Wednesday, March 19, 2014

လွယ်မလိုနဲ့ ရှုပ်- တိမ်မလိုနဲ့ နက်လာတဲ့ ကမ္ဘာ့ဇတ်ခုံထက်က ယူကရိန်းပြဿနာ

March 18, 2014 at 8:00am


ကမ္ဘာ့နိုင်ငံရေးဇတ်ခုံထက်တွင် ယူကရိန်းပြဿနာဟာ တဖြည်းဖြည်းနဲ့ လွယ်မလိုနဲ့ ရှုပ်- တိမ်မလိုနဲ့ နက်လာသလိုဖြစ်လာပါတယ်။ ဒါဟာလည်း ရုရှားသြဇာမလွှမ်းမိုးလိုတဲ့  ယူကရိန်းပြည်သူတွေက အသက်ပေါင်းများစွာစတေးကာ ရက်ပေါင်းများစွာဆန္ဒပြရင်းဖြစ်ပေါ်လာခဲ့တဲ့ အကျိုးဆက် ရလာဒ်ကြောင့်ဖြစ်ပါတယ်။
ရုရှားအစိုးရဟာလည်း သူ့အတွက်စစ်ရေးနဲ့ စီးပွါးရေးအရအချက်ခြာကျတဲ့ ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာမှာကို လုံးဝမလိုလားပါဘူး။ ဒါနဲ့- ရုရှားဘက်ကိုယိမ်းခဲ့တဲ့ သမ္မတ ယန်နုကိုဗစ်ချန်ဟာ ရုရှားရဲ့အကူညီကိုလက်ခံခဲ့ပြီးသည့်နောက် ယူကရိန်းပြည်သူထောင်ပေါင်းများစွာဟာ သမ္မတ ယန်နုကိုဗစ်ချန်ရဲ့ လုပ်ရပ်ကိုလမ်းပေါ်တက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြမှုတွေလုပ်ခဲ့ကြပါတယ်။ ရုရှားအစိုးရကျောထောက်နောက်ခံရရှိထားတဲ့ သမ္မတ ယန်နုကိုဗစ်ချန်ဟာ လူထုရဲ့ ပြင်းထန်တဲ့ ကန့်ကွက်ဆန္ဒပြတောင်းဆိုမှုဒဏ်ကိုမခံနိုင်၍ ရုရှားဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။   သမ္မတ ယန်နုကိုဗစ်ချန်ထွက်ပြေးတိမ်းရှောင်ပြီးနောက်- ယူကရိန်းကြားဖြတ်အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ကြားဖြတ်အစိုးရဖွဲ့စည်းပြီးတဲ့နောက် ရုရှားကိုလိုလားတဲ့  ယူကရိန်းနိုင်ငံရှိ ခရိုင်းမီးယားပြည်နယ်က ရုရှားဘာသာစကားပြော ယူကရိန်းပြည်သူတွေကလည်း ရုရှားလက်အောက်ခံနိုင်ငံအဖြစ်လိုလားနေကြပြန်ပါတယ်။ ယူကရိန်းကို အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ်မလိုလားတဲ့ ရုရှားအစိုးရကလည်း စစ်ရေးအရအချက်ခြာကျတဲ့ ခရိုင်းမီးယားကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဆုံးရှူံးခံမှာမဟုတ်ဘူးဆိုတာကို ပြသနေတဲ့အနေနဲ့ ခရိုင်းမီးယားမှာ ရုရှားတပ်တွေကို မျက်နှာဖုံးစွတ်ပြီး တပ်စွဲထားလိုက်ပါတယ်။ ခရိုင်းမီးယားမှာ ရုရှားတပ်စွဲထားခြင်းနဲ့ပတ်သက်ပြီး အနောက်အုပ်စုတွေက ကန့်ကွက်ရှုတ်ချပြီး- ခရိုင်းမီးယားက ရုရှားတပ်တွေမရုပ်သိမ်းပေးရင် စီးပွါးရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ရုရှားအစိုးရကိုခြိမ်းခြောက်ထားပါတယ်။အဲဒီမှာ ငါးပွက်ရာငါးစာချတတ်တဲ့ ငပွကြီး အမေရိကန်ဟာ သူ့မဟာမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ထဲကို ယူကရိန်းတပ်ကိုဝင်စေလိုတဲ့အတွက်ကြောင့် အမေရိကန်ဒေါ်လာသန်း ၁,၀၀၀ ကို လောင်စာဆီအတွက်အသုံးပြုဖို့ ယူကရိန်းကို ချက်ခြင်းဆိုသလိုထောက်ပံ့ကူညီလိုက်ပါတယ်။ အခုဆိုရင် ရုရှားတပ်တွေ ခရိုင်းမီးယားမှာတပ်စွဲထားခြင်းဟာ ပဋိပက္ခကိုပိုမိုတင်းမာလာသလို- ပဋိပက္ခဖြစ်စဉ်ကိုလည်း ပိုမိုရှုပ်ထွေးလာစေပါတယ်။ ဒါကြောင့်- အမေရိကန်သမ္မတနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ရုရှားတပ်တွေခရိုင်းမီးယားမှာစွဲထားခြင်းဖြင့် ပိုမိုကြီးမားတဲ့ဆုံးရှုံးမှုတွေကို ရုရှားကပေးဆပ်ရလိမ့်မယ်လို့ ရုရှားအစိုးရကိုသတိပေးပြောဆိုထားပါတယ်။ ရုရှားသမ္မတ ပူတင်ကလည်း အဲဒီလိုမျိုးလုပ်လာရင် ကြီးမားတဲ့မလိုလားအပ်တဲ့ပြဿနာတွေပေါ်ပေါက်လာလိမ့်မယ်လို့ တန်ပြန်ခြိမ်းခြောက်မှုတွေလုပ်ထားပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ စစ်ရေးအရထိပ့်တိုက်ရင်ဆိုင်မှုတွေမဖြစ်ဖို့အတွက် အားလုံးကလိုလားပြီး သံတမာန်နည်းလမ်းအရဖြေရှင်းဖို့ကြိုးစားနေကြပါပြီ။

လက်ရှိ- ယူကရိန်းယာယီအစိုးရအနေနဲ့လည်း ရုရှားကစစ်ရေးအရဝင်ရောက်စွတ်
ဖက်တာကိုလက်မခံသလို-သူ့အနေနဲ့ ရုရှားလိုလားသူနဲ့ အီးယူလိုလားသူတို့အကြား ယူကရိန်းပြည်ထောင်စု နှစ်ခြမ်းကွဲသွားမှာစိုးရိမ်နေပါတယ်။
အဲဒီလိုစိုးရိမ်နေတဲ့ကြားကပဲ တနင်္ဂနွေနေ့က ကရိုင်းမီးယားမှာ လူထုဆန္ဒကောက်ခံခဲ့ရာ
ရုရှားကိုလိုလားတဲ့ ခရိုင်းမီးယားလူထု
အများကရုရှားနဲ့ပူးပေါင်းရေးကိုလက်ခံလိုက်ကြ
ပါတယ်။ ဒီလူထုဆန္ဒခံယူပွဲကိုအနောက်အုပ်စုကလက်မခံပေမယ့်- ရုရှားသမ္မတ ပလာဒီမြာ ပူတင်က
ခရိုင်းမီးယားကိုလွတ်
လပ်တဲ့သီးခြားနိုင်ငံအဖြစ် လက်မှာရေးထိုးအတည်ပြုပေးလိုက်ပါပြီး။ အဲဒီလိုလက်မှာရေးထိုးအတည်ပြုလိုက်
တဲ့ နောက်ဆက်တွဲအကျိုးရလာဒ်တွေက
ဘာတွေဖြစ်ပေါ်လာနိုင်မလဲဆိုတာ ကမ္ဘာ့ဇတ်ခုံထက်ကပိတ်ကားပေါ်မှာ ကြည့်ရှုစောင့်စားကြပါလို့ရေးသားရင်း........။

( ကိုဗလိုင် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...