Thursday, April 3, 2014

ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရပါ

 
...မသန်စွမ်းစစ်သည်တွေ စာအုပ်သွားရောင်းတာကို မောင်းထုတ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရှိတယ်ဆိုတာ ရဲဘော်ရဲဘက်စိတ်တဲ့လား။ ...
... တိုက်ပွဲကျ စစ်သည်တွေရဲ့ ဇနီးမယား အိမ်ထောင်စုတွေအတွက် ၄ လပြည့်ရင်ထွက် (တပ်လိုင်းခန်းက) ဆိုတဲ့စကား ထက် ပိုကောင်းတဲ့ အစီအစဉ် တွေ လုပ်မပေးနိုင်တော့ဘူးလား။ ...
ရဲကျော်သူရ

တပ်မတော်နဲ့ပတ်သက်လာရင် အမြဲတမ်းကာကွယ်ပြောဆိုခဲ့တဲ့ကျွန်တော်ဟာ အခုတပ်မတော်နဲ့ ပတ်သက်တဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြသွားပါမယ်။
အပြုသဘောနဲ့ဝေဖန်တာဖြစ်ပေမဲ့လည်း ဝေဖန်တယ်ဆိုတဲ့ စကားအတိုင်း တချို့အကြောင်းအရာများ ကတော့ အနာပေါ်ဆားပက်သလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အနာမရှိရင်တော့ ဘာမှမဖြစ်ပေမဲ့ အနာရှိရင်တော့ စပ်ပါလိမ့်မယ်။



မန္တလေးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည်ရေးသားခဲ့တဲ့ စာအုပ်သုံးအုပ်တွဲထဲမှာ သူအမေရိကန်သွား စစ်ပညာသင်ပြီးအပြန် ဖိလစ်ပိုင်မှာရှိတဲ့ အမေရိကန် ဆူးဘစ်ရေတပ်စခန်းနဲ့ ကလပ်လေတပ်စခန်းက စစ်သည်တွေ ကို ပို့မယ့် ချာတာလေယာဉ်နဲ့ပြန်လာရတဲ့ အကြောင်းရေးထားတာကို ဖတ်လိုက်ရပါတယ်။

လေယာဉ်ပေါ်ရောက်တာနဲ့ လေယာဉ်မယ်က အမေရိကန်စစ်သားတွေရဲ့ အပေါ်အင်းကျီတွေကိုကူချွတ်ပြီး ချိတ် ထားပေးပါတယ်။

ဒီအခါမှာ စစ်သည်အဆင့်အတန်းအားလုံး အောက်ခံအင်းကျီတွေနဲ့ဆိုတော့ ဘယ်သူက ဘာရာထူးလဲ ဆိုတာ ဗိုလ်ချုပ်ထွန်းကြည် (အဲဒီတုန်းက ဗိုလ်အဆင့်ထင်ပါတယ်) မသိတော့ပါဘူး။

လေယာဉ်ပေါ်ပါတဲ့ အမေရိကန်စစ်သည်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နောက်ပြောင် တွန်းထိုး ရိုက်ပုတ်နဲ့ တကယ့်ကလေးတွေ ကျောင်းသားလေးတွေလိုပဲ ဆော့ကစားလာကြပါတယ်တဲ့။

အင်းကျီချွတ်ထားလို့ ဘာမှန်းမသိရပေမဲ့ ဒီလောက် တရင်းတနှီး ရိုက်ပုတ်နောက်ပြောင်လာတယ်ဆိုတော့ ရာထူးအဆင့်အတန်း သိပ်မကွာလောက်ဘူးလို့ထင်မိပါတယ်တဲ့။

ဖိလစ်ပိုင်ရောက်တဲ့အချိန် အမေရိကန်တွေ ယူနီဖေါင်းအပြည့်အစုံ ပြန်ဝတ်တဲ့အခါ သူတို့အဆင့်တွေကို ကြည့်ပြီး ဗိုလ်ချုပ်ထွန်းကြည် အံ့သြသွားပါတယ်။

သူရှေ့မှာတင် ရိုက်ပုတ်နောက်ပြောင်ကျီစယ်လာတဲ့ စစ်သည် နှစ်ယောက်ဟာ တစ်ယောက်က တပ်ကြပ်ကြီး ဖြစ်ပြီး နောက်တစ်ယောက်က ဗိုလ်မှူးကြီးဖြစ်နေတာကို တွေ့လိုက်ရလို့ပါ။

တခြားစစ်သည်တွေလည်း ဒီလိုပါပဲတဲ့။ ဗိုလ်မှူးနဲ့ရဲဘော်၊ ဗိုလ်ကြီးနဲ့တပ်ကြပ်၊ တပ်ကြပ်ကြီးနဲ့ ဒုတိယ ဗိုလ်မှူးကြီး စသဖြင့်ပေါ့။ ဗိုလ်ချုပ်ထွန်းကြည်ကတော့ အံ့သြမိတဲ့အကြောင်းသာရေးပြီး တခြားဘာမှတ်ချက်မှမရေးပါဘူး။ (ငြိမှာစိုးလို့နဲ့တူပါတယ်။)

၂၀၀၂ ခုနှစ်လောက်က ကျွန်တော် INGO တစ်ခုမှာအလုပ်လုပ်နေတုန်း တစ်ရက် တာဝန်နဲ့ ကော့သောင်းကနေ ဘုတ်ပြင်းကို အမြန်ရေယာဉ်နဲ့လိုက်လာပါတယ်။

အဲဒီအချိန်က ကျွန်တော် အင်္ဂလိပ်စာကို အရူးအမူးလေ့လာခါစ အချိန်ဆိုတော့ ဘယ်သွားသွား အင်္ဂလိပ်ဝတ္ထု နှစ်အုပ်၊ သုံးအုပ်ထည့်သွားတတ်ပါတယ်။ ပြီးရင် ဒီအတိုင်းအချိန် အကုန်မခံဘဲ တစ်ခုခုဖတ်နေတတ်ပါတယ်။

ရေယာဉ်ပေါ်မှာ စစ်သားက သုံးပုံတစ်ပုံလောက်ပါပါတယ်။ ကျွန်တော့်ထိုင်ခုံဘေးနားမှာတော့ အရာရှိ လေးငါး ယောက်လောက်ပါပါတယ်။

လမ်းတစ်ဝက်လောက်အရောက်မှာ အဲဒီအဖွဲ့ထဲက အရာရှိတစ်ယောက်က ကျွန်တော့် ဆီက စာအုပ်ငှား ဖတ်ပါတယ်။

တအောင့်လောက်ကြာတော့ ကျွန်တော့်ကို ဘယ်အဖွဲ့ကလဲ ဘာညာနဲ့ မေးမြန်းပြီး ကျွန်တော့်အလုပ်အကြောင်း နည်းနည်းပါးပါးပြောပြဖြစ်ပါတယ်။

စကားပြောရင်း ကျွန်တော် စစ်သားလူထွက်တစ်ယောက်ဖြစ်ကြောင်း ပြောပြတဲ့ အခါ ခုနက စာအုပ်ငှားဖတ်တဲ့ အရာရှိက ဘာအဆင့်နဲ့ထွက်တာလဲလို့မေးပါတယ်
ကျွန်တော်ကလည်း ကျွန်တော် ရိုးရိုးရဲဘော်အဆင့်နဲ့ ထွက်တာပါလို့ ဖြေလိုက်ပါတယ်။

ကျွန်တော်အဲဒီလိုလည်းဖြေလိုက်ရော အဲဒီအရာရှိဟာ မျက်နှာရှုသိုးသိုးနဲ့ စူပုပ်ပြီး စကားမပြောတော့ပါဘူး။

ကျွန်တော်လို ရဲဘော်ဘဝနဲ့ထွက်လာတဲ့လူတစ်ယောက်ကို စကားပြောခဲ့ရတာ ဝိဋဋူပ မင်းနဲ့ ကစားခဲ့တဲ့နေရာကို နွားနို့နဲ့ဆေးတော့မယ့် သာကီနွယ်ရုပ်မျိုးပေါ့ခင်ဗျာ။ သူ့အတွက်တော်တော်လေး ထိခိုက်သွားတဲ့ပုံစံမျိုးပေါ့။

ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ မသက်မသာဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး ရယ်ချင်သလိုလိုတော့ ဖြစ်မိပါတယ်။

နောင် စစ်ထောက်လှမ်းရေးတွေဖျက်သိမ်း ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ပြုတ်တဲ့အချိန်မှာ သူ့ကို သတိယမိပါသေးတယ်။

အော် ကိုယ့်လူနှယ် နှစ်ပွင့်လောက်နဲ့ မာန်တက်နေတာ ဟိုမှာ လက်ညှိးညွှန်ရာရေဖြစ်တဲ့သူတောင် အဲဒီအချိန်က အင်းစိန် ထောင်ရောက်သွားခဲ့တယ်မဟုတ်လား။

သူ့ရဲ့ Attitude နဲ့ Behaviour ကြောင့် ကျွန်တော့်ကို အားနာသွားပုံရတဲ့ အရာရှိတစ်ယောက်က ကျွန်တော်သင်္ဘော ခေါင်မိုးပေါ်တက်ပြီး ဆေးလိပ်သောက်နေတုန်း နောက်ကရောက်လာပါတယ်။

အဲဒီအရာရှိကတော့ အစ်ကိုချတတ် ရင် ချပါလားဆိုပြီး သူ့ပုလင်းပြားလေး ကျွန်တော့်ကိုထိုးပေးရင်း ဧည့်ဝတ်ပြုပါတယ်။

သူနဲ့ကျွန်တော် သင်္ဘော ခေါင်မိုးပေါ်မှာ နှစ်နာရီလောက် စကားတွေပြောဖြစ်ခဲ့ပါတယ်။ သူကဖြူးသားဆိုတော့ ဖြူးလူသတ်ပွဲအကြောင်း လည်းပါသပေါ့။

ကျွန်တော်တို့ တပ်မတော်မှာ ပထမအရာရှိနဲ့ ဒုတိယအရာရှိ ဘယ်ပုံစံအရာရှိမျိုးက ပိုများမလဲ။

ဟုတ်ကဲ့ INGO ထွက်လေသံနဲ့ပြောရမယ်ဆိုရင် ကျွန်တော့်မှာ Survey လုပ်ထားတာ Assessment လုပ်ထားတာ မရှိလို့ ကျွန်တော် မပြောနိုင်ပါဘူး။

စစ်သားလူထွက်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ အရာရှိဆိုတာ အခုပြောတဲ့ နှစ်မျိုးထဲ မကပါဘူး။ မတစ်ထောင် သားသမီးတွေရဲ့ ထုံးစံအတိုင်း အစုံပါပဲ။

စစ်သားကောင်းပီသပြီး ရဲရင့်တဲ့ အရာရှိ၊ အရာရှိအချင်းချင်းကိုတောင် အတို့အထောင်လုပ်တတ်တဲ့ ချွန်တွန်းအရာရှိ၊ အကောက်ခွန်နဲ့မှားပြီး ဝင်လာတဲ့ အကောက်ခွန်အရာရှိ၊ မလုပ် မရှုပ် မပြုတ် ဆိုတဲ့ ရိက္ခာကုန် ရိပ်သာလေး အရာရှိ၊ စစ်သားအားလုံးကို သူ့ခိုင်းဖတ်ချည်းလို့ အောက်မေ့တဲ့ ရောမခေတ်က အရာရှိ စသဖြင့် စရိုက်အမျိုးမျိုးပေါ့ဗျာ။

အရာရှိတောင် စရိုက်အမျိုးမျိုးဆိုမှတော့ ရဲဘော်တွေလည်း အမျိုးမျိုးပေါ့။

ပြန်တမ်းဝင်အရာရှိမပြောပါနဲ့ ကျွန်တော် HIV/AIDS care and counseling လုပ်နေတဲ့ INGO တစ်ခုမှာ လုပ်နေ တုန်း တစ်ရက် စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့အမျိုးသမီးရောက်လာပြီး သူ့မောင် HIV ဖြစ်နေလို့ဆိုပြီး အကူ အညီလာတောင်းပါတယ်။

လုပ်ထုံးလုပ်နည်းလေးတွေရှင်းပြပြီး စစ်တပ်ဆို သံယောဇဉ်မပြတ်နိုင်တဲ့ ကျွန်တော်က အဲဒီအမျိုးသမီးကို ကျွန်တော် လည်း စစ်သားလူထွက်တစ်ယောက်ဖြစ်တဲ့အကြောင်း လိုအပ်တာမှန်သမျှ အဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီ မယ့်အကြောင်းပြောပြပါတယ်။

စစ်သားလူထွက်လို့ပြောလိုက်တာနဲ့ အဲဒီအမျိုးသမီးက ကျွန်တော့်ကို "ဘာအဆင့်နဲ့ ထွက်တာလဲ.." လို့မေးပါတယ်။

ကျွန်တော်က ရဲဘော်ပါလို့ဖြေလိုက်တော့ "ကျွန်မယောက်ကျားက တပ်ကြပ်ကြီး.." တဲ့ခင်ဗျ။

ရုံးထဲက တခြား ဝန်ထမ်းတွေ ကျွန်တော့်ကိုလှမ်းကြည့်ကြတယ်။

ကျွန်တော်ဘာမှမပြောပါဘူး။ သူ့မောင်ဝေဒနာသည်အတွက်တော့ လိုအပ်တာတွေကူညီပေးလိုက်ပါတယ်။

ကျွန်တော်တို့တပ်မှာ သူ့ထက်ဘယ်လောက်အသက်ကြီးကြီး ရဲဘော်မှန်သမျှကို မင်းနဲ့ငါနဲ့ပြောတဲ့ ဗိုလ်မှူး တစ် ယောက် ကြုံဖူးပါတယ်။

အနိမ့်ဆုံး ဒုတကလောက်ဖြစ်ရင်တော့ ဘယ်လောက်ငယ်ငယ် ကျွန်တော်နဲ့ ခင်ဗျားနဲ့ ပြောလေ့ရှိပါတယ်။

DSA မှာ မြန်မာစာပြဖူးတယ်လို့လည်းဆိုပါတယ်။ ဟုတ်မဟုတ် အတိအကျမသိပေမဲ့ ကြေးနန်း စာရေးရင်တော့ သူ့မြန်မာစာဟာ တော်တော်ညံ့ပါတယ်။

စကားမစပ် ကျွန်တော်တို့တပ်က အရာရှိတွေထဲမှာ မြန်မာစာကိုအလေးထားပြီး စာအရေးအသားကောင်းမွန်တာက ကျဆုံးသွားပြီဖြစ်တဲ့ တပ်ရင်းမှူးကြီးရယ်၊ တပ်မှာ ထောက်လှမ်းရေးအရာရှိရော တပ်ရေးဗိုလ်ကြီးပါလုပ်ခဲ့ဖူးတဲ့ DSA ကျောင်းအုပ်ကြီးဟောင်း၊ မပခ တိုင်းမှူးကနေ အခု ရထားဝန်ကြီး ဖြစ်နေတဲ့ ဗိုလ်ချုပ်ဇေယျာအောင်ရယ်၊ တပ်ရင်း မှူးကြီးကျဆုံးတဲ့ တိုက်ပွဲမှာ လက်ပစ်ဗုံးမှန်ပြီး မျက်စိတစ်လုံးစွန့်လွှတ်လိုက်ရ တဲ့ ထောက်လှမ်းရေးအရာ ဗိုလ်ကြီး အေးမင်းရယ်ပါ။

တပ်မှာတုန်းက တပ်ရေးဗိုလ်ကြီးလုပ်ခဲ့ပြီး အခု ညှိ/ကွပ် မှူးဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းလည်း စာအရေး အသားကောင်းမွန်ပါတယ်။

အခုသာသနာရေးဝန်ကြီးဖြစ်နေတဲ့ ဦးဆန်းဆင့်ဟာလည်း ကျွန်တော်တို့ မ ၁၉ က တပ်ထောက်ဗိုလ်ကြီးပါ။

သူကတော့အပေါ်က ပုဂ္ဂိုလ်တွေထက် Senior ပိုကျမယ်ထင်ပါတယ်။

တစ်ခုကံကောင်းတာက အခုဝန်ကြီး ဦးအုန်းမြင့်လို အရာရှိမျိုးနဲ့မတွေ့ကြုံခဲ့ရတာပါပဲ။

ကျွန်တော်တို့တပ်က အရာရှိတွေ ဆိုးတယ်ဆိုရင်တောင် အဲဒီလောက်တော့ မဆိုးသေးဘူးထင်ပါရဲ့…။

ဆောရီး..ကျွန်တော်လောသွားတယ်။ စစ်သည်အားလုံး ရိက္ခာမလောက်လို့ ဆန့်စားနေရတဲ့အချိန်မှာ သူ့အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးထားတာကို ငါက ဟင်းချိုမပါရင်မစားတတ်ဘူးဆိုတာ မသိဘူးလားဆိုပြီး ထမင်းပန်းကန်လွှင့်ပစ်လို့ တပ်စုတပ်ကြပ်ကြီးက ခါးက ဂေါ်ရခါးဓားကောက်နဲ့ လိုက်ထိုးလို့ ပတ်ပြေးခဲ့တဲ့ တပ်ခွဲမှူး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်။ အဲ..နာမည်တော့ ထားလိုက်ပါတော့ဗျာ..။

လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က Traders Hotel ကထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်မှာ ဂစ်တာတီးတဲ့ ကိုနိုင်ဇော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။

မြန်မာလူမျိုး အမေရိကန်စစ်သည် ဝေဖြိုးလွင် အကြောင်းရေးထားတဲ့ ဆောင်းပါး ပါ။

ကိုဝေဖြိုးလွင်ဟာ အမေရိကန်တပ်မတော်မှာ ရိုးရိုးစစ်သည် Private လေးတစ်ယောက်ပါ။

တစ်ရက် အီရတ်မှာ တာဝန်ထမ်း ဆောင်ရင်း သူတို့စစ်သည် သုံးဦးပါတဲ့ ဟမ်းဗီးယာဉ် မိုင်းထိပြီး သုံးယောက်စလုံး ကျဆုံးခဲ့ပါတယ်။

ပါကစ္စတန်ဖွား တစ်ယောက်နဲ့ အမေရိကန်ဖွား လူမည်းတစ်ယောက်ကတော့ ဒါဏ်ရာပြင်းထန်ပြီး ကိုဝေဖြိုးလွင်ဒါဏ်ရာက သိပ်မပြင်းပါဘူး။ ဒါပေမဲ့ မိုင်းထိထိခြင်း အနားမှာ တခြားစစ်သည်တွေမရှိတာနဲ့ ဆေး တပ်သား မရှိတာကြောင့် သွေးလွန်ပြီး ဆုံးပါးသွားရတာပါ။

ကိုဝေဖြိုးလွင်တို့ သုံးယောက်စလုံးရဲ့ ဈာပနကို အမေရိကန်က ဗိုလ်ချုပ်ကြီးအဆင့်က တက်ရောက်ပြီး စစ်လေ ယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အလေးပြု စစ်အခမ်းအနားနဲ့ တကယ့်ကို တခမ်းတနား ဂုဏ်ပြုကျင်းပခဲ့ပါသတဲ့။

အသုဘကိစ္စပြီးတာတောင်မှ တစ်လတင်းတင်း ပြည့်တဲ့နေ့အထိ ကိုဝေဖြိုးလွင်တို့အိမ်အပေါက်ဝမှာ လိုရာခိုင်းဖို့ ဆိုပြီး အရာရှိ (အခြားအဆင့်မဟုတ်) ငယ် နှစ်ယောက်ဟာ နေ့၊ ည ဂျူတီချိန်းပြီး ဟိုတယ်အဝင်က လုံခြုံရေးတွေလို သတိအနေအထားနဲ့ စောင့်နေတာပါ။

ရက်လည်ပြီးတဲ့အချိန်မှာ ကိုဝေဖြိုးလွင်မိခင်က အားနာလွန်းလို့ ရပါပြီ ပြန်ပါတော့ ကျွန်မတို့ဘာမှလည်း လုပ်စရာ မရှိတော့ပါဘူး ဆိုပြီး ပြန်လွှတ်တာကို မပြန်ဘူးခင်ဗျ။ ဒါ..သူတို့ Duty ပါတဲ့၊ အားနာစရာမလိုပါဘူး၊ ခိုင်းစရာရှိရင် ပြောပါတဲ့။ တစ်လပြည့်မှ သူတို့ပြန်ရမှာပါတဲ့။

အမေရိကန်တပ်မတော်က သူ့စစ်သည်တွေကိုတန်ဖိုးထားတဲ့ပုံများ မယုံရင်ပုံပြင်မမှတ်ပါနဲ့ တကယ့်အဖြစ်အပျက်ပါ ခင်ဗျာ။

ကျွန်တော်တော့ ဖတ်ရင်း ကြက်သီးတွေထမိတာ မပြောပါနဲ့တော့။

ကျွန်တော် အမေကျော် ဒွေးဒေါ်လွမ်းနေတာ မဟုတ်ပါ။ အမေရိကန်စစ်တပ်မှာလည်း စစ်စည်းကမ်းဖေါက်ဖျက်မှု ရေး ၃ စပ်တာတွေ၊ ဘက်လိုက်မှုတွေရှိတယ်ဆိုတာ ကြားဖူးပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ကို အထူးသဖြင့် မိမိ စစ်သည်တစ်ယောက်ကို တန်ဖိုးထားပုံခြင်း မတူတာပြောချင်တာပါ။

ကိုင်း..တပ်မတော်က စစ်သည်တွေအပေါ်တန်ဖိုးထားပုံနဲ့ အရာရှိ အခြားအဆင့် ဆက်ဆံရေးမှာ အမေရိကန် စစ်သည်တွေနဲ့ ကျွန်တော်တို့ဘာတွေကွာလဲ။

ကျွန်တော်တို့ တပ်မတော်ကြီးက ပြင်စရာမလိုအောင် ပြီးပြည့်စုံနေပြီ လား။ တပ်မတော်ခေါင်းဆောင်များ စဉ်းစားသင့်ပါတယ်။

တပ်မတော်သား အချင်းချင်း အရာရှိ၊ အခြားအဆင့်မခွဲခြားဘဲ စည်းလုံးချစ်ခင်မှုမှာ ကျွန်တော်တို့ အမေရိကန်ကို မီရဲ့လား။ (အခြားအဆင့် တပ်မတော်သားတွေရဲ့ ဘဝကိုမြှင့်တင်ပေးရာမှာ ကျွန်တော်တို့မီရဲ့လား။ တာဝန်ချိန်မှာ တော့ အမေရိကန်တွေလည်း တာဝန်လို ဆက်ဆံကြတာပါပဲ။)

ဟုတ်ကဲ့ ကျွန်တော့်အမြင်ကို ပြောရရင် အဝေးကြီးလိုပါသေးတယ်။

မှန်ရာကိုပြောရရင် တပ်မတော်မှာ ကျွန်တော်တို့ လိုအခြားအဆင့် စစ်သည်တွေအတွက် ဘဝတိုးတက်ဖို့မျှော်လင့်ချက်ဆိုတာ အင်မတန်မှနည်းပါတယ်။

ဒီကြားထဲမှာ အခြားအဆင့် စစ်သည်တွေကို အိမ်တော်ပါကျွန်လိုခိုင်းချင်တဲ့ အရာရှိတွေကလည်း တစ်ပုံတစ်ပင်ပါပဲ။

တချို့အရာရှိတွေဆို အတော့်ကိုမောက်မာပါတယ်။ ဒီနေရာမှာ DSA ၊ OTS ၊ OTC ၊ Ranker စတဲ့ သူတို့တက်ခဲ့တဲ့ စစ်ကျောင်းတွေနဲ့ မဆိုင်ဘူးလို့ထင်ပါတယ်။ Individually တစ်ဦး တစ်ယောက်ချင်းစီနဲ့ ဆိုင်ပါလိမ့်မယ်။

တစ်ဖက်က ကြည့်ရင်လည်း ကျွန်တော်တို့လူမျိုးတွေရဲ့ ဂါရဝထားတတ်တဲ့ ယဉ်ကျေးမှုအပေါ်မှာ သာယာပြီး ကြာတော့ Right တစ်ခုလိုမှတ်ယူသွားပုံရပါတယ်။

ကောင်းတဲ့အရာရှိတွေမရှိဘူးလားဆိုတော့…ဟုတ်ကဲ့ ရှိပါတယ်၊ အင်မတန်မှပဲ နည်းပါတယ်လို့ပြောပါရစေ။

မှတ်မှတ်ရရ ကျွန်တော်နဲ့ တစ်နှစ်ထဲမွေးတဲ့အရာရှိတစ်ယောက်က နောက်တန်းပြန်ရောက်တဲ့အခါ ပျင်းရင် ညဘက်မှာ ဆက်သွယ်ရေးတပ်စုဝင်းထဲကိုလာပြီး ကျွန်တော်နဲ့အတူ ဂစ်တာလာတီးလေ့ရှိပါတယ်။

တစ်ရက်ကျတော့ သူဂစ်တာလာတီးနေတာကို ရဲဘော်မှန်သမျှ မင်းနဲ့ငါနဲ့ပြောတဲ့ ဗိုလ်မှူးတွေ့သွားပြီး အသာလေး အပြင်ဘက်ခေါ်ထုတ်ဆုံးမလိုက်ပုံရပါတယ်။

နောက်ညတွေမှာ ဗိုလ်ကြီး နိုင်လင်းဆိုတဲ့ အဲဒီအရာရှိ ဂစ်တာလာ မတီးရဲတော့ပါဘူး။ အခုတော့ သူလည်း ဗျူဟာမှူးဘဝနဲ့ နားသွားပြီလို့ နားစွန်နားဖျားကြားရပါတယ်။

တလောက ကျွန်တော်အလုပ်လုပ်နေတဲ့ မီဒီယာကို မြဝတီက အရာရှိကြီးတစ်ယောက်ရောက်လာတော့ ကျွန်တော့် အလုပ်ရှင် CEO က သူလည်းတပ်မတော်သားဟောင်းတစ်ယောက်ပဲ၊ ကျွန်မတို့မီဒီယာရဲ့ English Version မှာ အယ်ဒီတာပါလို့မိတ်ဆက်ပေးပါတယ်။

ဒုတိယဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလားမသိတဲ့ အနှီပုဂ္ဂိုလ်က ထုံးစံအတိုင်း "ဘာအဆင့်နဲ့ထွက်တာလဲ.." ဆိုတာ က စတာပါပဲ။

ကျွန်တော်က ရိုးဟိုးဟိုးနေလို့ ဘာမှမဖြစ်ပေမဲ့ ရုံးထဲက အယ်ဒီတာတချို့ မျက်နှာမဲ့ သွားကြတာ အနှီ ပုဂ္ဂိုလ်ကြီး မသိလိုက်ပါဘူး။

အရာရှိတစ်ယောက်ဆိုတာ အရာရှိတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါနဲ့ အညီ ကျင့်ကြံနေထိုင်ရမယ်ဆိုတာနားလည်ပါတယ်။

ဒါပေမဲ့ အဲဒီအထဲမှာ မောက်မာရမယ်လို့မပါပါဘူး။

ရဲဘော်နဲ့အတူတူ အရက်မသောက်သင့်ဘူးဆိုတာ သဘာဝကျ ပါတယ်။ ရဲဘော်နဲ့အတူတူ ထမင်းမစားရဘူးတို့၊ စကားလက်ဆုံမပြောရဘူးတို့ ဆိုတာတော့ နည်းနည်းပိုသွားပြီ ထင်ပါတယ်။ ဒါဆိုလည်း ရဲဘော်နဲ့အတူတူ စစ်မတိုက်ရုံပဲ ရှိပါတော့တယ်။

ဇာတ်ပို့ရှိလို့ မင်းသားရှိတာပါ။

ရဲဘော်တွေရှိနေလို့ အရာရှိဆိုတာရှိနေတာပါ။ ရဲဘော်ရဲဘက်စိတ် အပြန်အလှန် မွေးမြူထားရင် မတူမတန်ဘူးဆိုတာ မရှိတော့ပါဘူး။

ရဲဘော်တစ်ယောက် ၁၀ တန်းမအောင်တာ၊ ရဲဘော် တစ် ယောက် ၆ တန်းမအောင်တာ၊ ကျောင်းဆက်မတက်နိုင်တဲ့ ကလေးလေးတစ်ယောက် စားပွဲထိုးဝင်လုပ် နေရတာ၊ ကျောင်းမတက်နိုင်တော့တဲ့ ကောင်မလေးတစ်ယောက် နယ်စပ်မှာ စားပွဲထိုးသွားလုပ်နေတာ တိုင်းပြည်အတွက် နစ်နာနေတာပါ။

ဒါဟာ ပျော်စရာ၊ ကျေနပ်စရာကောင်းတဲ့ အခင်းအကျင်းတစ်ခုမဟုတ်ပါဘူး။

ကျွန်တော်ကတော့ လူငယ်တစ်ယောက် ၁၀ တန်းအောင်တာမြင်လိုက်ရရင် ကိုယ်အောင်သလိုပဲခံစားရပါတယ်။

တတ်နိုင်ရင် တစ်တိုင်းပြည်လုံး ပညာတတ်ကြီးတွေ ဖြစ်စေ့ချင်ပါတယ်။ သူ့ကံနဲ့သူ ကိုယ့်ကံနဲ့ကိုယ် ဆိုတဲ့စကားကို လွယ်လွယ်မပြောလိုက်ကြပါနဲ့။

ခင်ဗျားတို့ အဲဒီလိုလွယ်လွယ်ပြောလိုက်တဲ့စကားဟာ ကျွန်တော်တို့တစ်မျိုးသားလုံးရဲ့ ပုံရိပ်ကိုထိခိုက်ပါတယ်။

ကျွန်တော် INGO လောကမှာ ဘာသာမတူတဲ့သူတွေနဲ့ လေး၊ ငါး ခြောက်နှစ်အတူတူ အလုပ်လုပ်ခဲ့ရတာပါ။

ဗမာဆိုတာ ဒုက္ခရောက်နေတဲ့ သူကို မကူညီချင်ရင် ကံ ကံ နဲ့ အလွယ်တကူပုံချ လျစ်လျူရှုတတ်ပြီး အသည်းမာ တဲ့ လူမျိုး၊ တစ်နည်းအားဖြင့် ရက်စက်တဲ့လူမျိုးလို့ ကောက်ချက်ချတာ ခံရလေ့ရှိပါတယ်။

အခုတလော ခေတ်စားနေတဲ့ ဗိုလ်ချုပ်ဟောင်း ဝန်ကြီး ဦးအုန်းမြင့်ရဲ့ နယ်လှည့်ပါးရိုက်ပစ်လိုက်မယ်ဆိုတဲ့ မဆင် မခြင် ပြောဆိုလိုက်တဲ့ စကားကရော ကျွန်တော်တို့ တပ်မတော်ရဲ့ပုံရိပ်ကို မထိခိုက်ဘူးလား။

စကားစပ်လို့ပြောရရင် ဝန်ကြီးသွားစစ်တဲ့ သစ်ရာကောက်ရွာက ရွာသားပြောတဲ့ ရေသန့်ဆိုတာ ရေသန့်ဘူးနဲ့ ရောင်းတဲ့ PH 7 or Fresh Water ကို ဆိုလိုတာမဟုတ်ပါ။ ညစ်ပတ်ပြီး သောက်သုံးဖို့မသင့်တဲ့ရေ အဆင့်ကနေ သောက်သုံးလို့ရတဲ့ Drinking Water ကို ဆိုလိုပါတယ်။ မြန်မာဝေါဟာရမှာက ရေသန့်လို့ပဲ လုံးပြောကြတာပါ။

မွေး/ရေ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးတစ်ယောက်အနေနဲ့ Water and Sanitation ကိုမသိသင့်ဘူးလား။

ခေါင်းစဉ် လေးတစ်ခုတည်း သိဖို့ပြောတာမဟုတ်ဘူနော်။ ကိုယ်တာဝန်ယူထားတဲ့ စီမံချက်လုပ်ငန်းတွေရဲ့ Concept တွေ အားလုံးကို အဲဒီစီမံချက်မှာပါတဲ့ Goal တွေ Out come တွေရအောင် ဘယ်လိုစနစ်တကျ ဆောင်ရွက်ရမယ်ဆိုတာက အစ သိထားရမှာ သူ့တာဝန်မဟုတ်ဘူးလား။ မသိတာ အပြစ်မဟုတ်ပါဘူး။ မသိရင် သိအောင်ကြိုးစားရ မှာပေါ့။

ဝန်ကြီးကို စစ်ခေါင်းဆောင် ဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော်လေးစားပါတယ်။ သူစစ်တိုက်တာ ကောင်းချင် ကောင်းပါလိမ့် မယ်။ ဒါပေမဲ့ ဒါ… စစ်တိုက်နေတာမဟုတ်ပါ။ သူဟာ မွေး/ရေ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး တစ်ယောက် အနေနဲ့ မထိုက်တန်ပါ။ စစ်အစိုးရ လက်ထက်က မွေး/ရေ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိမ်းရဲ့ တစ်ဝက်တောင် မမီပါ။

သူဟာ စစ်ခေါင်းဆောင်တစ်ယောက်တာဝန်ထမ်းဆောင်နေတာ မဟုတ်တော့သလို သူစကားပြောနေတာ စစ်သား တွေမဟုတ်ပါဘူး၊ ပြည်သူတွေပါ။

ပြည်သူတွေဖြစ်တဲ့ အလျောက် သူတို့အခက်အခဲကို သူတို့တင်ပြတဲ့အခါ မပြော တတ်၊ မဆိုတတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါကို နားလည်အောင်တင်ကြို လေ့ကျင့်ထားရမှာက ကိုယ်ပါ။

အခုလိုမျိုး ဝန်ကြီးရဲ့ ရာထူးနဲ့ မလိုက်ဖက် တဲ့ အပြုအမူတွေ၊ ဖရုဿဝါစာ စကားလုံးတွေဟာ ကျွန်တော်တို့ တပ်မတော်သားအားလုံးကို သိက္ခာကျစေပါတယ်။ ထားပါတော့..။

ပြန်ကောက်ရရင် အမေရိကန် တပ်မတော်နဲ့ နှိုင်း ပြောရတာ မန်ယူအသင်းနဲ့ မြန်မာအသင်းနှိုင်းပြောသလို မအောက်မေ့ပါနဲ့။ ကျွန်တော်နှိုင်းယှဉ်ပြနေတာ ရုပ်ဝတ္ထု ထောက်ပံ့မှုတွေအကြောင်းမဟုတ်ပါ။

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာတရားလေးပါးမှာ မေတ္တာနဲ့ ကရုဏာ အား ကောင်းပေမဲ့ မုဒိတာအား တော်တော်နည်းပါတယ်။ နောက်ဆုံး ဥပက္ခာတရားကတော့ အင်မတန်ခက်ခဲတဲ့ အတွက် ထားလိုက်ပါတော့။

အမေရိကန်က ကိုဝေဖြိုးလွင်ဈာပနလို တခမ်းတနားမဟုတ်ပေမဲ့ ကျွန်တော်တို့ တပ်မတော်သားတွေကို ဒီ့ထက်ဂုဏ် မပြုသင့်ဘူးလား။

တိုက်ပွဲကျ စစ်သည်တွေရဲ့ ဇနီးမယား အိမ်ထောင်စုတွေအတွက် ၄ လပြည့်ရင်ထွက် ဆိုတဲ့စကား ထက် ပိုကောင်းတဲ့ အစီအစဉ် တွေ လုပ်မပေးနိုင်တော့ဘူးလား။

တိုင်းပြည်အတွက် အသက်နဲ့ ခန္ဓာစွန့်လွှတ်ထားရတဲ့ စစ်သည်ဟောင်းရဲ့ မိသားစုတွေ ခွေးလှောင်အိမ်မှာ ကပ်နေ နေရတယ်ဆိုတာ အရပ်ရပ်နေပြည်တော် ကြားလို့မှတော်ရဲ့လား။

မသန်စွမ်းစစ်သည်တွေ စာအုပ်သွားရောင်းတာကို မောင်းထုတ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရှိတယ်ဆိုတာ ရဲဘော်ရဲဘက်စိတ်တဲ့လား။

လမ်းဘေးက အမှိုက်ပုံနားမှာ အိပ် နေရတဲ့ ခြေတစ်ဖက်မရှိတော့တဲ့ စစ်သည်ကို ကိုယ်နဲ့မဆိုင်သလို ဥပေက္ခာပြုရက်တဲ့ စိတ်ဟာ တပ်မတော်သား တွေရဲ့ ဘဝကို စာနာတဲ့ စိတ်လား။

အဲဒီစစ်သည်တွေမှာ ဘာအနာဂတ်မှ မရှိပါဘူး။ သူတို့အတွက် ရဲဘော်ရွာလည်းမရှိသလို၊ ပဲ့ပိုင်တွေ၊ တက်မပိုင်တွေ လည်းမရှိပါဘူး။ ဘယ်ကုမ္ပဏီမှာမှလည်း အစုရှယ်ယာမဝင်နိုင်ပါဘူး။

လမ်းမှာတွေ့လို့ ဟေ့ကောင်ကြီးဆိုပြီး တခုတ် တရ နုတ်ဆက်ရင် စားစရာမရှိတဲ့ ကြားထဲက ငါ့ဗိုလ်မှူးက ငါ့မှတ်မိတယ်ဟ ဆိုပြီး ကျေနပ်နေတဲ့သူတွေပါ။

အဲဒီအစွန့်ပယ်ခံ အနှိမ်ခံစစ်သည်တွေဟာ တောထဲတောင်ထဲမှာ ရှားရှားပါးပါး ကြက်သားလေးချက်စားခွင့် ရရင် ဒီအသည်းအမြစ်ကလေးနဲ့ ပေါင်သားလေးက ဗိုလ်ကြီးဖို့ဆိုပြီး ဦးဖယ်ထားတဲ့ ချစ်စရာ စစ်သားလေးတွေပါ။

ကာချုပ် ကနေ ရိုးရိုးရဲဘော်လေးအထိ ရတဲ့ ရိက္ခာငွေ (ကျွန်တော်တို့ခေတ်က ငါးမတ်) ဟာ အတူတူပါပဲ။ ဗုဒ္ဓဘာသာဝင် အများစုပီပီ ဂါရဝေါစ နိဝါတောစ တရားတွေနဲ့အညီ ကိုယ့်အထက်လူကြီးကို ချစ်ခင်တာပါ။

ကြောက်လို့မဟုတ်ပါဘူး။ တစ်ယောက်ကို ကျည် ၂၀၀ ကျော် ၃၀၀ နီးပါးနဲ့ မောင်းပြန်ရိုင်ဖယ် တစ်လက်စီကိုင်ထား သူအချင်းချင်း ကြောက်တယ်ဆိုတာ မရှိပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာ အတွက်ရည်စူးပြီးတည်ထောင်ထားတဲ့ တပ်မတော်တစ်ရပ်လုံးရဲ့ ပုံရိပ်ကို အထိအခိုက်မခံနိုင်လို့ မလုပ်သင့်တာ မလုပ်တာပဲရှိပါတယ်။

Reform လုပ်ဖို့လိုတာ အပြင်လောကတင်မကပါဘူး၊ တပ်မတော်ထဲမှာလည်း Reform လုပ်ဖို့လိုပါတယ်။

တပ်မတော်ကို ချစ်လွန်းလို့ပြောတာပါ။ ပြောစရာတွေကတော့အများကြီးပါပဲ။

ဝန်ကြီး ဦးအုန်းမြင့်ပြောသလို နိုင်ငံတိုင်း ကိုယ့်အတွက်မကျန်ရင် ဘာမှမလုပ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ဝင်မယ်ဆိုရင်တော့ ရွာကစိတ်ဓါတ်တွေ အရင်ဖျောက်ပစ်ဖို့လိုပါတယ်။

တစ်ခါက နယ်စပ်မြို့လေးမှာနေတုန်း ကျွန်တော့်ဆရာသမားက အလုပ်သင် ၁၁ (သီဟသူရ ဗိုလ်ကြီးသန်းထူးတို့ အပတ်စဉ်ပါ။) ကဆိုတော့ အလုပ်သင် အပတ်စဉ် ၁ ကထွက်ပြီး ရဟန်းဝတ်နေတဲ့ သံဃာတစ်ပါးကို ဆွမ်းကပ်ခွင့် ကြုံပါတယ်။

အဲဒီဘုန်းဘုန်းက သက်သတ်လွတ် ဘုန်းပေးပါတယ်။

ဒါနဲ့ စကားစပ်မိကြတော့ ဘုန်းဘုန်းက "ညီလေး..အဲ ဒကာကြီး၊ သိပ်ပြီး ခက်ခက်ခဲခဲတွေလုပ်မနေနဲ့၊ ငါက ဘာကြောင့် ညာကြောင့် သက်သတ်လွတ်စားတာမဟုတ်ဘူး။ ငါနဲ့တွဲနေရတဲ့ ရဟန်းတွေက သက်သတ်လွတ်သမားတွေများတယ်။ ဒီတော့ သက်သတ်လွတ် တောက်လျှောက်စား တဲ့သူဟာ အသားစားတဲ့သူနဲ့ နီးနီးကပ်ကပ်နေရရင် သူတို့အတွက် နံတယ်ကွ။ စိတ်အနှောက်အယှက်ဖြစ်တာ ပေါ့ကွာ။ ဒါ့ကြောင့် သူတို့ကို စိတ်အနှာက်အယှက် မဖြစ်စေ့ချင်လို့ ငါသက်သတ်လွတ်စားနေတာ…။" ပါတဲ့ ခင်ဗျာ။

သက်သတ်လွတ်ရဟန်းအဖွဲ့နဲ့ တစ်ကျောင်းထဲ သီတင်းသုံးရတဲ့ အလုပ်သင်တေဇ ၁ က ဘုန်းဘုန်းဟာ သက်သတ် လွတ်နဲ့ ပတ်သက်ပြီး သူဘယ်လိုခံယူထားတယ်ဆိုတာ မပြောပေမဲ့ ကာလ၊ ဒေသနဲ့ညီအောင် အများနီးတူ အသား မစားဘဲ သက်သတ်လွတ်စားပြီး ကျင့်ကြံအားထုတ်ပါတယ်။

ကျွန်တော်တို့ စစ်ခေါင်းဆောင်ဟောင်းကြီးများလည်း အသားမဖြတ်နိုင်ရင် သက်သတ်လွတ်ရဟန်းတော်များနဲ့ ရော မနေသင့်ပါဘူး။

သက်သတ်လွတ် ရဟန်းများနဲ့ရောနေမယ်ဆိုရင်တော့ အသားဖြတ်ပြီး သက်သတ်လွတ် စားရပါလိမ့်မယ်။

များမကြာမီကာလတွေမှာ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေအတွက် မြန်မာ့တပ်မတော်က သွားရောက်တာဝန်ထမ်းဆောင် ဖို့ အခွင့်အလမ်းတွေပေါ်ထွက်လာပါပြီ။

နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေအလယ်မှာ မျက်နှာမငယ်ရအောင် ကျွန်တော်တို့တပ်မတော်သားတွေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အားလုံးရဲ့ စိတ်ဓာတ်တွေကို ပြင်ဖို့ လိုပါတယ်။

ရွှံ့တောထဲက စိတ်ဓာတ်နဲ့တော့ ကမ္ဘာပတ်လို့မရပါဘူးခင်ဗျာ။

အမှားပါရင်ပြင်ပါခင်ဗျား……….

ရဲကျော်သူရ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...