို့  သူရဲ့  ပရဟိတစိတ် ကိန်းအောင်းပုံကို ရှင်းပြပါတယ်။

တကယ်တော့ သူဟာ အသက်နဲနဲ ထောက်လာချိန်မှာ ဘဝတသက်တာမှာ တစ်ခုခု ထင်ကျန်အောင် လုပ်ရမှာလို့ တွေးရင်း လိုင်ဇာ လမ်းလျှောက်အဖွဲ့  ဆိုတာကို ကြားတော့ လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ဘူးပေမဲ့ သူသိခဲ့ချိန်မှာ အဲဒီအဖွဲ့ ဟာ ပဲခူး ရောက်နေပြီ ဆိုတာသိရလို့ စိတ်လျော့ ခဲ့ ရသူပါ။

အခု အကြိမ်မှာတော့ NLD အဖွဲ့ ဝင်ဖြစ်တဲ့ သူဟာ ပုဒ်မ ၁၈ ကန့် ကွက်တာကိုသွားရင်း ဒီသတင်းကိုသိရတာကြောင့် ဓါတ်ပုံနှစ်ပုံရိုက်လို့  ဖောင်တင်ဖြစ်ခဲ့တာပါ တဲ့

ဦးထွန်းလွင် ဟောပြောပွဲမှာ ဧရာဝတီမြစ်ဆုံ ဆိုးကျိုးကို သိခဲ့ရတာကလည်း တတိုင်းပြည်လုံး ဒုက္ခရောက်မဲ့ ကိစ္စကို တတိုင်းပြည်လုံးလုပ်လို့  ရပ်တန့် သွားခဲ့ရင် တတိုင်းတပြည်လုံး ချမ်းသာရာရမယ် ဆိုတဲ့ စိတ်ကို ဖြစ်စေခဲ့ပါတယ် တဲ့။

အောင်ရင် အကြီးဆုံး ကုသိုလ်ပဲလေ သေပျော်ပြီ ဟုတ်တယ်လေ ဘဝမှာ စာလဲမတတ် ဘာလဲမတတ်နဲ့  သေရင်သေပစေ သေတဲ့နေ့  လမ်းမှာမြုပ်လိုက် ပြန်တော့ မပြန်ခိုင်းနဲ့  အောင်မြင်အောင်တော့လုပ်မှာလို့  အဖွဲ့ ကိုပြောထားကြောင်း သူက ပြောပြပါတယ်

တစ်လတာ လမ်းခရီးရဲ့  အတွေ့ အကြုံကို မေးတဲ့ အခါမှာတော့ ဗိုက်နှစ်ကြိမ်ခွဲစိတ်ထားရပြီး ကားတိုက်ခံထားရတဲ့ သူဟာ ကားတိုက်ခံရစဉ်က ခြေထောက်အကြောပြတ်ခဲ့တာကြောင့် ဘယ် ခြေထောက်က ပြည် မရောက်ခင်မှာ ဒုက္ခပေးလာကြောင်းကို တစ်လတာ ခရီးမှာ ခြေသဲတွေပုတ် အရေခွံတွေကွာနေတဲ့ ဒဏ်ရာတွေကို ပြရင်း ပြောပြပါတယ်။ အဲဒိနောက် နေအပူပြင်းလာတာကလည်း မနက် ၃ နာရီ နဲ့  ညနေ ၃ နာရီသာ လျှောက်ဖို့  အသက်အရွယ်အရ ဆုံးဖြတ်လိုက်ရပါတယ်တဲ့ မနက် ၁၀ နာရီ မထိုးခင် နဲ့ ညနေ နေကျချိန် ၄ နာရီ (သို့ ) ၅ နာရီ နောက်ပိုင်းမှသာ လမ်းလျှောက်ဖို့  နေပျင်းချိန်မှာတော့ ကားပေါ်ကသာ လိုက်ပါဖို့ ကိုလည်း အဖွဲ့ က သဘောတူခဲ့ကြကြောင်း ရှင်းပြပါတယ်

ရှေ့ ဆက်မဲ့ ခရီးအတွက် မျှော်လင့်ချက်ကို မေးကြည့်တော့ အားတော့တက်ပါတယ် ကိုယ့်ရဲ့ ရောဂါတွေလဲမေ့ထားပါတယ် မရောက်ရောက်အောင်တော့ သွားပါမယ်လို့  သူကပြောပါတယ်

တကယ်တော့ ဒီအဖွဲ့ ဟာ ချို့ ချို့ တဲ့တဲ့ နဲ့  ဆေးဝါးပြတ် တခါတခါ စားစရာ ငတ်နဲ့  မိမိယုံကြည်ရာကို မဖြစ်မနေ ချီတက်ကြဦးမှာပါ။ လမ်းလျှောက် နှစ်ဖွဲ့ ကွဲသွားပြီးတဲ့ နောက် သူတို့ အဖွဲ့ ဟာ နယ်စုံက ပူးပေါင်းပါဝင်သူများပေမဲ့ ဘာမှ မယ်မယ်ရရ ပြည့်စုံလှတယ် ရယ်လို့ တော့ မရှိရှာတော့ပါဘူး ။ဒါပေမဲ့ စိတ်ဓါတ်ခွန်အားနဲ့  ရှေ့ ဆက်ကြမယ် လို့ ဆိုနေကြပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...