Sunday, March 30, 2014

မဆလစိတ်ဓါတ်က ရုန်းမထွက်နိုင်တဲ့ မြန်မာပြည်


Bo K Nyein March 28, 2014 at 7:33pm


ကျနော်တို့မြန်မာလူမျိုးတွေရဲ့ အကျင့်ကကြီးကြီးကျယ်ကျယ်ပြောတတ်ကြတယ်။ သခင်စိုးလက်ထက်က တည်းမာ့က်စ်ဝါဒကိုမြန်မာမှုပြုရာမှာလူနားမလည်နိုင်တဲ့ပုတ်လောက်ရှိတဲ့ဧရာမစကားလုံးကြီးနဲ့လူအထင် ကြီးအောင်ခက်ပဆိုတဲ့ပါဠိ စကားလုံးကြီးတွေကိုဆွဲယူလာကြတယ်။အမှန်တကယ်တော့ဖတ်ရတဲ့သူတွေ လူအများစုလည်းနားလည်ကြတာမဟုတ်ပါဖူး။များများနီတာနဲ့ရဲရဲနီတာသာကွာကြတဲ့ခေတ်မှာမာ့က်စ်က
ဘာပြောတယ် လီနင်ကဘာပြောတယ်၊ စတာလင်ကဘာပြောတယ်ဆိုပြီး ဟိတ်နဲ့ဟန်နဲ့ သာဖြီး စားနေကြတာပါ၊ တကယ်မူရင်းစာတွေဖတ်ပြီးနားလည်ကြတာလူနဲစုလောက်ပဲရှိတာပါ။ အများကတော့
ယောင် ယောင်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှဆိုရှယ်လစ်စနစ်ကိုတကယ်လက်တွေ့၊ အတွေ့အကြုံ ရှိကြတာမဟုတ်။ စိတ်ကူးနဲ့ရမ်းသန်း (နီ)နေကြတာပါ။

မာ့က်စ်ဝါဒကိုတကယ်ပညာတတ်အဆင့်နားလည်ဖို့ရာဒဿန၊နိုင်ငံရေး၊စီးပွားရေးအားလုံးကိုညက်ညက် ကြေအောင်ကျွမ်းကျွမ်းကျင်ကျင်လေ့လာပြီးမှမာ့က်ဝါဒကိုလေ့လာမှသာဖက်စုံကတကယ်နားလည်
နိုင်ကြ မှာပါ။ သခင်စိုးကြီးကိုယ်တိုင်စီးပွားရေးကိုနက်နက်နဲနဲလေ့လာဖူးတယ်မထင်ပါ။ နားလည်ရင် Das Kapital ကို ရေးပြနိုင်ရမှာပေါ့။ သခင်စိုးကြီးကအနုပဋိလောမရုပ်ဝါဒဆို ပြီး
Dialectical Materialism ကိုဘာသာပြန်
လိုက် တော့၊ ဘာမှန်းအသေအခြာမသိကြပေမဲ့ ဒို့ဆရာကြီးပြောတာမှန်တယ်ဆိုပြီးလိုက်ယောင် လိုက်ကြ တယ်လို့ပဲထင်မိတယ်။

မာ့က်စ်က ပစ္စည်းမဲ့အာဏါရှင်စနစ်ကိုထူထောင်ရမယ်ပဲဆိုခဲ့တာပါ။ ဘယ်လိုထူထောင်ရမယ်ဆိုတာကိုအ
သေးစိပ်မပြောနိုင်ခဲ့ပါ။ သူတို့မြင်နေတာက ပြင်သစ်တော်လှန်ရေးက ပဲရစ်ဘုံစနစ် (Paris Commune)။  တကယ်အကောင်အထည်ဖေါ်ခဲ့တာက လီနင်ပါ။
၁၉၁၇ အောက်တိုဘာတော်လှန်ရေးကို အောင်မြင် အောင်ဦးဆောင်ခဲ့တာကလီနင်။ ဒါကြောင့်
လီနင်က ဗဟိုဦးစီးစနစ်လို့ကြွေးကျော်ကြတဲ့ Democratic Centralization ကိုရေးပြခဲ့တာပါ။ ဒါကြောင့်
မာ့က်စ်ဝါဒနဲ့ လီနင်ဝါဒ (Marxism & Leninism) ပေါင်းမှ ကွန်မြူနစ်စနစ်ဖြစ်လာတာပါ။


အခုခေတ်မှာခေတ်စားနေတာက Representative Democracy လို့ခေါ်တဲ့ (ကိုယ်စားပြု)  ဒီမိုကရေစီပါ။ ကိုယ်စားပြုဒီမိုကရေစီဆိုတာကပြည်သူတွေကမိမိကိုယ်စားလှယ်တွေကိုရွေးချယ်ခွင့်ရှိတဲ့ ဒီမိုကရေစီ။
လီနင်တို့ယုံတဲ့ဒီမိုကရေစီက Participatory Democracy လို့ခေါ်တဲ့(ပါဝင်မှု) ဒီမိုကရေစီ။
ကွာဒါက လီနင်ရဲ့ဒီမိုကရေစီမှာ ပြည်သူတွေကထိုက်ရိုက်ရွေးချယ်ခွင့်မရှိဖူး။ ဦးဆောင်ပါတီက အာဏါရှင်စနစ်နဲ့အုပ်ချုပ်ပြီး ပါတီတွင်းခေါင်းဆောင်ကိုသာ၊ ပါတီကိုယ်စားလှယ်တွေကရွေးချယ်ခွင့်ပြုတဲ့ (ပါတီတွင်း)ဒီမိုကရေစီဖြစ်တယ်။ လီနင်က ဒီမိုကရေစီရှိအောင်အာဏါကိုပါတီဗဟိုကော်မီတီမှာ အပ်နှံထားပြီးဗဟိုကော် မီတီကမှပေါ်လစ် ဗျူရိုကိုရွေးချယ်စေဖို့ပါ။ ဒါကြောင့် “ဗဟိုဦစီး” လို့ခေါ်ကြတာပါလီနင်ကစေတာနာမှန်တယ်။ ဒါပေမဲ့လီနင်သေသွားတော့ စတာလင်တက်လာပြီး အာဏါအားလုံးကိုချုပ်ထိန်းလိုက်တာမို့တကယ်တော့ဗဟိုဦးစီးစနစ် ဆိုတာ
ပစ္စည်းမဲ့အမည်ခံ၊ ပါတီအမည်ခံထားတဲ့၊ လူတဦးအာဏါရှင်စနစ်လာဖြစ်တာပါပဲ။


ဗိုလ်ချုပ်ကြီးနေ၀င်းဟာ၁၉၆၂ခုနှစ်မှာ စစ်တပ်နဲ့
အာဏါသိမ်းပြိးပြီးတဲ့နောက်မှာ စစ်အာဏါရှင်စနစ်ကို တရားဝင်ဖြစ်စေဖို့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတာကိုထူထောင်လာပါတယ်။ ပါတီဆိုတာ
ဝါဒရှိရ မှာမို့ ဦးချစ်လှိုင်ရေးထားတဲ့ မာ့က်စစ်ဝါဒကျမ်းကြီးကို ဗုဒ္ဓဘာသာနဲ့
မဆန့်ကျင်အောင် ယောတော်ရှိလုပ်ပြီး  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီးကြွေးကျော်လာတာပါ။ တကယ်တော့ဦးနေ၀င်းရော ဘယ်စစ်ဗိုလ်မှ ၀ါဒ ဆိုတာကို
စိတ်လည်းမ၀င်စားကြပါဖူး။ နက်နက်နဲနဲလည်းနားမလည်ကြပါဖူး။ စစ်အာဏါရှင်စနစ်ကို တရား ၀င်အောင်ထိန်းကျောင်းပေးဖို့၊ ခွေးအသားကိုဆိတ်ဂေါင်းချိပ်ပြီး ဆိတ်သားဆိုပြီး ညာရောင်းတဲ့ပုံစံပါပဲ။


ကွန်မြူနစ်စနစ်ဆိုတာလယ်သမား၊အလုပ်သမား၊ပစ္စည်းမဲ့လူတန်းစားအတွက်ဆိုပြီး(အားလုံး)ကို
(ထိန်းချုပ်) တဲ့စနစ်ပါပဲ။ ဆင်းရဲသားလူတန်းကောင်းစားရေးအတွက်ဆိုပြီး ပစ္စည်းမဲ့အာဏါရှင်စနစ်ကို ထူထောင်ပြီးစီးပွား ရေးအရအာလုံးကိုပြည်သူပိုင်သိမ်း၊ဆိုရှယ်လစ်အရင်းအနှီးကိုစုဆောင်းရမှာကိုး။ ဦးနေ၀င်းဟာနိုင်ငံရေးအာ ဏါကိုသာထိန်းချုပ်လိုသည်မဟုတ်၊ စီးပွားရေးအာဏါကိုလည်းထိန်းချုပ်ပြီး ဆန့်ကျင်သူနိုင်ငံရေးသမားတွေ တုပ်တုပ်မျှမလှုပ်နိုင်အောင်ထိန်းချုပ်ချင်သူကိုး။ အချိုကြိုက်သူ သကာရည်အိုးထဲကျသလို၊ဦးနေ၀င်းအကြိုက် အာလုံးကိုထိန်းချုပ်မှု (Total Control) ကို (ဗဟိုဦးစီးစနစ်)
မှာတွေ့ခဲ့ရတယ်။


ဒါကြောင့်ဦးနေ၀င်းဟာကွန်မြူနစ်တွေရဲ့ ဗဟိုဦးစီးစနစ်ကို မဆလပါတီမှာ ပုံတူကူးချခဲ့ပါတယ်။ ဦးနေ၀င်း
အတွက်နိုင်ငံရေး အမြတ်ထွက်ခဲ့တာကတော့ ကွန်မြူနစ်တွေဟာ ဗဟိုဦးစီးစနစ်ဆိုတာနဲ့ အစုလိုက် အပြုံ လိုက်ဦးနေ၀င်းရဲ့မဆလပါတီကိုကူးပြောင်းလာကြတယ်။ မဆလပါတီမှာ ပထမတန်းစားကေတာတွေက စစ်သားတွေ၊ ဒုတိယတန်းစားကေတာတွေက ကွန်မြူနစ်တွေဖြစ်လာရတယ်။ နောက်ဆုံး
ဗမာပြည်ကြီးကို တက်ညီလက်ညီဖျက်စီးပစ်ခဲ့ကြတာ စစ်သားတွေနဲ့ ကွန်မြူနစ်တွေပဲဖြစ်တယ်။


မာ့က်စ်ဟာ ရုပ်ဝါဒနဲ့ကြည့်တာဖြစ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်လဲမှုတွေ ဖန်တီးပေးရင် စိတ်ပိုင်းဆိုင်ရာ ပြောင်လဲမှုတွေဖြစ်မည်ရယ်လို့ထင်မှတ်ခဲ့တယ်။ နောက်ဆုံးတော့ လူသတ္တ၀ါဆိုတာ (အတ္တ)ကိုမကျော်နိုင် ပါဖူး။ဒါကြောင့် လူတွေစီက( ပိုင်ဆိုင်မှု) ကိုရုပ်သိမ်းပြီး(ပြည်သူပိုင်) ဆိုလိုက်တာနဲ့၊ (အတ္တ)ကိုရှင်သန် ခွင့်မပြုတော့ကြောင့်(ထုတ်လုပ်မှု) ကျဆင်းပြီး(ပစ္စည်း)တွေရှား၊ လူတွေ ဒုက္ခတွေ့ကြ ရတယ်။ ဗုဒ္ဓဘာသာအရ၊လူတွေဟာငါ့လင်၊ငါ့မယား၊ ငါ့သားသမီးဆိုတဲ့ (အတ္တ)ကိုမပယ်နိုင်လို့ (တဏှာ)ငြိပြီး (သံသရာ)လည်နေကြရတာမဟုတ်ပါလား။


ဒီလောက်အပယ်ရခက်တဲ့ (အတ္တ) ကို ရုပ်ပိုင်းဆိုင်ရာ ဖြည့်စည်းမှုတွေပေးပြီးဝါဒ မှိုင်းတိုက်လိုက်တာနဲ့ (လူ) တွေဟာစိတ်ပြောင်းပြီး အများအကျိုးဆောင်မဲ့ သူတော်ကောင်းတွေဖြစ်လာမှာတဲ့လား။ နောက်ဆုံးတော့ မာ့က်စ်ကစိတ်ကူးယဉ်သမား။
ဦနေ၀င်းက (အာဏါ)ကိုချုပ်ကိုင်ချင်သူ။ ဦးဘငြိမ်ကမာ့က်စ်စစ် (Marxist) ၀ါဒီ။ ဦးဘငြိမ်ကတွေ့တွေ့သမျှ၊ ရှိရှိသမျှ၊ပြည်သူပိုင်သိမ်းပြီး ဗမာ့စီးပွားရေးကို ဇွတ်အဓမ္မဆိုရှယ်လစ် လမ်းကြောင်းအပေါ် တင်ခဲ့ကြတယ်။ ။ဖေးမကူညီသူက ကုန်သွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ်တင်ဖေ။ ဗိုလ်မှူး ချုပ်တင်ဖေရဲ့ နိုင်ငံရေးဆရာက ဆိုရှယ်နီဦးကိုကိုကြီး။ဦးဘငြိမ်က ဦးကိုကိုကြီးတို့နဲ့အတူဆိုရှယ်နီ/ပမညတ တွေ။
နောက်ဆုံးတော့ အာဏါလိုချင်သူဦးနေ၀င်းရဲ့ အဆုံအဖြတ်ပါပဲ။


နိုင်ငံတိုင်းမှာ ဗဟိုဦးစီးစနစ် ကြောင့်လူတွေရဲ့စိတ်ဓါတ်တွေဟာ ယိုယွင်းပျက်စီးလာ တတ်ကြတယ်။ ဆိုဗီယက်မှာပဲဖြစ်ဖြစ်၊ တရုတ်ပြည်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ် ၊
ပုံသဏ္ဍန် သာ ကွဲပြားခြားနားနိုင်တယ်။ အတွင်းစိတ်နေစိတ်ထား အနှစ်သာရကတော့
အတူတူပါပဲ။ အဲဒါကတော့အတွင်း (အတ္တစိတ်) ပိုကြီးထွားလာတယ်၊ အဂတိလိုက်စားတဲ့ စိတ်ပိုကြီးထွားလာပါကြတယ်။


အကြောင်းကဒီလိုပါ…. နိုင်ငံရေးအရ ဗဟိုဦးစီးစနစ်ဟာ အာဏါရှင်စနစ်ကို ထူထောင်ဖို့ရာ (ထိန်းချုပ်မှု)
ကို တင်းကြပ်ရပါတယ်။ အာလုံး ပါတီဦးဆောင်မှုကိုနာခံကြရပါတယ်။ ပါတီကို (အသိ) ပေးကြရပါတယ်။
ပါတီ ကခွင့်မပြုရင် အိမ်ထောင်ပြုခွင့်ပင်မရကြပါ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီ (ထိန်းချုပ်) မှုမှာ
(အာဏါ) ဆိုတာ (လူ)တဦးတစ်ယောက်ရဲ့ လက်ထဲရောက်သွားရတာပါပဲ။ ဆိုဗီယက်မှာ စတာလင်။ တရုတ်ပြည်ကြီးမှာမော်စီတုံး။ ပါတီ ရဲ့အလိုဆိုတာ ။ ဒီအာဏါရှင်ကြီးတွေရဲ့ (အလို)လာဖြစ်တာပါပဲ။ ဒီလူတွေကိုဖါးပြီးဒူးထောက်တဲ့ သူတွေကို ချီးမြှောက်တယ်။ ဒီလူတွေကို ဆန့်ကျင်တဲ့သူတွေဆို အဖမ်းခံ၊အနှိပ်စက်ခံရပြီး၊တချို့ဆိုအသတ် တောင်ခံကြရတယ်။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းကို သိမ့်သိမ့်တုန်အောင်ကြောက်ကြရတယ်မ ဟုတ်ပါလား။


ပကဓိ အာဏါဟာ အာဏါရှင်ကြီးတွေစီမှာ ရှိကြပေမဲ့ အာဏါဆိုတာ ဆင့်ကဲဆင့်ကဲဆင်းသက်လာတာကိုး။ ဗဟိုဦးစီးစနစ်မှာ အာဏါရှင်စနစ်နဲ့အတူ၊ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုပါကျင့်သုံးကြပြန်တော့၊ ဗဟိုဦစီးစနစ် ကိုကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ပစ္စည်းတွေရှား ၊ ဖြန့်ဝေမှု ကမောက်ကမနဲ့၊ နောက်ဆုံး ဆီဆန်ဆား ကအစ လူသုံးကန်ုပစ္စည်းမှန်သမျှကို ခွဲတန်း (ရာရှင်) စနစ်နဲ့ ဝေပေးရတဲ့
ဘ၀ရောက်ရတာပဲ။ ဒီဝေပေးတဲ့ အာဏါ ဟာ အောက်ဆုံး ရပ်ကွက်အဆင့်မှာဆို မဆလခေတ်က ရပ်ကွက်လူကြီးတွေစီရောက်၊ ပါတီလူကြီးဆိုသူ တွေစီရောက်လာတာပဲမဟုတ်လား။ ဆီလေးတပိဿာ၊ ဆန်လေးတပြည်နှစ်ပြည်ရဖို့၊ တနေကုန်တန်းစီကြ၊ မဲဖေါက်ဝေတော့လည်း ဘယ်သူပေါက်တယ်ထင်သလဲ၊ ရပ်ကွက်လူကြီးတွေရဲ့ အမျိုးတွေပဲလေ။

ရှားပါးမှု နဲ့ (အာဏါ) ပေါင်းစပ်ပေးလိုက်တော့ (လဘ်) ယူမှုဆိုတာပေါ်ပေါက်လာရတော့တာပဲ။


အာလုံးကို ထိန်းချုပ်ထားတော့ ဘာလုပ်လုပ်ခက်ကုန်တာပေါ့။ ဘာလုပ်လုပ် ရပ်ကွက်ကောင်စီက ထောက်ခံစာလိုလာတယ်လေ။ ဒီတော့ ရပ်ကွက်လူကြီးတွေကို မျက်နှာချိုသွေးရ၊ လ္ဘက်ရည်တိုက်ရနဲ့ နောက်ဆုံး လက်မှတ် တစ်ဆောင်ဘယ်လောက်ဆိုတဲ့ လဘ်ပေးစနစ်ပေါ်လာရတယ် မဟုတ်ပါလား။

မြန်မာနိုင်ငံမှာထင်ပဲလား။ စာရေးသူရဲ့ဖခင်ဦးကျော်ငြိမ်းကိုဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် ကရူးရှက် က ဆိုဗီယက်ကိုလာလေ့လာဖို့ဖိတ်ပြီး၊ (၃)လတိတိ၊ ဆိုဗီယက်တခွင်ပြဲပြဲဆင်အောင်လိုက်ပြပါတယ်။ ခရူး ရှက်ကကွန်မြူနစ်စနစ်ကြီးအောင်မြင်နေပုံကို ခေါ်ကြွားတာပါ။ မြင်ခဲ့ရတာကနိုင်ငံတော်ဧည့်သည်ဆိုသူတွေ ကိုဖန်းပြပြီး၊ ပြည်နယ်ခေါင်းးဆောင်တွေ သုံးဖြုန်းဇိမ်ကျနေတာကိုတွေ့ခဲ့ရတယ်။ ဗဟိုဦးစီးစနစ်ရဲ့ အာဏါ ကြောင့်ရှားပါးမှုရဲ့ ရလဒ်တွေလေ။ ဖခင်ကြီးကိုတရုတ်တွေကလည်း (၃)လ လိုက်ပြတာကြောင့် ဗဟိုဦးစီး စနစ်ရဲ့ လက်တွေ့အနိဌါရုံတွေကို ကိုယ်တွေ့ရှုမြင်ခဲ့ရပါတယ်။

အာလုံးရှားပါးလာတော့ (လူ) ဆိုတာ (လူ့) သဘာဝအရ (အတ္တ) စိတ်များလာကြတာပါပဲ။ အားလုံးရှားပါး လာကြတော့ (အပြင်) မှာဈေးကောင်းရတော့ ပစ္စည်းတွေကို နဲနဲဝေ များများ (အပြင်) ထုတ်ရောင်းကြတော့ (မှောင်ခို) ဈေးကွက် ဆိုတာပေါ်ပေါက်လာရတယ်။ (လူ) ရှိသ၍ စားဝတ်နေရေးဆိုတာရှိတာပဲ။ ဒါကြောင့် (လူ) ရှိရင် (လူသုံးကုန်) ပစ္စည်းဆိုတာလိုတာပဲ။ အရင်က မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားတွေ သုံးဖို့ မြန်မာ တွေကိုယ်တိုင်ထုတ်ခွင့်ရတော့ မြန်မာတွေထုတ်၊ မြန်မာတွေသုံး၊ မြန်မာတွေအလုပ်ရ၊ မြန်မာတွေစားနိုင် သောက်နိုင်ချောင်လယ်ခဲ့ကြရတယ်။ ဦးနေ၀င်းနဲ့ ဦးဘငြိမ်တို့ရဲ့ ဆောင်မမှုနဲ့ လုပ်ငန်းတွေပြည်သူပိုင် အ သိမ်းခံရတော့၊ လူတွေပိုင်ဆိုင်မှုဆုံးရှုံးခဲ့ရတယ်။ အစိုးရဆိုတာ စီးပွားရေးနားလည်ကြတာမှ မဟုတ်တာ။ ဒါကြောင့် လုပ်ငန်းတွေရှုံး၊ ကုန်ကြမ်းမရတော့ စက်ရုံတွေပိတ်ရတော့ ပစ္စည်းတွေရှားပါးလာတပေါ့၊။ ပစ္စည်း တွေရှားလာပေမဲ့ (လူ) ဆိုတာ အသက်ရှင်ဖို့၊ ကြံဖန်ရတော့တာပေါ့။ ဒီတော့ မြန်မာနိုင်ငံက ကြောက်သံ ပတ္တမြားစတဲ့ အဖိုးတန်သဘာဝသံယာဇာတတွေထိုင်းနိုင်ငံကို ရောက်ကုန်ပြီး ထိုင်းနိုင်ငံက လူသုံးကုန် ပစ္စည်းတွေ ၀င်လာပြီး ကြားက အစိုးရအာဏါပိုင်တွေ ဂိတ်ကြေးကောက်ခွင့်ရတဲ့ (မှောင်ခို) စနစ်ကြီး၊ ကြီးထွားခဲ့ရတယ်။


ယနေ့ ဂလိုဖယ်လိုင်ဇေးရှင်းခေတ်ရောက်မှာ Outsourcing
လို့ခေါ်တဲ့ (ထုတ်လုပ်မှု) ကိုတခြားနိုင်ငံပို့ တာ ခေတ်စားလာခဲ့ရတယ်။ ဦးနေ၀င်းနဲ့ဦးဘငြိမ် တို့က ရှေးပဝေသဏီကတည်းက မိမိတို့နိုင်ငံမှာ အောင်မြင် နေတဲ့ (ထုတ်လုပ်မှု) ကို ဆိုရှယ်လစ်စနစ်နဲ့ ဖျက်စီးပြီး (ထိုင်း) နိုင်ငံကိုမောင်းထုတ်ခဲ့တယ်။ ရင်နာစရာ ကောင်းတာက မြန်မာနိုင်ငံသားတွေမှာ ပစ္စည်းတွေရှားပါးဆင်းရဲဒုက္ခပင်လယ်ဝေနေကြပေမဲ့ မသုံးလို့မရ၊ မစားလို့မရ၊ ထွက်ပြေးလို့မရခဲ့ကြတာပါ။ ဒါကြောင့်ထိုင်းတွေထုတ်သမျှ၊ ထိုင်းတွေပေးသမျှ ကို (လက်ခံ) ခဲ့ရတယ်။ ငြင်းပယ်ခွင့်မရှိခဲ့ဖူး။ တရုတ်ပြည်ကြီးရော ကုလားပြည်ပါ ဆိုရှယ်လစ်ဆင်းရဲထွင်းဝဲထဲမှာနစ် လျှက်ဆဲ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ အားကိုစရာ ထိုင်းနိုင်ငံပဲရှိခဲ့တယ်။ ဒါကိုအင်္ဂလိပ်လို Captured Market ထွက်မပြေးနိုင်တဲ့ဈေးကွက် ၊ ချည်ပြီးတုတ်ပြီးဈေးကွက် လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ထိုင်း တွေ ပြုသမျှ မြန်မာနိုင်ငံသားတွေ (ခံ)ဖို့ပဲရှိတာပေါ့။ ဦးနေ၀င်းနဲ့ဦးဘငြိမ်တို့ရဲ့ အာဏါရူးမှုနဲ့ မိုက်မဲကြောင့် ဗမာတွေထိုင်းတွေရဲ့ စီးပွားရေးကျွန် (စ) ဖြစ်ခဲ့ရတယ်။ မျိုးချစ်စိတ်နဲ့ကြည့်ရင် ၊ ရင်နာစရာပါ။

 ဦးနေ၀င်းမတိုင်ခင် ပါလီမန်ဒီမိုကရေစီခေတ်မှာ ဆိုရှယ်လစ်ခေတ်ကို ဒီမိုကရေစီ နည်းနဲ့သွားတာမို့ ပြည် သူတွေကို ကျောခိုင်းလို့မရ။ အာဏါရှင် မဆလ ခေတ်လို ပြည်သူတွေကို ဗိုလ်ကျနိုင့်ထက်စီးနင်း လုပ် ၍ မရ။စီးပွာေးရးမှာလည်း Commanding Heights လို့ခေါ်တဲ့ စီးပွားရေးအချက်အခြာချတဲ့၊အရင်အနှီးများ ဖြစ် တဲ့ ဘဏ်တွေ၊ ပို့ဆောင်ရေးတွေ၊ ဆက်သွယ်ရေး၊ လျှပ်စစ် ထုတ်လုပ်ရေးတွေကို အစိုးရက ကိုင်ထားပေမဲ့ လူသုံးကုန်ထုတ်လုပ်ရေးကိုတော့ ပုဂ္ဂလိကလက်ထဲမှာ ထဲ့ ထားတာကြောင့် စက်ရုံတွေပေါ်လာတယ်၊ ၊ လုပ်ငန်းတွေပေါလာတယ်၊ လူသုံးကုန်ပစ္စည်းတွေ လွယ်လွယ် ကူကူဝယ်လို့ရတယ်။ နောက်ဆုံး (လုပ်ငန်း) တွေရှိလာတော့ အလုပ်သမားတွေ၊ (လူ)တွေ (အလုပ်)ရကြတာပေါ့။ ဒီလိုစီးပွားရေးကို အစိုးရတ၀က်၊ ပုဂ္ဂလိ ကတ၀က် စီးပွားရေး (MixedEconomy) လို့ခေါ်ပါတယ်။

အဲဒီခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အလားအလာအရှိဆုံးနိုင်ငံလို့သတ်မှတ်ကြရတယ်။ မင်္ဂလာဒုံလေဆိပ်ဟာ ဂျပန်နိုင်ငံပြီးရင် ဒုတိယအကောင်းဆုံးလေဆိပ်။ အရှေ့တောင်အာရှမှာ ကမ္ဘာ့လေ ကြောင်းတွေဆုံရာဟာ မြန်မာနိုင်ငံ။ အဲဒီခေတ်က ထိုင်းနိုင်ငံက ဒေါင်မောင်းလေဆိပ်ဟာ ပါမွှားအဆင့်ပဲရှိ ပါသေးတယ်။ ပွင့်ကောင်းငံပြာရည်ဟာ အဆင့်မြင်စက်မှုလက်မှုငန်းကြီး၊ အဟာရရှိဖို့အတွက် ကုလသမဂ္ဂ က ပွင့်ကောင်းပုဇွန်ကို နေပူလှမ်း၊ အမှုန့်လုပ်ပြီး အာဖရိကကိုတင်ပို့ဖို့လုပ်နေနိုင်ပြီ။ မြန်မာနိုင်ငံဟာ (ဆန်) တင်ပို့မှုမှာထိပ်က။ ဟံသာအေး၊ ခေတ်အကြိုက် နိုင်လွန်ဆိုတာ စံကျိန်မှီ အထည်တွေ၊ စိန်မောင်ဘီစကွပ် ကို ထိုင်းနိုင်ငံကိုတင်ပို့နေရပြီ။

ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံတော်စီးပွားရေးကို တာဝန်ယူရတဲ့ ဒုဝန်ကြီးချုပ် (စီးပွားရေး) ဦးကျော်ငြိမ်းရဲ့ အရှေ့မှာ ထိုစဉ်ကထိုင်းအာဏါရှင် ဖီပွန်စွန်ကရိုင်း ကဗမာပြည်ကြီးတိုးတက်တာကြည့်ပြီး သူ့ဝန်ကြီး တွေကို ငါတို့ထိုင်းတွေ ဗမာတွေကိုမမှီတော့ဖူးဆိုပြီး စိတ်ဆိုးပြီးကြိမ်းမောင်းဖူးတယ်။ အခုတော့ မြန်မာတွေ ထိုင်းရဲ့ ကောင်းစားရေးအတွက် စီးပွားရေးကျွန်ခံနေရပြီ။ ရင်နာစရာ…..

ဦးနုဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ မြန်မာနိုင်ငံဟာ နိုင်ငံရေးမှာလည်း ဖက်မလိုက်ကြားနေအုပ်စု ကိုတည်ထောင်သူ (၅)နိုင်ငံမှာပါဝင်ခဲ့တဲ့နိုင်ငံ၊ တရုတ်-ကုလားပြဿနာဖြစ်တော့ ဦးနုကကြားလူအဖြစ်ဖြေ ရှင်းပေးခဲ့ရတယ်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာခေါင်းဆောင်။ ဦးနုအစိုးရဟာလူတဦး
တိုက်တလုံ-ကားတစီး-ငွေ ရှစ်ရာ ဆိုတဲ့ပြည်တော်သာစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ကြိုးစာခဲ့တယ်။
ဒါပြည်သူတွေအတွက် ရည်စူးတာပဲ။ ရန်ကင်းတိုက်ခန်းစီမံကိန်းဆိုတာလည်း တကယ်တော့ လူတွေတတ်နိုင်အောင် အဆင့်အတန်းတစ်ခုနေနိုင်အောင် စီမံပေးခဲ့တဲ့ ၊ ယ္ခုခေတ်စကားနဲ့ ဆို ဒါဟာ (ဈေးနဲအိမ်ရာစီမံကိန်း) ပါပဲ။ ဒါတွေ အာလုံးဟာဒီမိုကရေစီဘောင်အတွင်းက
ညီမျှ မျှတတဲ့ဆိုရှယ်လစ်စနစ်ကိုသွားမယ်ဆိုတဲ့ ဆိုရှယ်ဒီမိုကရက် ရဲ့ ပြည်သူအတွက်ရည်မှန်းချက်ပါပဲ။ သာမာန်လူတစ်ယောက်နားလည်အောင်ပြောရရင် ဆိုရှယ်ဒီမိုကရက် ဆိုတာ ဆိုရှယ်လစ်စနစ်ကို လူလိမ္မာနည်းနဲ့ ညင်ညင်သာသာသွားလိုတယ်၊ ဒီမိုကရေစီနည်းအရ လူတွေက အစိုးရကိုရွေးချယ်လို့ အစိုးရဖွဲ့ခွင့်ရရင် လူအများ နဲ့ ဆင်းရဲသားတွေအတွက် အကျိုးပြုမဲ့ စီမံကိန်တွေချ ပြီး ပြည်သူအများကို အကျိုးပြုချင်တယ်။ တဖြည်းဖြည်းချင်းတိုးတက်မှုကိုရေ့ရှုတယ်။

မာ့က်စ်စစ် (Marxist) ဆိုရှယ်လစ် တွေကတော့ ပြည်သူအတွက်ဆိုပြီး နိုင်ငံရေးအာဏါကိုအရင်ယူ၊ ပစ္စည်း မဲ့အာဏါရှင်စနစ်ကိုထူထောင်၊ ပြီးတော့မှ အာဏါနဲ့ အားလုံးပြည်သူပိုင်သိမ်း၊ ပြည်သူ့နံမည်သုံးပြီး အားလုံး ကိုထိန်းချုပ်တဲ့စနစ်ပဲ။ တနည်းအားဖြင့် လူမိုက်စရိုက်နဲ့ အားလုံးငါတို့ပြောတာနားထောင်၊ အားလုံးအတွက် ဆိုရှယ်လစ်စနစ်ကိုထူထောင်မယ်ဆိုပြီး ပြည်သူအားလုံးကို နားရိုက်ပါးရိုက်တရွပ်တိုက်ဆွဲခေါ်တဲ့ (လူမိုက်) နည်းပါပဲ။

ပစ္စည်းမဲ့လို့သာပြောကြတာ ၊ ဘယ်ကွန်မြူနစ်နိုင်ငံမှ တကယ်အလုပ်သမားအကျိုး ။ လယ်သမား အကျိုးကို ဆောင်ရွက်ခဲ့ကြတယ် မရှိခဲ့ဖူးပါဖူး။ အလုပ်သမား ၊ လယ်သမား အကျိုးကို တကယ်ကိုယ်စားပြုမဲ့ အဖွဲ့ အစည်းတွေနဲ့သမဂ္ဂတွေလည်းမရှိပါဖူး။ ကွန်မြူနစ်ပါတီ အလိုကျ ခေါင်းညှိပ်ကြရတဲ့ ကွန်မြူနစ်ပါတီ သြဇာ ခံ ပုတ်သင်ညိုတွေချည်းပါပဲ။ အလုပ်သမား၊လယ်သမားတွေတကယ်အရေးဆိုနိုင်တာလစ်ဖရယ် ဒီမိုကရက် နိုင်ငံတွေနဲ့ ဆိုရှယ်ဒီမိုကရက် နိုင်ငံတွေပဲရှိကြပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ သတင်းသမားတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေ ကိုဝေဖန်နိုင်ရုံမက တချို့ဆို ဆိုဆဲကြဆိုကြရုံမက ၊ မမှန်မကန်လုပ်ကြံဇာတ်တွေပါ ချဲ့ထွင်ပြီး ကိုယ်အလိုမရှိတဲ့နိုင်ငံရေးသမား တွေကို တိုက်ခိုက်ခဲ့ကြသေးတယ်။ ဆိုရှယ်လစ်ဒုဝန်ကြီးချုပ်သခင်တင်ကို ၎င်းရဲ့ရန်ဖက်နိုင်ငံရေးသမားတဦး က၊ မိန်းမငယ်တဦးကို ဖလက်ကာယ လုပ်ပါတယ်ဆိုပြီး လိမ်ညာရေးတာကို သိက္ခာရှိတဲ့သတင်းစာတိုက် တွေ က မတဲ့ပေးဖူး ၊ ကွန်မြူနစ်သတင်းတိုက်တွေကတဲ့ပေးခဲ့လို့ အကျည်းတန်း တဲ့ သတင်းစာတိုက်ရိုက် ပွဲတွေ ဖြစ်ခဲ့ရကြောင်း ၀န်ကြီးချုပ်သခင်နု ကသူ့ရဲ့ တာတေစနေသားမှာဖေါ်ပြခဲ့ပါတယ်။

ဦးနေ၀င်းတက်လာပြီး စစ်အစိုးခေတ်ထောက်လျှောက် သတင်းစာလွပ်လပ်ခွင့်ဆိုတာ မရှိခဲ့ပါဖူး။ ဆိုရှယ် လစ်နဲ့ ကွန်မြူနစ်နိုင်ငံတွေမှာ ပါတီဝါဒဖြန့်ချီရေးဌါနတွေက ပဲသတင်းစာနဲ့ စာနယ်ဇင်းတွေကိုထိန်းချုပ်ထား ခဲ့ပါတယ်။ ဦးနေ၀င်းကို အကျိုးပြုသွားခဲ့တဲ့ သတင်းသမားတွေဟာ ဘယ်သူလို့ထင်ပါသလဲ။ ကွန်မြူနစ် သတင်းသမားတွေပါပဲ။

ဒါကြောင့် ပြန်စမ်းစစ်ကြည့်ရင် ၊ အောင်မြင်တဲ့ တိုးတက်တဲ့ ကွန်မြူနစ်နိုင်ငံ၊ ဆိုရှယ် လစ်နိုင်ငံဆိုတာ ကမ္ဘာ မှာရှိပါသလား၊ လွပ်လပ်တဲ့ ကွန်မြူနစ်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံဆိုတာရှိပါသလားဆိုတာကို စာဖတ်သူ များ ပြန် မေးကြည့်ကြပါ။ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲခဲ့ရသလို ၊ကွန်မြူနစ်တရုတ်ပြည်ကြီးလည်း အရင်းရှင်နိုင်ငံ အဖြစ် ဘ၀ပြောင်းခဲ့ရပေပြီ။ တရုတ်ပြည်ကြီးကွန်မြူနစ်ဆိုတာ အာဏါမလွှပ်ချင်လို့ ဆိပ်ခေါင်းဆက် ချိပ် ထားတာပါ။ လက်ရှိတရုတ်စနစ်ကို နိုင်ငံတော်ကဦးစီးသော အရင်းရှင်စနစ် State Capitalism လို့ခေါ် ပါတယ်။

ကမ္ဘာမှာအအောင်အမြင်ဆုံး၊ လူနေမှုအဆင့်အတန်းအမြင့်ဆုံနိုင်ငံတွေဟာ ဆိုရှယ်လစ်စနစ်ကို ဒီမိုကရေစီ နည်းနဲ့ သွားမယ်ဆိုတဲ့ စကင်ဒီနေဗီးယန်း (Scandinavian) လို့ခေါ်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံတွေပါပဲ။ ဥရောပမြောက်ပိုင်းက နော်ဝေး၊ဒိန်ဒမတ်၊ဆွီဒင်နိုင်ငံတို့ကိုဆိုတာပါ။ ဒီနိုင်ငံတွေမှာ Universal Health လို့ခေါ်တဲ့ လူတိုင်းဆေးကုသမှုကို အစိုးရကတာဝန်ယူတယ်။ အလုပ်မရှိရင်၊ အလုပ်လက်မဲ့အကျိုးတွေ ခံစားခွင့်ရှိတယ်။ လောကဓံတရားကြောင့် ဒုက္ခတွေ့ရင် ၊ လူတွေလမ်းပေါ်မရောက်ရအောင်အစိုးရက အကူ အညီပေးတယ်။ ခလေးတိုင်း စာသင်ခွင့်ရှိအောင် အစိုးရက ပညာရေးအတွက်တာဝန်ယူတယ်။ ဒီအခွင့် အ ရေးတွေရအောင် အလုပ်ရှိသူတွေဟာ အစိုးရကို အခွန်များများဆောင်ရတယ်။

ဒီနိုင်ငံတွေမှာ စီးပွားရေးကို ပုဂ္ဂလိကလက်ထဲမှာထဲ့ထားတဲ့အတွက်၊ အရင်းရှင်စနစ်ရဲ့ ဈေးကွက်စီးပွားရေး ကို ကျင်သုံးတဲ့အတွက် စီးပွားရေးအရအောင်မြင်တယ်။ ထုတ်ကုန်တွေပေါတယ်။ လဘ်စားမှုနဲ့ မတရားမှု မရှိစေဖို့ အစိုးရက ဒေါ်စုခဏခဏပြောနေတဲ့ Rule of Law ဥပဒေစိုးမိုးရေး ကိုတည်ဆောက်ထားတယ်။ ဒီမိုကရေစီရှိမှ ဥပဒေစိုးမိုးရေးဆိုတာရှိတာကိုး။ ဥပဒေစိုးမိုးရေးရှိမှ ဈေးကွက်စီးပွားရေးဆိုတာ အောင်မြင်ဖို့ များတာကိုး။

ဒီနေရာမှာ စာဖတ်သူများကိုသိစေချင်တာကဈေးကွက်စီးပွားရေးစနစ်ဆိုတာ က (လောဘ) ကို (တွန်းအား) အဖြစ် အသုံးပြုပေမဲ့ လူတိုင်းမျှမျှတတ ပြိုင်နိုင်ဖို့..(ဥပဒေ) ဆိုတာရှိရပါမယ်။ ထို့ပြင် (မတရားမှု) တွေ (အစွန်း) ရောက်မှုတွေမရှိရလေအောင်အစိုးရက regulation လို့ခေါ်တဲ့ (ထိန်းကြောင်းမှု) တွေရှိရပါတယ်။ ဒီအချက်တွေ ပြည့်စုံဖို့ရာ ဒီမိုကရေစီလွပ်လပ်ခွင့်ရှိရပါမယ်။ ဆိုရှယ်ဒီမိုကရေစီက ဒီမိုကရေစီကိုလက်ခံတဲ့ အတွက် ဒီမိုကရေစီရှိတယ်။ ဒါကြောင့် ဈေကွက်စီးပွားရေးရှင်သန်ခွင့်ရပါတယ်။

အရင်းရှင်စီးပွားရေးက ဆိုတာ (ငွေ) နဲ့ (အမြတ်) ကိုပဲ ရှာပေးတာပါ။ ဒါကြောင့် အရင်းရှင်စနစ်ဆိုတာ ချမ်းသာမှုကိုဖေါ်ထုတ်တဲ့ ..Wealth Creation လို့အများက နားလည်ကြပါတယ်။

အရင်းရှင်စနစ် နဲ့ တာဝန်က (ငွေရှာ) ဖို့ပဲ… Wealth
Distribution လို့ခေါ်တဲ့ (ချမ်းသာမှု) (မျှဝေ) ခြင်းဟာ အစိုးရရဲ့ တာဝန်သာဖြစ်တယ်။

ဒါကြောင့် ဆိုရှယ်ဒီမိုကရက်တစ် စနစ်မှာ အစိုးရက အခွန်များများကောက်ပြီး အများအကျိုးရှိမဲ့ ပရိုဂမ်တွေ ကိုဖေါ်ဆောင်ပေးပါတယ်။

ဒီလိုဖေါ်ဆောင်ရာမှာ မာ့က်စ်စစ်ဆိုရှယ်လစ်တွေလို အာဏါရှင်စနစ်ကိုသုံးပြီး အဓမ္မသိမ်း၊ အဓိမ္မဖြန့်ဝေတဲ့ စနစ်ကို မသုံးပဲ လိမ်လိမ်မာမာလေး အများအကျိုးရှိမဲ့ ပရိုဂမ်တွေကို တဖြည်းဖြည်းချင်းဖေါ်ထုတ်သွားတဲ့ စနစ်ဟာ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းယုံတဲ့ ဆိုရှယ်လစ်ဆိုတာဘာလဲ။

ဗမာပြည်ရာဇ၀င်ကို အသေးစိပ်လေ့လာပြီး၊ အနုလုံ ပဋိလုံ သုံးသပ်ရင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးကျော် ငြိမ်းတို့အားလုံးနောက်ဆုံရည်မှန်းတာဟာဒီဆိုရှယ်လစ်စနစ်ပဲလို့ သုံးသပ်လို့ရမယ်ထင်ပါတယ်။ဘာကြောင့် လဲဆိုတော့ ဒီသုံးယောက်လုံးဟာ မျှတမှုကို လိုလားတဲ့သူတွေဖြစ်တာကြောင့် ဆိုရှယ်လစ်စနစ် ကိုယုံကြည် ကြတယ်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ မျှတမှုရှိတဲ့ ဆိုရှယ်လစ်နိုင်ငံကိုထူထောင်ရာမှာ ဒီမိုကရေစီ လမ်းကြောင်းအတိုင်းလျှောက်ကြဖို့ ဆုံးဖြတ်ကြလို့သာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ (ရွေးကောက်ပွဲ) နဲ့ အစိုးရတည်ဆောက်ဖို့ရွေးချယ်ကြတာပေါ့။

ဝန်ခံတာ မ၀န်ခံတာ တပိုင်း၊ နောက်ဆုံး ဆိုရှယ်လစ်စနစ်ကို ဒီမိုကရေစီ နည်းနဲ့ ဖေါ်ဆောင်ချင် တယ်ဆိုရင် ဒီနည်းပဲရှိပါတယ်။

အဲဒါကတော့ ဆိုရှယ်ဒီမိုကရက်တစ်စနစ်ပါပဲ။ ဆိုရှယ်လစ်စနစ်ကို အတင်းအဓမ္မနည်းနဲ့ ဇာတ်ကြမ်းတိုက်မှသာ မာ့က်စ်စစ်ဖြစ်သွားရမှာကိုး။ စာရေးသူအသေအခြာပြောရဲတာကတော့ ဗိုလ်ချုပ် အောင်ဆန်းသာ မာ့က်စစ်ဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အစောဆုံးကွန်မြူနစ်နိုင်ငံဖြစ် လာမှာပေါ့။

ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်ရွယ်သူတို့သဘာဝအတိုင်း သူ့ခေတ်သူ့အခါက အလွန် ခေတ်စားတဲ့ မာ့က်စ် ၀ါဒ ကို စိတ်ဝင်စားခဲ့တာအမှန်ပဲ။ တိုင်းတပါးကလူမျိုးခြားတွေက မိမိတို့နိုင်ငံကိုသိမ်းပိုက်ထားပြီး၊ တရုတ် ကုလားတွေကစီးပွားရေးအရ ထိပ်ကချုပ်ကိုင်ထားတဲ့ ခေတ်မှာ ပစ္စည်းမဲ့တွေဖိနှိပ်မှုကို ထွန်းလှန်းကြ၊ တော် လှန်ကြဆိုတဲ့ (စကား) တွေကိုဘယ်လူငယ်တွေ နားဝင်မချိုဘယ်နေနိုင်ကြပါ့မလဲ။ နားမယောင်ပဲနေနိုင်ကြ ပါ့မလဲ။

ကွန်မြူနစ်ဆဲလ်စဖွဲ့ဖြစ်တာ

အမှန်ကသခင်အောင်ဆန်းရဲ့ အမျှော်အမြင်ရှိမှုကြောင့် ကွန်မြူနစ်ဆဲလ်စဖွဲ့ဖြစ်ခဲ့တာပါ။ သခင်လှဖေ (ဗိုလ်လက်ျာ) နဲ့ သခင်သိန်းဖေ(မြင့်) တို့အိန္ဒြိယမှာစာသွားသင်ကြတော့ သခင်အောင်ဆန်းက ကွန်မြူနစ် ဆဲလ်ဖွဲ့နိုင်အောင် အဆက်အသွယ်ရှာဖို့မှာလိုက်တယ်။ အဲဒီအချိန်မှာအိန္ဒြိယမှာ ကွန်မြူနစ်ပါတီ တည်ထောင် ပြီးပြီ။ အဲဒီအချိန်မှာ ကွန်မီကွန်လို့ခေါ်တဲ့ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့အစည်းက ကမ္ဘာ့ကွန်မြူနစ် ပါတီတွေ ကိုချုပ် ကိုင်ထားတယ်။ ကွန်မီကွန်ကို၊ စတာလင်ကချုပ်ကိုင်ထားတယ်။ တရုတ်ကွန်မြူနစ်ပါတီတောင်၊ ကွန်မီကွန် အကူ အညီနဲ့ဖွဲ့တာမို့ မော်စီတုံးခမြာ စတာလင်ရဲ့ ချုပ်ကိုင်မှုအောက်မှာ လိမ့်နေအောင်ခံရရှာတယ်။ ကုလား ကွန်မြူနစ်ပါတီကကွန်မြူနစ်တွေက ကွန်မီကွန်ကို အကြောင်းကြားတယ်။ကွမ်မီကွန်ဖွဲ့စည်းပုံအရမြန်မာနိုင်ငံ ဟာစင်ကာပူပိုင်နက်မှာရှိတယ်။ ဒါကြောင့်ကုလားစည်းရုံးရေးမှူးဟာ စင်ကာပူကိုဝင်ပြီးမှ မြန်မာနိုင်ငံကို ရောက်လာရတယ်။

သခင်သိန်းဖေတို့ (စ)ဆက်သွယ်ခဲ့တာကြောင့် ဒီကလပ်စည်း စဖွဲ့ဖို့စည်းရုံးရာမှာ သခင်သိန်းဖေဟာ အဓိက အခန်းက ပါဝင်ခဲ့ပေမဲ့ သခင်သိန်းဖေဟာ စိတ်ထင်ရာလုပ်တတ်တဲ့ ဥါဉ်ရှိတယ်။ ဒါကြောင့်တချို့က ထိန်းမရ သိမ်းမရသိန်းဖေလို့ခေါ်ကြတယ်။ နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်မှာသခင်သိန်းဖေဟာ ဘယ်သူ့မှမတိုင်ပင်ပဲ နိုင်ငံရေးသမားကြီးနဲ့သွားတွေ့တယ်လို့ဆိုကြတယ်။တချို့ကဦးစောလို့ဆိုကြတယ်။တချို့ကဦးပုလို့ဆိုကြ
တယ်။ ဒါကြောင့် သခင်သိန်းဖေဟာ ဒီစဖွဲ့တဲ့ ကွန်မြူနစ်ဆဲလ်မှပါခွင့်မရှိတော့ဖူး။ သခင်သန်းထွန်းကတော့ လယ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ မပါဖူးလို့ဆိုကြတယ်။  သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ် မှာသခင်သန်းထွန်းက အဲဒီဆဲလ်ဖွဲ့စည်းစဉ်က မပါခဲ့တာကို နောင်တရကြောင်းပြောဆိုတယ်လို့ဖတ် လိုက်ရတယ်။ ကိုအောင်ဆန်း၊ ကိုလှဖေ (ဗိုလ်လက်ျာ)၊ သခင်စိုး၊ ရဲဘော်ဘတင်(ဂိုရှယ်)၊ သခင်ဗဟိန်း နဲ့ တချို့ပါခဲ့ ကြတယ်။ သခင်အောင်ဆန်းးက အတွင်းရေးမှူးနေရာယူတယ်။


သခင်အောင်ဆန်းပါဝင်ခဲ့တာကို အမှူးပြုပြီး ကွန်မြူနစ်တွေက ဒီဆဲလ်ဖွဲ့စည်မှုကို နံမည်လိုချင်တာနဲ့ ဒါကို ပထမအကြိမ်ကွန်ကရက်ဆိုပြီး အတင်းအမွှန်းတင်ကြသလို ၊ သခင်အောင်ဆန်းဟာ ကွန်မြူနစ်ပါဆိုပြီး အ တင်းတံဆိပ်ကပ်နေကြတာပါ။ သခင်အောင်ဆန်းက ဒို့ဗမာအစည်းအရုံးမှာလည်း အတွင်းရေးမှူး ၊ ဒေါက် တာာမော်နဲ့ ဒို့ဗမာအစည်းအရုံးတို့ မဟာမိတ်ပြုဖွဲ့ထားတဲ့ အဖွဲ့မှာလည်းအတွင်းရေးမှူး။ဒါကြောင့် ဆဲလ်ဖွဲ့ တာကလွဲလို့ဘာမှ မလုပ်နိုင်ခဲ့ကြပါဖူး။ ဒါကိုဗိုလ်ချုပ်ကဂျပန်တော်လှန်ရေးးအပြီးမှာ ဟံသာဝတီသတင်းစာ နဲ့ ပေးတဲ့ သတင်းစာအင်တာဗျုး မှာရှင်းပြေခဲ့သလို၊ ဗိုလ်လက်ျာလည်းရေးပြခဲ့ပါတယ်။ လူငယ်သဘာဝ စူး စမ်းတာနဲ့ ယုံယုံ ကြည်ကြည်၊
ကွန်မြူနစ်စစ်စစ်ဖြစ်ကြတာချင်းမတူကြပါဖူး။ ပြင်သစ်စစ်ဗိုလ်ချုပ်တဦးက စပြောခဲ့ပြီး ကမ္ဘာ ကျော်ခဲတဲ့ စကားရှိပါတယ်။

 “အသင်ဟာအသက်(၂၀) မှာကွန်မြူနစ် မဖြစ်ရင် ၊ အသင်ဟာ နှလုံးသားမရှိ ပါတဲ့။ သို့သော်အသင်ဟာ  အသက် (၄၀) မှာ ကွန်မြူနစ်ဖြစ်နေသေးတယ်ဆိုရင်၊ အသင်ဟာ ဦးဏှောက် မရှိပါတဲ့ ”…

ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးဏှောက်ရှိတဲ့အတွက်၊ အစကနဦးမှာ ကွန်မြူနစ်ဝါဒကိုစိတ်ဝင်စားလေ့လာခဲ့ပေ မဲ့ လေ့လာမှုအားများလာတဲ့အခါ၊ မာ့က်စ်ဝါဒရဲ့ အာဏါရှင်စနစ်ကို လက်မခံတာဖြစ်လာပုံရပါတယ်။ ဒီလို ဘာကြောင့်ဆိုရသလဲဆိုတော့ကာ…

ဦးသိန်းဖေမြင့်ရေးတဲ့ “ကျော်ငြိမ်း” စာအုပ်အမှာစာမှာ ဦးကျော်ငြိမ်းက ဂျပန်ခေတ်မှာ ရုံးလာတိုင်း ဂျပန် ကင်ပေတိုင်တွေနှိပ်စက်မှုကြောင့် အော်သံတွေကြားနေရတော့ (အာဏါရှင်) စနစ်ကိုစက်ဆုတ်ရွံမုန်းလာ တယ်လို့ရေးပြခဲ့တယ်။ မတတ်သာလို့ ဂျပန်တွေနဲ့ ပေါင်းနေရတယ် ။ ဗိုလ်ချုပ်တို့လို မျိုးချစ်လူငယ်တွေ ဘယ်လောက်ခံစားရမလဲဆိုတာကိုသာ စာဖတ်သူများစဉ်းစားသာကြည့်ကြပါတော့။


ကွန်မြူနစ်ပါတီကို တကယ်စထောင်သူကသခင်စိုးပါ

ဂျပန်ခေတ်မှာ အိန္ဒြိယကို ရှောင်ပုန်းမယ်လုပ်ပြီးမှ သခင်တင်မြရဲ့ အကြံပေးချက်အရ လှည့်ပြန်လာပြီး မြေအောက်လှုပ်ရှားမှုလုပ်ပြီး ဂျပန်ကိုတော်လှန်ရေးလုပ်ရင်း ကွန်မြူနစ်ပါတီထောင်ပြီး စည်းရုံးလှုပ်ရှား နေတာက သခင်စိုး။ ဒါကြောင့်ထိုစဉ်အချိန်က ပြိုင်ဖက်မရှိတဲ့ ကွန်မြူနစ်ခေါင်းဆောင်ကသခင်စိုး။ သခင် သန်းထွန်းတောင် သခင်စိုးစီခွင့်ပန်ပြီး ကွန်မြူနစ်ပါတီဝင်ခဲ့ရတာပါ။ အဖိအနှိပ်ခံရလေလေ၊ လူငယ်တွေ အဖို့ပစ္စည်းမဲ့တော်လှန်ရေးဆိုတာ ကြားလို့ကောင်းလေပေါ့။

အာဏါရှင်စနစ်ဆိုတာ 

အာဏါရှင်စနစ်ဆိုတာ ဘယ်ဦးထုပ်ပဲဆောင်းဆောင်း (အနှစ်) ကတော့ အတူတူပါပဲ။


ပစ္စည်းမဲ့အာဏါရှင်ပဲဖြစ်ဖြစ်၊ စစ်အာဏါရှင်ပဲပဲဖြစ်ဖြစ်၊ ဖက်ဆစ်အာဏါရှင်ပဲဖြစ်ဖြစ် (အနှစ်) ကတော့ အတူတူပါပဲ။

အာဏါရှင် (လူ) တဦးရဲ့ စိတ်ကြိုက် (အမိန့်) အတိုင်း (ပြည်သူ) တွေကနားထောင်ဖို့ပါပဲ။

နောက်ဆုံး နိုင်ငံရေးစနစ်နဲ့ ၀ါဒတွေကို ကျကျနန လေ့လာရင်…. ဒီ (အသိ) ..ဒီကောက်ချက်ကို (တွေ့) ရှိလာကြရမှာပဲ။

ဗိုလ်ချုပ်ဟာ နိုင်ငံရေး (အသိ) အလွန်မြင့်မားပြီး လေ့လာအားကောင်းတဲ့..ခေါင်းဆောင်ကောင်း တစ် ယောက်မို့ ဒီနောက်ဆုံး ကောက်ချက် (Conclusion) တွေ့ရမှာပါပဲ။ ဗုဒ္ဓကျင့်စဉ်ကို ကျင့်ရင်နောက်ဆုံး သစ္စာ (၄) ပါးကိုပဲတွေ့ရမှာ သေခြာသလိုပေါ့…..

စာရေးသူကတော့ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဒီမိုကရေစီကိုသက်ဝင်ယုံကြည်လာတယ်လို့ထင်မိတယ်။

ဆိုရှယ်လစ်ဆိုရာမှာ

ဗိုလ်ချုပ်အောင်ဆန်းဟာလူသိများထင်ရှားတဲ့ လွပ်လပ်ရေးဖခင်ကြီးတစ်ယောက်ဖြစ်လာတာရယ်၊ ဗိုလ်ချုပ် ဆိုရှယ်လစ်ဖြစ်တာရယ်ကြောင့် ကွန်မြူနစ်တွေရော ၊ ဗိုလ်ချုပ်နေ၀င်းရဲ့ (မဆလ) ဆိုရှယ်လစ်တွေက ဗိုလ် ချုပ်အောင်ဆန်း နံမည်သုံးပြီး သူတို့အတွေးအခေါ်ကို (ညာ) ရောင်းကြတာပါ။ အမှန်က သူတို့ ယုံကြည်တာ က ဗဟိုဦးစီးစနစ်ရဲ့ အာဏါရှင်စနစ် ဆိုရှယ်လစ်။ ဗိုလ်ချုပ်အောင်ဆန်းလျှောက်ခဲ့တဲ့လမ်းကြောင်းက ဒီမို ကရေစီနည်းအရ ဆိုရှယ်လစ်စနစ်။ လွပ်လွပ်စွာရွေးချယ် ရှိတဲ့ ဒီမိုကရေစီ ဆိုရှယ်လစ်စနစ် နဲ့ အာဏါရှင် ဆိုရှယ်လစ်စနစ် တို့ မိုးနဲ့မြေကွာခြားလှပါတယ်။
လူတွေအများကတော့ ဗိုလ်ချုပ်လိုချင်တာ ဆိုရှယ်လစ် ဆိုတာပဲ (သိ)ကြတယ်။ ခွဲခြား (မသိ) ကြဖူး

ခုလို ရာဇ၀င်ချီပြီး တင်ပြရတာက၊ ဗိုလ်ချုပ်နေ၀င်း ရဲ့ မုံလာဥ ဆိုရှယ်လစ် (မဆလ) လမ်းစဉ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းတံဆိပ်ကပ်ကြလွန်းလို့ ၊အများနားလည်အောင် တင်ပြရခြင်းပါ။



ဗိုလ်ချုပ်သာ ကွန်မြူနစ်ဖြစ်ခဲ့ရင်….

ဗိုလ်ချုပ်သာ ကွန်မြူနစ်ဖြစ်ခဲ့ရင်..စာရေးသူအမြင်အရ၊ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အာဏါရတဲ့ ပထမဦးဆုံးကွန်မြူနစ်နိုင်ငံလာဖြစ်မှာပေါ့။ ဂျပန်တော်လှန်ရေးပြီးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (အရှိန်) ဟာ အလွန်ကြီးမားနေပြီပဲ။ ဗိုလ်ချုပ်ပြီးရင်အရှိန်အကြီးမားဆုံးကကွန်မြူနစ်တွေပဲ။ ဗိုလ်ချုပ်သာ ပစ္စည်းမဲ့အာဏါ ရှင်စနစ်သည်သာ (အဖြေ) လို့ဆုံးဖြတ်ခဲ့ရင်၊ သခင်စိုး၊သခင်သန်းထွန်းတို့နဲ့ (ပေါင်း) ခဲ့ရင်၊ ဘယ်သူတွေ ကွန်မြူနစ်တွေကို ယှဉ်နိုင်တော့မှာလည်း။ ဗိုလ်ချုပ်ကသာ ကွန်မြူဟစ်ဟေ့လို့ (ရွေးချယ်) လိုက်ရင်၊ (ကြွေးကျော်) လိုက်ရင် ၊ သိသိမသိသိ လိုက်ကွန်မြူနစ်ကြမှာသေခြာတာပေါ့။ တနိုင်ငံလုံးရဲရဲနီ သွားမှာပေါ့ တိုင်းပြည် ကံကောင်းချင်တော့ ဗိုလ်ချုပ်အောင်ဆန်း အခြေံယုံ ကြည်တာက (ဒီမိုကရေစီ)။ ရိုးရိုးဒီမိုကရေစီ မဟုတ်ဖူး။ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) ကိုပါ။ ဒါကြောင့် ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလ က ပြည်သူတွေကိုကိုယ်စားပြုမဲ့ ပါလီမန်အမတ်တွေကို ရွေးချယ်တဲ့ ပါလီမန်ရွေးကောက်ပွဲစနစ်ကို လက်ခံခဲ့ တာပေါ့။ ဒီ..ရွေးကောက်ပွဲဟာ၊ ဒို့ဗိုလ်ချုပ်ဘာကိုယုံသလဲဆိုတာက ပြသလိုက်တဲ့ အကောင်းဆံုးသက်သေ တခုပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ (အာဏါရှင်) သမားလား၊ ဒီမိုကရေစီကို ယုံကြည်တဲ့ (ဒီမိုကရက်တစ်) သမားလား ဆိုတာ၊ ဒီမှာ လယ်ပြင်မှာဆင်သွားသလို၊ ထင်ထင်ရှားရှားတွေ့မြင်နေရပါပြီ။

ငယ်ငယ်ရွယ်ရွယ်အရွယ်မှာ (အချစ်) ဆိုတာကို နားမလည်ပဲ စိတ်ကစားတာကို အင်္ဂလိပ်လို (Infatuation) လို့ခေါ်ပါတယ်။တကယ်အချစ်ကိုတွေ့တာမဟုတ်ပါ။ဗိုလ်ချုပ်ဟာလည်းငယ်ငယ်ရွယ်ရွယ်အရွယ်မှာ ကောင်း မယ်ထင်လို့ နိုင်ငံရေးစိတ်ကစားမိတာပါ။Political Infatuation လို့ပြောနိုင်ပါတယ်။ ဒါကိုကွန်မြူနစ် တွေက ဒို့ကိုချစ်၊ ဒို့ကိုချစ်တယ်ဆိုပြီး ဇွပ် ပဏါဝင်ယူနေကြတာပါ။ ဗိုလ်ချုပ်တကယ်ရွေးခဲ့တဲ့ အချစ်က၊ ကိုယ်စားပြု ဒီမိုကရေစီပါ။



                                                                         အပိုင်း (၄)





ဗိုလ်ချုပ်သာ ကွန်မြူနစ်ဖြစ်ခဲ့ရင်….



ဗိုလ်ချုပ်သာ ကွန်မြူနစ်ဖြစ်ခဲ့ရင်..စာရေးသူအမြင်အရ၊ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အာဏါရတဲ့ ပထမဦးဆုံးကွန်မြူနစ်နိုင်ငံလာဖြစ်မှာပေါ့။ ဂျပန်တော်လှန်ရေးပြီးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (အရှိန်) ဟာ အလွန်ကြီးမားနေပြီပဲ။ ဗိုလ်ချုပ်ပြီးရင်အရှိန်အကြီးမားဆုံးကကွန်မြူနစ်တွေပဲ။ ဗိုလ်ချုပ်သာ ပစ္စည်းမဲ့အာဏါ ရှင်စနစ်သည်သာ (အဖြေ) လို့ဆုံးဖြတ်ခဲ့ရင်၊ သခင်စိုး၊သခင်သန်းထွန်းတို့နဲ့ (ပေါင်း) ခဲ့ရင်၊ ဘယ်သူတွေ ကွန်မြူနစ်တွေကို ယှဉ်နိုင်တော့မှာလည်း။ ဗိုလ်ချုပ်ကသာ ကွန်မြူဟစ်ဟေ့လို့ (ရွေးချယ်) လိုက်ရင်၊ (ကြွေးကျော်) လိုက်ရင် ၊ သိသိမသိသိ လိုက်ကွန်မြူနစ်ကြမှာသေခြာတာပေါ့။ တနိုင်ငံလုံးရဲရဲနီ သွားမှာပေါ့ တိုင်းပြည် ကံကောင်းချင်တော့ ဗိုလ်ချုပ်အောင်ဆန်း အခြေံယုံ ကြည်တာက (ဒီမိုကရေစီ)။ရိုးရိုးဒီမိုကရေစီ မဟုတ်ဖူး။ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) ကိုပါ။ ဒါကြောင့် ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလ က ပြည်သူတွေကိုကိုယ်စားပြုမဲ့ ပါလီမန်အမတ်တွေကို ရွေးချယ်တဲ့ ပါလီမန်ရွေးကောက်ပွဲ စနစ် ကိုလက်ခံခဲ့ တာပေါ့။ ဒီ..ရွေးကောက်ပွဲဟာ၊ ဒို့ဗိုလ်ချုပ်ဘာကိုယုံသလဲဆိုတာက ပြသလိုက်တဲ့ အကောင်း ဆုံးသက်သေ တခုပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ (အာဏါရှင်) သမားလား၊ ဒီမိုကရေစီကို ယုံကြည်တဲ့ (ဒီမိုကရက်တစ်) သမားလား ဆိုတာ၊ ဒီမှာ လယ်ပြင်မှာဆင်သွားသလို၊ ထင်ထင်ရှားရှားတွေ့မြင်နေရပါပြီ။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ရွေးခဲ့တဲ့ လမ်းက



          ၁. ပါတီစုံ ဒီမိုကရေစီ စနစ်

          ၂. စီးပွားရေးအရ Mixed economy လို့ခေါ်တဲ့ အစိုးရ၊ပုဂ္ဂလိက ပိုင်ဆိုင်မှုရှိမယ်

          ၃. လူ့အခွင့်အရေးတွေကို အာမခံ တဲ့စနစ်



ဗိုလ်ချုပ်နေ၀င်းရဲ့ မဆလ စနစ်က

          ၁. တပါတီ အာဏါရှင်စနစ်

          ၂. စီးပွားရေးအရ အစိုးရပိုင်ဆိုင်မှုသာရှိတဲ့ မာ့က်စ်စစ်စီးပွားရေးစနစ်

          ၃. ဘာလူ့အခွင့်အရေးမှ မရှိတဲ့ တပါတီအာဏါရှင် စနစ်



တကယ်စဉ်းစားကြည့်ရင် ၊ ဗိုလ်ချုပ်အောင်ဆန်းရွေးခဲ့တဲ့ စနစ် နဲ့ ဗိုလ်ချုပ်နေ၀င်းရွေးချယ်ခဲ့တဲ့ မဆလ စနစ်တို့ ဟာ တောင်နဲ့မြောက်ပမာ အလှမ်းဝေးကြပါတယ်။



တကယ်တော့ ဗိုလ်ချုပ်နေ၀င်းရွေးချယ်ခဲ့တဲ့ မဆလ လမ်းစဉ်ဆိုတာ ကွန်မြူနစ်စနစ်ပါပဲ၊ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက်၊ ကွန်မြူနစ်တွေလို ဘာသာမဲ့ မကြေငြာရဲလို့. ပတ်ဝန်းကျင်နဲ့ အညမည ဖြစ်တယ်ဆိုတဲ့ စကားလုံးကို ဆွဲယူလာတာပါ။

ကွန်မြူနစ်နဲ့ကွာတာနောက်တခုက…ကွန်မြူနစ်အာဏါရှင်စနစ်မှာ အာဏါရှိတဲ့ ပါတီကေတာတွေက ကွန်မြူ နစ်တွေ၊ ဦးနေ၀င်းရဲ့ မဆလပါတီမှာ အာဏါရှိတဲ့ ပထမတန်းကေတာတွေက စစ်ဗိုလ်ထွက်တွေ၊ ဒုတိယ အာဏါရှိတဲ့ ပါတီကေတာတွေက ကွန်မြူနစ်တောခိုပြန်တွေ၊ တပါတီအာဏါရှင်စနစ်ဖြစ်တဲ့ ဗဟိုဦးစီး စနစ် ကတော့အတူတူပါပဲ။



ဦးနေ၀င်းရဲ့အဓိကအမှား



၁၉၆၀ ခုနှစ်တွေတုန်းက စစ်တပ်ကအာဏါသိမ်းတာခေတ်စားခဲ့ကြပါတယ်။ တောင်ကိုရီယား၊ ထိုင်း၊  အင်ဒို နီးရှား နဲ့ တောင်အမေရိကတိုက်ကနိုငံအတော်များများနဲ့ အာဖရိကတိုက်မှာလည်း စစ်တပ်က အာဏါသိမ်း ထားခဲ့ကြပါတယ်။ သို့သော်နိုင်ငံအများစုမှာ စစ်တပ်က နိုင်ငံရေးအာဏါကိုသာ သိမ်းခဲ့ကြပေမဲ့ စီးပွားရေး ကဏ္ဍကို ပုဂ္ဂလိကလက်ထဲ မှာပဲထားပြီး ဈေးကွက်စီးပွားရေးစနစ်ကို ကျင်သုံးခဲ့ကြတဲ့ အတွက်၊ ဒီမိုကရေစီ ပျက်ပြုန်းပြီး လူအခွင့်ရေးတွေဆုံးရှုံးကြရပေမဲ့စီးပွားရေဒမဏ္ဍိုင်တစ်ခုလုံးမပျက်စီးသွားကြဖူး။ စစ်အာဏါရှင် ကိုပြည်သူတွေကဆန့်ကျင်လာကြတော့၊နိုင်ငံအများအားဖြင့်ဟာဒီမိုကရေစီဘ၀ကိုပြန်ရောက်သွားကြတယ်။ ထို့ထက်ပိုပြီး၁၉၈၉ခုဘာလင်တံတိုင်းပြိုကျပြီးကမ္ဘာမှာကွန်မြူနစ်စနစ်ပြုတ်ကျသွားတော့ကမ္ဘာ့နိုင်ငံအများ အပြားဟာ ပစ္စည်းမဲ့အာဏါရှင်၊ တပါတီအစိုးရတွေအောက်ကပါလွပ်မြောက်လာကြတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မှာ တပြည်လုံးက အုံကြွလာကြပြီးတော့ တပါတီအာဏါရှင်စနစ်ကို အလိုမရှိ ကြောင်း ပြည်လုံးညွပ်ဆန္ဒပြပွဲကြီးကို စဉ်နွဲလာကြသည့်တိုင်အောင်၊ ဦးနေ၀င်းဟာ အာဏါကိုလက်မလွှပ် နိုင်ခဲ့ဖူး။ မဆလပါတီပြုတ်ကျသွားတော့၊ ၎င်းရဲ့မိခင်စစ်တပ်ကိုပြန်သွားပြီး၊ စစ်ဗိုလ်ချုပ်အသစ်တွေနဲ့ စစ်အာ ဏါရှင်စနစ်ကို ပြန်အသက်သွင်းခဲ့ပြန်တယ်။



အမှန်ကိုအမှန်တိုင်းမြင်တတ်ရင်၊ ဦးနေ၀င်းဟာ အာဏါကိုလက်မလွှပ်ရဲခဲ့ပါဖူး။

တိုင်းပြည်အကျိုးထက် မိမိအကျိုးကိုသာကြည့်ခဲ့ပါတယ်။

ဦးနေ၀င်းက ငါတို့လုပ်ကြည့်မယ်။မအောင်မြင်ရင်ပြန်ပြောင်းတာပေါ့လိုဆိုခဲ့တယ်လို့ဆိုကြပေမဲ့ လက်တွေ့ မှာ ကျားအမြီးဆွဲမိသလို အာဏါကိုလက်မလွပ်နိုင်တော့ပါဖူး။

တိုင်းပြည်အကျိုးကိုသာကြည့်ခဲ့ရင်၊ တိုင်းပြည်ကိုတကယ်ချစ်ခဲ့ရင် ၈၈၈၈ အပြီးမှာ ပါတီစုံဒီမိုကရေစီကိုပြန် ပေးခဲ့မှာပေါ့။ ပါတီစုံဒီမိုကရေစီကိုဖျက်ပြီး တပါတီစစ်အာဏါရှင်စနစ်ကိုထူတောင်ခဲ့တဲ့တာဝန်ရှိသူအနေနဲ့ ပါတီစုံဒီမိုကရေစီကိုပြန်ပေးခဲ့သင့်တာပေါ့။ ၈၈၈၈ မှာပြည်သူတွေရဲ့ဆန္ဒကပေါ်လွင်နေပြီပဲ။



စီးပွားရေး လူမှုရေးကိုပါချုပ်ကိုင်လိုတဲ့ဗိုလ်ချုပ်နေ၀င်း 

အင်ဒိုနီးရှားမှာ ဆူဟာတိုသမ္မတဖြစ်လာတော့၊ ပြိုင်ဖက်ကွန်မြူနစ်တွေကိုရှင်းလင်းပြီး စစ်တပ်ကနိုင်ငံရေး အာဏါကို သိမ်းပိုက်လိုက်ပေမဲ့ ၊ ဆူဟာတိုဟာ တိုင်းပြည်ထူထောင်ရေး Development ကိုအလွန် အား သန်တယ်လို့ နံမည်ရှိတယ်။ ဒါကြောင့် အဒမ်မာလစ်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ပြီး ဂျပန်တွေစီလွှပ်လိုက် တယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးသမားဖြစ်တာကြောင့် အမေရိကန်နဲ့လည်းတဲ့တယ်။ ဂျားဗါးကဆူလ်တန်ကို စီးပွားရေး ကိုင်ခိုင်းပြီး စစ်တပ်က နိုင်ငံရေးအာဏါကိုပဲကိုင်ထားတယ်။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးအရ တိုးတက်လာခဲ့တယ်။ အာဏါရှင်စနစ်ဆိုတော့ လဘ်စားမှုကြီးမားခဲ့ပေမဲ့ ဆူဟာတိုပြုတ် သွားတော့ တိုင်းပြည်မှာ စီးပွားရေးအဆောက်အအုံတွေကျန်ခဲ့တယ်။

ထို့နည်းတူစွာပဲ ထိုင်းနိုင်ငံကစစ်တပ်ဟာ အကြီမ်ကြိမ်အာဏါသိမ်းခဲ့ပေမဲ့ ၊ စစ်တပ်ကနိုင်ငံရေးအာဏါကိုပဲ သိမ်းထားပြီး စီးပွားရေးကဏ္ဍကို စီးပွားရေးနားလည်တဲ့ အရပ်သားတွေလက်ထဲမှာပဲထဲ့ထားတယ်။ ကိုရီး ယားမှာဆိုလျှင်လည်း ပတ်ချုံဟီးဟာ စစ်အာဏါရှင်ပေမဲ့ လက်ျာယိမ်းတဲ့သူဖြစ်တာကြောင့် စီးပွားရေးကို မထိခဲ့ဖူး။ ဒါကြောင့် ဒီနိုင်ငံတွေ စစ်ဖိနပ်အောက်ကလွပ်လာတော့ စီးပွားရေးမဏ္ဍိုင်တွေ ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် တိုင်းပြည်ဟာ စီးပွားရေးအရ ပြန်ခေါင်းထောင်လာနိုင်ခဲ့တယ်။



မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်နေ၀င်းဟာ အာဏါလောဘသိပ်ကြီးလွန်းတယ်။ ဒါကြောင့်စစ်တပ်က နိုင်ငံရေး အာဏါကိုသာသိမ်းပိုက်လိုက်သည်မဟုတ်၊စီးပွားရေးအာဏါကိုလည်းလုံးဝဥသုံချုပ်ကိုင်လိုက်ပြီး ပြိုင်ဖက် မရှိနိုင်အောင် လူမှုရေးမဏ္ဍိုင်ဟူသမျှကိုလည်း ဖျက်စီးပစ်လိုက်တယ်။ ဗိုလ်ချုပ်နေ၀င်းဟာ နိုင်ငံရေးအာဏါ ကိုချုပ် ကိုင်နိုင်ဖို့ “တပါတီအာဏါရှင်စနစ် နဲ့ ဗဟိုဦးစီးစနစ်” ကို ဖေါ်ထုတ်လာပြီး၊ စစ်တပ်ကလွဲလို့ လူမှုရေး အဖွဲ့စည်း ဟူသမျှကိုဖျက်စီးခဲ့ပြန်တယ်။ ဆိုရှယ်လစ်စီးပွားရေစနစ်ကိုအကြောင်းပြပြီး ဦးဘငြိမ်အကူအညီနဲ့ မြင်မြင်သမျှ အစိုးရက ပြည်သူပိုင်သိမ်းပြီး ၊ ထုတ်လုပ်မှုမှန်သမျှကို အာဏါနဲ့ ဖျက်စီးပစ်လိုက်တာပဲ။ နောက် ဆုံး စစ်တပ်နဲ့ အစိုးရ ကလွဲရင် ဘာမှ မရပ်တည်နိုင်တော့ဖူး။



နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖက်စုံ အာဏါကို ထိန်းချုပ်လိုက်ပြီးမှ စစ်အာဏါရှင်စနစ်ကို မစနစ်တကျ ထူထောင် လိုက် တာဗိုလ်ချုပ်နေ၀င်းပါပဲ။



ဗိုလ်ချုပ်နေ၀င်း ဥါဏ်မမှီလို့ (မသိ) လိုက်တာက အားလုံးကို ထိန်းချုပ်လိုက်တဲ့အတွက် အားလုံးရှားပါးဆင်း ရဲ ကုန်ကြတဲ့အတွက် ၊ တတိုင်းတပြည်လုံး အူမ မတောင့်တဲ့အတွက် (သီလ) မစောင့်နိုင်ကြပဲ လူတွေဟာ စာရိတ္တပါပျက်စီးလာကြပြီး (လဘ်) စားမှုအမျိုးမျိုးပေါ်ခဲ့ရတယ်။ လူ့အသက်ကိုကယ်ဖို့ သံဓိဌါန်ပြုသစ္စာဆိုရ တဲ့ ဆရာဝန်တွေတောင် (ငွေ) မပေးနိုင်ရင် ကောင်းကောင်း (မခွဲ) ပေး ၊ ဆေးမကုပေးချင်ကြတော့ဖူး။ ရှားပါးမှုရဲ့ နောက်ဆက်တွဲတစ်ခုက လဘ်စားမှုသာမက လူတွေဟာ (တကိုယ်ကောင်း) ဆန်လာကြရတယ်။ ခိုးစား၊ လုစား၊ အါဏါနဲ့ ဓါးပြတိုက်စားကြလာကြတော့၊ လူတွေဟာ တကိုယ်ကောင်းဆန်လာကြတယ်။ (ငါ) ရဖို့ပဲ (သိ) ကြတော့တယ်။ နိုင်ငံတိုင်းမှာ လဘ်စားမှုဆိုတာ အနဲနဲ့အများ ရှိကြပါတယ်။ ဥပမာထိုင်းက ရဲ တွေဟာ ပိုက်ဆံပေးရင်ရတယ်။ ပိုက်ဆံယူပြီးရင် တန်ရာတန်ကျေး ပြန်လုပ်ပေးတယ်။ မြန်မာနိုင်ငံက(ရဲ) တွေ အပါအ၀င် အာဏါရှိတဲ့ အစိုးရအာဏါပိုင်ဆိုသူတွေဟာ (လဘ်) လည်းစားသေးတယ်၊ (ငွေ) လည်းယူ သေးတယ်၊ အာဏါပြပြီး ထပ် (ရစ်) လိုက်သေးတယ်။ စာရေးသူအထင် လဘ်စားပြီး (ရစ်) တဲ့နိုင်ငံဟာ  မြန်မာနိုင်ငံပဲရှိတယ် ထင်တယ်။



စာဖတ်သူများကို (သိ) စေချင်တာက ဗိုလ်ချုပ်နေ၀င်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးမဏ္ဍိုင်အားလုံးကို မိမိ အာဏါထိန်းချုပ်နိုင်ရေးအတွက်၊ ရိုက်ချိုးဖျက်စီးပြီး ၊ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဘ၀ ရောက်အောင် ဆွဲချခဲ့ရုံမက ၊ တတိုင်းတပြည်လုံးကို သူခိုးတွေ လူဆိုးတွေဖြစ်အောင် လုပ်ခဲ့ပြီး (လူ) တွေရဲ့ (စာရိတ္တ) ကိုဖျက်စီးပစ်ခဲ့တယ်။ ဒါထက်ဆိုးတာက (လူ) တွေရဲ့ (အကျင့်) ကိုဖျက်စီးပြီး အလွန်ဆိုးဝါးတဲ့ (မဆလ) အကျင့်ဆိုးတွေကို (အမွေ) အဖြစ်ထားရစ်ခဲ့တယ်။

ယနေ့အထိ မြန်မာနိုင်ငံသားတွေဟာ (မဆလ) အကျင့်ဆိုးတွေကို ခေတ်အဆက်ဆက် (အမွေ) လက်ခံရရှိ ကြပြီး (မဆလ) အကျင့်ဆိုး၊ စိတ်ဓါတ်ဆိုးတွေဟာ လွှမ်းမိုးထားဆဲပါပဲ



(မဆလ) အမွေဆိုး…..



ယနေ့ ခေတ်လူငယ်တွေအပါအ၀င် မြန်မာနိုငံသားတွေဟာ ခိုးတယ် ၊ ဆိုးတယ် ၊ ရိုင်းတယ် ဆိုတာ (မကောင်း) မှန်း (မသိ) ကြတော့ဖူး။



စိတ်မကောင်းစရာက ၊ ယနေ့လူငယ်တွေဟာ ၊ ဒီအလုပ်တွေဟာ  (မမှန်)ဖူး ၊ (မကောင်းဖူး) ဆိုတာကို (သိ) နိုင်ဖို့ (moral compass) လို့ခေါ်တဲ့ (စာရိတ္တအိမ်မြှောင်) မရှိကြတော့ဖူး။ စာရေးသူတို့ငယ်ငယ်တုန်း က (ပြည်သူ့နီတိ) ဆိုတဲ့ (လူ့ကျင်ဝတ်) တွေသင်ရတယ်။ ကျောင်းတွေက (မခိုး) ရဖူး ၊ (မလိမ်) ရဖူး (ရိုးသား) ရမယ် ၊ ဖြောင့်မတ် ရမယ်၊ ယဉ်ကျေးသိမ်ရမယ် ဆိုတဲ့ (လူ့ကျင့်ဝတ်) တွေကို  (လူ့တန်ဖိုး) (Value System) အဖြစ် သင်ပေးတယ်။ ဦးနေ၀င်းရဲ့ မဆလ ခေတ်မှာ လူတိုင်းဆင်းရဲလာကြတော့ ဘ၀ ရပ်တည်နိုင်ဖို့အတွက် ရသမျှ ခိုးရောင်း၊ ရသမျှအခွင့်အရေးကို ရောင်းစားကြရတော့၊ လူငယ်တွေကို ကောင်းရာကောင်းကြောင်း သင်ပြ ရမဲ့ ဆရာဆရာမတွေ ကိုယ်နှိုက် (အကျင့်သိက္ခ) ဆိုတာကို နားမလည်နိုင်ကြတော့၊ ခလေးတွေကို သင်ပြ ဖို့ရာဘယ်မှာလာဖြစ်နိုင်တော့မှာလည်း။ တနိုင်ငံလုံး အကျင့်သိက္ခာပျက် ခိုးစားနေကြတဲ့ မဆလခေတ်ကြီး မှာ အများမိုးခါးရေသောက်နေကြတော့၊ ဆရာဆရာမ တွေလည်းအကျင့်သိက္ခာပျက်လာကြပြီပေါ့။



ရတဲ့လစာနဲ့ကလည်း မလောက် ၊ နေရာဆိုးဆိုးမပြောင်းရရေးအတွက် အထက်လူကြီးကို လဘ်ထိုးရသေး တော့ ၊ ဆရာဆရာမတွေဟာ ကျောင်းမှာစာမသင်ပဲ ကျူရှင်ဝိုင်းတွေ၊ သင်စားရာက မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ဆိုတာ ကျူရှင်ပေးစားတဲ့၊ တရားဝင်မေးခွန်းရောင်းစားတဲ့ ပညာရေးစနစ်ကြီးဖြစ်ခဲ့ရတယ်။ ဒီလို အလွန် လွဲမှားတဲ့ ပညာရေးစနစ်အောက်မှာ ကြီးပြင်းလာကြတဲ့ ခလေးတွေဟာ ပညာလည်းမတတ်၊ အမှားအမှန် ကိုလည်းမခွဲခြားနိုင်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာခဲ့ရတယ်။



မဆလခေတ်မှာ စီးပွားရေးအားလုံးဟာ အစိုးရလက်ထဲမှာပဲရှိတယ်။ ဒါကြောင့် (အလုပ်) ပေးနိုင်တာလည်း (အစိုးရ) ပဲရှိတယ်။ opportunity လို့ခေါ်တဲ့ (အခွင့်အရေး) ဆိုတာ (အစိုးရ အလုပ်) ကလွဲလို့မရှိပါ။ စီးပွား ရေးပိုင်ဆိုင်မှုကို အစိုးရက အာလုံးထိန်းချုပ်ထားတော့ အစိုးရအလုပ်ဝင်မလုပ်ရင် မှောင်ခိုကုန်ကူး ၊ အဓိက ဒီ (၂) လုပ်ပဲရှိပါတယ်။ အစိုးရအလုပ်ဆိုတာကလည်း ရတဲ့ လစာနဲ့ မလောက်တော့ လူတိုင်း (လဘ်)  ယူ ကြရ တယ်။ မှတ်မိသေးတယ် ဦးနေ၀င်းရဲရ မဆလခေတ်မှာ (၆) ထပ်ရုံးဆိုတာ အမြင့်ဆုံး အဆောက် အဦ ပဲ။ (၆) ထပ်ရုံးသွားရင်၊ ဓါတ်လေခါးကို မိမိလက်နဲ့နှိပ်ပြီး စီးလို့မရ။ ဓါတ်လှေခါးမောင်းတဲ့သူရှိတယ်။ ပိုက်ဆံ ပေးရ တယ်။ ဒီတော့ ဦးနေ၀င်းခေတ်မှာ လူတန်းစား (၂) မျိုးပဲရှိပါတယ်။ ပိုက်စံ (ယူ) တဲ့ လူတန်းစား နဲ့ ပိုက်ဆံ (ပေး) ရတဲ့ လူတန်းစား။ ဒါ စီးပွားရေးအရပြောတာပါ။ နိုင်ငံရေးအရပြောရရင် (အုပ်ချုပ်သူ) လူတန်းစားနဲ့ (အုပ်ချုပ်ခံ) လူတန်းစား။



ဒီလို ခေတ်ပျက်ကြီးထဲမှာ ကြီးလာရတဲ့ (လူငယ်) လေးတွေဟာ စာရိတ္တမဏ္ဍိုင်တို့ ၊ အများအကျိုးတို့၊ ပရဟိတတို့၊ လူ့ကျင်ဝတ်တို့ဆိုတာ တွေဘယ်လို (သိ) နိုင်ကြတော့မှာလည်း။



ဗဟိုဦးစီးစနစ်ဆိုတာ က (အားလုံး) ကိုချုပ်ကိုင်လိုက်တာ။ (ဆိုရှယ်လစ်) စီးပွားရေစနစ်ဆိုတာကလည်း စီးပွားရေးလုပ်ငန်းမှန်သမျှကို (အစိုးရ) ကဦးစီးချုပ်ကိုင်လိုက်တာပဲ။ ရလဒ်က တတိုင်းပြည်လုံး (မွဲ) သွား တယ်။ အခွင့်အရေးဟူသမျှ ပျောက်ဆုံးကုန်တယ်။ ပစ္စည်းထုတ်လုပ်မှုမရှိတော့ ပစ္စည်းတွေ ရှားလာတယ်။ ပစ္စည်းတွေရှားလာတော့ ပစ္စည်းတွေဈေးတက်လာတယ်။ ပစ္စည်းတွေဈေးတက်လာတော့ ရှိတဲ့ (ငွေ) လည်ပတ်မှုနဲ့ မလောက်တော့ဖူး။ ဒီတော့ (ငွေ) တွေကို ရိုက်ထုတ်ရတယ်။ ဦးနေ၀င်းလက်ထက်က (၀ါဇီ) မှာ ငွေစက္ကူရိုက်ထုတ်တဲ့ စက်ရှိတယ်။ ဒီတော့ (၀ါဇီ) ကရိုက်ထုတ်တာများတော့ (ငွေ)  တန်ဖိုးကျလာတာ ပေါ့။ အရင် ငွေ (၁၀) ကျပ်နဲ့ ကြက် ၁ပိဿာ ရရင် အခု (၁၀) ကျပ်နဲ့ ကြက် (၈၅) ကျပ်သားပဲရတော့ မှာ ပေါ့။ ဒါကို စီးပွားရေးအရ “ငွေကြေး” (ဖေါင်းပွ)မှု (Inflation) လို့ ခေါ်ပါတယ်။



တိုးတက်တဲ့ တခြားနိုင်ငံတွေမှာတော့ “လည်ပတ်တဲ့ငွေသား” ပမာဏ (Liquidity) ကိုလျော့ချဖို့ ဘဏ် အတိုးနှုန်း ကိုမြှင့်ပြီး ဒီပြဿနာမျိုးကို ကိုင်တွယ်ကြပါတယ်။ ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်ခေတ်မှာ ဘဏ်စနစ် မရှိပါဖူး။ လူတွေက အစိုးရကို မယုံကြဖူး။ တချိန်ထဲမှာ အစိုးရက မထုတ်ပေးနိုင်တဲ့ (လူသုံးကုန်) ပစ္စည်း တွေကို (မှောင်ခို) ကုန်ကူးရင်း ၊ချမ်းသာတဲ့သူတချို့ ချမ်းသာကုန်ကြတယ်။ စာရေးသူ နားလည်သလောက် ဦးနေ၀င်းရော ဦးဘငြိမ် ရော သူတပါးချမ်းသာနေကြတာကိုကြည့်မရ ကြဖူး။ တနည်းအားဖြင် ငါသာ အား လုံးကိုချုပ်ကိုင်ထားမယ် ၊  (ငါ့) ထိန်းချုပ်မှု က လွပ်ပြီးချမ်းသာတာ ကိုလက်မခံနိုင်ကြဖူး။ သူတပါးချမ်း သာ တာကို (မမြင်) လိုကြဖူး။ မုတိတာ မပွားနိုင်ကြဖူး။ ဒီ (၂) ချက်နဲ့ အစိုးရအာဏါကိုသုံးပြီး မိုက်မိုက်ကန်ကန်း (လူမိုက်) စိတ်နဲ့ ၊ ငွေအချပ်ကြီးဖြစ်တဲ့ (၁၀၀) တန် စတဲ့ (ငွေစက္ကူ) တွေ  “တရားမ၀င်” တော့ဆိုပြီး (ကြေငြာ) ခဲ့ကြတယ်။



အမှန်တိုင်းမြင်တတ်ရင် ဦးဘငြိမ် ရဲ့ နိမ့်ကျတဲ့ လက်ဝဲအစွန်း (ဥါဏ်) နဲ့ ဦးနေ၀င်း ရဲ့ ကလိန်ကကျစ် (အကျင့်) ပေါင်းပြီး ပြည်သူလူထု ကို (မတရား) အနိုင်ကျင့်တာပါ။ 



ဒါ ကို စီးပွားရေးစကားနဲ့ Demonetization လို့ခေါ်ပါတယ်။ သိပ်..သိပ်..ကိုရှားတဲ့..လုပ်ရပ်ပါ…

ဦးနေ၀င်းနဲ့ ဦးဘငြိမ် တို့က..(၃)ကြိမ်..လုပ်ခဲ့ကြတယ်….



ကောင်းရောင်းကောင်းဝယ် သမာအာဇီဝ နည်းနဲ့ ရှာထားတဲ့ ပြည်သူတွေရဲ့ (ငွေ) တွေဟာ တရားမ၀င် တော့ဖူးဆိုတာ ဘာအဓိပ္ပါယ် မှမရှိပါဖူး။ ဒါ အာဏါ နဲ့ ပြည်သူတွေကို သက်သက်ဗိုလ်ကျတာ။ မတရား လုပ်တာ။ တချို့ဆို တသက်လုံး စုဆောင်းလာတဲ့ (စုငွေ) (Saving Money) အားလုံးစက္ကူစုပ် ဖြစ်ကုန် တယ်။ ဘဏ်စနစ်မရှိတော့ (လူ) အများအားဖြင့်ဟာ ကုတင်အောက်မှာ ငွေ (စု) ထားကြတာ။ တပြည် လုံးအတိုင်းအတာနဲ့ ဒုက္ခရောက်ကြရတာ။ ရန်သူမျိုး (၅) ပါးမှာပါတဲ့ မင်းဆိုးမင်းညစ်ဆိုတာ ဦးနေ၀င်း လို အာဏါရှင်မျိုးကိုပြောတာပါ။



၁၉၇၄ ခု အခြေခံဥပဒေ (Constitution) ကို ဖတ်ကြည့်ရင် ဥပဒေ နဲ့တူသော အမိန့်ကိုထုတ်ရင် သမ္မတ ကပဲကြေငြာရမယ်။ အနီးကပ်ဆုံးလွှတ်တော်အတည်ပြုချက်ရယူရမယ်လို့ဆိုထားတယ်။ မှတ်မိသလောက် နောက်ဆုံး ကြေငြာချက်ကို ဦးစိန်လွင်ကကြေငြာသွားတာ။ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ရတဲ့ အကြောင်း အရင်းတစ်ခုမှာ တချို့ (ငွေစက္ကူ) တွေတရားမ၀င်ဖူးတော့ဖူးဆိုတဲ့ ကြေငြာချက်ကြောင့် ပြည်သူတွေက မကျေနပ်တာပါ ၊ ပါတယ်။ ဂဂဂဂ ကြောင့် ဦးနေ၀င်းနှုတ်ထွက်အပြီးမှာမှ ဦးစိန်လွင် သမ္မတဖြစ်လာတာပါ။



နောက်တချက်က ပြည်သူတွေရဲ့ အိုးအိမ်နဲ့ ၀င်ငွေကို အစိုးရကကာကွယ်ရမယ်လို့ ၁၉၇၄ အခြေံဥပဒေက ဆိုထားပြန်တယ်။  ဆိုလိုတာက ပြည်သူတွေ တရားဝင် ရှာဖွေ စုဆောင်းထားတဲ့ (ငွေ) ၊ အခွန်အကောက် ပေးပြီး ကျန်တဲ့ (ငွေ) တွေဟာ တရားဝင်၊ (၀င်ငွေ) ဖြစ်တယ်။ ဒီလို ၀င်ငွေ မျိုးကို စောင့်ရှောက်ရမဲ့ တာဝန် အစိုးရစီမှာရှိတယ်လို့ဆိုတာပါ။ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေငြာချက်ဟာ အစိုးရက စောင့်ရှောက် ရမဲ့အစား အစိုးရက ပြည်သူတွေ့ရဲ့ ဘ၀ကို တချက်လွှပ်အမိန့်နဲ့ဖျက်စီးလိုက်တာပဲ။ပင်စင်စားအရွယ်ရောက် ပြီး ရှိစုမဲ့စု (စုငွေ) လေးတွေနဲ့ ထိုင်စားနေကြတဲ့ သူတွေ တသက်ဆုံးစုလာတဲ့ငွေတွေကို ဘယ်လိုပြန် ရှာနိုင်တော့မှာလဲ။ ဒါ ဦးနေ၀င်း ငါအာဏါရှင်ပဲ လုပ်ချင်တာလုပ်မယ်၊ ဘယ်သူ့ကိုမှ လူမထင်ဖူးဆိုတဲ့ (ငါ) ဆိုတဲ့ (သွေးနားထင်) ရောက်တဲ့ ၊ ဘယ်သူ့ကိုမှ မငှဲ့ညှာတဲ့ ယုတ်မာတဲ့ တကိုယ်ကောင်းစိတ် ဆိုတာကို မဆလခေတ်ကို မမှီလိုက် တဲ့လူငယ်လေးတွေကို သိစေချင်တယ်။



တရားမ၀င်တဲ့ မှောင်ခိုငွေ တွေကို အရေးယူချင်ရင်တခြားနည်းနဲ့ အရေးယူလို့ရပါတယ်။ တရားဝင်ရှာဖွေ ထားတဲ့ ၊ တသက်လုံးစုဆောင်းလာတဲ့ လူကောင်းတွေရဲ့ (စုငွေ) ကို တချက်လွှပ်အမိန့်နဲ့ တရားမ၀င်ဖူး ဆိုပြီးပယ်ဖျက်လိုက်တာ ၁၉၇၄ အခြေခံဥပေးကို ချိုးဖေါက်တာပဲ။ အမှန်က ငွေကြေးဖေါင်းပွမှုကို တရားဝင် ပညာရှိရှိ နည်းနဲ့မကိုင်တတ်တော့၊ အောက်လမ်းနည်းနဲ့ (ငွေပို) တွေကို သိမ်းလိုက်တာပဲ။ လည်ပတ်တဲ့ (ငွေ) တွေ (နဲ) လာမှ ၊ ပိုင်ဆံတန်ဖိုးပြန်တာက်လာမှာလေ။ မှောင်ခိုသမားတွေက လည်ပြီးသား ၊ နောက် တခါ (ငွေ) မကိုင်ကြတော့ဖူး ၊ (ရွှေ) ပြောင်းကိုင်မှာပေါ့။ ခံရတာက ရိုးသားတဲ့ ပြည်သူတွေပါပဲ။

တကယ်စဉ်းစားတတ်ရင် ဦးဘငြိမ် လည်း မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် ဆိုတာကို စာအုပ်ထဲမှာပဲ ဖတ်ဖူးတာပါ။ လက်တွေ့ မလုပ်ဖူးပါဖူး။ ပိုဆိုးတာက စီးပွားရေးကို နဂန်းတလုံးနားမလည်ကြတဲ့ စစ်ဗိုလ် တွေစီးပွားရေးကို ချယ်လှယ်လာတော့ တိုင်းပြည်ပျက်ကိန်းစိုက်ပြီပေါ့။ နိုင်ငံခြားက အကြွေးတွေယူ၊ လုပ်ငန်းတွေ မရှိတော့ (၀င်ငွေ) မရှိ၊ ၀င်ငွေမရှိတော့ အကြွေးမပေးနိုင်၊ အကြွးမပေးနိုင်တွေှာ ဦးဘငြိမ် က လူမိုက်တို့ထုံးစံအတိုင်း “ပြန်မစပ်ဖူးကွာ ၊ ဘာဖြစ်သလဲ” ဆိုတော့ ဗမာနိုင်ငံကို ဘယ်သူမှ ငွေမခြေးကြ တော့ဖူးပေါ့။ နောက်ဆုံး (မခံ) နိုင်တော့မှ ကမ္ဘာ့အလည် မှာ (Least Developed Country) ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံအဖြစ်ကြေငြာရတော့တယ်။ ဒါလည်း ဦးဘငြိမ်ရဲ့ လက်ချက်ပါပဲ။



တကယ်တော့ ဦးနေ၀င်းနဲ့ ဦးဘငြိမ် တို့ဟာ “ဘုန်းကြီးရူးနဲ့လှေလူး” တွေ့ကြတာပါ။ အာဏါရူးဦးနေ၀င်း နဲ့ လက်ဝဲအရူး ဦးဘငြိမ် တို့တွဲဖျက်လိုက်ကြတာ ဗမာပြည်ကြီး ပျက်ခဲ့ရပါရော။ (ရွှေ) နိုင်ငံကနေ ၊ တိုင်းပြည် လည်း (မွဲ) ၊ ပြည်သူပြည်သားတွေလည်း (သူတောင်းစား) တွေဖြစ်ခဲ့ကြရတယ်။



ဒါ အာဏါရှင်စနစ်ရဲ့ ဆိုးကျိုး ၊ အာဏါရှင်တို့ရဲ့ (မာန်) ၊ အာဏါရှင်တို့ရဲ့ ငါတကော်၊ ကော်ကြတဲ့ အကျင့် ဆိုတာ လူငယ်လေးတွေကို နားလည်စေချင်တယ်။



တရုတ်ပြည်မှာ မော်စီတုံးဟာ ဒီလိုပဲ လုပ်ချင်တာလုပ် ၊ Great Leap Forward ဆိုတဲ့ စီမံကိန်းကြီး ကိုလုပ် လိုက်တာ လူသန်း ၄၀ လောက် သေကြေကုန်ကြတယ်။ ဆိုဗီယက်ရုရှားမှာလည်း စတာလင် ထင်ရာလုပ် ခဲ့တာ လူသန်းချီ သေခဲ့ရတယ်။ သက်ဦစံပိုင် အာဏါရှင် စနစ် ဆိုရင် ဘယ်အာဏါရှင်စနစ် မှ မကောင်းဖူး ဆိုတာ သင်္ခန်းစာ ယူနိုင်ကြပါစေ။

တရားမ၀င်တဲ့ မှောင်ခိုငွေ တွေကို အရေးယူချင်ရင်တခြားနည်းနဲ့ အရေးယူလို့ရပါတယ်။ တရားဝင်ရှာဖွေ ထားတဲ့ ၊ တသက်လုံးစုဆောင်းလာတဲ့ လူကောင်းတွေရဲ့ (စုငွေ) ကို တချက်လွှပ်အမိန့်နဲ့ တရားမ၀င်ဖူး ဆိုပြီးပယ်ဖျက်လိုက်တာ ၁၉၇၄ အခြေခံဥပေးကို ချိုးဖေါက်တာပဲ။ အမှန် ငွေကြေးဖေါင်းပွမှုကို တရားဝင် ပညာရှိရှိ မကိုင်တတ်တော့၊ အောက်လမ်းနည်းနဲ့ ငွေပိုတွေကို သိမ်းလိုက်တာပဲ။ မှောင်ခိုသမားတွေက လည်ပြီးသား ၊ နောက်တခါ (ငွေ) မကိုင်ကြတော့ဖူး ၊ (ရွှေ) ပြောင်းကိုင်မှာပေါ့။ ခံရတာက ရိုးသားတဲ့ ပြည်သူတွေပါပဲ။



ဆက်လက်ဖေါ်ပြပါမည်



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...