Thursday, March 20, 2014

ညအော်သံ

 
- သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့ အသံကို ကြားရလား ၊
လူသေအလောင်းကောင်လို အေးစက်လို့ တောင့်တင်းလို့ ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ ရနိုင်ပ ။

တခါတုံးက
အော်ဟစ်သံ ၊ ကြွေးကြော်သံ ၊ တောင်းဆိုသံ ၊ သီချင်းသံ ၊ ညီညွတ်တက်ကြွသံ
ငိုကျွေးသံ ၊ ပစ်ခတ်သံ ၊ ကျူံးဝါးသံ ၊ မှာကြားသံ ၊ တောက်ခေါက်သံ ၊ သစ္စာပြုသံ
သွေးတွေစီးဆင်းသံ ၊ မျက်ရည်တွေတလိမ့်လိမ့်ကျလာသံ ၊ ခရီးထွက်လက်ပြနုတ်
ဆက်သံ ၊ သက်ပြင်းမောရှည်ရှည်တွေချလိုက်သံ ၊ မျက်ဝန်းချင်း ဂတိပြုစကားပြော
သံ ၊ လွတ်လပ်မှအမျှဝေပါ ဆိုတဲ့အသံ -
ဒီမိုကရေစီရမှ အမျှဝေပါ မှာခဲ့တဲ့ အသံ -

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေဟာ
လမ်းမတွေပေါ်မှာ အသက်ဝင်ခဲ့တယ်
ဒီမိုကရေစီကို ကိုယ်စားပြုခဲ့တယ် ၊
ဖိနှိပ်သူကို တုန်လှုပ်စေခဲ့တယ် ၊
သမိုင်းတခေတ်ကို ဖွင့်လှစ်ခဲ့တယ် ။


ရာစုတခုရဲ့ လေးပုံတပုံအကြာမှာတော့
လေရိုင်းတွေရဲ့ အော်သံ ၊
မြစ်တစင်းရဲ့ ငိုရှိုက်သံ ၊
တောင်တလုံးရဲ့ နာနာကျည်းကျည်း တောက်ခေါက်သံ ၊
လှောင်ချိုင့်ထဲက လူတယောက်ရဲ့ ညီးငြူသံ ၊
မတရားမှုကြောင့် ပေါက်ကွဲသံ ၊
ကာရာအိုကေဆိုင်က ခေတ်လွန် သီချင်းသံ ၊
စားသောက်ဆိုင်ထဲက ရမက်ခိုးအပြည့်နဲ့ စကားသံ ၊
အရိုးအရင်းကိုက်ရလို့ ကျေနပ်မှုနဲ့ အူလိုက်တဲ့ ခွေးလေခွေးလွင့်ရဲ့ အသံ ၊
ဈေးမတူပေမဲ့ အပေးအယူလုပ်နေတဲ့အသံ ၊
ဘိန်းစားချင်းအတူတူ တမူးပိုရှုလိုက်ရလို့ ပလွားနေတဲ့ အစ်တစ်တစ်အသံ ၊
ပေးစရာအဖြေမရှိလို့  ခပ်ငေါက်ငေါက်နဲ့ တုံ့ ပြန်နေသံ ၊
ဤ ကိုကျွဲ ဖတ်နေသူချင်း တွေ့ ဆုံပွဲကထွက်လာတဲ့ လက်ခုပ်သံ ၊
လုပ်စားနေတာ မဟုတ်ရတဲ့အကြောင်း အာလုပ်သံကြီးနဲ့ ရှင်းပြနေတဲ့ အသံ ၊
အရက်မသောက်ပဲ ဘယ်သူ့ မှ ဂရုမစိုက်ဘူးကွလို့ 
ရပ်ကွက်ကို စိမ်ခေါ်နေတဲ့ အမူးသမားတယောက် အသံ ၊
ဓါတ်ရှင်ထဲက ဂုဏ်ကြီးရှင်ဟန်နဲ့ ဇာတ်တူသားစားဖို့ ကျိုးစားနေတဲ့ မျိုးမစစ်
ဒေါင်းတကောင်ရဲ့ မာန်ဖီနေတဲ့ အသံ ၊
ဗိုက်ဆာလွန်းလို့ ခွေခွေလေးလဲနေတဲ့ ခလေးတယောက်ရဲ့ ထမင်းတောင်းသံ ၊
ဒေးကလပ်ထဲက အနာဂါတ်တွေရဲ့ ပြိုကျနေသံ ၊
မသေချာဘ၀တွေမို့  နေစရာပြန်ပေးဖို့ တောင်းဆိုနေသံ ၊
စက်ရုံထဲက စက်ရုပ်ရဲ့ အူထဲကလာတဲ့ တကျုတ်ကျုတ်မည်သံ ၊
ဈေးပေါင်ကျိုးနေပြီလို့ မစားရ ၀ခမန်းဟစ်အော်နေသံ ၊
အရပ်တကာလယ်ပြီး မသာကို နံ့ သာလိမ်းပေးထားတာ လှပါတယ်လို့ကြော်ညာနေသံ ၊
သူတို့ အတွက် စိန်ရတုတို့  ပတ္တမြားရတုတို့  မလုပ်ပေးဖို့ တောင်းပန်နေတဲ့ အာဇာနည်
ကုန်းက သွားလေသူတွေရဲ့ အသံ ၊
ရေမသောက်ရတာ ကြာလို့ အာခေါင်ခြောက်နေတဲ့ လယ်ကန်သင်းရိုးတွေရဲ့ ပက်ကြား
အက်သံ ၊
လေအဝှေ့ မှာ တကျွိကျွိနဲ့ ပြိုကျလုလု အိမ်အိုအိမ်ဆွေးကြီးကထွက်လာတဲ့ အသံ ၊
ဆောင်ကြာမြိုင် အသာမြူးလို့  ဘနဖူးသိုက်တူးနေသူရဲ့ အသံ ၊
အချိန်ကကုစားလို့ သေသောသူကြာရင်မေ့တတ်သူရဲ့ တိုက်ပုံဝတ်သံ ၊
သူခိုးသေဖော်ညိရင်း ချစ်သူကိုမုန်းသူဖြစ်စေသူရဲ့ အသံ ၊

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေမှာ
ပြုပြင်ပြောင်းလဲရေးမပါဘူး ၊
ငတ်နေသူတွေအတွက် စားစရာမပါဘူး ၊
မတရားမှုတွေအတွက် ဥပဒေမပါဘူး ၊
ဒီမိုကရေစီမပါဘူး ၊
လူ့ အခွင့်အရေးမပါဘူး ၊
ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံရေးဝန်းကျင် တည်ဆောက်ရေးမပါဘူး ၊
အနာဂါတ်အတွက် စကားမပါဘူး ၊
အဖိနှိပ်ခံတွေအတွက် လွတ်မြောက်ရေးမပါဘူး ၊
အသိအမှတ်ပြုမှု မပါဘူး ၊
စစ်ဘေးဒဏ်ခံနေရသူအတွက် မျော်လင့်ချက်မပါဘူး ၊
ပုံပျက်နေတဲ့ ကိုယ်ကျင့်တရားတွေအတွက် အကြောက်တရားမပါဘူး ၊
ပြိုလုဆဲဆဲ လူ့ အဖွဲ့ အစည်းအတွက် စိုးရိမ်ကြောင့်ကျမှု မပါဘူး ၊
ငရဲပြည်က ကျမ်းစာအုပ်ကို ဖျက်ဆီးမဲ့အကြောင်းမပါဘူး ၊
ခလေးငယ်တွေအတွက် စာသင်ခန်း မပါဘူး ၊

စာနာမှုတွေမပါဘူး ၊
အသိတရားတွေမပါဘူး ၊
အရှက်တရားတွေမပါဘူး ။



ဒါပေမဲ့
မရေရာတဲ့ ညီညွတ်ရေးပါတယ် ၊
ဟန်ဆောင်ဆွေးနွေးပွဲတွေပါတယ် ၊
ပွဲစားလုပ်ငန်းကြီးထွားစေတဲ့ ငြိမ်းချမ်းရေးဆိုတာပါတယ် ၊
ရေပေါ်ဆီဖြစ်စေတဲ့ ဖောက်ပြန်မှုတွေပါတယ် ၊
မယ်ဘော်ဖြစ်သွားတဲ့ ဟန်တွေပါတယ် ၊
၂၀၀၈ ကိုခြုံအိပ်နေသူတွေ အထင်မလွဲစေဖို့ လုပ်ကွက်တွေပါတယ် ၊
အချင်းချင်း သင်းသတ်မှုတွေပါတယ် ၊
နောက်ကျော ဖနောင့်နဲ့ ပေါက်တဲ့ အရွေ့ တွေပါတယ် ၊
ဥပဒေရေးစရာမလိုတဲ့ လွတ်တော်လုပ်တမ်း ကစားပွဲတွေပါတယ် ၊
ခိုးရာပါ ပစ္စည်းတွေ ဝေခွဲရေးပါတယ် ၊
လစ်တမတ်စက္ကူလို ယုံကြည်မှုတွေပါတယ် ၊
ခရိုနီမွေးမြူရေးပါတယ် ၊
အစွန်းအထင်းများစွာနဲ့  ယဉ်ကျေးမှုကို မေ့လျော့မှုတွေပါတယ် ၊
လက်ဝေခံဘ၀အတွက် ကျေနပ်မှုတွေပါတယ် ၊
သားသတ်သမားကို ဘုရားအလောင်းပမာပြောနေတဲ့ ဇာတ်လမ်းအတုတွေပါတယ် ၊
ဈေးကွက်တင်ထားနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာပါတယ် ၊
တိုင်းရင်းသားများ တကယ်မညီညွတ်ရေးဆိုတာ ပါတယ် ၊
မင်းလည်းယူ ငါလည်းယူဆိုတဲ့ မူတွေပါတယ် ၊
သူ့ လူကိုယ်ဘက်သားတွေပါတယ် ၊
အခန်းအနား နိုင်ငံရေးတွေပါတယ် ၊ ခုတုံးလုပ်မှုတွေပါတယ် ၊
ဆန့် ကျင်သူတွေကို ထိုးဖို့ လက်ညိုးပါတယ် ၊
ပိုးလိုးပက်လက်လန်နေတဲ့ ရပ်တည်ချက်တွေပါတယ် ။

ဘ၀မေ့မှုတွေ ပါတယ် ၊
လိမ်ညာမှုတွေ ပါတယ် ၊
ရက်စက်မှုတွေ ပါတယ် ။

တကယ်ဆိုတော့ ခေတ်ကြီးကိုက မကောင်းတာပါ ၊
ကျောင်းလွယ်အိတ်ထဲက ကျပျောက်သွားတဲ့
ရိုးသားမှုဆိုတာကလည်း ၊ အခွင့်အရေးနဲ့ ဖလှယ်နိုင်သူတွေအတွက်တော့
ဘေးထွက်ပစ္စည်းတခုပဲပေါ့ ၊
စာသင်ခန်းကိုလွမ်းမိပြီး ၊ ကြေကွဲဝမ်းနည်းယုံကလွဲလို့ ၊
ဘာများတတ်နိုင်ဦးမှာလဲ ။

ဘာကြောင့်နာမည်ကြီးကြီး
တခု နာမည်ကြီးရင် တခြားကိစ္စ အကုန်လုပ်ခွင့်ရှိတဲ့ ခေတ်
အခု ဗမာပြည်မှာ နာမည်ကြီးရင် အကုန်လုပ်တတ်သွားတဲ့ ခေတ်
ဟိုအရင်က စစ်ဗိုလ်ဖြစ်ရင် အကုန်လုပ်တတ်သွားသလိုမျိုးပ ။

ရှေးသရောအခါက ဒီဿပါမောက္ခဆရာကြီးရဲ့ 
တက္ကသိုလ် ကျောင်းဆင်းတွေလိုပဲ
အနုရော အကြမ်းရော အစုံရတယ် ၊
ထူးခြားချက်က -
အဌာရသ ၁၈ ရပ် တောင်မကဘူးဆိုပဲ ။

ဘီလူးမဖြစ်သေးပေမဲ့ ၊ အတတ်ကြူးနေသူတွေကဆိုတယ်
ဒီမိုကရေစီရေး
နိုင်ငံရေး
ပညာရေး
ကျမ်းမာရေး
စီးပွားရေး
လူ့ အခွင့်အရေး
တိုင်းရင်းသားအရေး
အလုပ်သမားအရေး ၊ လယ်သမားအရေး
ပြည်သူတွေ ၀မ်းဝရေး
ဘာအရေး ညာအရေး ပါးပါးလေးပါတဲ့
ဒါတွေထက်
သူတို့ အရေးက ပို ကြီးဆိုပဲ ။

အားလုံးက အစီအစဉ်တကျမဟုတ်ပေမဲ့
သူတို့ က အစီအစဉ်ကျတယ် ။

သူငယ်ချင်းရေ
အပြောင်းအလဲအတွက်တော့
ခေါင်းဆောင်ကြီးများ ကိုယ့်လိပ်ပြာ ကိုယ်ရှက်တတ်တဲ့ စိတ်မျိး
ရှိလာတဲ့နေ့ အထိ စောင့်ကြပါစို့  ။

အော် ငွေရတု တဲ့လား ။

ငါကတော့
အခုလောလောဆယ်မှာ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညနက်နက်ကြီးထဲက
ဟစ်အော်နေသံတွေကိုပဲ ကြားနေရလေရဲ့  ။ ။ ။


သက်ထွန်း
( ၁ ၊ ၈ ၊ ၂၀၁၃ )
(ဗကသ/လူ့ဘောင်သစ် ကျောင်းသားခေါင်းဆောင် ကိုသက်ထွန်း ရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် ခံစားမှုကဗျာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...