Monday, March 24, 2014

မန္တလေးကို ကယ်တင်ဖို့

ဘာပဲပြောပြော လက်ရှိအနေနဲ့ မန္တလေးဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော အချက်အချာကျတယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ အချက်အချာကျတဲ့ စီးပွားရေးနှင့် ယဉ်ကျေးမှုမှာ မကြာခင် ကုန်းကောက်စရာမရှိတော့အောင် ချွတ်ခြုံ ကျတော့မယ် ဆိုတာလည်း အသေအချာပါပဲ။
ဒီအန္တရာယ်နဲ့ ဒီခံစားချက်ကို သိနားလည်တဲ့ သူတွေဆိုတာ ပီဘိ ကျန်ကောင်းကျန်ရာအနေနဲ့ တည်းတည်းသာရှိတော့တဲ့ မန္တလေးသားစစ်စစ်အနည်းငယ်ပဲ ရှိပါတော့တယ်။ ဒီအနည်းငယ်ထဲမှာပဲ ရင်နင့်စွာ ပွင့်အန်ခဲ့ကြတာက မန္တလေးသားအနုပညာရှင်တွေပါ။ စာပေ၊ သဘင်၊ ဂီတ၊ ပန်းချီ… စတဲ့ အနုပညာရှင်တွေပေါ့။ ဒီဖွင့်အန်မှုတွေဟာ ၁၉၈၄ နောက်ပိုင်း စတင်လာကြတယ်။ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးပြီးနောက် မန္တလေးမှာရှိတဲ့ အမျိုးသားစီးပွားရေးတွေ စတင်ပွန်းပဲ့လာမှုအပေါ် စာပေအနုပညာအသိုင်းဝန်းက စတင် ခံစားနာကျင်လာကြတယ်။
၁၉၈၈ အရေးတော်ပုံပြီးတဲ့နောက်တက်လာတဲ့အစိုးရလက်ထက်မှာတော့ ၁၉၈၄ သဘာဝမီးဘေးထက် အဆပေါင်းများစွာကြီးမားတဲ့ "မင်းဘေး"ကြောင့် အမျိုးသားစီးပွားရေးတွေ တ၀ုန်းဝုန်းပြိုဆင်းသွားတော့တာပါပဲ။ မြို့ရဲ့အသည်းနှလုံးဖြစ်တဲ့အပြင် အမျိုးသားစီးပွားရေးအမှတ်လက္ခဏာဖြစ်တဲ့ ဈေးချိုတော်ကြီးကို "မင်းမိန့်၊ မင်းအာဏာ"နဲ့ အမြစ်ကဖြိုလှဲလိုက်တယ်။ မြို့ပေါ်မှာရှိတဲ့ စီးပွားအရင်းအမြစ်တွေဖျက်ဆီးရုံမက၊ လာဘ်လာဘနဲ့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပြီး နယ်ချဲ့လာတဲ့လူမျိုးခြားကို တရားဝင် ဒလဟောသွင်းလာပြန်တယ်။ မန္တလေးရဲ့အမျိုးသားစီးပွားရေးတွေပျက်ကုန်ပြီ။ စီးပွားရေးပျက်မှတော့ လူမှုရေးပျက်ပြီပေါ့။ ယဉ်ကျေးမှုပျက်ပြီပေါ့။ ဒီအပျက်တွေကြားမှာ "နိုင်ငံရေး"မပျက်ရလေအောင် မန္တလေးမှာ ရင်စီးခံထားရတယ်။ ဘ၀အပျက်ခံပြီး ထိန်းထားကြရတယ်။ အိမ်ခြေစွန့်၊ မြို့စွန်တဲထိုးပြီးမှ ခုခံထားကြရတယ်။ ဒီလူနည်းစုထဲမှာ အနုပညာရှင်တွေပါတယ်။
မန္တလေးရဲ့စီးပွားရေးမှန်သမျှ အမျိုးသားပိုင်စီးပွားရေးဟာ နောက်တန်းမှာပဲရှိနေတယ်။ မန္တလေး ရွာနေပြည်ထိုင် မိရိုးဖလာစီးပွားရေးဆိုတာ စုန်းစုန်းမြုပ်လုမတတ်ပဲ။ ယဉ်ကျေးမှုဆိုတာကတော့ မျက်စိအောက်မှာတင် တ၀ုန်းဝုန်းပြိုကျသွားသလိုပါ။ တန်ဖိုးထားသူ မန္တလေးသားလူနည်စုကသာ အသံပြာမတတ် ပြောကြ၊ ဆိုကြ…။ လက်က မီးခိုးထွက်လုမတတ် ရေးကြသားကြရပေမယ့် အာဏာပိုင်အဆက်ဆက်က မသိကျိုးကျွံ(သို့မဟုတ်) သိသိနှင့်ပင် ရေနစ်ရာဝါကူထိုးကြပါတယ်။ ရိုးရာပွဲလမ်းများနှင့် ပတ်သက်ရင် ပွဲမိန့်ရဖို့ခက်ခဲ၊ လုံခြုံရေးပေးဖို့ ငြင်းဆန်ပေမယ့် နိုင်ကလပ်တွေ၊ ကာရာအိုကေတွေ၊ ပါတီပွဲတွေကိုတော့ သူတို့ရဲ့ တူသားနောင်မယ်များကိုယ်တိုင် ဖွင့်လှစ်ထားကြတယ်။ အထူးသဖြင့် မြန်မာရိုးရာယဉ်ကျေးမှုရဲ့ပြယုဂ်ဖြစ်တဲ့ မန္တလေးအတာသင်္ကြန်ပွဲတော်ကို အာဏာပိုင်များကပဲ စံနစ်တကျဖျက်ဆီးပစ်ခဲ့ကြတာပါ။
ကိုယ်ကျိုးအတ္တစီးပွားကိုပဲ အရာရာရှေ့တန်းတင်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလကြီးမှာ ငွေကြေးနဲ့ပဲဖိပြီး မူလတွေကိုဖျောက်ဖျက်၊ အစွယ်အပွားတွေကိုပဲ မြှင့်တင်ယူခဲ့ကြတာပါပဲ။ သမိုင်းဝင်ဈေးချိုကြီးကိုဖျက်တယ်၊ ဘူသီးငါးပေါင်းကြော်ဆိုင်းဘုတ်ကြီးတွေနဲ့ စူပါမားကတ်ကြီးတွေပေါ်လာတယ်။ သမိုင်းဝင် ဆီးပန်နီဆရာတော် ဗိမာန်ကိုဖျက်တယ်၊ အမိုးကော့ဘုံကျောင်းကြီးတွေ မြင့်မားလာတယ်။ သမိုင်းဝင် ကနောင်မင်းသားကြီးဂူကို ထိုးကော်ပစ်တယ်၊ ဘီယာဆိုင်တွေ မှိုလိုပေါက်စေတယ်။ သမိုင်းဝင် သခင်ဗဟိန်းဂူကို တရုတ်ကျောက်စိမ်းဈေးကွက်နဲ့ အစားထိုးအမှုန့်ချေပစ်လိုက်တယ်။ ဒီကြားထဲ သမိုင်းဝင်ကျုံးမြို့ရိုးပြအိုး ၄၈ ရပ်ကိုလည်း အင်္ဂလိပ်နယ်ချဲ့စစ်တပ်အမွေကိုဆက်ခံကာ ဒီကနေ့အမျိုးသားအစိုးရခေတ်အထိ စစ်တပ်ကအပိုင်စီးထားသေးတယ်။ ဒီကြားထဲ ရတနာပုံခေတ်ရဲ့လက်ရာတစ်ခုအနေနဲ့ ကျန်ကောင်းကျန်ရာကျန်နေတဲ့ သမိုင်းဝင် စက်ရှင်တံတားကြီးကိုလည်း ဗေဒင်လိုလို ယတြာလိုလိုနဲ့ အုပ်တစ်ချပ်သဲတစ်ပွင့်မျှမကျန်အောင် အစဖျောက်ပစ်လိုက်ပြန်တယ်။
ကိုင်း… ဒီလို ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ထင်တိုင်းကျဲခဲ့တဲ့ အာဏာရှင်အုပ်စိုးမှု ချုပ်ငြိမ်းပြီး ပြည့်သူ့ကိုယ်စားလှယ်နဲ့ အစိုးရဖွဲ့တဲ့ ဒီမိုကရေစီခေတ်ကိုရောက်ပြီဆိုရင် ဒီလိုပျက်စီးမှုတွေ မရှိစေရတော့ဘူးလို့ သာမာန်ပြည်သူတိုင်း သိရှိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့် "မည်သို့ပင် ဆိုစေကာမူ…"ဆိုတဲ့ ချွင်းချက်နဲ့ပဲ ၂၀၁၀ ခုနှစ်ကာကက မျက်စိမှိတ်လိုက်ပြီး ပြည့်သူ့ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ရွေးချယ်မှုကို လက်ခံခဲ့ကြတာပဲ မဟုတ်ပါလား…။ ဒီလိုနဲ့ပဲ ရသလောက်ပြင်မယ်ဆိုတဲ့ စွန့်လွှတ်မှု၊ စွန့်စားမှုစိတ်ဓာတ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ထဲ ပြည်သူ့အားစစ်စစ်နှင့်ရောက်သွားကြတာပဲ မဟုတ်လား…။ ဘာပဲပြောပြော… ၂၀၁၄ ဆိုတာ အစိုးရသက်တမ်း ၄ နှစ်ရှိပါပြီ။
စောစောကအစီရင်ခံသလို… ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည် ဆိုသလို… ဖျက်ဆီးယူဆောင်သွားကြဖို့ အခွံကျွတ်ကျန်ရတဲ့ "မန္တလေး"ကို ပြည်သူ့ကိုယ်စားလှယ်ကြီးတွေကကော မကယ်တင်ကြတော့ဘူးလား…။ အစိုးရသစ် ၄ နှစ်သက်တမ်းမှာ ဒီကနေ့အထိဆိုရင် လွှတ်တော်အစည်းအဝေး ၉ ကြိမ် ၉ ခါ ကျင်းပပြီး ထင်ပါရဲ့။ ဒီကာလအတွင်း မန္တလေးပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများထံက မန္တလေးယဉ်ကျေးမှုနှင့်ပတ်သက်လို့၊ မန္တလေးအမွေအနှစ်နဲ့ပတ်သက်လို့၊ မန္တလေးစီးပွားရေးနဲ့ပတ်သက်လို့၊ မန္တလေးလူမှုဝန်းကျင်နဲ့ပတ်သက်လို့၊ မန္တလေးထိန်းသိမ်းကာကွယ်မှုနှင့် ပတ်သက်လို့၊ မန္တလေးခုခံကာကွယ်မှုနှင့်ပတ်သက်လို့၊ မန္တလေးရိုးရာဓလေ့နဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ တစ်ခွန်းတစ်ပါဒမျှ ရွှေနှုတ်တော်က မြွက်ဟပြောဆိုမေးမြန်းတင်ပြခြင်း အလျှဉ်းမရှိခဲ့ပါဘူး။ အစိုးရသစ် ၄ နှစ် သက်တမ်းအတွင်းမှာပဲ ဖျက်မြဲဖျက်၊ ပျက်မြဲပျက်၊ ဆုံးမြဲဆုံး၊ ရှုံးမြဲရှုံး၊ ဖိမြဲဖိနှင့် အာဏာရှင်အစိုးရခြေရာနှင့် ဖ၀ါးခြေထပ်ဆဲပါပဲ…။
ဒီတော့… လာမယ့် ၂၀၁၅ ခုနှစ်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပါပြီ။ ပြည်သူ့ကိုယ်စားလှယ်အသစ်တွေ ရွေးချယ်ကြရပါတော့မယ်။ ပြည်သူလူထုလက်ထဲမှာ ရွေးချယ်ပိုင်ခွင့်ရှိပါလျက်နှင့် ပထမ ၅ နှစ်သက်တမ်းကို နမူနာယူပြီး ပြည်သူလူထုအကျိုးကို တကယ်ဆောင်ရွက်မယ့် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များကိုသာ ရွေးချယ်ကြဖို့ လိုအပ်ပါပြီ။
ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်သက်တမ်းအရ မန္တလေးအနေနှင့် ရွေးချယ်လိုက်တဲ့၊ ရွေးချယ်သည်ဟုဆိုတဲ့ ကိုယ်စားလှယ်များနှင့်ကတော့ ငါးပါးသာမက သံဃာစင်ပါမှောက်ခဲ့တာဖြင့် ပြောစရာမလို…၊ ကြုံခဲ့ရလေပြီပဲ။
ဒါကြောင့်… တကယ် မန္တလေးကိုကာကွယ်မယ့်၊ မန္တလေးကိုခုခံမယ့်၊ မန္တလေးကိုကယ်တင်မယ့် ကိုယ်စားလှယ်တွေရွေးနိုင်ဖို့ အခုကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေး၊ သုံးသပ်၊ စဉ်းစား၊ ဆုံးဖြတ်ထားကြပါစို့…။
ပြောချင်တာက မန္တလေးဆိုတာ နမူနာ…။
တစ်တိုင်းတစ်ပြည်လုံးအတွက် သေချာစဉ်းစားကြရတော့မယ် အချိန်ပါ…။ ဆူးငှက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...