Sunday, February 2, 2014

“Participation”


ပူးပေါင်းပါဝင် ဖွံ့ဖြိုးမှု (participatory development) ဆိုတာ ကနေ့ ခေတ်မှာ ဘုရားဟော ကျမ်းလို လိုက်နာကျင့်သုံးနေရတဲ့ ဖွံ့ ဖြိုးမှုဆိုင်ရာ သဘောတရားတစ်ခု (concept) ပါပဲ..။ ၁၉၆၀ ပြည့်လွန်နှစ်များတုန်းက နိုင်ငံတကာအကူအညီတွေဆိုတာ ပညာရှင်တွေရဲ့ အမြင် (Expert knowledge) ကသာအရာရာဖြစ်ပြီး သူတို့ ရဲ့ အမြင်အပေါ်မှာ ပဲမူတည်ပြီး စီမံကိန်းတွေချမှတ် အကောင်အထည်ဖေါ်ခဲ့ကြတာကိုး။ ဒါရဲ့ အကောင်းဆုံး ဥပမာကတော့ တည်ဆောက်ပုံအပြောင်းအလဲပရိုဂရမ် SAP (Structural Adujstment Programs) တွေပေါ့…။



အဲ ..ပြဿနာတက်တာက ဒီလို သက်ဆိုင်ရာပညာရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကိုပဲ လုံးဝ ယုံ၊ပုံလိုက်ပြီး ဖွံ့ ဖြိုးမှုစီမံချက်တွေ အကောင်အထည်ဖေါ်လိုက်တာ.. အာဖရိကနိုင်ငံတော်တော်များများ နူရာဝဲစွဲ ဖြစ်သွားကြရော…။ ဒီလိုနဲ့ … Participatory Approach ပူးပေါင်းပါဝင်ချဉ်းကပ်ခြင်းဖြစ်စဉ်က ပိုအရေးကြီးတယ် ဆိုတဲ့အမြင်ကို ဖေါ်ထုတ်လာကြတာပေါ့…။ တနည်း.. လူတစ်ဦးချင်းနဲ့  ရပ်ရွာလူထု (community) ရဲ့ အသံနဲ့ အမြင် (သို့ မဟုတ်) လူထုကြားက လာတဲ့ သတင်းအချက်အလက် (information) အမှန်ကို ဖမ်းဆုပ်နိုင်ဖို့ အရေး ဟာ ပညာရှင်တွေသင်ယူထားတဲ့ သတင်းအချက် လက်တွေထက် ပိုမို အရေးပါတယ်ဆိုတဲ့ အမြင်ပေါ့..။

မိမိရပ်ရွာဖွံ့ ဖြိုးမှုအတွက် အပြင်ကလာတဲ့ ပညာရှင်ဆိုသူတွေထက် မိမိတို့ ရပ်ရွာက ပိုသိတယ်လို့ ခံယူတဲ့သဘော….။ ဒီနေရာမှာ…အရေးကြီးတာက ဒါဟာ ရပ်ရွာလူထုကို စာနာထောက်ထားလို့ သနားညှာတာလို့ ဆိုတာမဟုတ်ပဲ လူတိုင်းရဲ့ အသိအမြင်ဟာ အရေးပါတယ် လေးလေးစားစားနဲ့ နားထောင်အပ်တဲ့ အရာလို့ ပြောင်းလဲခံယူဖို့ လိုတယ်ဆိုတာပါပဲ…။

ဒီ Participatory သဘောတရားရဲ့ အခြေခံလိုက်နာရမယ့်စည်းမျဉ်းက (how to listen)
နားထောင်တတ်ဖို့ ပါတဲ့…။ နောက် သတိပေးတာတစ်ခုက ပညာရှင်တွေ (experts, technocrats, practitioners etc) အတွက် လိုက်နာရမှာက unlearn your knowledge တဲ့ ။ တနည်းအာဖြင့် သင်လာခဲ့တဲ့ အသိပညာတွေကို မေ့ လိုက်ပြီး လူထုကြားက စစ်မှန်တဲ့အသံနဲ့ အမြင်ကို အရအမိ ဖမ်းယူဖို့  လူထုဆီက သင်ယူပါပေါ့...။ ဒါကြောင့်.. အချို့ ပညာရှင်တွေဆိုရင် လူထုကြားမှာ သွားလာနေထိုင်ပြီး ရပ်ရွာလူထုရဲ့ သမားရိုးကျနည်းပညာနဲ့ အသိပညာ တွေကို လူထုဆီက သင်ယူတဲ့အထိလုပ်လာကြတယ်…။ တနည်းအားဖြင့် မိရိုးဖလာ အသိပညာ indigenous knowledge တွေဟာလည်းပဲ ခေတ်မှီ သိပ္ပံပညာ၊ နည်းပညာတွေလို အရေးကြီးတယ်လို့ ယူဆလက်ခံကြတဲ့သဘော။

အထူးသဖြင့် ရေရှည်တည်တံတဲ့ ဖွံ့ ဖြိုးမှု (sustainable development) ဆိုတာ ကို အကောင်အထည်ဖေါ်ဖို့ ဆိုရင် ဒီလို မိရိုးဖလာ အသိပညာ တွေက ခိုင်ခိုင်မာမာ ရှိနေတဲ့ သိပ္ပံဆိုင်ရာ ၊ နည်းပညာဆိုင်ရာ ဗဟုသုတေတွေထက် ပိုအရေးပါအရာရောက်တဲ့အပြင် စီပွားရေးအရ လည်းပိုထိရောက် (budget efficiency) တာကိုး…။ ဥပမာ..အန္ဒိယ ကျေးရွာတွေမှာ သူတို့ ရပ်ရွာဓလေ့နည်းလမ်းတွေအရ သောက်သုံးရေအဆင်ပြေပြေဖန်တီးနေနိုင်တာကို မလိုအပ်ပါပဲစေတန်ာဗလပွနဲ့ ခေတ်မှီနည်းပညာသုံး ဘုံဘိုင်ရေတွင်းတွေတူးပေးလိုက်တာမှာ… indigenous knowledge တွေပျောက်ကွယ်သွားပြီး…တူးပေးထားတဲ့ ဘုံဘိုင်တွေက လည်း သောက်သုံးရေအခက်အခဲကို တကယ့်တကယ်ကြ.. အမြဲ ဖြေရှင်းမပေးနိုင်တော့ဘူးတဲ့..။

ဒီလို အယူအဆတွေကြောင့် ရပ်ရွာဖွံ ဖြိုးရေး (community development) ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး (poverty reduction) ပြည်သူ့ ရေးရာမူဝါဒ (Public policies) စတဲ့ နယ်ပယ်တွေမှာ Participatory approach ပူးပေါင်းပါဝင်ချဉ်းကပ်မှုဟာ အောက်ခြေအဆင့် (grass-root level) ကနေ နိုင်ငံတော်အဆင့် (National Level) အဆုံး မရှိမဖြစ် အရေးပါလာတော့တာပဲ…။ ဖွံ့ ဖြိုးမှုစီမံချက်တွေမှာ.. ဒီ participatory concept ဟာ တနည်းမဟုတ် တနည်း ပါကိုပါလာရတော့တာပဲ…။ ဥပမာ… participatory Assessment, participatory appraisal, participatory evaluation, စသဖြင့်…

ဒါဖြင့်ရင် …ပူးပေါင်းပါဝင်ခြင်း participation ဆိုတာ လုံးဝ ဥုဿုံ ပြည့်စုံကောင်းမွန်တဲ့ သဘောတရားတစ်ခုလား…။ အမှန်မတော့ participation ကိုယ်နှိုက်ကိုက အကောင်အထည်ဖေါ်ဖို့ မလွယ်ကူတဲ့ သဘောတရားတစ်ခုပါ..။ အကောင်းဆုံးဥပမာတွေပေးရရင်…လက်ရှိမြန်မာ့နိုင်ငံရေးရှုခင်းတွေပဲ။ သမ္မတကြီးက “မိဘပြည်သူများခင်ဗျား” လို့ အစချီပြီး “အရက်အစား နွားနို့ ”သောက်သုံးဖို့ ပြောတဲ့ အကြောင်းအရာကိုကြည့်ပေါ့..။ ဘာသာရေးအရ ကြည့်ကြည့် ကျန်းမာရေးအရကြည့်ကြည့် အရက်ထက် နွားနို့ ဟာ ပို သောက်သုံးသင့်တဲ့အရာပါပဲ…။ ဒါပေမယ့် ဘာကြောင့် လူတွေ အရက်ကို နွားနို့ ထက် ပိုခုံမင်ပြီး ပိုမိုသောက်သုံးသလဲဆိုတာကို မစူးစမ်းပါပဲ အရက်ရောင်းခွင့်လုံးဝ ပိတ်ပင်ပြီး အိပ်ထောင်စုတိုင်းနို့ စားနွား မွေးမြူရေးလုပ်ခိုင်းမယ်ဆိုပါစို့ …။ ဒီစီမံကိန်းဟာ အောင်မြင်နိုင်ဖို့ ဖြစ်တန်စွမ်း အတော်နည်းပါးပါလိမ့်မယ်....။ by the people, for the people, with the people လို့ မိန့် ခွန်းတွေထဲမှာဆိုပင်ဆိုသော်ငြား.. ဒီ စီမံကိန်းရဲ့ အဓိက အားနဲချက်ဟာ တကယ့်မြေပြင်ပေါ်က အခက်အခဲနဲ့ လိုအပ်ချက်တွေကို ထဲ့မတွက်ပဲ လူတစ်ဦးရဲ့ စိတ်ကူးကို အထက်အောက် စီးဆင်းတဲ့ အမိန့် နဲ့ အကောင်အထည်ဖေါ်ခြင်းဆိုတာပဲ..။ နောက်တစ်ခုက ၀န်ကြီးတစ်ဦးက ရပ်ရွာကိုဆဲ့ဆိုခြင်းဟာ ပူးပေါင်းပါဝင်ခြင်းရဲ့ ဆန် ကျင်ဘက်ဖြစ်တဲ့ အကြောက်တရားနဲ့ မုန်းတီးမှုကိုသာပဲ မျှော်လင့်နိုင်တယ်ဆိုတာပဲ...။

အခြားတစ်ဖက်မှာလည်း ရပ်ထဲရွာထဲကလူတွေရဲ့ အသံတိုင်းဟာလည်း အစစ်အမှန်သတင်းအချက်အလက်ဖြစ်ရဲ့ လားဆိုတာ..။ ဥပမာ..ဒေါ်စုရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပွဲတွေမှာ တက်ရောက်လာတဲ့ လူတွေရဲ့ ဥပဒေကြောင်းဆိုင်ရာ အသိအမြင်တွေဟာ သူတို့ တတွေရဲ့ တကယ့် လိုအပ်ချက် လိုအင်တွေကို ရောင်ပြန်ဟပ်တာလား…ရှေ့ ကခေါင်းဆောင်ရဲ့ အသိအမြင်ကို ပဲ့တင်ထပ်တာလား ဆိုတာမျိုး..။

အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း participation ဆိုတာ တိမ်မယောင်နဲ့ နက် လွယ်မယောင်နဲ့ ခက်တဲ့ အရာပါ..။ ကုခန်းစိတ်ပညာ Clinical Psychology မှာလာတဲ့ Non-directive counseling နဲ့ တူပါတယ်..။ ကိုယ့်ပြဿာနာကို ကာယကံရှင်ကိုယ်တိုင်သိသွားပြီး…ကိုယ့်အဖြေကို ကိုယ်ကိုယ်တိုင်ရှာခိုင်းတာမျိုး..။ ဒီနေရာမှာ စိတ်ပညာရှင် psychologist သို့ မဟုတ် ပညာရှင် expert ရဲ့ အခန်းကဏ္တဟာ အဖြေကိုထုတ်ပေးတဲ့သူမဟုတ်ပဲ အဖြေရှာခြင်းဖြစ်စဉ်မှာ ကူညီပံ့ပိုးသူမျှ (facilitator) မျှပဲ..။ ပညာရေးမှာဆိုရင် ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း (Student-Centered Approach) နဲ့ တူမယ်ထင်တယ်…။ ပေးထားတဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဆရာက အဖြေကိုထုတ်ပေးတာထက် ကျောင်းသားရဲ့ အသိအမြင်ကို ဆွဲထုတ်တဲ့ ချဉ်းကပ်နည်းပေါ့..။ အမှန်စင်စစ်မတော့ ဆရာသိတယ်ဆိုတဲ့အဖြေဟာလည်း တကယ့် အဖြေ အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ်…။ အစစ်အမှန်ဖြစ်ဦးတော့… ကျောင်းသားရဲ့ အသိအမြင်လောက် အရေးမပါဘူးလို့ ယူဆလိုက်တာပဲ..။

ဒီလို သဘောတရားမျိုးကို အနောက်ကမ္ဘာရဲ့ အဆင့်မှီ ပညာရေး စံနစ်တွေ မှာတွေ့ ရတာပေါ့လေ..။ လက်ချာပို့ ချတဲ့ပါမောက္ခဟာ ကျောင်းသားအတွက် စာကြည့်တိုက်မှူးအနေအထားမျိုး၊ လိုအပ်တဲ့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်စာတမ်းတွေ ရှာဖွေပေးနိုင်တဲ့သူထက် မပိုတဲ့ အနေအထားမျိုးပေါ့။ ကျန်တဲ့ လုပ်ရမယ့်အပိုင်းတွေအားလုံးကတော့ ကျောင်းသားရဲ့ ပခုံးပေါ်မှာလုံးလုံးလျားလျား…။
တနည်းအားဖြင့် ပူးပေါင်းပါဝင်ခြင်း participation မှာ လူတစ်ဦးခြင်းရဲ့ အခန်းကဏ္တဟာ ဘာလဲဆိုတာကို ဒီ ကမ္ဘာ့အဆင့်မှီပညာရေးမှာ တွေ့ ရတာပဲ..။ ကျောင်းသားသည်ပင်လျှင် ရှေ့ ကလက်ချာပို့ ချနေတဲ့ ပရော်ဖက်ဆာနည်းတူ expert တစ်ယောက်ဖြစ်တယ်…အကြောင်းအရာတစ်ရပ်ကို အခြားသော ပညာရှင်တွေနဲ့ ရင်ပေါင်တန်း ငြင်းခုန် ဆွေးနွေး debate လုပ်ရမယ့်သူ၊ လုပ်နိုင်တဲ့သူဖြစ်တယ်…ဒီလိုလုပ်ဖို့ အတွက် တက္ကသိုလ်ကို လာတယ်ဆိုတဲ့ ယဉ်ကျေးမှု တစ်ရပ် (culture) ကို မွေးမြူထူထောင်ထားတာ…။ “တက္က = ကြံစည်ခြင်း” နဲ “့သီလ = အကျင့်” ဆိုတဲ့ “တက္ကသိုလ်” ရဲ့ အနက်အဓိပ္ပါယ်ကို မိမိရရ ဖေါ်ထုတ်တဲ့ အစဉ်အလာကို အာပေးတဲ့ ပညာရေးဆိုတာ ဒီလို ပူးပေါင်းပါဝင်ခြင်းမရှိပဲ ဖြစ်မှမဖြစ်ပဲကိုး..။

တနည်းအားဖြင့် ဒါဟာ…လူတစ်ဦးချင်း individual ရဲ့ ပူးပေါင်းပါဝင်ခြင်းနဲ့ အဲဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းဟာ စွမ်းအားမြှင့်တင်ခြင်း (empowerment) မျှဖြစ်ပြီးတော့ ဒီလို ပူးပေါင်းပါဝင်ဖြစ်စဉ် (participatory process) မရှိပဲနဲ့ ဖြင့် လူ့ အဖွဲ့ အစည်းတစ်ရပ်ဟာ ဖွံ့ ဖြိုးတိုးတက်မှု မရှိနိုင်ဖူးပေါ့…။ ဒီလို ပူးပေါင်းပါဝင်ခြင်း (empowerment and participation) မျိုးကို့ နိုင်ငံရေး သိပ္ပံ (political sciences) မှာတော့ နိုင်ငံသားဖြစ်မှု (citizenship) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ဆိုတာပဲ။

ဒီမိုကရေစီသဘောတရားမှာ ဒီမိုကရေစီဘိုးဘေးကြီး ရှေးခေတ် အေသင်မြို့ ပြနိုင်ငံ လက်တွေ့ ကျင့်သုံးတဲ့  ပူးပေါင်း ပါဝင် ဒီမိုကရေစီ (participatory democracy) ဆိုတာယယ ဒါပဲ....။ နိုင်ငံသား (citizen) တိုင်းဟာ နိုင်ငံ့ရဲ့ အရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ရမယ်၊ ဒီလိုဆောင်ရွက်ခွင့်လည်းရှိရမယ်။ ဒီ့အတွက် နိုင်ငံသားတိုင်း မဲပေးခွင့် (voting) ရှိရမယ်လို့ ဆိုလိုတာပေါ့....။ ဒီနေရာမှာ နိုင်ငံသား (citizen) နဲ့ အုပ်စိုးခံ (subject) ကို ကွဲဖို့ လိုတယ်..။

ရှးအေသင်ရဲ့ နိုင်ငံသား (citizen) ခေါင်းစဉ်အောက်မှာ မိန်းမတွေနဲ့ ကျွန်တွေကို ထဲ့သွင်းရေတွက်ခဲ့ခြင်းမရှိဘဲ အုပ်စိုးခံ (subject) လို့ သတ်မှတ်တဲ့အတွက် သူတို့ တတွေဟာ မဲပေးခွင့်မရခဲ့ကြဖူး။ အမျိုးသမီးတွေဟာ စစ်မှုထမ်းနိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံ့ရေးရာကိစ္စတွေမှာ ပူးပေါင်းပါဝင်ခွင့် (participation) မပြုနိုင်ဖူးလို့ ယူဆခဲ့ကြတဲ့အတွက် သမိုင်းမှာ အမျိုးသမီးတွေမဲပေးခွင့်ကို ပိတ်ပင်ထားခဲ့ကြတာ ဒါကြောင့်ပဲ..။ အချို့ သောနိုင်ငံနဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမှာ စီးပွားရေးလုပ်ပိုင်ခွင့်၊ ပညာသင်ခွင့် စတာတွေကို ပါ ပိတ်ပင်ထားခဲ့ကြတာဟာ ဒီအယူအဆမှာ အခြေခံတာပဲ…။ တနည်းအားဖြင့် လူမှုရေး ၀ိုင်းပယ်ခြင်း (social exclusion) ပေါ့…။ လူမှုရေးမမျှတမှု (social injustice) ပဲ..။

ဒီလိုလူမှုအဖွဲ့ အစည်းရဲ့ ကန့် သတ်ချက်တွေ (structural constraints) ကို ချိုးဖျက်ပြီး အမျိုးသမီးထုကို ပူးပေါင်းပါဝင်ဖို့ အခွင့်အလမ်းတွေကို ဖွင့်ပေးတာကို စွမ်းအားမြှင့်တင်ခြင်း (empowerment) လို့ ခေါ်တာပဲ..။ အာဏာတည်ဆောက်ပုံ (power structure) ကို တနည်းတဖုံပြောင်းလဲပစ်လိုက်တာပေါ့…။ ဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းဖြင့် စွမ်းအားမြှင့်တင်ခြင်းရဲ့ အအောင်မြင်ဆုံးဥပမာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုဟာမက်ယူနွတ်ရဲ့ Grameen Bank နဲ့ အသေးစားချေးငွေအစီအစဉ်မှတွေ့ နိုင်တယ်…။ တကယ့်တကယ် ယူနွတ်စ် တစ်ယောက် နိုဘယ်ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာက ဆင်းရဲမွဲတေမှုကိုလျော့ချနိုင်ခဲ့လို့ ဆိုတာထက် လူရာမ၀င်၊လူရာသွင်းမခံရတဲ့ ဘင်္ဂလီကုလားမကြီးတွေ ကို စီးပွားရေး၊လူမှုရေးတွေမှာ ပိုမိုပါဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးလမ်းဖွင့်ပေးနိုင်ခဲလို့ ဆိုရင် မှားလိမ့်မယ်မဟုတ်ဖူး..။

အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း (participation) ဆိုတဲ့သဘောတရားဟာ ကျယ်ပြန့် သလောက် မရှိမဖြစ်လောက်အောင် အရေးကြီးလှတယ်…။ တည်ငြိမ်တဲ့၊ တရားမျှတတဲ့ လူ့ အဖွဲ့ အစည်းကို တည်ဆောက်ဖို့ ….. နိုင်ငံတော်သီချင်းမှာပါတဲ့  “တရားမျှတဲ့လွတ်လပ်ခြင်းနဲ့ မသွေ….ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ” ဖြစ်ဖို့ ဆိုရင် ဒီ participation ပူးပေါင်းပါဝင်ခြင်းဟာ အဓိက အခရာပါပဲ..။ ဘာလို့ လဲဆိုတော့….လမ်းဘေးမှာအမှိုက်တစ်စ မချပဲ စည်းကမ်းတကျ စွန့် ပစ်တာက အစ၊ နိုင်ငံ့ဝန်ထမ်းတစ်ယေက် တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်တာအလယ်၊ တိုင်းပြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးအဆုံး အားလုံးဟာ လူတိုင်းရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူတိုင်းရဲ့ စစ်မှန်တဲ့အသံတွေမပါပဲ ဘယ်လိုမှ မအောင်မြင်နိုင်လို့ ပဲ..။

စင်စစ်မတော့…နိုင်ငံသားတိုင်းကို ပါဝင်ခွင့်ပေးခြင်း (participatory development) ဟာ ….အဲသလိုပါဝင်ခွင့်ရတဲ့သူတိုင်းအပေါ်မှာ… တာဝန်ယူမှု (responsibility)နဲ့  တာဝန်ခံနိုင်မှု (accountability) စတာတွေကို လွှဲပြောင်းပခုံးထမ်းခိုင်းလိုက်ခြင်းပဲ..။ တနည်းအားဖြင့်…တလေးတစားအသိအမှတ်ပြု သိမ်းသွင်းခြင်း (inclusion) ပဲ..။ … ဒီလို စွမ်းအားမြှင့်တင်ခြင်း (empowerment)အားဖြင့်သာလျှင် အစိုးရနဲ့ ပြည်သူကြားက လူမှုပဋ္ဋိညဉ် (social contract) ကိုခိုင်မာ အားကောင်းစေနိုင်မှာဖြစ်သလို၊ အစိုးရရဲ့ တရားဝင်မှု (legitimacy) နဲ့ အုပ်စိုးမှုကောင်း (good governance) စတာတွေကို စစ်စစမှန်မှန်အကောင်အထည်ဖေါ်နိုင်မှာ ဖြစ်တဲ့အတွက် participation ပူးပေါင်းပါဝင်ခြင်းဟာ နိုငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နယ်ပယ်ပေါင်းစုံအတွက်တော့ မရှိမဖြစ်လို့ ဆိုရမှာပါပဲ…။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...