Thursday, February 13, 2014

“Citizenship”

February 11, 2014 at 7:14pm
 
နိုင်ငံသားဖြစ်မှု (citizenship) လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများ နားလည်လိုက်တာက ပန်းရောင်မှတ်ပုံတင်နဲ့ အနီရောင် ပတ်စပို့ စာအုပ်ဖြစ်ဖို့ များပါတယ်..။ လက်ရှိ ပူညံညံဖြစ်နေတဲ့ ၅၉ (စ)၊ တို့ ဘင်္ဂလီတွေနဲ့ ဝှိုက်ကဒ်တို့  စတာတွေဟာ ဒီ နိုင်ငံသားဖြစ်မှုကို ဘယ်လို နားလည်သလဲ အကောင်အထည်ဖေါ်ထားသလဲပေါ်မူတည်နေတာပဲ…။ ဥပဒေ အမှတ် (၄) လို့ ခေါ်တဲ့ နိုင်ငံသားဖြစ်မှုဥပဒေ (Citizenship Law) တနည်းအားဖြင့် ၁၉၈၂ ဥပဒေဟာ အများအာရုံစိုက်လာနေတာက တော့ ထင်ရှားလှသပေါ့လေ..။ တကယ်က နိုင်ငံသားဖြစ်မှုဆိုတာဟာ ဒီလို ဥပဒေနယ်ပယ်လောက်တင်မဟုတ်ပဲ တိုင်းပြည်တပြည်ရဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ဘက်ပေါင်းစုံ ဖွံ့ ဖြိုးတိုးတက်မှု အတွက်ပါ အရေးပါလှတယ်….။

ဒီ နိုင်ငံသားဖြစ်မှုဆိုတဲ့သဘောတရားဟာ ကျယ်ဝန်းလွန်းလို့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အားလုံးကို လွှမ်းခြုံနေတဲ့ဘာသာရပ်လို့ တောင်ဆိုရမလိုပါပဲ..။ ကနေ့ ခေတ်ရဲ့ လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေးတို့ ဆိုတာတွေဟာ ဒီ နိုင်ငံသားဖြစ်မှု ကိုထဲထဲဝင်ဝင်သိမှဖြစ်တာကိုး..။ ဒါကြောင့်ပဲ.. ရပိုင်ခွင့်အခြေပြုချဉ်းကပ်နည်းဖွံ့ ဖြိုးရေးလို့  မြန်မာမှုပြုရင်ရကောင်းမယ့် Rights-based Development သို့ မဟုတ် Rights based approach to Development ဆိုပြီး အင်မတန်ကျယ်ပြန့် တဲ့ ဘာသာရပ်ကြီးတစ်ခုရဲ့ အခြေခံပင်မ အကြောင်းတရားအဖြစ် ဒီ နိုင်ငံသားဖြစ်မှု သဘောတရားကို လေ့လာရတော့တာပဲ..။

နိုင်ငံသားဖြစ်မှု citizenship ဆိုတာ ဘာလဲ..။ နိုင်ငံသား (citizen) ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ ပေါ့..။ အလွယ်ပြောရရင်တော့ တိုင်းပြည်တစ်ပြည်အတွင်းက အာဏာ ဆက်ဆံရေးရယ် (power relation) ၊ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတို့ အဆက်အစပ်အကြောင်းပေါ့လေ...။ သမိုင်းကြောင်းကိုချီရရင် ရှေးခေတ် အေသင်မြို့ ပြနိုင်ငံရဲ့ တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စံနစ်မှာ အခြေခံတာပဲ..။ ဒီရှေးခေတ် ဂရိတွေရဲ့ အယူအဆက နိုင်ငံသားတိုင်း (citizen) ဟာ နိုင်ငံ့အရေးအရာ ကိစ္စအ၀၀ (စစ်မှုထမ်းတာ၊ မဲပေးတာ စတာ) တွေမှာ ပါဝင်ဆောင်ရွက်ရမယ်(participation) ပေါ့..။ တနည်းအားဖြင့် ဒီလိုပါဝင်ခွင့်မရသူတွေကို နိုင်ငံသား (citizen) လို့ မသတ်မှတ်ပဲ အုပ်စိုးခံ (subject) အဖြစ်ပဲထားတာ….။ ဒီအေသင်ဒီမိုကရေစီမှာ မိန်းမတွေ ကျွန်တွေဟာ ဒီလို နိုင်ငံ့ရေးရာတွေမှာ ပါဝင် ပတ်သက်ဖို့ အစွမ်းအစ ရှိတယ်လို့ မယူဆခဲ့လို့  သူတို့ ကို နိုင်ငံသား (citizen) အဖြစ်သတ်မှတ်ခြင်းမရှိခဲ့ဘူးပေါ့..။

ဒါ့အပြင် ဂရိ ဖီလော်ဆော်ဖါတွေက အလုပ်သမားတွေနဲ့ တောသူတောင်သားလယ်သမားတွေ ဟာ ဒီလို စွမ်းဆောင်ရည်တွေရှိတဲ့သူတွေမဟုတ်ဖူးလို့ လည်း ယူဆခဲ့ကြသေးတော့ ယောကျာ်းတိုင်းလည်း နိုင်ငံသားမဖြစ်နိုင်ခဲ့ဖူးပေါ့..။ ဒီလိုအယူအဆကြောင့်.. အုပ်စိုးခံ (subject) တွေနဲ့ မတူ နိုင်ငံသား (citizens) တွေဟာ ရပိုင်ခွင့် နဲ့ တာဝန်ဝတ္တရား (Rights & Obligation) ကိုရရှိ..ပိုင်ဆိုင်ကြတယ်....။ တနည်းအားဖြင့် နိုင်ငံသား ဆိုတာ အရွေးကောက်ခံနိုင်ခွင့်ရှိတဲ့သူဖြစ်သလို (to be elected) ရွေးကောက်နိုင်ခွင့်လည်း (to elect) ရှိတဲ့သူတွေလို့ ဆိုလိုတာပဲ..။ တနည်း..မဲပေးခွင့် (to vote) ရှိတဲ့သူတွေပေါ့..။

ဒီလို အယူအဆတွေနဲ့ ..၂၀ရာ စုနှောင်းပိုင်းကာလလောက်ထိ ကမ္ဘာကြီးရဲ့ လူဦးရေ အများစု (ကျားရော မပါ) ဟာ နိုင်ငံသားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းမရှိခဲ့..မဲပေးခွင့်ရခဲ့တာမဟုတ်ဖူး....။ ဥရောပ မှာဆိုရင် နိုင်ငံသားဖြစ်မှုကို property ownership ပစ္စည်းပိုင်ဆိုင်မှုနဲ့  ဆုံးဖြတ်ခဲ့တာကိုး..။ နိုင်ငံသားဖြစ်မှုကို ပိုပြီးဖြေလျော့ပေးလာတာက အမေရိကန်နိုင်ငံပေါ့လေ…။ ဒီ အမေရိကားတောင်မှ လူဖြူတွေသာ (ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ) နိုင်ငံသားအခွင့်အရေးရှိပြီး မိန်းမနဲ့ ကျွန်တွေကတော့ နိုင်ငံသားအခွင့်အရေးတွေ ရခဲ့တာမဟုတ်ဘူး..။ ပြင်သစ်တော်လှန်ရေးကြီးပြီးမှပဲ ယောကျာ်းတိုင်း မဲပေးခွင့် (universal male suffrage) ဆိုတာဖြစ်လာပြီး မိန်းမတွေကတော့ ၁၉၄၅ ကြမှ မဲစတင်ပေးခွင့်ရလာတာကိုး..။ ၂၀ ရာစုအလယ်လောက်ရောက်မှ ဥရောပနိုင်ငံတော်တော်များမှာ မိန်းမတွေကလွဲလို့ လူတိုင်းမဲပေးခွင့်ရလာတာ..။ နိုင်ငံရေးမှာလည်း တိုက်ရိုက်ရွေးကောက်တာထက် ကိုယ်စားပြုဒီမိုကရေစီ (representative democracy) တွေဖြစ်လာကြတယ်..။

ဆိုတော့.. ဒီ မဲပေးခွင့် (voting) နဲ့ နိုင်ငံသားဖြစ်မှု ကဆက်စပ်နေတာပေါ့..။ ဒါပေမယ့် ကနေ့ ခေတ်ရဲ့ မဲပေးခွင့် ဟာ တိုက်ရိုက် ဒီမိုကရေစီ အေသင်ရဲ့ မဲပေးခွင့်နဲ့ ကွာသွားပြီဆိုတော့….ကနေ့ ခေတ်မှာ ဒီလို မဲပေးခွင့်ဟာ တကယ်ရော နိုင်ငံရေး အာဏာရှိတာဟုတ်ရဲ့ လား..။ မဲတပြားဟာ ကိုယ့်ရဲ့ အသံအစစ်အမှန်ကို ထွက်တာဟုတ်ရဲ့ လား…။ ဒီလို မဲပေးခွင့်ရတာနဲ့ ပဲ ခွင့်တူညီမျှမှု (equality) ကိုဖေါ်ဆောင်နိုင်ရောလား...။ နိုင်ငံသားဖြစ်မှုရဲ့ ကနေ့ ခေတ် အဓိပ္ပါယ်က ဘာလဲ…စသဖြင့် မေးခွန်းတွေထွက်လာတော့တာပဲ..။

ဆိုခဲ့တဲ့အတိုင်း နိုင်ငံသားဖြစ်မှု (citizenship) မှာ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရား (Right & Obligation) ဆိုပြီး ၂ ပိုင်းပါလေတော့ ချဉ်းကပ်နည်းကလည်း ၂ မျိုးဖြစ်လာတော့တာပေါ့..။ liberal လိုင်းကချဉ်းကပ်နည်းက ရပိုင်ခွင့် အဖြစ် (သို့ ) ခွင့်တူညီမျှမှုကို ဖေါ်ဆောင်ခြင်းအဖြစ် ရှုမြင်ပြီးတော့ republican လိုင်းက ချဉ်းကပ်တာက နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရား civic duty အဖြစ်ရှုမြင်နားလည်တာပဲ..။ မဲပေးတာ (သို့ ) နိုင်ငံသားဖြစ်တယ်ဆိုတာ ခွင့်တူညီမျှမှုအဖြစ် မြင်သလို တာဝန်ဝတ္တရားတစ်ခုအဖြစ် လည်း မြင်ကြတယ်ဆိုတာပေါ့..။ အသေးစိတ်ရရင်တော့ ဒီနိုင်ငံသားဖြစ်မှုမှာ ၁) အရပ်ဖက်ဆိုင်ရာ civil ၂) လူမှုရေးဆိုင်ရာ social ၃) နိုင်ငံရေးဆိုင်ရာ political ဆိုပြီး အစိတ်အပိုင်းတွေ ခွဲခြားပြီး နားလည်နိုင်ပြန်သေးတယ်..။

အရပ်ဖက်ဆိုင်ရာ အစိတ်အပိုင်းအနေနဲ့ ဆိုရင် အများသိကြတဲ့ လွတ်လပ်စွာ ပြောဆိုဖေါ်ထုတ်ခွင့်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ ဥပဒေရပိုင်ခွင့်တို့ ပါတာပေါ့လေ..။ နိုင်ငံရေးဆိုင်ရာအပိုင်းက ဆိုရင်တော့ ရွေးမြောက်ပိုင်ခွင့် (to elect) နဲ့ ရွေးကောက်ခံပိုင်ခွင့် (to be elected) ဆိုပြီး အာဏာနိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ပေါ့..။ အဲ..နောက်ဆုံး ..လူမှုရေးပိုင်းမှာကြတော့ ပို သိမ်မွေ့ တဲ့အပိုင်း..ယဉ်ကျေးမှုတို့ ၊ စီးပွားရေး တို့ ၊ လုံခြုံရေးတို့ ဆိုတဲ့ တကယ့် welfare ရပိုင်ခွင့်တွေပေါ့..။ ဒီ လူမှုရေး နဲ့ နိုင်ငံရေး ပိုင်းတွေအပေါ်မူတည်ပြီး လူ့ အခွင့်အရေး ဥပဒေ စာချုပ်တွေက ကွဲသွားတာပဲ..။ အနောက်နိုင်ငံတွေက နိုင်ငံရေး လွတ်လပ်ခွင့် (political freedom) ကိုဇောင်းပေးပြီး ယခင်ဆိုဗီယက်ကောင်းဆောင်တဲ့ ဆိုရှယ်လစ်နိုင်ငံတွေက လူမှုရေးပိုင်း (Social and Economic Welfare) ကို ဦးစားပေးတာကိုး..။

ဆိုတော့..ဒီအခြေခံပေါ်မူတည်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လူ့ အခွင့်အရေး စာချုပ်တွေကို လက်မှတ်ထိုးကြတာပဲ..။ နိုင်ငံသားဖြစ်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ အရင်းရှင်စီးပွားရေးစံနစ်အားကော
င်းတဲ့ နိုင်ငံတွေက political rights တွေကို ဇောင်းပေးပြီး ကွန်မြူနစ်တို့ ဆိုရှယ်လစ်တို့ လို အောက်ခြေလူတန်းစားကို အကာအကွယ်ပေးတဲ့ နိုင်ငံတွေက socio-economic rights တွေအဖြစ်ဖွင့်ဆိုလာတာပဲ....။
ဒါပေမယ့်..ဆိုခဲ့သလို နိုင်ငံသားဖြစ်မှုကို နားလည်ပုံနဲ့ အကောင်အထည်ဖေါ်ပုံကြောင့် အပယ်ခံ အုပ်စုတွေကလည်းရှိနေခဲ့တာပဲ..။ ဥပမာ..ဘာသာရေးအားဖြင့်၊ လူမျိုးရေးအားဖြင့်..လူနည်းစုတိုင်းရင်းသားဖြစ်လို့ …လိင်ကြောင့် (မိန်းမ၊ အခြောက်)…မသန်မစွမ်းဖြစ်လို့ ..အရွယ်မရောက်သူဖြစ်နေလို့ …စသဖြင့်..။ ဒီအပယ်ခံအုပ်စုတွေဟာ စစ်မှုမထမ်းဆောင်ရခြင်းကြောင့် နိုင်ငံသားဖြစ်မှုကနေ ပယ်ထုတ်ခံရတာက ပင်မအကြောင်းတရားဖြစ်နေတတ်တာကို တွေ့ ရမှာပေါ့လေ..။

နောက်တစ်ချက်က..ကိုလိုနီဆိုးမွေကြောင့်လည်း နိုင်ငံသားဖြစ်မှုဆုံးရှုံးကြပြ
န်သေးတာပဲ..။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ခါစ နိုင်ငံတွေဟာ သူတို့ စံနစ်နဲ့ သူတို့ နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်လာကြတာကိုး…။ တချို့ က Jus soli (right of land) လို့ ခေါ်တဲ့ မွေးဖွားရာ ကိုအခြေပြုပြီး နိုင်ငံသားပေးသလို အချို့ က Jus sanguinis (right of blood) လို့ ခေါ်တဲ့ မွေးဖွားတဲ့ မိဘကို အခြပြုပြီးနိုင်ငံသား ဖြစ်မှုကို ဆုံးဖြတ်ကြတာပဲ..။
ဒိကနေ့ မြန်မာတွေရင်ဆိုင်နေရတဲ့ ဘင်္ဂလီအစ်ရှူးဟာ ဒီကိုလိုနီဆိုးမွေ အခင်းအကျင်းနဲ့ မြင်လို့ ရတာပေါ့လေ..။

နောက်တစ်ခုက….လိင်ခွဲခြားမှုနနဲ့ နိုင်ငံသားဖြစ်မှုအဆက်အစပ်ပေါ့..။ Jus Sanguinis ရာနှုန်းပြည့်ကျင့်သုံးတဲ့နိုင်ငံမှာ မိန်းမတစ်ယောက်ဟာ တပြည်သားကို လက်ထပ်ရင် မွေးလာတဲ့ကလေးတွေဟာ အမေ့ တိုင်းပြည်ရဲ့ နိုင်ငံသားဖြစ်မှုကို ရဖို့ မလွယ်ဖူးပေါ့..။ ဘာလို့ လဲဆို သွေးဆိုတာကို ဖခင်ဘက်က ပိုအရေးကြီးတယ်ဆုံးဖြတ်လေ့ရှိတာကိုး..။ (ကျွန်မနဲ့ ရတဲ့ သားတော် ၀ိဋ္ဋဋ္ဋူပ မင်းသားကိစ္စနဲ့ ပတ်သက်ပြီး..ကောသလင်းမင်းကြီးက ဗုဒ္ဓကို မေးတဲ့အခါ ဖခင်ဘက်က ပိုအရေးကြီးတယ်လို့ အဖြေပေးတာပဲလေ...။ ) အကယ်၍ ဒီအမျိုးသမီး လက်ထပ်တဲ့ ယောကျာ်းရဲ့ တိုင်းပြည်ဟာ Jus soli (right of land) ကို ကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်ခဲ့မယ် ကလေးတွေဟာ ဖခင်နိုင်ငံရဲ့ မြေပေါ်မှာ မွေးခဲ့တာလည်းမဟုတ်ဘူးဆိုရင် ဒီကလေးတွေဟာ နိုင်ငံမဲ့ဘ၀ (stateless) အလိုလိုရောက်တော့တာပဲ..။

ဒါ့အပြင်..အခြားနည်းလမ်းမျိုးစုံနဲ့ နိုင်ငံမဲ့ဖြစ်နိုင်ခြေတွေရှိေ
နကြတာပဲ…။ အချို့ ကြ မွေးကတည်းက နိုင်ငံမဲ့ဖြစ်တာ (ဥပမာ- ဒုက္ခသည်စခန်းက ကလေးတွေ)၊ အချို့ က လူဦးရေ ထိန်းချုပ်တဲ့ ပေါ်လစီကြောင့် (ဥပမာ - တရုပ်ရဲ့ One Child Policy ကြောင့် နောက်မွေးတဲ့ကလေးတွေ တရားမ၀င်တာ)..အချို့ က ရွေ့ ပြောင်းနေထိုင်မှုကြောင့် (ဥပမာ- ထိုင်းက မြန်မာ ဒုက္ခသည်တွေ) ..အချို့ ကြ ကိုယ့်မိခင်နိုင်က မတည်ရှိတော့လို့  (ဥပမာ- အရင် ဆိုဗီယက်အင်ပါယာ ပြိုကွဲပြီးစ) စသဖြင့်…
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့လူဦးရေ ၁၁ သန်းကနေ ၁၅ သန်းထိရှိတယ်ဆိုပဲ..။

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း (UDHR) မှာတော့ Right to citizenship လို့ ပါပင်ပါသော်ငြား ဒါကို ဘယ်သူတာဝန်ရှိတယ်လို့ သတ်မှတ်ချက်ကလည်း ပြတ်ပြတ်သားသားချမရပြန်ဘူး..။ မွေးဖွားရာ နိုင်ငံလား မိဘရဲ့ နိုင်ငံကတာဝန်ရှိတာလားပေါ့..။ ဥပမာ ရခိုင်မှာရှိတဲ့ ဘင်္ဂလီတွေ ကနေ ဆင်းသက်လာတဲ့ ကလေးတစ်ယောက် နိုင်ငံသားဖြစ်ဖို့ ဟာ… သူတို့ လာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က တာဝန်ရှိတာလား….သူမွေးဖွားရာ မြန်မာနိုင်ငံက တာဝန်ရှိတာလား သတ်မှတ်ပြဋ္ဋာန်းနိုင်ခြင်းမရှိတာမျိုးပေါ့..။ ပိုဆိုးတာက အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) မှာ နိုင်ငံသားဖြစ်မှု (citizenship) ကို တိတိကျကျ အဓိပ္ပါယ်မဖွင့်နိုင်တာပါတဲ့…။ အထက်မှာဆိုခဲ့သလို နိုင်ငံသားဖြစ်မှုဆိုတာကို ဘယ်အခြေခံတွေ၊ ဘယ်လိုရှုထောင့်တွေနဲ့ ဖွင့်ဆိုသလဲဆိုတာက ချဉ်းကပ်မှုအပေါ်မူတည်နေတာကိုး..။

ကနေ့ ခေတ်လို ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ လှိုင်းလုံးကြီးတွေအောက်မှာ လူတွေဟာ ရွှေ့ ပြောင်းနေထိုင်သွားလာကြ၊ စစ်မက်တွေတိုက်ခိုက်ကြလို့ ဒုက္ခသည်တွေဖြစ်ကြ၊ သဘာဝဘေးအန္တရာယ်တွေကြေင့် အချို့ ကျွန်းနိုင်ငံလေးတွေကွယ်ပျောက်ကုန်ကြနဲ့ ဆိုတော့ ဒီ နိုင်ငံသားဖြစ်မှု နိုင်ငံမဲ့မှုစတဲ့အရေးကိစ္စတွေဟာ တကယ့်ပြဿနာကြီးတွေဖြစ်လာနေတာ..။ ဒါကြောင့်ပဲ ယဉ်ကျေးမှုစုံ နိုင်ငံသား (Multi-cultural citizenship) တို့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှု (Global citizenship) စတဲ့သဘောတရားတွေထိရောက်လာလေရဲ့ ..။ဆိုလိုတာက ချမ်းသာတဲ့နိုင်ငံကြီးတွေဟာ တံခါးတွေဖွင့်ပေးရမယ်.. နယ်စပ်မျဉ်းတွေ မရှိတဲ့ နိုင်ငံတွေ (borderless states) ဖန်တီးရမယ် စသဖြင့်…။ ဒီလို ကမ္ဘာလုံးဆိုင်ရာအဆင့် (Global) မရောက်ခင် ဒေသတွင်းအဆင့် (Regional) အဆင့်အဖြစ် ဥရောပနိုင်ငံသားဖြစ်မှု (European-citizenship) အဖြစ်လှုပ်ရှားလာတာက လက်တွေ့ ခြေလှမ်းပေါ့..။

ဘယ်လိုပဲပြောပြော နိုင်ငံသားဖြစ်မှုဆိုတဲ့ သဘောတရားမှာ ရပိုင်ခွင့်တွေ (Rights) ပါတာအပြင် တာဝန်ဝတ္တရား (Obligation) လည်းပါတယ်ဆိုတာကိုတော့ မေ့ လို့ မရတာတော့ အမှန်ပါပဲ..။ နိုင်ငံတော်ကနေ အခွင့်အရေးတွေ တောင်းဆိုနေတာတစ်ခုတည်းမဟုတ်ဘဲ ပေးဆပ်ရမယ့် တာဝန်ဝတ္တရားတွေကိုလည်း ကျေပွန်မှ နိုင်ငံသားဖြစ်မှုအဓိပ္ပါယ်ပြည့်ဝမယ်ဆိုတာပဲပေါ့..။ နိုင်ငံ့အရေး အရာ ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင် ဆွေးနွေး၊ ဝေဖန် ပြောဆိုတာ၊ လုပ်ကိုင်တာတွေကလည်း ဒီ Obligation ပါပဲ…။ တနည်းအားဖြင့် နိုင်ငံသားဖြစ်မှုကို တက်ကြွကြွပါဝင်ဆောင်ရွက်တဲ့ (Actors) ရှုထောင့်က ကြည့်မှသာပြည့်စုံမယ်ပေါ့....။ အပြန်အလှန်တာဝန်ယူမှုပါမယ့် ဖြစ်စဉ်မှလည်း ဒီနိုင်ငံသားဖြစ်မှုအဏိပ္ပါယ်ဟာ ပြည့်စုံမှာ..။ အထူးသဖြင့် Global Citizenship လိုကမ္ဘာလုံးနဲ့ ချီကြည့်မယ်ဆိုရင်တော့ အပြန်အလှန်တာဝန်ယူမှုဟာ အရေးကြီးလှတယ်...ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလိုဟာမျိုးမှာ ဒီလို အပြန်အလှန်သဘောမပါဘဲနဲ့ ဘယ်လိုလုပ် ကမ္ဘာ့ရွာကြီးကို သာယာစိုပြည်အောင် ဖန်တီးနိုင်မလဲလေ...

Athenian Ahnyarthar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...