Tuesday, April 22, 2014

သိပ္ပံနဲ့ ဘာသာရေးရဲ့ ဆက်ဆံရေး

သိပ္ပံပညာဆိုတာဟာ ကျနော်တို့ အာရုံနဲ့ ခံစားလို့ရတဲ့ လောကကြီးထဲက သဘာဝဖြစ်စဉ်တွေကို သဘာဝကျတဲ့ ဖြေရှင်းမှုမျိုး ပေးဖို့ဆိုတဲ့ လူသားရဲ့ ကြိုးပမ်းချက်ပါ။ သိပ္ပံပညာရှင်တွေဟာ သူတို့ ကဏ္ဍအလိုက် သဘာဝဖြစ်စဉ် အမျိုးမျိုးကို ရှုစားလေ့လာကြတယ်။ ဒီ့နောက်မှာတော့ ဒီဖြစ်စဉ်တွေကို ရှင်းပြဖို့ စနစ်ကျတဲ့နည်းလမ်းတွေကို အသုံးပြုပါတယ်။

သိပ္ပံနည်းလမ်း
သိပ္ပံပညာမှာ အခြေခံအားဖြင့် သိပ္ပံနည်းလမ်း (Scientific Method) ဆိုတာ ရှိပါတယ်။ သူ့မှာ အကြမ်းဖျင်း အဆင့် (၅)ဆင့် ရှိတယ်။
အဆင့် (၁) ရှုမြင်မှတ်သားခြင်း။ ဖြစ်စဉ်တစ်ခုကို ကြည့်ရှုလေ့လာရုံ အဆင့်ပါ။
အဆင့် (၂) အနုမာန တည်ဆောက်ခြင်း။ သင့်တင့်လျောက်ပတ်တဲ့ အတွေးစဉ်မျိုးနဲ့ ဘာက ဘယ်လိုဖြစ်နိုင်တယ်လို့ ဆင်ခြင်တဲ့အဆင့်ပါ။
အဆင့် (၃) စမ်းသပ်ခြင်း။ ဒီ အနုမာန မှန်မမှန်ဆိုတာကို လက်တွေ့ စမ်းသပ်ရပါမယ်။ ကိုယ်တွေးထားတာ မှန်ခဲ့ရင် ဘာက ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ကြိုတင်မှန်းဆထားရမယ်။ ဒီမှန်းဆချက် အတိုင်း အကြိမ်ကြိမ် ဖြစ်လာရင် အနုမာနဟာ ခိုင်မာလာတဲ့ အဓိပ္ပာယ်ပါပဲ။
အဆင့် (၄) အခြားပညာရှင်များနှင့် ဆွေးနွေးခြင်း။ ပညာရပ်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ ထူးချွန်တဲ့ ပညာရှင်များစွာကို မိမိရဲ့ အနုမာနကို တင်ပြရမယ်။ ပညာရှင် အသိုင်းအဝိုင်းက ကိုယ်တိုင် အသီးသီး စမ်းသပ်ကြည့်ပြီး အတည်ပြုပေးရပါမယ်။
အဆင့် (၅) သီအိုရီ။ဒီလို အတည်ပြုပြီးရင်တော့ ဒီ အနုမာန ကို သီအိုရီ တစ်ခုလို့ သတ်မှတ်လို့ ရနိုင်ပါပြီ။

ဒီ့အတွက်ကြောင့် ကောင်းမွန်တဲ့ သိပ္ပံသီအိုရီ တစ်ခုဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား ကို မှီတည်ရမယ်။ ခန့်မှန်းချက် ထုတ်နိုင်တဲ့ ဖြေရှင်းချက်မျိုး ပေးနိုင်ရမယ်။ သီအိုရီတွင်း အယူအဆ အားလုံး ဟာ ကိုက်ညီမှု ရှိရမယ်။ တခါတလေ မတူညီတဲ့ ဘာသာရပ်နှစ်ခုက သီအိုရီတွေဟာ တစ်ခုကို တစ်ခု ထောက်ပံ့နေတာမျိုး ရှိတယ်။ ဥပမာဆိုရင် ဆင့်ကဲဖြစ်စဉ် သီအိုရီအရ သက်ရှိဇီဝတွေ ဆင့်ကဲပေါ်ပေါက်ဖို့ နှစ်သန်းထောင်ချီပြီး လိုမယ်လို့ ဆိုတယ်။ ဘူမိဗေဒက ကျောက်တုံးတွေကို သက်တမ်းကောက်ကြည့်ရင်လည်း နှစ်သန်း ၄၅ဝဝ လောက်ထိကို တွေ့ရတယ်။ ဒီသက်တမ်းဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီက လိုလားတဲ့ နှစ်သန်းချီတဲ့ ကမ္ဘာသက်တမ်းပါပဲ။ ဒီလိုကိုက်ညီမှု ရှိနေရင် သီအိုရီနှစ်ခုဟာ ခိုင်မာလာပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံဟာ သက်သေ အထောက်အထား ပေါ် အခြေခံထားတဲ့ သီအိုရီတွေ တစ်ခုကိုတစ်ခု ကွန်ယက်သဖွယ် ယှက်ဖြာ ထောက်ပံ့နေတဲ့ ယုတ္တိစနစ်တစ်ခုလို့ ဆိုကောင်းဆိုနိုင်ပါတယ်။

သိပ္ပံသီအိုရီတွေနဲ့ အချက်အလက်တွေဟာ မတူပါဘူး။ ဒြပ်ဆွဲအားဆိုတာ အချက်အလက်တစ်ခုဖြစ်ပါတယ်။ ဒီ ဒြပ်ဆွဲအားရဲ့ သဘာဝ ဘယ်လိုဖြစ်လာသလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို အထောက်အထား စမ်းသပ်ချက်တွေနဲ့ ရှင်းပြတာက သီအိုရီတစ်ခုဖြစ်တယ်။ နယူတန်ဟာ ဒြပ်ဆွဲအားနဲ့ ပတ်သက်လို့ သီအိုရီတွေ၊ သင်္ချာတွက်ချက်နည်းတွေ ဖော်ထုတ်ခဲ့ပါတယ်။ အိုင်းစတိုင်းက ယေဘုယျရီလေတီဗီတီ သီအိုရီအဖြစ် ဒြပ်ဆွဲအားအပေါ် နားလည်မှုတွေကို တိုးချဲ့ခဲ့တယ်။ အိုင်းစတိုင်းရဲ့ သီအိုရီဟာ နယူတန်ရဲ့ သီအိုရီကို ချေဖျက်ပစ်တာ မဟုတ်ပါဘူး။ တိုးချဲ့မွမ်းမံတာ ဖြစ်တယ်။ အိုင်းစတိုင်းရဲ့ အာကာသအချိန် အယူအဆ၊ ကွမ်တမ်မက်ကင်းနစ်က ပြောတဲ့ ဒြပ်ဆွဲအားအမှုန် (Graviton) အယူအဆတွေဟာ တချိန်ချိန်မှာ ပြင်ဆင်မှုတွေ၊ စွန့်လွှတ်ရမှုတွေ ရှိနိုင်တယ်။ ဒါပေမယ့် ဒြပ်ဆွဲအား လို အခြေခံအချက်အလက်တစ်ခုဟာ ဘယ်လိုမှ ပြောင်းလဲစရာမရှိပါဘူး။

ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒမှာ ဆိုရင်လည်း တဖြည်းဖြည်းဆင့်ကဲဖြစ်ပေါ်မှု (Gradualism)၊ ဖောက်ပြန်လေ့သောဗီဇအချိုးညီမျှမှု (Punctuated Equilibrium) စတဲ့ သီအိုရီတွေဟာလည်း ပြောင်းလဲနိုင်တယ်။ လိပ်တွေဟာ ဒိုင်နိုဆောထက် ပရိုင်ယာဆော တွေနဲ့ ပိုအမျိုးနွယ်ကောင်းနွယ်လိမ့်မယ်။ သို့ပေမယ့် လူသားနဲ့ ကျန်တဲ့ သက်ရှိလောကဟာ ပရမ်းပတာဖြစ်စဉ်နဲ့ အစီအစဉ်ကျမှု လက္ခဏာနှစ်ခုလုံးရှိတဲ့ ရာဇဝင်သမိုင်းကြောင်းတစ်ခုအရ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ အချက်က ပြောင်းလဲဖို့ ခက်ပါတယ်။
သိပ္ပံပညာမှာ သဘာဝတရားထဲက အချက်အလက်တွေကို ရယူပြီး စမ်းသပ်စစ်ဆေးရင်း ဒီအချက်အလက်တွေရဲ့ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အသေးစိတ် အချက်တွေကို ဖော်ထုတ်ဖို့အားထုတ်ပါတယ်။ ဒီ့အတွက် သိပ္ပံပညာရဲ့ ဘောင်နယ်နမိတ်ဟာ စမ်းသပ်စစ်ဆေး နိုင်စွမ်းရှိတဲ့ လောကအစိတ်အပိုင်းတွေပဲ ဖြစ်တယ်။ ပုဂ္ဂလဓိဌာန်ဆန်တဲ့ ရုပ်လွန်သဘောဆန်တဲ့ အကြောင်းအရာတွေကို စစ်ဆေးဖို့ခက်ခဲပါတယ်။

ဘာသာရေးရဲ့ ကဏ္ဍ
ရှေးပဝေသဏီတည်းက ရှိခဲ့တဲ့ အထင်ကရ ဘာသာရေးကြီးတွေရဲ့ ကျမ်းဂန်တွေဟာ သဘာဝလောကကို ကျော်လွန်တဲ့ ပုဂ္ဂိုလ်တွေ၊ ဖြစ်စဉ်တွေ၊ အရှိတရားတွေကို ဖော်ပြထားပါတယ်။ လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေ၊ ပူဇော်ပသနည်းတွေ ဖော်ပြထားတယ်။ စာရိတ္တကျင့်ဝတ်ဆိုင်ရာ သင်ကြားမှုတွေလည်း ပေးစွမ်းပါတယ်။ ဒီ့အပြင် ကမ္ဘာလောကကြီးဖြစ်ပေါ်လာပုံကိုလည်း အမျိုးမျိုးသော ဇာတ်ကြောင်းတွေနဲ့ ဖော်ပြလေ့ရှိတယ်။ ဗြဟ္မာများ လူ့ဘုံကို ကြွေကျရင်း လူသားဖြစ်လာပုံ၊ ဘုရားသခင်က သူ့ရဲ့ ပုံရိပ်တော်အတိုင်း လူသားကို ဖန်ဆင်းပုံ စတာတွေ ပါဝင်ပါတယ်။ ဘာသာရေးဟာ သူ ပြဆိုတဲ့ တန်ဖိုးတွေကို လက်ရှိလောက ဖြစ်တည်လာပုံနဲ့ ဆက်စပ်ဖော်ပြလေ့ရှိတယ်။ ဥပမာ လူသားဟာ မြင့်မြတ်တဲ့ အဆင့်မြင့်တဲ့ သတ္တဝါဖြစ်ကြောင်း တန်ဖိုးတစ်ခုဟာ ဘုရားသခင်က လူသားကို အထူးပြုလုပ်ဖန်တီးတယ်ဆိုတဲ့ ဖြစ်တည်လာပုံနဲ့ ဆက်စပ်ပါတယ်။ လူသားဟာ အထူးပြုလုပ် မဖန်တီးပဲ အဆင့်မြင့်တဲ့ သတ္တဝါ မဖြစ်နိုင်ဘူးလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာ အင်္ဂ္ဂညသုတ်မှာ ဗြဟ္မာကြီးတွေကနေ လူဖြစ်လာပြီး တပ်မက်မှုတွေကြောင့် လူသားဟာ ဈာန်လျှောရခြင်း၊ (အက်ဘရာဟမ်းမစ်ဘာသာတွေက အသီးခူးစားပြီး အပြစ်ရခြင်း -the Fall နဲ့ ဆင်တူပါတယ်) စတာတွေ ပါဝင်တယ်။ ဒီဇာတ်လမ်းမှာ ဗြဟ္မာကနေ လူဖြစ်ပြီး မြေဆီမြေနှစ်စားလို့ ဈာန်လျှောခြင်း စတဲ့ အချက်အလက်တွေက မြင့်မြတ်တဲဇာစ်မြစ်(ဗြဟ္မာမျိုးနွယ်)၊ တူညီတဲ့ဇစ်မြစ်(ဗြဟ္မာတစ်မျိုးတည်းကနေ လူသားအားလုံးဖြစ်လာခြင်း)၊ တပ်မက်မှုကြောင့် ယုတ်ညံ့ရခြင်း ဆိုတဲ့ သင်ခန်းစာတန်ဖိုးတွေကို အသက်ဝင်အောင် ဖန်တီးပေးတာဖြစ်တယ်။

ဘာသာရေးနဲ့ သိပ္ပံ ထိစပ်ခြင်း
ဘာသာရေးရဲ့ ကျင့်ဝတ်စာရိတ္တသင်ကြားမှုတွေ၊ သဘာဝလွန် အရှိတရားတန်ဖိုးတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေဟာ သိပ္ပံနဲ့ မသက်ဆိုင်လှပါဘူး။ ဒါပေမယ့် လက်ရှိလောကကြီး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာနဲ့ ပတ်သက်ရင်တော့ သိပ္ပံပညာတစ်ခုလုံးဟာ ဒါကို ဇောက်ချပြီး လေ့လာ လိုက်စားတာဖြစ်တယ်။ လက်ရှိလောကကြီးရဲ့ အလုပ်လုပ်ပုံအကြောင်းကို ရှင်းပြတဲ့အခါ သိပ္ပံနဲ့ ဘာသာရေးရဲ့ နယ်ပယ်တွေဟာ တစ်ခုပေါ်တစ်ခု ထပ်နေပါတယ်။

ဒါပေမယ့် သိပ္ပံပညာဟာ လောက ဘယ်လိုအလုပ်လုပ်သလဲဆိုတာ တစ်ခုတည်းကို အထူးပြုလေ့လာတယ်။ လေ့လာတဲ့အခါမှာလည်း သက်သေအထောက်အထားတွေ သဘာဝအချက်အလက်တွေကို အလွန်မှီခိုတယ်။ ဘာသာရေးဟာ ကျင့်ဝတ်စာရိတ္တတွေ၊ လူ့ဒဿနအမြင်တွေကို ဖန်တီးသတ်မှတ်ဖို့ အထူးပြုထားတာဖြစ်တယ်။ လောကကြီး အလုပ်လုပ်နေပုံကို အားထုတ်လေ့လာမှုမှာ အရမ်းအားနည်းပါတယ်။

ဘာသာရေး နဲ့ သိပ္ပံ ရဲ့မညီညွတ်မှု
လောက ဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ ပတ်သက်ရင် သိပ္ပံပညာရဲ့ ဖြေရှင်းချက်တွေက အနီးစပ်ဆုံးအဖြေတွေကို ပေးတယ်။ ဘာသာရေးရဲ့ ဖြေရှင်းချက်တွေကတော့ သူ့ရဲ့ ဒဿနတန်ဖိုးတွေနဲ့ ကန့်သတ်ခံထားရတယ်။ ဒီအခါမှာ ကျွန်တော်တွေ အနေနဲ့ ဘာသာရေးက ပြောတဲ့ လောကဖြစ်ပေါ်မှုတွေကို လက်ခံမလား၊ ဒါမှမဟုတ် သိပ္ပံက ပေးတဲ့ Big Bang  Evolution စတာတွေကို လက်ခံမလား။ ဒါက စဉ်းစားစရာ ဖြစ်လာပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တွေများစွာ ရှိပါတယ်။


(၁) ဘာသာရေးနဲ့ သိပ္ပံဟာ ပဋိပက္ခမရှိပါဘူး။ သူတို့နှစ်ခုကို ညှိနှိုင်းလို့ရပါတယ်။
ဒီအယူအဆကိုတော့ မိရိုးဖလာ ဘာသာရေးလည်း ကိုင်းရှိုင်း၊ သိပ္ပံကိုလည်း လစ်လျူမရှုလိုတဲ့လူတွေမှာ တွေ့ရလေ့ရှိတယ်။ အက်ဘရာဟမ်းမစ် ဘာသာတွေမှာဆိုရင် ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ (Old Earth Creationism)၊ သမ္မာကျမ်းစာလာ ဆင့်ကဲဖြစ်စဉ် (Biblical Evolution)၊ စတာတွေဖြစ်ပါတယ်။

သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်ဟာ ကမ္ဘာကို ၆ရက်အတွင်းဖန်ဆင်းတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် စကြဝဠာရဲ့ နောက်ခံမိုက်ခရိုဝေ့ဗ်လှိုင်းတွေအရ စကြဝဠာရဲ့သက်တမ်းဟာ အနည်းဆုံးနှစ်သန်း ၁၃၅ဝဝဝ ကြာပါတယ်။ ကမ္ဘာဟာ လွန်ခဲ့တဲ့နှစ်သန်း ၄၅ဝဝကမှ ဖြစ်လာပြီး၊ ပထမဆုံး သတ္တဝါတွေဟာ လွန်ခဲ့တဲ့နှစ်သန်း ၆ဝဝကျော်၊ အပင်တွေဟာ နှစ်သန်း ၄၅ဝကျော်မှ ပေါ်ပေါက်တယ်။ ဒီ ကိန်းဂဏန်းတွေနဲ့ ဖန်ဆင်းမှု၆ရက် ကာလဟာ လုံးဝမအပ်စပ်ပါဘူး။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဟာ ဒီအယူအဆ နှစ်ခုကို ညှိနှိုင်းပါတယ်။ ဘုရား ဖန်ဆင်းတဲ့ ၆ရက်ဟာ တကယ့်နေ့ရက်တွေမဟုတ်၊ နှစ်သန်းချီကြာတဲ့ ကာလကြီးထဲက မှတ်ကျောက်၆ခုကို ဆိုလိုတယ်လို့ ယူဆကြတယ်။

သမ္မာကျမ်းစာလာ ဆင့်ကဲဖြစ်စဉ် အယူအဆက သမ္မာကျမ်းစာလာ သက်ရှိသတ္တဝါဖန်ဆင်းမှုနဲ့ သတ္တဝါဆင့်ကဲဖြစ်စဉ်တွေကို ညှိနှိုင်းတဲ့ အယူအဆဖြစ်တယ်။ ဘုရားဟာ သက်ရှိသတ္တဝါတွေကို သူချမှတ်တဲ့ လောကနိယာမတွေနဲ့အညီ ဆင့်ကဲပြောင်းလဲခြင်း နည်းနဲ့ ဖန်ဆင်းတယ်လို့ ဆိုတယ်။ ဒီအယူအဆရဲ့ အလှကတော့ ဘုရားဟာ သက်ရှိမျိုးစိတ်တစ်ခုစီကို သီးခြားစီ ဖန်ဆင်းစရာမလိုပါဘူး။ သူ့ရဲ့ လောကနိယာမတွေနဲ့ အလိုအလျောက် ဆင့်ပွားဖန်ဆင်းသွားခြင်းပါပဲ။ သို့ပေမယ့် လူသားရဲ့ဖန်ဆင်းမှုကိုတော့ အထူးဖန်ဆင်းမှု အဖြစ် ထိမ်ချန်ထားပါတယ်။ ဒီအယူအဆနှစ်ခုဟာ ရိုမန်ကက်သလစ်ကျောင်းတော်က ထုတ်ဖော်လက်ခံထားတဲ့ အမြင်ဖြစ်ပါတယ်။

နောက်မှာ ဖော်ပြမယ့် ဖြေရှင်းချက်နှစ်ခုကတော့ ပဋိပက္ခဝါဒ တွေဖြစ်ပါတယ်။


(၂) သိပ္ပံမှာ မရှင်းပြနိုင်သေးတာတွေ အများကြီးပါ၊ ဒါကြောင့် ဘာသာရေးကို မမှီနိုင်ပါဘူး။
သိပ္ပံသီအိုရီတွေဆိုတာ သဘာဝဖြစ်စဉ်တစ်ခုကို ရှင်းပြထားတဲ့ ရှင်းပြချက်တွေသက်သက်ပါပဲ။ သဘာဝဖြစ်စဉ်တစ်ခုကို လူနားလည်အောင် စံပုံစံတည်ဆောက်ပြီး ရှင်းပြတာသက်သက်ပဲဖြစ်တယ်။ ဒါကြောင့် ဘာသာရေးကသာ တကယ့်အမှန်တရားဖြစ်တယ်။ တချိန်ချိန်မှာ သိပ္ပံသီအိုရီတွေ ပြောင်းလဲလာရင် ဘာသာရေးသင်ကြားချက်တွေနဲ့ ကိုက်ညီလာမှာပါ။ ဒီအခါမှာတော့ သိပ္ပံပညာဟာ လမ်းကြောင်းမှန်ကို ရောက်လာပြီလို့ ပြောလို့ရတယ်… စသည်ဖြင့် ယူဆကြပါတယ်။ ဘာသာရေးလိုက်စားသူများစွာမှာ တွေ့ရတဲ့အမြင်မျိုးပါပဲ။

သူတို့ရဲ့ လွဲချော်မှုက သိပ္ပံသီအိုရီနဲ့ သီအိုရီက ဖော်ထုတ်ပြတဲ့ အချက်အလက်မတူဘူးဆိုတာပဲ။ နယူတန်အရင်တည်းက ဒြပ်ဆွဲအား ရှိခဲ့တယ်။ ဒြပ်ဆွဲအားသီအိုရီမရှိခင်တည်းက ဒြပ်ဆွဲအားရှိတယ်။ သစ်ပင်ကနေ ပန်းသီးတွေ ခဏခဏကြွေကျတာပဲ။ လူတွေဟာ ဒြပ်ဆွဲအားဆိုတဲ့ သဘာဝဖြစ်စဉ်ကို မသိခဲ့ကြဘူး။ ကမ္ဘာကြီးဟာ လုံးနေရင် အောက်မျက်နှာပြင်က လူတွေက လေထဲ ပြုတ်ကျမှာပေါ့လို့ တွေးကောင်းတွေးကြလိမ့်မယ်။ ဒါကြောင့် လူ့ပင်ကိုအသိနဲ့ သီအိုရီတစ်ခုက ပေးတဲ့ အချက်အလက် ကြားမှာ ဥာဏ်ပညာဆိုင်ရာ ကွာခြားမှုတစ်ခုရှိပါတယ်။ ဒီအပြင် နောက်ထပ်လွဲချော်မှုက သိပ္ပံသီအိုရီဟာ ဘာသာရေးသင်ကြားချက်တွေနဲ့ ကိုက်ညီလာတဲ့ တနေ့ဆိုတာ၊ ဘယ် ဘာသာရဲ့သင်ကြားချက်နဲ့ ကိုက်ညီလာမယ့်နေ့လဲ ဆိုတာပါ။
ဒီအယူအဆမျိုးကို အမေရိကန်နိုင်ငံက ပရိုတက်စတင့်ဂိုဏ်းတချို့တွေမှာ တွေ့ရလေ့ရှိပါတယ်။ ဥရောပမှာ သိပ္ပံနဲ့ ဘာသာရေးကို ပေါင်းစည်းလာတဲ့အခါ အမေရိကားကို ရှေးရိုးစွဲဂိုဏ်းတွေ ရောက်ရှိလာကြတယ်။ သူတို့တွေဟာ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီ (Young Earth Creationist) တွေဖြစ်တယ်။ နိုးဝါးနဲ့မဟာရေကြီးမှုဇာတ်တော်အရ လွန်ခဲ့တဲ့နှစ်၅ဝဝဝလောက်မှာ ရေကြီးခဲ့တယ်လို့ ယုံကြည်ကြတယ်။ ရုက္ခဗေဒနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ထုတ်ဖော်တဲ့ နှစ် ၈ဝဝဝကျော် သစ်ပင်တွေကိုတောင် ငြင်းခုံလေ့ရှိတယ်။ မျက်မှောက်ခေတ် စကြဝဠာဗေဒနဲ့ ဇီဝဗေဒကိုလည်း လက်မခံကြပါဘူး။ သက်ရှိသတ္တဝါတွေဟာ ဘုရားရဲ့ တန်ခိုးတော်နဲ့ လွတ်လပ်စွာ ဖြစ်ထွန်းလာတယ်လို့ မြင်တယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ မျက်မှောက်ခေတ်မျိုးနွယ်တွေကို ဆက်စပ်ပေးတဲ့ ကြားဆက်မျိုးစိတ်တွေဖြစ်တယ်ဆိုတာကိုလည်း ငြင်းဆိုလေ့ရှိတယ်။

သူတို့ရဲ့ ငြင်းဆိုပြမှုကတော့ မှတ်သားလောက်ပါတယ်။ ကျမ်းစာရဲ့ ဘယ်အစိတ်အပိုင်းကို အဓိပ္ပာယ်ကောက်ဖတ်ပြီး ဘယ်အပိုင်းကိုတော့ စာပေအတိုင်း မလွဲဖတ်ရမလဲတဲ့။ ကမ္ဘာအိုဖန်ဆင်းရှင်ဝါဒီတွေက သိပ္ပံနဲ့ မကိုက်ညီတဲ့ ကျမ်းစာလာအချက်တွေကို အဓိပ္ပာယ်ကောက်ဖတ်ပြီး ကျန်တာကိုတော့ စာအတိုင်းဖတ်ကြတာကို ဝေဖန်ခြင်း ဖြစ်တယ်။ ဘာကို အဓိပ္ပာယ်ကောက်ဖတ်ပြီး ဘာကိုစာအတိုင်း ဖတ်မလဲဆိုတာကို သတ်မှတ်ပေးတဲ့ စည်းမျဉ်းဟာ တကယ်လည်း မရှိပါဘူး။ ဒီတော့ ကျမ်းစာထဲက စာရိတ္တသင်ကြားမှုတွေကို ဘယ်လိုလုပ်မလဲ။ ဘုရားသခင်ရဲ့အရှိတရား၊ ကောင်းကင်ဘုံ၊ ငရဲ စတာတွေကော? ဒါတွေဟာ စာပေအတိုင်း ဖတ်မှဖြစ်မှာပါ။ ဒါကြောင့် ကမ္ဘာဦးကျမ်းကိုလည်း စာပေအတိုင်း ဖတ်ရမယ်လို့ ယူဆတယ်။ ဘုရားဟာ ၆ရက်နဲ့ ဖန်ဆင်းတယ်လို့ ကျမ်းစာကဆိုရင် နေ့ရက် ၆ရက်ပဲဖြစ်ရမယ်လို့ ဆိုလိုပါတယ်။ နှစ်သန်းပေါင်းများစွာ ကာလတွေလို့ သွယ်ဝိုက်အဓိပ္ပာယ် ကောက်လို့မရဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် သူတို့ဟာ အခြေကျနေပြီးတဲ့ သိပ္ပံသီအိုရီတွေနဲ့ အချက်အလက်တွေကို ငြင်းဆန်တဲ့ ဖြေရှင်းချက်တွေ ထုတ်ရတော့တယ်။


(၃) သိပ္ပံဟာ ယုတ္တိကျတယ်၊ ဒါကြောင့်ဘာသာရေးထက်သာလွန်တယ်။
ဒါက ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် Richard Dawkins ရဲ့အယူအဆမျိုးပါ။ ဘာသာရေးဟာ လူသား ယဉ်ကျေးမှုဟာ ခေတ်ကုန်နေတဲ့ လက္ခဏာတစ်ရပ်လို့ မြင်တယ်။ သိပ္ပံလေ့လာချက်တွေဟာ သဘာဝလောကရဲ့ ဖြစ်ပျက်မှုတွေကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်တယ်။ ဆင့်ကဲဖြစ်စဉ်ဟာ ကိုယ်ကျိုးရှာတဲ့ သက်ရှိတွေအကြောင်းကို ဖော်ပြထားတာပါ။ ဒါကြောင့် ဆင့်ကဲဖြစ်စဉ်ကို စာရိတ္တမဏ္ဍိုင်တစ်ခုအဖြစ် သတ်မှတ်မယဆိုရင် ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်း ကျင့်ဝတ်တွေဖြစ်လာမလား။ ဒေါ်ကင်စ်က ဘယ်လိုပြောလဲဆိုတော့ ဗီဇတွေရဲ့ ကိုယ်ကျိုးရှာသဘာဝ (Selfishnes of Genes) တွေကြောင့် လူသားတွေရဲ့ ကိုယ်ကျိုးစွန့်အပြုအမူတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဆင့်ကဲဖြစ်စဉ်က ကိုယ်ကျိုးရှာဗီဇတွေကို ထုတ်ဖော်လေ၊ လူရဲ့ ကိုယ်ကျိုးစွန့်ကျင့်ဝတ်တွေရဲ့ တန်ဖိုးက ပေါ်လွင်လာလေလို့ ယူဆဟန်တူတယ်။
ဒီလို သိပ္ပံပညာကနေ သိလာတဲ့ သဘာဝလောကဖြစ်ပျက်မှုတွေကပဲ လူသားရဲ့ ကျင့်ဝတ်စာရိတ္တကို ရယူရမယ်လို့ မြင်ပါတယ်။ ဒီလို ဘာသာရေးမနွယ်တဲ့/ဆက်ကူလာ လူသားဝါဒမျိုးကိုတော့ သဘာဝတ္ထလူသားဝါဒ (Naturalistic Humanism) လို့ ခေါ်နိုင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ သဘာဝတ္ထဗေဒရဲ့လွဲချော်ချက် (Naturalistic Fallacy) တစ်ခုပါပဲ။


(၄) ဘာသာရေးနဲ့ သိပ္ပံဟာ သီခြားစီဖြစ်တယ်။ ဒါကြောင့်သူတို့ဟာ ပဋိပက္ခမရှိပါဘူး
ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင်ဖြစ်ပြီး ဖောက်ပြန်လေ့ရှိသော ဗီဇအချိုးညီမျှမှု အယူအဆကို ဖော်ထုတ်တဲ့ Stephen J. Gould ရဲ့ အယူအဆဖြစ်ပါတယ်။ သူ့အယူအဆကို Non-overlapping Magisteria လို့ခေါ်ပါတယ်။ ဘာသာရေးနဲ့ သိပ္ပံဟာ သီးခြားနယ်ပယ်တွေဖြစ်ပြီး သူတို့တွေမှာ လွတ်လပ်တဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိတယ်လို့ ယူဆလေ့ရှိတယ်။ ဒီအယူအဆမှာ ဘာသာရေးဖြစ်စဉ်တွေကို သိပ္ပံနည်းကျဖြေရှင်းဖို့၊ သိပ္ပံကပြတဲ့ လောကအမြင်နဲ့ ဘာသာရေးသင်ကြားမှုတွေကို ညှိနှိုင်းဖို့ အားမပေးပါဘူး။ ဒီနေရာအထိ အထက်က ဖော်ပြခဲ့တဲ့ သိပ္ပံ/ဘာသာရေး ဘက်လိုက်တဲ့ ပဋိပက္ခဝါဒီတွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလိုညှိနှိုင်းဖို့ အားမပေးဘူးဆိုတာ ပဋိပက္ခဖြစ်နေလို့မဟုတ်ပဲ သီးခြားစီ ဖြစ်နေလို့ဖြစ်တယ်။ ဒါကြောင့် ဒီအယူအဆမှာတော့ စကြဝဠာ မဟာပေါက်ကွဲမှု၊ ဆင့်ကဲဖြစ်စဉ် စတဲ့သိပ္ပံလောကအမြင်ကို မြင်းမိုရ်တောင်တို့၊ ၃၁ဘုံတို့၊ ပထဝီကျောက်တိုက် (Pillars of Earth)၊ နိဗ္ဗာန်၊ ပြန်လည်ရှင်ပြန်ထမြောက်ခြင်း စတဲ့ ဘာသာရေးဖြစ်စဉ်တွေနဲ့ လုံးဝမချိတ်ဆက်ပါဘူး။

(၅) အလွှာကွဲလောကအမြင်နဲ့ စာရေးသူရဲ့ တစ်ကိုယ်ရည်အမြင်
ကျွန်တော့်ကိုယ်ပိုင်အယူအဆဖြစ်တဲ့ အလွှာကွဲလောကအမြင်က Non-Overlapping Magisteria နဲ့အင်မတန် နီးစပ်ပါတယ်။ လောကအမြင်ဆိုတာ အမှန်အတွေ့အကြုံ (Reality) ကိုဆိုလိုပါတယ်။ ဒီနေရာမှာ အမှန်အတွေ့အကြုံ ကို သစ္စာတရား (Truth) နဲ့ ခွဲခြားပြောချင်ပါတယ်။ အမှန်အတွေ့အကြုံဆိုတာ မိမိရရှိတဲ့ အတွေ့အကြုံကို စစ်မှန်တယ်လို့ ယူဆတာကို ဆိုလိုပါတယ်။

ကမ္ဘာမြေပြင်ကို ကြည့်တဲ့အခါ အပြားကြီးလို့ထင်မှာပဲ။ ဒါပေမယ့် လမှာပေါ်နေတဲ့ ကမ္ဘာအရိပ်၊ မိုးကုပ်စက်ဝိုင်း စတဲ့ အချက်တွေအရ ကမ္ဘာဟာ အလုံးကြီးလို့သိတယ်။ ဒါကြောင့် အမှန်တရား ဆိုတာ ခံစားနိုင်ပုံ အမျိုးမျိုးရှိတယ်လို့ ဆိုလိုပါတယ်။ အာရုံသိသက်သက်နဲ့ အမှန်တရား ကို ရရှိနိုင်သလို ပြင်ပအချက်အလက်တွေရဲ့ ဆင်ခြင်သိနဲ့လည်း အမှန်တရား ကို ခံစားနိုင်ပါတယ်။ လောကအမြင် ကို ရရှိမှသာ စိတ်ခံစားမှု (Mood) ရှိမှာဖြစ်တယ်။ စိတ်ခံစားမှုဆိုတာ လူသားရဲ့အပြုအမူတွေကို အဓိပ္ပာယ် (Meaning) ဆိုတဲ့ သဘောတရားတစ်ခု ဖန်တီးပေးတဲ့ အရင်းအမြစ်ဖြစ်တယ်။ ဒါကြောင့် လောကအမြင်ကို သိမ်မွေ့စွာ ကိုင်တွယ်သင့်ပါတယ်။ ပြင်ပအချက်အလက် အမျိုးအစားကို မူတည်ပြီး အမှန်အတွေ့အကြုံတွေ အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။ လောကအမြင်ဖန်တီးမှုကို ကျွမ်းကျင်နိုင်နင်းခြင်းကြောင့် လောကမှာ ပိုပြီးကျင်လည်စွာ ရပ်တည်နိုင်မယ်လို့ ယူဆပါတယ်။ သိပ္ပံအချက်အလက်နဲ့ ဘာသာရေးအချက်အလက်တွေကို မူတည်ပြီး အမှန်အတွေ့အကြုံ အမျိုးမျိုးကို ဖန်တီးနိုင်ပါတယ်။

ကျွန်တော်ဟာ ဖြစ်တည်မှုပဓာန လူသားဝါဒီ (Existential Humanist)အနေနဲ့ သဘာဝအလျောက် စာရိတ္တတန်ဖိုးတွေရှိတယ်ဆိုတဲ့ အမြင်မျိုးက အိန္ဒိယဘာသာတွေနဲ့ နည်းနည်းဆင်လိမ့်မယ်။

ဆင့်ကဲဖြစ်စဉ်သီအိုရီရဲ့ခိုင်မာမှုအရ လူသားမှာ သဘာဝအလျောက် စာရိတ္တတန်ဖိုးတွေမရှိပါဘူး။ လူသားရဲ့အမူအကျင့်နဲ့ လိုအပ်ချက်အရ စံတန်ဖိုးတွေ ဖြစ်လာပြီး စာရိတ္တတန်ဖိုးတွေဖြစ်လာတယ်လို့ သိပ္ပံက ဆိုပါတယ်။ ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒအရဆိုရင် စာရိတ္တတန်ဖိုးဆိုတာ နှိုင်းရတန်ဖိုးတစ်ခုဖြစ်တယ်။ ဇီဝဗေဒဟာ သက်ရှိလောကရဲ့ တကယ့်ဖြစ်ပျက်မှုတွေကို လေ့လာဖော်ထုတ်တဲ့အတွက် ဇီဝဗေဒကနေရတဲ့ လောကအမြင်ဟာ သက်ရှိလောကရဲ့ ဖြစ်စဉ်တွေကို ရှုစားဖို့အတွက်ဖြစ်တယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ လောကကို ရှုစားမယ်ဆိုရင်တော့ ဖြစ်တည်မှုပဓာန လူသားဝါဒက ပေးတဲ့ အချက်အလက်တွေနဲ့ ရှုစားပါတယ်။ ဒီဒဿနအနေနဲ့ဆိုရင် လောကရဲ့ မဟာကြောင်းကျိုးမဆီလျော်မှု၊ ဖြစ်တည်မှုပဓာနသဘော၊ မိမိလုပ်ဆောင်ချက်တွေအပေါ် တာဝန်ယူမှု စတာတွေ ပါဝင်ပါတယ်။
ကျွန်တော် သတ်မှတ်နေထိုင်ဖို့၊ မခိုးဖို့၊ မသတ်ဖို့၊ ကူညီရိုင်းပင်းဖို့၊ ကြင်နာသနားတတ်ဖို့ စတဲ့ ကျင့်ဝတ်တွေရဲ့ အုတ်မြစ်ကို ဆင့်ကဲဖြစ်စဉ်ဇီဝဗေဒကနေ ယူလို့မရပါဘူး။ သဘာဝမှာ ကျင့်ဝတ်တန်ဖိုးတွေမရှိဘူးဆိုရင် ကျွန်တော်က ဖန်တီးသတ်မှတ်ရလိမ့်မယ်လို ခံယူတဲ့ ဖြစ်တည်မှုပဓာန ဒဿန ကို အသုံးချရပါတယ်။ ဒီနယ်ပယ်နှစ်ခုပေးတဲ့ အချက်အလက်တွေကို သီးခြားစီ အသုံးပြုပြီး ရည်ရွယ်ချက်မတူတဲ့ သီးခြားလောကအမြင်တွေကို တည်ဆောက်ရပါတယ်။

ဘာသာတစ်ခုခုကို ကိုးကွယ်သူတစ်ယောက် အနေနဲ့ဆိုရင်ကော။ လောကရဲ့ဖြစ်စဉ်တွေကို တကယ်သိချင်ရင် သိပ္ပံပညာကို လိုက်စားပါ။ လေ့လာပါ။ ဒီကရတဲ့ အချက်အလက်တွေနဲ့ လောကအမြင်ကို တည်ဆောက်ပါ။ ဘဝအဓိပ္ပာယ်နဲ့ ကျင့်ဝတ်ဆိုင်ရာ အတွက်ဆိုရင် ဘာသာရေးသင်ကြားမှု တွေကနေသာ အမှန်အတွေ့အကြုံကို ယူသင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဘဒ္ဒကမ္ဘာက ရှေ့ဘုရားနှစ်ဆူ ဆိုတာ ဆင့်ကဲဖြစ်စဉ်တွေ၊ စကြဝဠာဗေဒတွေထဲမှာ ဘယ်လို သွားထည့်မလဲ။ လူကမျောက်က ဖြစ်လာတယ်ဆိုရင် ၃၁ဘုံက ဘာဖြစ်သွားမလဲ။ ဒီတော့ ဘာသာရေးနဲ့ သိပ္ပံကို ကင်းရှင်းစွာ ထားသင့်တယ်။ ကံကံအကျိုးကို ယုံဖို့ထက်၊ ကံကံအကျိုးဆိုတဲ့ ဒဿနတစ်ခုကို ဆွဲကိုင်ရတာပါ။ ဒဿနဆိုတာ သစ္စာတရားကို ဖွေရှာတဲ့ ကိရိယာတစ်ခုပါ။ ဒါပေမယ့် သူက ဘယ်တော့မှ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖြေတွေ မပေးပါဘူး။ အဖြေတစ်ခုစီဟာ အမှန်အတွေ့အကြုံတစ်ခုစီကို ကိုယ်စားပြုပါတယ်။ ယုံတယ်ဆိုတာကတော့ အမှန်အတွေ့အကြုံကို တစ်မျိုးတည်းထားပြီး အချက်အလက်တွေအကုန် ပေါင်းထည့်ဖို့ မျှော်လင့်ချက်မဲ့စွာ အားထုတ်နေခြင်းဖြစ်တယ်။ ကံကံအကျိုး လက်ခံတဲ့အတွက် နောက်ဘဝ၊ ၃၁ဘုံနဲ့ မြင်းမိုရ်တောင် ဆိုတဲ့ အချက်အလက်တွေ အားလုံးကို လက်ခံနိုင်ပါတယ်။ သို့ပေမယ့် ကံကံအကျိုး ဒဿန အောက်မှာ လက်ခံခြင်း ဖြစ်တယ်။ မြင်းမိုရ်တောင်ကို လက်ခံတယ်ဆိုတာ လောကကြီးရဲ့ ဖြစ်ပျက်မှုတွေကို သိဖို့မဟုတ်ဘူး။ ကံကံအကျိုးကို အခြေခံတဲ့ ကိုယ်ကျင့်တရားတစ်ခု တည်ဆောက်ဖို့ လက်ခံထားခြင်း ဖြစ်တယ်။

ဒီလိုအခိုင်အမာလက်ခံလိုက်တော့မှ အမှန်အတွေ့အကြုံတစ်ခု လောကအမြင်တစ်ခုရရှိပါတယ်။ ဒါမှ စိတ်ခံစားမှုပြည့်ဝစွာနဲ့ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ ဒဿနတွေကို စိတ်ပါလက်ပါ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။ အလွှာကွဲလောကအမြင်မှာ သိပ္ပံနဲ့ ဘာသာရေးဟာ ညှိနှိုင်းရမယ့်အရာတွေ မဟုတ်ပါဘူး။ ပဋိပက္ခဖြစ်ရမယ့် အရာတွေလည်း မဟုတ်ပါဘူး။ သူတို့ပေးတဲ့ အချက်အလက်တွေရဲ့ သဘာဝနဲ့ ရည်ရွယ်ချက်ကို လိုက်ပြီး လောကအမြင်တွေ တည်ဆောက်ဖို့ဖြစ်တယ်။ ဒီအခါမှာ လူတစ်ယောက်တည်းရဲ့ လောကအမြင်တစ်ခုမှာ ဘုရားဟာ လူသားတွေကို ပုံရိပ်တော်နဲ့အညီ အထူးဖန်ဆင်းခဲ့သလို၊ နောက်လောကအမြင် တစ်ခုမှာ မျောက်တစ်မျိုးကနေ လူသားအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။ လူတစ်ယောက်တည်းရဲ့ လောကအမြင်တစ်ခုမှာ လူသားဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ စံတန်ဖိုးတွေကို ကိုယ်တိုင်သတ်မှတ်နေပြီး၊ နောက်လောကအမြင်တစ်ခုမှာ စံတန်ဖိုးနဲ့ ကိုယ်ကျင့်တရားတွေက နှိုင်းရသဘောတွေသာ ဖြစ်ကြပါတယ်။

(Kyaw Zwar Lynn)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...