Thursday, March 6, 2014

ကင်းမ် နဲ့ ကျွန်မ

ကိုသောင်း ပုလဲမြေ's photo.

ကျွန်မ အောက်စဖို့ဒ် အိမ်မှာနေတဲ့ကာလတလျှောက်လုံး ကင်းမ်က အများကြီးကူပါတယ်။ အန်ကယ်လ် က သူ့ အတွင်းရေးမှူးကို စာသင်ခိုင်းပြီးတလအကြာမှာပဲ ကျွန်မတို့ကျောင်းတကျောင်းမှာ ၀င်ခွင့်သွားဖြေခဲ့ ပါတယ်။ ၀င်ခွင့်အောင်တော့ကျောင်းပြောင်းတက်ပြီး မနက်ဆိုရင် အိပ်ယာထတာနဲ့ ကော်ဖီ တခွက်သောက် ပြီး ဘုရားကျောင်းကိုသွားကြပါတယ်။
ဘုရားကျောင်းကပြန်တာနဲ့ ကျောင်းသွားဖို့ပြေးကြလွှားကြပေါ့။ တမနက်လုံးတော့ အိမ်မှာရှိတဲ့ ကျွန်မတို့လေးယောက် တစ်ယောက်ကိုတယောက်မတွေ့ရပါဘူး။ ကျောင်းကပြန်မှပဲ အလှည့်ကျ ချက်ပြုတ်ပြီး ထမင်းစားချိန်မှပဲလူစုံကြပါတယ် အန်ကယ်လ်ကတော့ တရက်ပဲ စာသွားသင်ရတော့ အိမ်မှာအမြဲတမ်းရှိတတ်ပါတယ်။ ထမင်းစားပြီးတာနဲ့ ကျွန်မကတော့စက်ဘီးတစီးနဲ့ ( PICK YOUR OWN ) ခြံကို သွားပါတယ် အဲဒီက ခြံရှင်အဖွားကြီးတွေကိုသွားကူရင်း အင်္ဂလိပ် စကားပြောကျင့်ပါတယ် ။ တချို့ ရက်တွေတော့ window Shopping လုပ်ပါတယ်။ ဈေးကိုသွားတာကလဲ ကျွန်မ က အရုပ်ကလေးတွေမက်လို့ပါပဲ။
ညနေစောင်းတော့ ကင်းမ်နဲ့ခြံထဲမှာ ဘောလုံးပေါက်တာတို့ ချက်စ်ကစားတာတို့လုပ်ပါတယ်။

တခါတလေ ကျွန်မ အိမ်စာတွေပါလာရင်တော့ ကင်းမ်လက်ထဲပုံအပ်ပြီး ကျွန်မကတော့ စက်ဘီးတစီးနဲ့ကမ္ဘာပတ်ပါတော့တယ်။ တရက်တော့ ကင်းမ်က စားသောက်ဆိုင်ကို အင်္ဂလိပ်လိုပေါင်းတာ စာလုံးပေါင်းမှားလို့ အန်ကယ်လ်က ကင်းမ်ကို ဆူပါတော့တယ်။ ကျွန်မရဲ့စာကိုကူလုပ်ပေးတဲ့ကင်းမ်အဆူခံရတာကို ကျွန်မက ထပ်ပြီး ငတုံးလေးလို့ပြောလို့ကျွန်မစာတွေကိုကူလုပ်မပေးတော့ပါဘူး။ နောက်တစ်ခါ ရုပ်ရှင်ကြည့်မယ်ဆိုပြီးအန်ကယ်လ်က လက်မှတ်ဝယ်လာပါတယ် ။ ကျွန်မတို့ ရုပ်ရှင် ရုံရောက်တော့ ကာတွန်းကားဖြစ်နေတာပေါ့ ။ ကျွန်မက အိမ်မှာနေရင် ကာတွန်းကားတွေပဲ ကြည့်တတ်တာသိလို့ အန်ကယ်လ်ကကာတွန်းကားအသစ်မို့လိုက်ပြတာပါ။ ကင်းမ်က ကာတွန်းကားဖြစ်နေလို့ကောက်ကွေးပြီးကြည့်စရာရှား လို့ ကာတွန်းကားကို ရုံအထိလာကြည့်ရ သလား လို့ အော်ပါတော့တယ်။ ကျွန်မကိုလဲ နင်က ကလေးပေါက်စလေးလားကာတွန်းကားကြည့်ချင်ရအောင်လို့ပြောပါတယ်။ ကျွန်မကလဲ ကျွန်မကိုပြောလို့မခေါ်တော့ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာအမြဲပဲ အဲလိုအနိုင်လိုချင်မှုတွေ၇ှိတတ်ပါတယ်။ ဒါပေမဲ့ နှစ်နှစ် နီးပါးကြီးတဲ့ ကျွန်မက ဘယ်တော့မှ အလျှော့မပေးခဲ့ပါဘူး။ အချိန်တန်ရင် ကင်းမ်ကပဲ စပြီးခေါ်ပါတယ်။ အဲဒီအချိန်ကြရင်လဲ ကျွန်မက ဘာလုပ်ပေးညာလုပ်ပေးဆိုတာမျိုးတွေနဲ့အနိုင်ကျင့်ပြန်ပါတယ်။ နှင်းတွေတအားကျလို့တခြံလုံးဖွေးနေရင်တော့ ကစားရင် သတိထားရ ပါတော့တယ် ကင်းမ်က ကျွန်မထက် အားသန်တာရယ် ယောက်ကျားလေးလဲဖြစ်နေတော့ ကစားလို့ရှုံးရင် နှင်းတောထဲ့ တွန်းလှဲတော့တာပါပဲ။ တကယ်တော့ တိတ်ဆိတ်နေတဲ့အိမ်ကြီးမှာကျွန်မတို့နှစ်ယောက်ဆူညံနေမှုက အန်ကယ်လ်ကိုပျော်ရွှင်စေခဲ့တာပါပဲ တခါတလေ ကျွန်မအနိုင်ပိုင်းတာမြင်သားနဲ့ အန်ကယ်လ်က မသိချင်ဟန်ဆောင်နေပေးတတ်ပါတယ်။ အဲဒီအချိန်ဆို ကင်းမ်က ဒယ်ဒီရေ အက်စတာရှုံးနေသားနဲ့ ညစ်ပတ်နေတယ်လို့အော်ပါတော့တယ်။ တခါတလေ အန်ကယ်လ်က ဟန်ဆောင်ပန်ဆောင်ဆူတတ်ပါသေးတယ်။ အန်ကယ်လ်အမနဲ့ အမေလာရင် တော့ကျွန်မ က ကလေးတယောက်ပါပဲ ။ အဲဒီအချိန်ဆို ကင်းမ်က လဲ တိုင်စရာတွေစုပြုံ ပြီးတိုင်ပါတော့တယ် ။ လူစင်းတာ ( အန်ကယ်လ်အမ ) ကတော့ ကျွန်မကိုကောကင်းမ်ကိုကောဆူစရာရှိရင်ဆူပါတယ်။ မာမီ (အန်ကယ်လ်မေမေ ) ကတော့ လာတာနဲ့ ကျွန်မကို ကလေးတယောက်လိုရင်ခွင်ထဲထားပြီး အန်ကယ်လ်ဘယ်သွားလဲ ဆေးလိပ်တွေသောက်သလား။ကင်းမ်က ကောင်မလေးတွေခေါ်လာတတ်သလားနဲ့မေးပါတယ်။ ကျွန်မ ကကင်းမ်ကိုလှမ်းကြည့်ပြီဆိုရင် ကင်းမ်က သိပါတော့တယ် ။ကျွန်မ တိုင်တော့မယ်ဆိုတာပေါ့။ အဲဒါသူနဲ့ကျွန်မနဲ့မတည့် မခေါ်ကြတဲ့အချိန်ပေါ့။ နှစ်ယောက်သားအဆင်ပြေနေရင်တော့ ကင်းမ် ခိုးပြီးတိတ်တိတ်လေးသူငယ်ချင်းအိမ်သွားရင်တောင် မပြောတာကျွန်မပဲပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ကင်းမ်ရော အန်ကယ်လ်ရော တကယ် ပဲ စိတ်ထားပြည့်ဝပါတယ်။
အန်ကယ်လ်ရဲ့မိသားစုကလဲ တကယ့်ကိုပြည့်ဝတဲ့မိသားစုတွေပါပဲ။ တခုတော့ကျွန်မ မလုပ်ခဲ့ပါဘူး ကင်းမ်ကို ဘယ်လောက်ပဲစိတ်ဆိုးဆိုး မေစုဖုန်းဆက်လို့ ကျွန်မကို ကင်းမ် အကြောင်းမေးရင် ကျွန်မ မေစုကို တကယ်ပဲစိတ်ချမ်းသာစေချင်လို့ ကင်းမ်လိမ်မာတယ်ဆိုတာပဲပြောပြခဲ့ပါတယ်။ မေစုကို အမြဲပဲ စိတ်ချမ်းသာစေချင်ပါတယ်။ တကယ်လဲကင်းမ်က လိမ်မာပါတယ်။
____________________
Esther Ohn Mar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...