Monday, April 28, 2014

ဝိယောဓိ နှင်းဆီ



၁။ ၁၉၉၄-ခု၊ ဇူလိုင်လ ... ။
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ၊ မာနယ်ပလော။

“ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား”
မေးမြန်းနှုတ်ဆက်သူကို ကျနော်ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။ “ဟုတ်ပါတယ်၊ ခင်ဗျားက ကိုတိုက်မောင်းလား”

သူက ကျနော်၏အမေးကို ပြန်မဖြေပဲ ကျနော့်လက်ကို ဆွဲကိုင်ဖြစ်ညှစ်ကာ စားပွဲဘေးတွင် ၀င်ထိုင် လိုက်သည်။ ကျနော်တို့နှစ်ယောက် နာရီဝက်နီးပါး စကားထိုင်ပြောကြ၏။ ပတ်ဝန်းကျင်တွင် ဘယ်သူတွေရှိနေ သည်ဖြစ်စေ သတိမထားနိုင်။ သူ့ကဗျာတချို့ကို ကျနော်ဝေဖန်တော့ သူကအပြုံးနှင့်နားထောင်။ ရုတ်တရက် ပြောလက်စ စကားကိုရပ်ပြီး သတိတချက်ဝင်တော့ သူ့လက်ထဲတွင် ပစ္စတိုသေနတ်တလက် ရောက်နေသည်ကို ကျနော် သတိပြုမိသွားရ၏။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကိုချာချာလည်အောင် လှည့်ကစားရင်း ကျနော့်စကားကို နားထောင်၏။ ကျနော်က ရပ်ထားသည့်စကားကို ဆက်ပြီးမပြောနိုင်။ သူ့လက်ထဲက သေနတ် ကို ကြည့်သည်။ သူ့မျက်နှာကို ကြည့်သည်။

“ခင်ဗျားကလည်း သေနတ်ကြီးထည့်တားလိုက်စမ်းပါဗျာ၊ စကားပြောရတာ မဖြောင့်ဘူး၊ တော်ကြာ မတော်တဆ ကျည်ဆံထွက်သွားမှဖြင့်”


သူကလည်း ထိုအခါကျမှ သတိပြုမိသွား၏။ ပြီးတော့မှ သေနတ်ကို လွယ်အိတ်ထဲထည့်လိုက်၏။ သူ့မျက်နှာက ကျနော့်ကို အားနာသွားသည့်ဟန်။

“ခင်ဗျားက သေနတ်ကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တဲ့ပုံပဲ” “ဟုတ်တယ်၊ ဖနောင့်တခြမ်း ပဲ့ပြီးမှတော့ ဘယ်မကျွမ်းကျင်ဘဲ ရှိပါ့မလဲဗျာ”


ကျနော်က သူ့ခြေထောက်ဆီ မျက်စေ့ရောက်သွားသည်။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ပြီး သေနတ်ကိုလည်အောင်လှည့်ရင်းက မတော်တဆ ကျည်ဆံထွက်ကာ သူ့ညာဖက်ခြေဖနောင့် ပဲ့ထွက်သွားခြင်း ကို ရှင်းပြရင်းရယ်နေ၏။ ကျနော်က သည်လိုသေနတ်ကိုင်ထားသည့်လက်က ဘယ်လိုလုပ်ပြီး ကဗျာတွေရေးပါလိမ့်ဟု သူငယ်နာ တက္ကဗေဒအမြင်နှင့်တွေးကာ တအံ့တသြ။

“ကျုပ်က ဒဂုန်တာရာကို သိပ်သဘောကျတာဗျ၊ ဒါပေမယ့် သူက ဂျပန်ခေတ်မှာ ရေထဲသေနတ်နှစ်ချက် ပစ်လိုက်ဖူးတာပဲရှိတယ်၊ ကျုပ်နဲ့မတူဘူး၊ ခင်ဗျားကော ...”

ကျနော်က တပ်မဟာ (၁) နယ်မြေ အတွေ့အကြုံကို ပြန်ပြောပြနေမိသည်။ ထိုစဉ်က ကျနော်သည် အတူလိုက်ပါလာသူ KNLA ရဲဘော်တချို့နှင့် လမ်းကွဲသွားခဲ့၏။ တောထဲတွင် ဆယ်မိနစ်ခန့် တဦးတည်းအဖော် ကွဲနေစဉ် ကြံရာမရသည့်အဆုံး ရဲဘော်တဦးထံက ခေတ္တ၀ိုင်းကူ ထမ်းပေးရင်းပါလာသော M-၁၆ ရိုင်ဖယ်ကို မိုးပေါ်ထောင်၊ စေ့ဖွင့်ကာ မောင်းကွင်းထဲကလက်ညှိုးကို ညှစ်လိုက်၏။ သစ်ရွက်တချို့ ကျည်ဆံဖြတ်သွားသည့် အသံနှင့်အတူ တတောလုံး သေနတ်သံတွေ ပဲ့တင်ထပ်ညံသွား၏။ ရုတ်တရက်ဆိုသလို သေနတ်ကို ခန္ဓာကိုယ် နှင့် ခပ်ဝေးဝေးတွင်ထားကာ ကျနော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည့်အဖြစ်ကို ပြောပြလိုက်သည်။ ထိုအတွေ့ အကြုံသည်ကား ကျနော့်ဘ၀တွင် ပထမဆုံးနှင့်နောက်ဆုံးအကြိမ် သေနတ်ပစ်ဖူးခြင်းဖြစ်လေသည်။ ကျနော်က စကားအဆုံးတွင် ကျနော့်ကို သဘောကျစွာ ရယ်မောပြလိမ့်မည်ဟု သူ့ကို ထင်နေစဉ် သူကမူ မပြုံးမရယ်ဘဲ ခပ်တွေတွေကြည့်၏။

“အေးဗျာ ခင်ဗျား နှလုံးသားမျိုး ကြိုက်တယ်၊ ဒါပေမယ့် ကျုပ်ဘ၀ကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ လေ”

သူ့ကို ကျနော် နားလည်သည်။ သူသည်ကား စစ်ကိုမုန်းသဖြင့် စစ်တိုက်နေရသူ ကဗျာဆရာ စစ်သားတဦး။ သူနှင့် စတင်တွေ့ဖူးသည့် ထိုအတွေ့အကြုံတခုတည်းနှင့်ပင် သူ့ကို အမှန်တကယ် ကျနော် စွဲမက်ခဲ့လေသည်။

၂။

“ခင်ဗျားရေးတဲ့ ကဗျာမျိုးတွေ မရေးတတ်ဘူး”

ကျနော့်ကို သူက မဝေခွဲတတ်သလိုကြည့်သည်။ မျက်မှောက်ကြုတ်သည်။

“ ဒါ ... ခင်ဗျားပြောမှပဲလားဗျ၊ ဒီလိုပဲ တယောက်ရေးသလို ဘယ်သူက တူအောင်ရေးတတ်ကြမှာလဲ”

သူ့မျက်နှာပေါ်တွင် အပြုံးရိပ်များပေါ်လာ၏။

“မဟုတ်ဘူး၊ ကျနော်ဆိုလိုတာက ခင်ဗျားက အခက်ဆုံးအကြောင်းအရာကို ကဗျာနဲ့ ဖော်ပြတဲ့ သဘောဗျ။ ဇာတ်သဘင်မှာ ဟာသပညာက အခက်ခဲဆုံးလို့ ပြောသလိုပေါ့။ ကဗျာမှာလည်း လှောင်ပြောင်တဲ့ ကဗျာမျိုး၊ အငေါ်တူးတဲ့ ကဗျာမျိုးက သိပ်ခက်တာဗျ။ ခင်ဗျားက အဲသလို ကဗျာမျိုးတွေ တော်တော်ရေးတယ်၊ ရေးတိုင်းလည်း ထိတယ်၊ ကျုပ်ဖြင့် တပုဒ်မှမရေးဖူးဘူး”
“မဟုတ်သေးပါဘူး၊ ခင်ဗျားလည်း ‘ကဗျာဆရာနှင့်သူ၏ ရသလွန်ဟင်းခွက်များ’ ကဗျာရေးတာပဲဟာ”

ကျနော်တို့နှစ်ယောက် satire ကဗျာအကြောင်း စကားပြောကြသည်။ သူက “ဗားတော့ဗရက်” ကို စ ပြော၏။ ကျနော်က “ ယက်ဖ်တူရှင်ကို” လည်း satire ကဗျာရေးတတ်ကြောင်း ပြောပြရသည်။ မြန်မာကဗျာဆရာ ထဲမှာတော့ မောင်စွမ်းရည်၊ မင်းလူတို့မှာ satire ကဗျာ အရေးကောင်းကြောင်း ပြောပြရသည်။ သူ့ကို နားလည်ရ မခက်ခဲလှပါ။ သူသည်ကား ဗားတော့ဗရက် ခရေစီတဦး။ “ကျနော်လား၊ ‘ကျောက်သားမျက်ရည်’ လို ‘တပြည်သူ’ လို ကဗျာမျိုးလည်း ကျနော်ရေးပါတယ်” သူ့ကို လရောင်နဲ့ နေလုံး နှစ်ခုစလုံးကို ခေါင်းအုံးအိပ်တတ်သူ အိပ်နိုင်သူဆိုတာ ကျနော်မငြင်းလိုပါ။ ဒါပေမယ့် သူ့ကဗျာအများစုက လောကကြီးကို ခါးခါးသက်သက် အငေါ်တူးချင်တဲ့သဘော။ လောကကြီးရဲ့ ကမောက်ကမ ဖောက်ပြန်ဖောက်လွဲဖြစ်မှုများအပေါ် အထူးသဖြင့် စည်းအတွင်းက ဖောက်ပြန်မှားယွင်းမှုများ အပေါ် ဒေါသပေါက်ကွဲပြီး ကဗျာထဲမှာ သူ့ရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းက ထေ့သည့်လှောင်သည့်နည်းနာ။

“တကယ်တော့ဗျာ၊ စည်းထဲက ကိစ္စဆိုတော့ ကျုပ်အဖို့ အ,အ ဒေါသဖြစ်ပြီး အသံ မထွက်ဘဲ ဆဲရတဲ့ အလုပ်မျိုးဆိုတော့ ကျုပ်ကဗျာတချို့ နားလည်ရခက်ကုန်တော့တာပေါ့ဗျ”

သူကသည်လို ရှင်းရှင်းလင်းလင်းဖြေချသည့်တိုင် ကျနော်ကတော့ သူ့ကဗျာတွေကို နားလည်အောင် ကြိုးစားနိုင်ခဲ့၏။ သူ၏ “ကုလားထိုင်စိုက်ပျိုးရေး” ကဗျာ၊ “ဇိတံမေ၏ နိဒါန်း” ကဗျာ၊ “အိပ်မက်ကြီးကို မီးလောင်တဲ့ ည” ၊ “လားတကောင်ဖတ်ဖို့ ဖတ်စာ” ကဗျာများကို ကျနော်ဖတ်သည်။ သူ၏ အဆုံးမသတ်နိုင်ခဲ့သည့် “မိခင်၏ စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းချင်း” ကဗျာထဲက ကဗျာစာသားများကို ကျနော်ဖတ်သည်။ သူသည်ကား တကယ့်ကို ၀ိရောဓိနှင်းဆီမှ နှင်းဆီ။ ထိုအခါ သူ၏ မချိမဆန့် ရင်ခေါင်းသံပါသည့် အော်သံကြီးကို ကြားလိုက်ရ လေသည်။ တိုက်မောင်း၏ “အော်သံ” များသည် အက်ဗက်မွန့်ခ်ရဲ့ “အော်သံ” များထက် ပိုပြီး ကျယ်လောင်နေခဲ့ မလား။

၃။

“ခင်ဗျားနေကောင်းရဲ့လား”
“လူတော့ နေကောင်းပါတယ်၊ စိတ်က မကောင်းဘူးဗျ”

သူက ကာဘိုင်သေနတ်ကို ပခုံးပေါ်ထမ်းရင်း သံလွင်မြစ်သောင်စပ်ကို ဆင်းသည်။ ကျနော်က သူနှင့် ယှဉ်ကာ သောင်စပ်ပေါ် ရောက်လာ၏။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကို တချက်နှစ်ချက် လှည့်ကြည့်နေ၏။ ဆကြည့်နေ၏။

“ဟုတ်တယ်ဗျာ၊ ကျုပ်ရှေ့တန်းမှာ စစ်ပူနေပေမယ့် ပြောစရာရှိလို့ပြန်လာတာ ကျုပ်ရဲဘော်တွေကို စိတ်မချဘူး။ ရန်သူက ကိုယ်ရောင်ဖျောက်သလို ရောက်လာနေတာဗျ”

ABSDF ဌာနချုပ် “ဒေါင်းဂွင်” မှာ ရန်သူ့လက်သို့ ကျသွားခဲ့ပြီဖြစ်သည်။ ကျောင်းသားတပ်မတော်၏ တပ်ရင်း တပ်ဖွဲ့တချို့ ရန်သူ့တပ်များနှင့် သူကျွံ၊ ကိုယ်ကျွံဖြစ်ကာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေချိန် သူသည် နောက်တန်းသို့ပြန်လာခဲ့၏။ ဗဟိုကော် မတီတဦးနှင့် အယူအဆ မတူသည်ကို ဆွေးနွေးရန်ပြန်လာခြင်းဖြစ်သည် ဟု ဆို၏။

“ခင်ဗျား ဒီညနေပဲ ပြန်သွားရမှာလား”
“ဟုတ်တယ်။ ပြန်ရမယ်။ ခင်ဗျားကရော ဒီမှာ ဘာလာလုပ်တာလဲ”

ကျနော်က နအဖတပ်သားတဦး အရှင်ဖမ်းမိသည်ကို သတင်းလာယူကြောင်း ရှင်းပြရသည်။

“မာနယ်ပလောမှာကော ဘယ်လိုအခြေအနေရှိသလဲဗျ”

“အတိအကျတော့ မပြောတတ်ဘူး။ ဒါပေမယ့် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပဲ၊ ခင်ဗျား တညလောက်အိပ်ပြီးမှ ပြန်ပါလားဗျာ”

ကျနော်က သူ့ကို တညလောက်တော့ အနားယူစေချင်သည်။ သူ့ပုံပန်းမှာ ယဲ့ယဲ့မျှသာရှိတော့၏။ အိပ်ရေးပျက်ခြင်း၊ အစားဆင်းရဲခြင်း၊ မနားမနေ သွားလာလှုပ်ရှားခဲ့ရသဖြင့် သူ့အသားအရေမှာ ဖြူဖတ်ဖြူရော်၊ သူ့ခန္ဓာကိုယ်ပေါ်က စစ်ဝတ်စုံမှာ ချေးအထပ်ထပ်၊ ချွေးအလိမ်းလိမ်း။ သူက သူ့တပ်ရင်းဆီကိုသာ စိတ်ရောက် နေသည်။ စိတ်ပူနေသည်။

“ကျနော် ပြန်မှဖြစ်မယ်၊ ပြောစရာရှိတာလည်း ပြောပြီးပြီပဲဗျာ၊ တခုတော့ရှိတယ် ကိုငြိမ်းဝေ၊ ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင်ကောင်းမယ်ထင်တယ်ဗျာ၊ တော်ကြာ ကျုပ်တို့ဘ၀တွေ ရိုင်းကုန်လိမ့်မယ်”

သူက ပြောပြောဆိုဆို ကျနော့်ကိုနှုတ်ဆက်ပြီး တောစပ်ဆီ မျက်နှာမူလိုက်သည်။ ကျနော်က စစ်ထွက်သူကဗျာဆရာ၏ နှုတ်ဆက်စကားအပေါ် စိုးရိမ်ထိတ်လန့်သွားရသည်။ စစ်ထွက်သူတဦးအဖို့ သည်လို စကားမျိုး မပြောသင့်ဘူးဟု စေတနာနှင့် တားမြစ်ကြည့်ချင်သည်။ သို့သော် သူ့စိတ်ကိုထင့်စေမည်ဟု ယူဆပြီး ဘာတခွန်းမျှ မဟနိုင်ခဲ့။ ကျနော့်ကို ကျောပေးကာ သူ့ရဲဘော်နှစ်ဦး၏နောက်မှ ကာဘိုင်သေနတ်ထမ်းပြီး လိုက်ပါသွားသည့် သူ့ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကျနော်ရပ်ကြည့်နေခဲ့မိ၏။

သည်တကြိမ် သူ့ကို တွေ့ဆုံခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်သည်ကိုမူ ကျနော်မသိခဲ့။ တခုတော့ရှိ၏။ သူနှင့်ကျနော် ပထမဆုံး အကြိမ် တွေ့ဆုံစဉ်က သူ့လက်ထဲက သေနတ်မှာ ပစ္စတိုတလက်ဖြစ်ပြီး ယခုတကြိမ် နောက်ဆုံးတွေ့ဆုံသည့် အခါမူ သူ့လက်ထဲ၌ ကာဘိုင်သေနတ်တလက်ရှိနေခဲ့၏။

နေ၀င်ရီတရောအချိန် တောင်ခြေတောအုပ်အတွင်း ၀င်ရောက်ပျောက်ကွယ်သွားနေသည့် ကဗျာဆရာ တိုက်မောင်းကို ကျနော်ငေးနေမိသည်။ သူသည် သေနတ်နှင့် ကလောင်တံကို ဘယ်တော့မှ လက်ကမချခဲ့သူ ဖြစ်ချေ၏။

၎။

၁၉၉၅၊ ဧပြီလ - ၂၆ ရက်နေ့တွင်၊ ကဗျာဆရာတိုက်မောင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့သည်။


သူ့သတင်းကို ကဗျာဆရာမ မိဆူးပွင့်ဆီကတဆင့် ကြားရခြင်းဖြစ်သည်။ အစပထမတော့ မယုံကြည်နိုင်အောင် ဖြစ်ရသည်။ နောက်တော့မှ အရှိကိုအရှိအတိုင်း ကျနော့်မှာ လက်ခံဖို့ ကြိုးစားယူရတော့၏။ သူ မရှိတော့ပြီကော ဟူသည့် အသိကို အချိန်တော်တော်ကြာသည်အထိ ကျနော့်ရင်ထဲက လက်ခံလို့မရ။ သူက သူ့အလောင်းကို မြန်မာပြည်ထဲက မြေပေါ်တွင် မြှုပ်ဖို့မှာခဲ့သည်ဟု သိရတော့ ကျနော့်နှလုံးသားများ တဆက်ဆက်တုန်ရင် ...။


ထိုစဉ်က ကျနော်သည် “ဥရောပမဲဇာ” သို့ ထွက်ခွါရန် စီစဉ်နေသည့်အချိန်။ သူ့အတွက် ကျနော့်မှာ ပိုပြီးကြေကွဲ ရတော့၏။ ကျနော်ချစ်သော ကဗျာဆရာတယောက် ကျဆုံးသွားသည့် တချိန်တည်းမှာ ကျနော်က “ဥရောပ” သို့ ထွက်ခွါဖို့ ပြင်ဆင်နေသည်မှာ မသင့်တော်။ ကိုယ့်ကိုယ်ကိုမလုံ။ လိပ်ပြာမသန့်။ ထို့ကြောင့် ကျနော့်ကို ခွင့်လွတ်ဖို့ ကျနော့်ကို နားလည်ပေးဖို့ သူ့ဝိညာဉ်ကို အကြိမ်ကြိမ်တောင်းပန်နေခဲ့မိ၏။

၁၉၉၅ခု၊ နှစ်ဦးပိုင်း တောစပ်တနေရာ တွင် သူပြောခဲ့သည့်စကားတခွန်း။


“ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင်ကောင်းမယ်ထင်တယ်ဗျာ။ တော်ကြာ ကျုပ်တို့ ဘ၀တွေ ရိုင်းကုန်လိမ့်မယ်” ဟု တိုက်မောင်းပြောခဲ့၏။


အခုတော့ ကဗျာဆရာတိုက်မောင်း တကယ်ပင် ကျဆုံးသွားခဲ့သည်။ သူ့ဘ၀သည် မရိုင်း။ လှပ တောက်ပြောင်လွန်းပေစွ။ ဘ၀ကို အနိုင်နှင့် ပိုင်းနိုင်ခဲ့သူ။ သေနတ်ကိုင်ထားသည့်သူ့ကို ကျနော် နားလည်သည်။ ကလောင်ကိုင်ထားသည့်သူ့ကို ကျနော် လေးစားသည်။ သူ့နှလုံးသားကို ကျနော်ချစ်သည်။ “နေသစ်တခု မွေးဖွား ဖို့ နေလုံးတူးဆွခဲ့သူများ” ကို ကျနော် နားမလည်လို့မဖြစ်။ မချစ်၍ မဖြစ်။ နားလည်ရမည်။ ချစ်ရမည်။ သို့နှင့် “တိုက်မောင်း” အတွက် ကဗျာတပုဒ် ကျနော်ရေးခဲ့၏။ ထိုကဗျာထဲက ကဗျာစာသားတချို့ ...။

ခင်ဗျားအဖို့တော့
ကျနော်တို့ခေတ်ရဲ့ “မာယာဘုံ” မှာ
ကဗျာဆရာတယောက်အဖြစ်
ထုံးတို့လို့ ထားရစ်ခဲ့သူ
ဧကရာဇ်ကို စစ်ကြေညာကြ
သူပုန်ဘ၀ရဲ့ ဂုဏ်ဟူသမျှ
ကုန်လုံကြွယ်ဝပြခဲ့သူ
ဖြူစင်ခြင်းတောင်ကုန်းမှာ
နှောင်ထုံးချေမွ ယောင်ထုံးဖြေချ မြေကျခဲ့သူ ... ။
အို ... မြတ်သောဝိညာဉ် (သို့မဟုတ်) ရဲဘော် ... “တိုက်မောင်း” ရေ
“မိုးတွေညို့ရင် မျက်ရည်စို့တယ်” တဲ့
ခင်ဗျားရဲ့ မခင်သီ
ကျနော်နဲ့ မဒေ၀ီလေ
ကွဲကြေလို့ မဆုံး ။ ။

ငြိမ်းဝေ
မှတ်ချက်။ - ဗားတော့ဗရက် (ဂျာမာန်ကဗျာဆရာ)
- ယက်ဖ်တူရှင်ကို (ရုရှကဗျာဆရာ)
- အက်ဗတ်မွန့်ခ် “အော်သံ” (နော်ဝေးပန်းချီဆရာ အက်ဗတ်မွန့်ခ်ရဲ့ ‘အော်သံ’ ပန်းချီကား) 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...