Monday, April 28, 2014

ဝင်းယော်မှာ မိုးတွေသည်းနေပြီ … ကိုငြိမ်း



(က)

တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော့်အိမ်သို့ ရောက်လာ၏။ ကျနော်က အိမ်တွင် မရှိ …။ သူ စတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင် ရောက်နေသည်။ အိမ်နှင့်စာကြည့်တိုက်က မဝေး …။ သူ … စာကြည့်တိုက်သို့ လိုက်လာ၏။


“အိမ်ရောက်သွားသေးတယ် … ခင်ဗျား စာကြည့်တိုက်မှာဆိုလို့ လိုက်လာတာ …”

ကျနော့်အနားတွင် ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင် … သူ၏ နှုတ်ခမ်းထူထူမဲမဲကြီးအားစူ၍ လေပူတချက်အား မှုတ်ထုတ်ရင်း …

“ပူလိုက်တာ …” ဟု မဟတဟ ညည်း၏။

အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့် သီးနေ၏။ ကြိုးကျဲကျဲ … မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။

သူထံမှ ချဉ်စူးစူးအနံ့ ရ၏။

ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီ နက်ပြာရောင်၏အောက်တွင် သူ၏ ကိုယ်ခန္ဓာသည် သေးသွယ်ပိန်လှီလွန်း၍နေသည်။ ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီက ဆေးလိပ်မီးပေါက်ရာများနှင့် …။

“ခင်ဗျားကို ကဗျာလာပေးတာ …”

ဟု ပြောရင်း … သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ ရှာနေသည်။

ကျနော်က …

“ဟေ့ လူ … ခေါင်းစဉ်ရော ပါရဲ့လား” ဟု ပြောတော့ …

သူ … ဟက်ဟက်ပက်ပက်ရယ်၏။ ကျယ်ကျယ်လောင်လောင် …။ ရယ်ရင်း …

“ဒီတခါတော့ ပါတယ် … ပါတယ်” ဟု ပြော၏။

စကားသံနှင့် ရယ်မောသံက လုံးလုံးထွေးထွေး။ သူ … ထိုသို့ရယ်ပြီးဆိုလျှင် …၊ နေပူခံဝမ်းစာအား ပြည့်ပြည့်ဝဝ၊ သူ … ရထားပြီးဖြစ်သည်ကို ကျနော် သိ၏။

လွန်ခဲ့သည့် ၃ လ ခန့်က သူ … ကျနော်အား ကဗျာတပုဒ် လာပေး၏။ ကျနော် စီစဉ်လုပ်ကိုင်နေသည့် လစဉ်ထုတ်ဂျာနယ်အတွက် ဖြစ်သည်။

နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့ နှင်းဆီ ပန်မိတယ်။

ညတွေကို မတွေ့ချင်တော့ဘူး
အရေးရယ် အကြောင်းရယ် ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။

အရှေ့လေတွေ ပေါက်နေတယ်
ဒါပေမယ့်
ရယ်စရာ စကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း …။

မင်းလာတာ နောက်ကျတယ်
ပေါင်းမသင်ရတဲ့ မြက်တွေ
ခပ်ရှည်ရှည်ပဲ လွမ်းကြမယ်
ကောင်းကင်က ငှက်တွေ
ပျံသန်းကြဦးမှာ။ ။

ငြိမ်းလူ

ကဗျာက လှ၏။ သို့သော် … ခေါင်းစဉ်က မပါ။

“ဟေ့လူ … ခင်ဗျာ့ကဗျာက ခေါင်းစဉ်လည်း မပါဘူး။ ဘယ်လိုလုပ်မလဲ …”

ကျနော့်စကားကြောင့် … သူ့ကဗျာအား သူပြန်ကြည့်၏။ ခေါင်းစဉ်က မပါ …။ နောက်ပိုင်းတွင်မှ သူ့ကဗျာ၏ ခေါင်းစဉ်အား တယ်လီဖုန်းနှင့် ကျနော့်အား ပြော၏။

‘သို့ … ဖန်သီကျူရင်’

ဤအတွက် … ခင်ဗျာ့ကဗျာက ခေါင်းစဉ်ပါရဲ့လားဟု ကျနော့်အပြောအား သူရယ်မောခြင်း ဖြစ်၏။
သူ့လွယ်အိတ်အတွင်းမှ ကွန်ပြူတာနှင့် ရိုက်ထားသည် ကဗျာစာရွက် ၃ ရွက်အား ထုတ်ပေး၏။

‘ပြောင်းခင်းထဲကနေ (သို့) ရင့်မည့်စေသော စာမျက်နှာ’

ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။

သူ၏ ကဗျာစာရွက်အား ကျနော့်ကိုပေးပြီး သူ အပြင်သို့ထွက်သွား၏။ ကဗျာအား ကျနော်ဖတ်နေစဉ်မှာပင်၊ သူ … ပြန်ရောက်လာ၏။ လက်ထဲတွင်က နေပူခံပေါင်းခံအရည်နှင့် တုတ်ထိုးသီးထားသည့် မရမ်းကင် တထုပ် ….။

သူ … တန်ခူးနွေအား အံတု၍နေ၏။

(ခ)

ကျနော် သူနှင့် စတင်သိကျွမ်းပြီး တွဲခဲ့ကြရသည့် အချိန်ကာလများစွာက …. ကြောပိုးအိတ်တလုံး၊ သေနတ်တလက်စီနှင့် နေခဲ့ကြရသည့်အချိန်များက များသည်။ ၁၉၉၆ ခုနှစ်တွင် စခန်းသစ်၌ သူနှင့် ကျနော် စတင်၍ တွေ့ဆုံသိကျွမ်းခဲ့ကြ၏။

ထိုစဉ်က … သူသည် စစ်အုပ်စု၏ ရေး-ထားဝယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်နေသည့် စီမံကိန်းနှင့် ပတ်သက်၍ ‘လျှို့ဝှက်အော်ပရေးရှင်း’ တခုအား ဆောင်ရွက်နေသည်။ သူ၏ ‘အော်ပရေးရှင်း’ အား လျှို့ဝှက်ရေးမူအရ ကျနော် မမေး …။ သူကလည်း မပြော …။ သူလိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင်
…. တတ်နိုင်သ၍ ဆက်စပ်၍ ရှာဖွေ စုဆောင်းပေးခဲ့၏။

အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူ အလုပ်များနေခဲ့၏။

ထိုစဉ်က … သူသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) မှ တပ်ဖွဲ့ဝင်တပ်မှူးတဦး ဖြစ်သော်လည်း … မဟောသဓာဇာတ်တော်လာ ‘သားလုခန်း’ မှ မိခင်ရင်းဘဝနှင့် နေရသည့်ကာလ …။ (P.D.F) မှန်နန်းဆောင်၏ အပြင်တွင်ရောက်နေသည့် အချိန် …။

(ဂ)

ကျနော်က … သူ့အား ကဗျာဆရာတဦးအဖြစ်နှင့် မကျွမ်းဝင် … မမြင်မိ။ စစ်သား … လက်နက်ကိုင် တော်လှန်ရေးသမားတဦးအဖြစ်နှင့်သာ မြင်မိ၏။ သူက … ‘ဒေါင်းအိုးဝေ’ တွင် ကဗျာများ ရေးနေပြီဖြစ်သည်။ ကျနော်က သူ့ကဗျာများအား ‘ဒေါင်းအိုးဝေ’ တွင်ရှာပြီး တခုတ်တရလည်း မဖတ်ဖြစ်ခဲ့ …။ သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့် ‘ဒေါင်းအိုးဝေ’ စာစောင်များအား မှတ်မှတ်ရရ သိမ်းဆည်းမထား …။

စစ်အေး၍ ရွာအနီး ဆေးကိုင်းတဲလေးတတဲထဲတွင် အေးအေးလူလူ နားနေနိုင်ပြီး စကားကောင်းကြသည့် ဆည်းဆာများတွင် ကျနော်တို့ ကဗျာအား အမြည်းလုပ်မိကြသည့်အခါများတွင် သူသည် … ဆရာမောင်သာနိုး၏ ‘ထင်းရှုးပင်ရိပ်’ အား မကြာ၊ မကြာ ကောက်၊ ကောက်ကိုင်တတ်၏။ ပြီးလျှင် … ‘မာယာကော့စကီး’ ၏ ကဗျာများအား တပုဒ်ပြီးတပုဒ် သူ ရွတ်ပြတတ်၏။

ဤတွင် …. ကျနော်တို့အထဲမှ ကျောင်းသားတပ်မတော်မှ တပ်မှူးတဦးက …

“ဟေ့လူ … ခင်ဗျား … ရုရှားကဗျာတွေကလွဲပြီး တခြားကဗျာတွေအကြောင်းလည်း ပြောအုံးဗျာ” ဟု နောက်လျှင် … သူသည် မကျေမနပ်နှင့် …။

“ခင်ဗျားတို့ ကျနော့်ကို ဝိုင်းမြည်းကြတာပေါ့လေ” ဟု မကျေမနပ်နှင့်ပြောပြီး …. ကွမ်းသီးဖပ်၊ ဖက်ဖြူလိပ်တိုအား မီးညှိ၍ တွင်တွင်ဖွာနေတတ်၏။

(ဃ)

၁၉၉၇ ခုနှစ် …။

ရန်သူ့ထိုးစစ်ကြောင့် KNU ဒူးပလာယာခရိုင်၏ အခြေခံဒေသကြီးတခုလုံး ကျဆုံးခဲ့ရ၏။ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်မှူးသမူဟဲနှင့် တပ်ခွဲမှူးအချို့ ရန်သူ့ထံ၌ လက်နက်ချ အညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှ တပ်ခွဲမှူး ဗိုလ်လေးဝါးသည်လည်း ရန်သူနှင့် ပေါင်းလိုက်၏။ KNLA တပ်ရင်း ၁၆ နှင့် ဗိုလ်လေးဝါး၏ တပ်ခွဲလှုပ်ရှားမှုဒေသက … KNU ဒူးပလာယာခရိုင်၏ ဝင်းယော်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း၌ ဖြစ်သည်။

ပြီးလျှင် … ဝင်းယော်မြို့နယ် ဥက္ကဋ္ဌ မန်းတင်ငြိမ်းချမ်းနှင့် မန်းအောင်တင်မြင့်တို့ DKBA နှင့် ပူးပေါင်းလိုက်ကြပြန်၏။ မန်းအောင်တင်မြင့်က KNU ဒူးပလာယာခရိုင်၏ ခရိုင်အလုပ်မှုဆောင်အဖွဲ့ဝင် တဦးဖြစ်ပြီး ဝင်းယော်နှင့် ကြာအင်းမြို့နယ်အတွင်း စည်းရုံးရေး၊ နိုင်ငံရေးအရ သြဇာရှိခဲ့သည့်သူ ဖြစ်သည်။

လက်နက်ချ အညံ့ခံမှုများကြောင့် ဝင်းယော်မြို့နယ်အတွင်း KNU ၏ အုပ်ချုပ်ရေး၊ စည်းရုံးရေးအခြေအနေသည် လူထုအတွင်း ယိမ်းယိုင်၍သွား၏။ လူထုက ဝေဝါး၍နေ၏။ စစ်ရေးတွင်လည်း KNLA တပ်ရင်း ၁၆ မှ စောသမူနှင့် မပါသွားသည့် ဗိုလ်တင်လှိုင်၏ တပ်ခွဲ ၅ နှင့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲ ၃ နှစ်ခွဲသာ ကျန်ရှိ၏။ တပ်ခွဲဟုသာ ဆိုရသည်။ အင်အားက ၂ဝ မျှပင် မပြည့်ချင် …။

မဟာမိတ်ဟူ၍က … ကျနော်တို့အဖွဲ့နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့သာ ရှိ၏။ ကျနော်တို့ အဖွဲ့များကလည်း စစ်ရေးအရ ပံ့ပိုးပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ မရှိ …။ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဝါဒဖြန့်ချိရေးအရသာ ဝင်းယော်မြို့နယ် KNU အုပ်ချုပ်ရေးအဖွဲ့အား ပံ့ပိုးနိုင်၏။

ထိုအခြေအနေတွင် … သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တဖွဲ့လုံး … လက်နက်အင်အား၊ ကျည်အင်အား အပြည့်အစုံနှင့် ဝင်းယော်ဒေသအတွင်းသို့ ဆင်းလာ၏။ ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီး စစ်ရေးအရ တိုက်ပွဲများဆင်နွှဲပြီး … အခြေခံဒေသအား ပြန်တည်ဆောက်ကြ၏။ လူထု၏ ယုံကြည်မှုအား ပြန်တည်ဆောက်ကြ၏။

(င)

ချောင်းနှစ်ခွနှင့် မုဒုံ ကားလမ်းအပိုင်းတွင် စခန်းမှူး ဒုရဲအုပ် ဦးစီးသည့် ကဒါ ရဲစခန်း ရှိသည်။ ရဲတပ်သားအင်အား ၁၅ ဦး ခန့်ရှိသည့် စခန်းဖြစ်သည်။ ကဒါ ရဲစခန်းက နာမည်ဆိုးနှင့် ကျော်ကြား၏။ ခရီးသည်များအား အစစ်အဆေး ကြမ်း၏။ အတောင်းအရမ်း ဆိုး၏။ ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ပြန်ဆင်းလာသည့် ခရီးသည်များဟု ယူဆရသူဟုထင်လျှင် … ကားပေါ်မှ ဆွဲချထား၏။ ပြီးလျှင် … နင့်နင့်ပိုးပိုးရမှ ပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း … ရွှေငွေ၊ ပစ္စည်းများအား ချွတ်၍ယူ၏။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြပြီး နေရပ်သို့ပြန်ကြသည့်သူများက … မိုးအခါတွင် စံခရဘူရီ၊ ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်း ချောင်းနှစ်ခွသို့စုန်ဆင်းပြီး … ချောင်းနှစ်ခွမှ မုဒုံသို့ မော်တော်ယာဉ်နှင့် တဆင့်ခရီးဆက်ကြရ၏။ ဤတွင် … ကဒါ ရဲစခန်းသည် ‘ကတွက်ပေါက်’ မှစောင့်နေသည့် ဗျိုင်းပမာ …။

သို့နှင့် … လူထုသည် မခံနိုင်တော့ …။ ကဒါ ရဲစခန်းအား တိုက်ခိုက်ပါရန် တော်လှန်ရေးတပ်သားတို့အား တောင်းဆိုလာကြ၏။ ဤတွင် … ကဒါ ရဲစခန်းအား တိုက်ခိုက်ရန် သူ … စီမံတော့၏။

ပထမ … ကဒါ ရဲစခန်းနှင့်ပတ်သတ်သည့် သတင်းများအား စုံစမ်း၏။ အဝင်အထွက် လှုပ်ရှားမှုအား လေ့လာ၏။ စစ်ကူလာနိုင်မည့် တပ်အခြေအနေအား အကဲဖြတ်၏။ ပြီးလျှင် … စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့အား ဖွဲ့စည်း၏။ စခန်းသိမ်းတိုက်ခိုက်မည့်တပ်ဖွဲ့၏ ဝင်လမ်း-ဆုတ်လမ်းအား ရွေးချယ်၏။ မိမိဘက်မှ စစ်ကူပေးနိုင်မည့် တပ်ဖွဲ့၏ အင်အားနှင့် လှုပ်ရှားနယ်မြေအား သတ်မှတ်၏။ အားလုံးပြီးပြည့်စုံသည်နှင့် … သူ၏ ကဒါ ရဲစခန်းသိမ်းပိုက်ရေး စစ်ဆင်ရေးအား စတင်သည်။

မိုးရေများအောက်၌ သူ၏စစ်ကြောင်း ခရီးထွက်သွား၏။ ဇမိမြစ်ရေနှင့် ဝင်းယော်ချောင်းရေတို့က လျှံ၍နေသည်။ လယ်ကွင်းများက ရေပင်လယ်ကြီးအလား …။ ရင်စို့မျှရှိသည့် ရေပြင်အား တရွေ့ရွေ့နှင့်ဖြတ်၍ ကဒါ ရဲစခန်းဆီသို့ ချီကြရ၏။ ကဒါ ရဲစခန်းအား သူ၏ဦးဆောင်မှုနှင့် သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံအား သိမ်းပိုက်ပြီး သူတို့ ပြန်ဆုတ်လာခဲ့ကြသည်။ ကဒါ ရဲစခန်းမှ သိမ်းယူရရှိခဲ့သည့် လက်နက်ငယ်မျိုးစုံတွင် … ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ‘ဘရင်းဂန်း’ ကြီး တလက်လည်း ပါ၏။

ကျနော်တို့က … ‘ဘရင်းဂန်း’ ကြီးအား ကြည့်ပြီး …

“ခင်ဗျား … ဗျာ ရဲတွေကို အနိုင်ကျင့်ပြီး … စစ်သမိုင်းပြတိုက်မှာထားရမယ့် …. ရှေ့ဟောင်းပစ္စည်းကြီးကို မိုးထဲ၊ ရေထဲ အလေးခံပြီး ယူလာတယ်”

ဟု သူ့အား ဝိုင်းနောက်ကြ၏။ သူကား … ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အား ကျိုက်ရင်း …

“ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ပြောပေါ့ …။ အခုတော့ … မြည်းစရာက … ဘရင်းဂန်းရယ်၊ မောင်ငြိမ်းရယ် ရသွားပြီပေါ့…”

ဟု သူ့ … နှုတ်ခမ်းမဲမဲထူထူကြီးအား လှုပ်၍ ဗလုံးဗထွေးနှင့် ပြော၏။

ဝင်းယော်ချောင်းရေက … အတီးထော်ဒီ … ၏ တဲခြေရင်းအထိ လျှံ၍တက်နေသည်။ ဝင်းယော်ရေစီးအောက်၌ မိုးမခပင်တို့က ယိမ်း၍နေ၏။ ခဏငယ်အတွင်း ရေပြင်အောက်သို့ မြုပ်သွားလိုက် … ခဏငယ်အတွင်း ရေပြင်ပေါ်သို့ ပြန်၍ပေါ်လာလိုက်နှင့် ….။ သည်းနေသော မိုးက လျှပ်ပန်းလျှပ်နွယ်တို့နှင့် ဝင်းဝင်းပြက်ပြက် …။ လေအဝှေ့ကြောင့် အတီးထော်ဒီတဲအတွင်းသို့ မိုးရေစက်တို့ တိုးဝင်လာသည်။ တဲကြမ်းပြင်တခုလုံး စိုစိုရွဲသွား၏။

ဝင်းယော်မှာ မိုးတွေသည်းနေပြီ … ကိုငြိမ်း ….။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...