Sunday, April 27, 2014

ကိုငြိမ်းသို့ ... (ဇော်မင်း)



၁။
ဧပြီလ ၂၉ ရက်နေ့၊ ၂၀၁၀ ခုနှစ်။ မနက်ကိုးနာရီလောက် ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တယ်။ တဖက်က ဆက်လာသူက ကဗျာဆရာ ကိုလွမ်းဏီ။
“ဟေ့လူ ... ကိုငြိမ်း ဆုံးသွားပြီ။ ဒီမနက် သုံးနာရီလောက်မှာ ဆုံးသွားတာလို့ ပြောတယ်”


ကျနော် မထင်မှတ်တဲ့သတင်း မဟုတ်ပါဘူး။ အနှေးနဲ့အမြန်တော့ ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျနော် တွက်ထားပြီးသားပါ။

ဟုတ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုငြိမ်းနဲ့ ကျနော် နောက်ဆုံးတွေ့ခဲ့တာက ဇင်းမယ်မှာ။ ဘားမားမီဒီယာ ကွန်ဖရင့် ကျင်းပခဲ့တဲ့ ဒီနှစ်၂၀၁၀ ဖေဖော်ဝါရီလထဲမှာ။ အဲဒီတုန်းကတည်းက ကိုငြိမ်း ကျန်းမားရေး မကောင်းတာကို သတိထားမိတယ်။ သူ့မျက်လုံးတွေက အတော်ကြီးဝါနေတယ်။ တစုံတခုကြောင့် အသည်းမှာ အားနည်းနေတယ်ဆိုတဲ့ လက္ခဏာ။ လမ်းလျှောက်ရင်ပဲဖြစ်ဖြစ်၊ ထိုင်နေတုန်းမှာပဲဖြစ်ဖြစ် ခါးကလေးကို ကုန်း လက်ပြင်ကို ကိုင်းပြီး နေနေတာကို သတိထားမိတယ်။

“ကိုငြိမ်း ... ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး” ဆိုပြီး ပြောထာထက် သူ့ကို ကျနော် များများ ပိုပြီး မပြောဖြစ်ပါ။

၂။


၁၉၉၁ ခုနှစ်၊ မေလ ၅ ရက်နေ့။ လင်းအားကြီး အချိန်ပဲရှိသေးတယ်။ ကိုငြိမ်းတို့ရှိတဲ့ ပတ္တလားကုန်းဘက် ကနေ အမ် (၇၉) ဗုံးသီးပေါက်သံ သုံးချက် ဆင့်ကဲဆင့်ကဲ ဆိုသလို ကြားရတယ်။ ပြီးတော့ လက်နက်ငယ် ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်။ စကားပြောစက်ကိုင်ထားတဲ့ ကေအဲန်ယူ ကွန်မင်ဒိုဖြစ်သူ ကိုရှာဝါးက “ရန်သူက ပတ္တလားကုန်း ဘယ်ဘက်ခြမ်းကို တက်သိမ်းဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။ ကျနော်တို့ ဘက်ကိုလည်းကွေ့ပြီး ရန်သူစစ်ကြောင်းက ထိုးဆင်းလာနိုင်လို့ အားလုံးကိုယ့်သေနတ်ကိုယ်ဆွဲပြီး ကျနော်တို့ စခန်းချထားတဲ့ ၀ါးတဲတွေကနေ စိုးမိုးကုန်းတခုအပေါ်ကိုတက်ပြီး အဆင်သင့် နေရာယူထားလိုက်ကြတယ်။ စစ်အတွေ့အကြုံရင့်ကျက်တဲ့ ကိုရှာဝါးက ကျနော်တို့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို ကွပ်ကဲပေးတယ်။ မိနစ် (၂၀) လောက် ထိတွေ့မှုဖြစ်သွားပြီး လွယ်လွယ်နဲ့ မရမှန်းသိတော့ ပတ္တလားကုန်းကနေ ရန်သူ ပြန်ဆုတ်သွားပါတယ်။ ရန်သူတဦးသေပြီး နှစ်ဦးဒဏ်ရာ ရသွားတယ်လို့ စက်သတင်းအရ သိရတယ်။

နေ့လယ်ပိုင်းလောက်ရောက်တော့ ပတ္တလားကုန်းပေါ်က ကျောင်းသားရဲဘော်တချို့ ကျနော်တို့စခန်းဘက်ကို ဆင်းလာရင်း ပြောပြတယ်။ တက်လာတဲ့ ရန်သူတွေကို အမ် (၇၉) နဲ့ လက်ဦးအောင် ပစ်ထည့်လိုက်တဲ့သူက တပ်ခွဲမှူး ကိုငြိမ်းပါ တဲ့။ တိုက်ပွဲအပြီး မိုးစရွာပါတယ်။ နောက်ထပ် တလလောက်အထိ အဲသည့်မိုးဟာ တရက်မှ စဲတယ်လို့ မရှိပါ။ မုတ်သုန်ဝင်လာပြီးကိုး။ ရန်သူ့ထိုးစစ်ကလည်း မိုးမစဲသလို တလလုံးလုံး ကျနော်တို့ဂွင်ထဲမှာ မိုးနဲ့အတူ ထိုးစစ်ဆင်ပါတယ်။

ထိုစဉ်အချိန်က ကိုငြိမ်း အပါအ၀င် ကျနော်တို့ စုဖွဲ့မှုထဲက ရဲဘော်များအားလုံးဟာ ကျောင်းသားတပ်မတော် တပ်ရင်း (၁၀၁) ကပါ။ နဂိုက ဘုရားဆုံးဆူဒေသဘက်မှာ အခြေခံပါတယ်။ ကေအန်ယူရဲဘော်များနဲ့အတူတွဲပြီး ညောင်လေးပင်ခရိုင်ထဲက မုန်း၊ ကျောက်ကြီး၊ ရွှေကျင်နယ်တွေမှာ လှုပ်ရှားခဲ့တဲ့ကာလပါပဲ။

၃။

၁၉၉၂ မေလ၊ ကေအဲန်ယူဌာနချုပ်တည်ရှိရာဖြစ်တဲ့ မာနယ်ပလော။ မြောက်အရပ်ကနေ တောင်ဘက်ကို ကြောက်မက်ဖွယ် တဟဲဟဲအသံပြုပြီး စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးနဲ့ တောင်ကနေ မြောက်ဘက်အရပ်ကို တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ သောင်ရင်းမြစ်တို့အကြားမှာ တည်ရှိပါတယ်။ ကျန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများလည်း မာနယ်ပလောမှာ အခြေစိုက်ကြပါတယ်။ ဖွဲ့စည်းပုံအသစ်အရ ကိုငြိမ်းတို့ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်းအမှတ် (၂၁၂) ဆိုပြီး ဖြစ်လာတယ်။

၁၉၉၁ ဒီဇင်ဘာလကစပြီး ဖြစ်ခဲ့တဲ့ မာနယ်ပလောတိုက်ပွဲဟာ သင်္ကြန်မတိုင်ခင်မှာ အရှိန်လျော့သွားပါတယ်။ ရန်သူဘက်ကအဆိုအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး သူတို့ဘက်က သဘောထားကြီးစွာနဲ့ ထိုးစစ်ကို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုလို့ တော်တော်သေးတာပေါ့။ ပြီးခဲ့တဲ့ သုံးလခွဲလုံးလုံး အဝေးပစ်အမြောက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတုန်းကတော့ တိုက်လေယာဉ်တွေက စက်သေနတ်နဲ့ ပစ်၊ ရော့ကက်နဲ့ ပစ်နေတုန်းကတော့ သူတို့ဆီက ဘာသံမှမထွက်ခဲ့ပါလား။

အနော(အမ) မြောင်းမြဆိုင်လို့ ကျနော်တို့က အမည်ပေးထားတဲ့ အမကြီးလင်မယားရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ကျနော်နဲ့ ကိုငြိမ်းထိုင်ပြီး ရေနွေးကြမ်းသောက်နေပါတယ်။ အဲသည်တုန်းက မာနယ်ပလောမှာ လက်ဖက်ရည်ဆိုင် ၆ ဆိုင်လောက် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုပေမယ့် မည်ကာမတ္တ ဆိုင်လေးတွေပါ။ များသောအားဖြင့် နက်စ်ကော်ဖီကိုပဲ နို့ဆီနဲ့ လွယ်လွယ်ဖျော်ပြီး တခွက်ကို နှစ်ဘတ်ပေးရတယ်။ လက်ဖက်သုပ်လေး ဘာလေးလည်း ရောင်းကြတယ်။ ထိုင်းဘက်က ၀င်လာတဲ့ ကုတ်တို့၊ ပက်စီတို့၊ ဆဲဗင်းအပ်တို့လည်း ရောင်းသေးတယ်။ ကျနော်တို့ကတော့ လစာမရှိတဲ့ ကျောင်းသားရဲဘော်တွေဆိုတော့ ပေးစရာ ၂ ဘတ် မရှိလို့ များသောအားဖြင့် ရေနွေးကြမ်းပဲ ထိုင်သောက်နေတာပါ။

ဘန်ကောက်တို့၊ ဇင်းမယ်တို့လို မြို့ကြီးတွေကို အဖွဲ့အစည်းကိစ္စနဲ့ သွားလာခွင့်ရတဲ ဗဟိုကော်မတီဝင် ခေါင်းဆောင်တွေကတော့ မြို့ကပြန်လာရင် ခရီးသွားရင်းက ပိုနေတဲ့ လမ်းစရိတ် ငွေစလေးတွေနဲ့ လက်ဖက်ရည် ကော်ဖီတွေ၊ မုန့်တွေနဲ့ ငြိမ့်နိုင်ပေမယ့် ကျနော်တို့ ကိုငြိမ်းတို့လို လူများကတော့ တရက်မှာ ကော်ဖီတခွက် သောက်ရဖို့ဆိုတာ ကံထူးလွန်းမှသာ သောက်ရတာပါ။ “ဘဲကြီးရေ ... ကြံစမ်းပါဦးဗျ။ နေ့တိုင်း သူများဆိုင်မှာ ကော်ဖီဝယ်မသောက်ဘဲ ရေနွေးကြမ်းပဲ အလကား တောင်းသောက်နေရတာ မျက်နှာပူလှပြီ” လို့ ကိုငြိမ်းက ကျနော့်ကို ပြောလာပါတယ်။ သူ့လိုပါပဲ ကျနော်လည်း အနောမြောင်းမြတို့ လင်မယားကို မျက်နှာပူရတာ များလွန်းလို့ မှတ်တောင်မမှတ်မိတော့။ “တရက်နှစ်ရက်လောက်တော့ ခင်ဗျားစောင့်ဗျာ။ ဘာလုပ်လို့ရမလဲ ဆိုတာ ကျနော်ကြည့်ဦးမယ်” လို့ ကျနော်က ကိုငြိမ်းကို နှစ်သိမ့်လိုက်ပါတယ်။

၎။

နောက်နှစ်ရက်အကြာ၊ အဲန်အယ်လ်ဒီ ရုံးနေရာ။ “လေးလေး၊ လေးလေးတို့ရုံးက အစည်းဝေးခန်းမှာထားဖို့ စားပွဲနဲ့ ကုလားထိုင်တွေလိုလို့ဆို” ဟု ကျနော်က မန္တလေး ဦးမြင့်အောင် (ယခုကွယ်လွန်) ကို မေးပါတယ်။ သူ ကလည်း “ဟုတ်တယ်၊ ခင်ဗျားတို့ လုပ်တတ်တယ်ဆိုရင် ဈေးလည်းသိပ်မကြီးဘူးဆိုရင် ၀ယ်ချင်တယ်ဗျာ” လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း အကွက်တခုတော့ဆိုက်ပြီဆိုတာ ချက်ခနဲ သဘောပေါက်လိုက်တယ်။ “ဒါဖြင့်ရင် တခြားဘယ်သူ့ကိုမှ မှာမနေနဲ့တော့ ကျနော်တို့ဆီမှာ စားပွဲကုလားထိုင် လုပ်တတ်တဲ့သူရှိတယ်” လို့ ကျနော်ကပြောတော့ ဦးမြင့်အောင်က “ဘယ်သူတုန်းဗျ” ဆိုပြီး မေးလာတယ်။ ကျနော်က “လေးလေး သိတယ် မဟုတ်လား။ တပ်ခွဲမှူး ကိုငြိမ်းလေ” ဆိုပြီး လိမ်ပြောလိုက်တယ်။ ဦးမြင့်အောင်က “သြော် .. ကျနော် ကိုငြိမ်းကို သိတာပေါ့၊ ဒါပေမယ့် သူလက်သမား လုပ်တတ်မှန်းမသိဖူး” လို့ ပြန်ပြောတယ်။ “ကိုင်း ... လေးလေးသာ ကျနော့်ကို စရန်ငွေ ဘတ်ငါးရာလောက် ပေးလိုက်” ဆိုပြီး ကျနော်က တောင်းလိုက်တယ်။ ဦးမြင့်အောင်က သဘောတူတယ်။ စားပွဲရှည်တလုံး ထိုင်ခုံခြောက်လုံးအတွက် ဘတ်ငွေ တထောင့်ငါးရာနဲ့ ဈေးတည့်လာခဲ့တယ်။

အဲဒီတုန်းက ကျနော့်တို့ ကျောင်းသားဌာနချုပ်ရုံးအနားက ကျောင်းသားတပ်မတော် တပ်ရင်း (၂၀၈) မှာ စားပွဲတွေ ကုလားထိုင်တွေကို ပကာသားတွေနဲ့လုပ်ပြီး အပိုဝင်ငွေရှာတဲ့ အသက်ကြီးကြီး အိမ်ထောင်သည် ကျောင်းသားတပ်ဖွဲ့ဝင်တဦး ရှိတယ်။ ကျနော် သူနဲ့ညှိလိုက်တယ်။ အဲန်အယ်လ်ဒီက မှာတယ်လို့တော့ သူ့ကို မပြောပါဖူး။

“ဘယ်လိုလဲ ဘဲကြီး၊ ထူးသလား” လို့ ကိုငြိမ်းက ကျနော့်ကိုမေးတယ်။ ကျနော်က “ထူးတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ ခင်ဗျားမပြောနဲ့။ အပြိုင်အဆိုင်တွေ ပေါ်လာမှာစိုးလို့။ ပြီးတော့ ခင်ဗျားက လက်သမား လုပ်တတ်တယ် ဟုတ်ပလား” လို့ဆိုပြီး ကိုငြိမ်းကို ဇာတ်စုံခင်းပြလိုက်တယ်။ ပကာသားဆိုတာက မာနယ်ပလောမှာ ရှာရတာလွယ်တယ်လေ။ ဒါ့ကြောင့်ပါ။ ကိုယ့်ဈေးကွက်ကို သူများ လုသွားမှာကိုလည်း စိုးရိမ်ရသေးတာကိုး။ ပြီးတော့ နှစ်ယောက်စလုံး ငါးခူပြုံးပြုံးပြီး စရန်ရလာတဲ့ငွေနဲ့ အနောမြောင်းမြဆိုင်ကို ချီတက်ခဲ့ကြတယ်။

၅။

နောက်တပတ်အကြာ “ကိုငြိမ်း ရယ်ဒီပဲလား” လို့ ကျနော်ကမေးတော့ သူက လုပ်လိုက်လေဆိုတဲ့ မျက်နှာပေးနဲ့ ပြန်ဖြေပါတယ်။ ဒါနဲ့ တပ်ရင်း (၂၀၈) ကုန်းကနေ အဲန်အယ်လ်ဒီ ရုံးခန်းကို ပထမဆုံး စားပွဲရှည်ကြီးကို စသယ်ပါတယ်။ စားပွဲကြီးက နှစ်ယောက်သယ်တာတောင် အတော်လေးပါတယ်။ တခြားရဲဘော်များကို အကူအညီတောင်းရင် ဝေစုနည်းသွားမှာစိုးလို့ နှစ်ယောက်ထဲပဲ စားပွဲကြီးကို သယ်လာလိုက်တာ တနာရီလောက် ကြာမှ အဲန်အယ်လ်ဒီရုံးခန်းကို ရောက်ပါတော့တယ်။ လမ်းမှာက ဗွက်တွေကလည်း ထူဆိုတော့ နားရတာ ခဏ ခဏပါပဲ။ နောက် ကုလားထိုင်ခြောက်လုံးကို သုံးလုံးစီ ၀ါးလုံးရှည်နဲ့လျှိုပြီး နှစ်ခေါက်စီ ခွဲသယ်ရပါတယ်။ ပကာသားနဲ့လုပ်တာဆိုပေမယ့် လေးလိုက်တဲ့ဟာတွေ။

ပင်ပန်းရကျိုးနပ်ပါတယ်။ ချုပ်လိုက်ရင် ကျနော်တို့နှစ်ယောက်ရဲ့ အသားတင်အမြတ်ဟာ ဘတ်ငါးရာလောက် ရှိပါတယ်။ ဟိုဆိုင်ဒီဆိုင်မှာတင်နေတဲ့ ကော်ဖီအကြွေးတွေကိုဆပ်ပြီး ကိုငြိမ်းနဲ့ ကျနော် ရက်အတော်ကြာတဲ့ အထိ အောင်ပွဲခံနေပါတယ်။ ကော်ဖီတခွက်မှ နှစ်ဘတ်ဆိုတော့ ကျန်တဲ့ နီးစပ်တဲ့ရဲဘော်များကိုလည်း ဒကာခံနိုင်ပါသေးတယ်။ နှစ်ယောက်စလုံးလည်း တဆိုင်ပြီးတဆိုင်ပြောင်းပြီး တရက်ကို ကော်ဖီလေးငါးခွက် သောက်တဲ့အထိ ဖြစ်လာပါတယ်။

ခါတိုင်းဆိုရင် ကရင်လို “ညာသို” လို့ခေါ်တဲ့ လက်လိပ်ဆေးလိပ်ကို အသောက်များပေမယ့် အဲသည့် ရက်တွေ မှာတော့ နှစ်ယောက်သား ထိုင်းနိုင်ငံလုပ် စီးကရက် တဖွားဖွားနဲ့၊ ကြည့်တောင်ကောင်းသေးတော့။ ပြီးတော့ “ဖဒိုဝှီး” (နောက်ပိုင်းကွယ်လွန်) ဆိုတဲ့ ကေအဲန်ယူက ဗဟိုကော်မတီ လူကြီးတဦးကလည်း လဖက်ရည်ဆိုင်လေးတခု သောင်ရင်းမြစ်ကမ်းမှာ ကဗျာဆန်ဆန် မေးတင်ပြီး ဖွင့်ထားပါတယ်။ သူ့ဆိုင်မှာက တခါတရံ ၀က် ၏သားပေါက်စီတို့၊ ပဲပလာတာတို့ ရတတ်ပါတယ်။ ဘယ်အလွတ်ပေးမလဲ အဲသည့်ဆိုင်မှာလည်း သွားစားပြီး ဖင် ဂျွတ်တက်အောင်ထိုင်ကြတာကို မှတ်မိသေးတယ်။ စစ်အေးကာလ ဇိမ်ခံနည်းတမျိုးလို့ ဆိုမလားပဲ။

၆။

အဲသည့်အချိန်တုန်းက ကိုငြိမ်းက မောင်ငြိမ်းလူ (ဟယ်လ်ပင်) ဆိုတဲ့ ကလောင်နဲ့ အားရင်အားသလို ကဗျာတွေလည်း ရေးတယ်။ ကိုငြိမ်းပြောပြဖူးတာရှိတယ်။ သူ ဆယ်ကျော်သက်တုန်းက အစိုးရစစ်တပ်ထဲမှာ ရဲဘော် အနေနဲ့ ၀င်ခဲ့ဖူးတယ်။ အဲသည်တုန်းကတည်းက တိုက်ပွဲအတွေ့အကြုံတွေရှိခဲ့တယ်။ နောက်တော့ သူ့အဖေက (ဒု-ဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလား မမှတ်မိတော့) တပ်ကရအောင်နုတ်ပြီး နိုင်ငံခြားသင်္ဘော လိုက်ဖို့လား ဘာလားတော့မသိ။ ဘန်ကောက်ကို ပတ်စ်ပို့နဲ့ လွှတ်လိုက်တာ။

ရန်ကုန်ကတည်းကသိနေတဲ့ အမောင်ကျောင်းသားတချို့နဲ့ ဘန်ကောက်မှာ ပေါင်းမိပြီး ကျောင်းသား တပ်မတော်မှာ တာဝန်ထမ်းမယ်ဆိုပြီး နယ်စပ်ကိုရောက်လာတာ။ သူနဲ့ ဘန်ကောက်မှာ အတူနေနေတဲ့ ကျောင်းသားတချို့က ကိုငြိမ်းက လူကောင်သေးတော့ တောထဲမှာ မဖြစ်ပါဘူးဆိုပြီး မလိုက်နဲ့လို့ ပြောသေးတယ်တဲ့။ “နယ်စပ်ဆင်းတော့မယ်ဆိုတော့ ကျနော့်ကို ကိုခန့်ကြီးက (တာမွေက မောင်ခန့်လို့ လူသိများ) ပြောတယ်ဗျ။ ဒီကောင်လေး တောထဲမှာ ဘာလိုက်လုပ်မှာလဲ။ ပန်းတွေနဲ့ ပေါက်တမ်း ကစားနေတာမဟုတ်ဘူး။ သေနတ်တွေ ကျည်ဆံတွေနဲ့ စစ်တိုက်နေတာလို့ ပြောတယ်ဗျ” ဟု ကိုငြိမ်းက ရယ်မော၍ ကျနော့်ကို ပြောပြဖူးတယ်။ ကိုခန့်တယောက်လည်း ဆုံးသွားတာကြာပါပြီ။

ကိုငြိမ်းဟာ သူမှန်တယ်ထင်လို့ လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို သူတတ်နိုင်သလောက် ရသလောက် နောက်ဆုံးကွယ်လွန်သည်အထိ လုပ်ခဲ့တယ်။ ရလိုမှုကြောင့် နိုင်ငံရေး မကစားဖူး၊ သူများအပေါ်မှာလည်း တကျီကျီ လုပ်နေတဲ့ လူစားမျိုးမဟုတ်ဖူး။ စောတော့စောလွန်းသေးတယ်၊ ဒါပေမယ့် သွားပြီဆိုတော့လည်း သွားနှင့်တော့ ကိုငြိမ်း ...။

ဇော်မင်း (လူ့ဘောင်သစ်)
(၃၀) ရက် ဧပြီလ ၂၀၁၀ ခုနှစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...