Thursday, February 20, 2014

မြသန်းတင့်နှင့် ပြန်လည်တွေ့ဆုံခြင်း

နိဒါန်း

ကျွန်တော့်မှာ ရေးစရာ အကြွေးတွေ များလှတယ်။ ကံကောင်းထောက်မစွာနဲ့ နိုင်ငံရေးနယ်ပယ်၊ စာပေနယ်ပယ်၊ လူမှုရေးနယ်ပယ် က (ရေးလောက်တဲ့) ပုဂ္ဂိုလ်တချို့နဲ့ နီးနီးစပ်စပ် ရှိခဲ့ဖူးတယ်။ တချို့ဆိုရင် သမိုင်းဆိုင်ရာ ကိစ္စတချို့နဲ့ ဆက်စပ်ပတ်သက်ခဲ့တယ်။ ကြုံကြိုက်ခဲ့ဖူးတယ်။
ဆိုပါတော့ …၊ ရန်ကုန်မှာ ယူဂျီလာလုပ်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဗိုလ်မှူးချစ်ကောင်း အဖမ်းခံရစဉ် ကျွန်တော် သူ့ဘေးမှာ ရှိတယ်။

• ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ပထမအသုတ်ကနေပြီး ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့ လက်တွဲ တိုက်ပွဲဝင် ခဲ့ဖူးတယ်။

• ၅၃ ရက် အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် ၈ ယောက်ဟာ ကျွန်တော့်မျက်စိရှေ့မှောက်မှာ ကျဆုံးပြီး ပြည်သူ့ သူရဲကောင်းတွေ ဖြစ်သွားကြတာပါ။
• ဆရာကြီး ရွှေဥဒေါင်း ကွယ်လွန်စဉ် (လူရှင်းရှင်း ညနေစောင်းအချိန်) သူ့အလောင်းစင် ခြေရင်းမှာ သူ့တူ လူထုကိုစိန်ဝင်း နဲ့ ထိုင်ပြီး လူမှုရေး၊ နိုင်ငံရေးကိစ္စတွေ အချိန်အတန်ကြာ ဆွေးနွေးနေခဲ့ဖူးတယ်။
• အရှေ့မြောက်စစ်ဒေသရောက်တော့လည်း ၁၃၀၀ ပြည့် မျိုးဆက် သမိုင်းဝင်ခေါင်းဆောင်များ၊ ၄၈ လက်နက်ကိုင်တော်လှန် ရေး ခေါင်းဆောင်များ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။
• ဥက္ကဌအပါအ၀င် သူတို့ရဲ့လုံခြုံရေးအတွက် အလျဉ်းသင့်သလို အလုပ်လုပ်ပေးခဲ့ဖူးတယ်။
• ၈၅ ကွန်ဂရက် လုံခြုံရေးတာဝန်ခံဖြစ်ခဲ့ဖူးတယ်။

ဒါကြောင့် တဦးစီအကြောင်း အဖြစ်အပျက်တွေ အကြောင်းရေးမယ်ဆို ရေးပါလေ့။ ဒါပေမဲ့ သိပ်မရေးဖြစ်ခဲ့ဘူး။ လက်တွေ့ လုပ်ငန်းတွေထဲမှာ မျောပါနေမိတယ်။ တို့ထားမှတ်ထားတာလေးတွေတော့ ရှိပါရဲ့။ ဦးမြသန်း(တင့်) အကြောင်းလည်း အလားတူပဲ။ ရေးခြစ်ထားတဲ့ တပိုင်းတစ စာရွက် ၂ ရွက်ထဲက တရွက်ပြန်တွေ့လို့ ကြည့်လိုက်တော့ -

ခုတလော သူ့စာအုပ်ဟောင်းတွေ - သူ့အကြောင်းရေးထားတဲ့စာတွေ ဖတ်ဖြစ်နေတယ်။ သူကွယ်လွန်ပြီးတဲ့နောက် သူ့အကြောင်းရေးတဲ့ စာရေးဆရာတွေ မနည်းမနော ရှိခဲ့တယ်။ သူနဲ့လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေကလည်း ရေးတယ်၊ သူ့စာတွေဖတ်ပြီး ရေးတဲ့ စာဖတ်ပရိသတ်တွေလည်း ရှိတယ်။

တိုင်းပြည်အပေါ် သူ ကျေးဇူးပြုခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ စာပေယဉ်ကျေးမှုလက်ရာတွေက များလွန်းလှတော့ နောင်လည်း ဆက် ရေးကြပါလိမ့်ဦးမယ်။
အသက်ကိုရင်းပြီး ယုံယုံကြည်ကြည် လက်တွဲတိုက်ပွဲဝင်ခဲ့ဖူးတဲ့ နောင်လည်းဆက်ဆံရေး မပြတ်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ သူများတွေ မရေးဖြစ်ဘဲ ချန်ထားခဲ့တဲ့ (ကျန်ကောင်းကျန်ရာ) သတိတရလေးတွေ ရေးချင်နေတာ ကြာပါပြီ။ မရေးအားနိုင်ခဲ့ပါ။ ဆောင်းပါးတချို့မှာတော့ တနွယ်ငင်တစင်ပါ -တို့တိတို့တိ ဖော်ပြခဲ့တဲ့ တပိုင်းတစ ရုပ်ပုံလွှာလေးတွေတော့ ရှိခဲ့တယ်။
ခုတော့ သူဆုံးပါးခဲ့တာပဲ ၁၃ နှစ်ပြည့်ဖို့ ရက်ပိုင်းသာ လိုတော့တယ်။ ဘယ်အချိန် လက်စ သတ်နိုင်မယ် မသိပေမယ့် မှတ်တမ်း သဘောကျန်ကျန် ရေးဖြစ်အောင် ရေးလိုက်ပါပြီ။
ကျွန်တော်ထောင်က လွတ်လာပြီးတဲ့နောက် ရန်ကုန်ကို ဆေးကုသွားခဲ့တယ်။ ရဲဘော်ကိုကျော်လှိုင်(ရခိုင်ဖက်ဆစ်တော်လှန် ရေး ခေါင်းဆောင်။ နောင် သံအမတ်ကြီး ဦးညိုထွန်းသား) ကျွန်းပြန် ကျောင်းသားများဖြစ်တဲ့ ကိုဉာဏ်ဝင်း(ရကသ) ညီ ကိုတင် မောင်ဝင်း၊ ရဲဘော်ကိုအောင်ဘော်၊ ဦးမြသန်းတို့နဲ့ ဟိုအိမ်က ဖိတ်ကျွေးတာလိုက်စားလိုက်၊ ဒီအိမ်က ဖိတ်ကျွေးတာ လိုက်စားလိုက်နဲ့ တရုန်းရုန်းဖြစ်နေပါတယ်။ ကိုညွန့်ခေါင်(N K ) ကတော့ ကျွန်းအထိမ်းအမှတ် (ယမုံနာ ဆိုင်) မှာ ပင်လယ်စာနဲ့ ကျွေးပါတယ်၊ ဦးမြသန်းကလည်း ကျွန်းသတိတရ သူ့အိမ်မှာ အုန်းထမင်းချက်ကျွေး ဧည့်ခံလိုက်ပါတယ်၊ ဒီအကြောင်းတွေ (ပြည်ပ) စာစောင်တခုမှာ ရေးဖြစ်ခဲ့တယ်။ ခုဆက်ရေးပါဦးမယ် -

“စဥ့်အိုးကြီးတွေ မှောက်ထားတဲ့အိမ်”
အချိန်က မှောင်ရီဖျိုးဖျ - လူတယောက် အထုပ်ကလေးတွေဆွဲလို့ မြင်းခြံမြို့အောင်မင်္ဂလာလမ်းမကနေ ကျွန်တော့်အိမ်ရှိရာ လမ်းကြားထဲ ဆင်းချလာတယ်။ လမ်းဘေးဝဲယာ အိမ်တွေဘက်လှည့်ပြီး ပါးစပ်ကကြွေးကြော်သံတခု တိုင်လာတယ်။

“စဥ့်အိုးကြီးတွေ မှောက်ထားတဲ့ ဒေါ်သိန်းမြအိမ် ဘယ်မှာလဲခင်ဗျာ”

အိမ်ပေါ် ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တဲ့ ကျွန်တော်က “တူတော့ တူပါတယ်”ဆိုပြီး ငေးကြည့်နေမိတယ်။ သူအသံကို သဲသဲကွဲကွဲ မကြားနိုင်သေး။ လမ်းထိပ်အိမ်တအိမ်က လက်ညှိုးညွှန်လိုက်တာတော့ ရိုးတိုးရိပ်တိပ် မြင်ရတယ်။ ၂ အိမ်လောက် ကျော်လာပြီး ကြွေးကြော်သံထပ်တိုင်ပြန်တယ်။ ဘေးအိမ်ကို ရောက်နေပါပြီ။ သေချာပြီ။ ဒါကြောင့် ကမန်းကတမ်း လှမ်းအဖြေပေး လိုက်ရတယ်။

“ဒီအိမ်ပဲဗျို့”

အရင်တခေါက် သူ့ဇာတိ ပခုက္ကူဘက်က အပြန် ဘူတာရုံကနေ ဆိုက်ကားစီးလာပြီး အိမ်မှာ တညအိပ်သွားဖူးတယ်။ အိမ်ထောင်ဦးစီး ကျွန်တော့်အဒေါ်နာမည်နဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင် ဘုန်းကြီးကျောင်း ကန်ပေါင်ပေါ် မှောက်ထားတဲ့ စဥ့်အိုး လွတ်ကြီးတွေကို မှတ်သားထားဟန် တူတယ်။ ရာသီကုန် သရက်ချဉ် အိုးလွတ်များပါ။ ကျွန်တော့်အိမ်က လူငှားခေါ် သရက်သီးလှီး၊ သရက်ချဉ်သိပ်ပါတယ်။ ရောင်းမလောက်တဲ့အခါ ဒွေးလေးက မန္တလေး-တောင်မြို့ဘက်တက်ပြီး တောင်းတွေ၊ ခြင်းတွေနဲ့ ကျောက် ချဉ်စိမ် သရက်ချဉ်တွေ ၀ယ်လာ - အိမ်မှာ ဆားနဲ့လောပြီး၊ အိုးတွေထဲ သိပ်ထားတယ်။ နှစ်မ ၂ ယောက်က လိုသလောက် ခူးပြီး၊ ဈေးထဲက သူတို့ကုန်စိမ်းဆိုင်မှာ တင်ရောင်းပါတယ်။ တချို့အလှူအတန်းများက အိုးလိုက်ဝယ်တတ်ကြတယ်။ အများကတော့ ၅၀ ပိဿာဝင် အိုးတွေပဲ။ သရက်ချဉ်ရာသီကုန်လို့ အိုးတွေအားသွားတဲ့အခါ အိမ်ရှေ့လှည်းလမ်းကျော်ပြီး ကန်ပေါင်ပေါ် စီ မှောက်ထား လေ့ရှိတယ်။
သူ့ကို ထမင်းကျွေးမွေးပြီး အိမ်ပေါ်တင်၊ ရေနွေးကြမ်းတအိုး၊ လက်ဖက်သုတ်၊ ချင်းသုတ်၊ ထန်းလျက်တပွဲ၊ တခါတရံ မြေပဲလှော်၊ ပဲမြစ်ပြုတ်တို့နဲ့ဧည့်ခံ၊ ည ၁၂ နာရီ ၁ ချက်အထိ စကားပြောကြတယ်။ အအိပ်ခိုင်းလည်း တော်တော်နဲ့ မအိပ်။

“ရောက်တုန်းရောက်ခိုက်ဗျာ”တဲ့။

နောက်နေ့ဝေလီဝေလင်းထ၊ ပြုဖွယ်ကိစ္စလုပ်။ ပဲပြုတ်-ငချိပ်ပေါင်းစား၊ ရေနွေးသောက်စေပြီး၊ အိမ်ရှေ့လမ်းက သင်္ဘောဆိပ် ဆင်းတဲ့မြင်းလှည်း တစီးကိုတားကာ တင်ပေးလိုက်ရတယ်။ ဒါက သူ့မြို့ကို ပြန်တိုင်း (လို) ကြုံရတဲ့ ကိစ္စ။ ရထားစောစောဆိုက်တဲ့ နေ့ အိမ်ကို တန်းတန်းမတ်မတ် ရောက်တယ်၊ မှောင်မှဆိုက်ရင် ကြွေးကြော်သံတိုင် ၀င်လေ့ ရှိတယ်၊ ထွက်ခါနီး -
“အပြန်မှ ရက်တချို့ နေမယ်။ တွေ့ချင်တဲ့သူတွေ ရှိသေးတယ်” တဲ့။

အပြန်မှာတော့ မြို့ပေါ်က နိုင်ငံရေးသမား၊ စာပေသမားတချို့၊ လာနှုတ်ဆက်ကြတယ်။ ဒီလိုနဲ့ မန္တလေးတက္ကသိုလ်တပ်ဦးကျောင်းသူ မမြင့်မြင့်နဲ့ သူငယ်ချင်းတွေ၊ ကဗျာဆရာ မောင်လှဝင်း(မြင်းခြံ)၊ မောင်လူမှိန်နဲ့ စာပေ၀ါသနာအိုးတွေ။ အားသစ်ကျူရှင်ဆရာ ကျော် ဆွေ၊ ဆရာခင်မောင်အေးနဲ့ အပေါင်းအသင်းတွေ ၀င်လိုက်ထွက်လိုက်ဖြစ်လာတယ်။ ဒါတွေက ကျွန်တော်တို့ခေတ် မျိုးဆက်တွေပါ။
သူက လွတ်လပ်ရေးမတိုင်မီခေတ်၊ ဖက်ဆစ်တော်လှန်ရေးမျိုးးဆက်၊ အောက်ခြေသိမ်းလုပ်ခဲ့သူ။ ဒိနောက် မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်ထူထောင်ခဲ့သူတွေထဲက တယောက်-ခရိုင်ကော်မတီဝင် ဖြစ်ခဲ့သူ။

ဒီတော့ အဲဒီခေတ်က နိုင်ငံရေးသမားတွေနဲ့ အကျွမ်းတ၀င် ရှိတယ်။ အဲဒီအိမ်နေရာတွေ - တချို့ သူမှတ်မိနေတယ်။ ကျွန်တော် အလုပ်ပျက်မှာစိုးလို့ သူ့ဘာသာ သွားလေ့ရှိတယ်၊ ကျွန်တော်က လမ်းညွှန်လိုက်ရုံပဲ။ တအိမ်ကတဆင့် နောက်တအိမ် လိုက်ပို့နဲ့၊ သူ အလုပ်ဖြစ်နေပါတော့တယ်။ အိမ်မှာ ထမင်းမစားတဲ့အနပ်တွေ များလာတယ်။ ညပြန်ရောက်တဲ့အခါ နေ့ခင်းက တွေ့လာတဲ့ မိတ်ဟောင်းဆွေဟောင်းတွေအကြောင်း - တရံရောအခါက ဇာတ်လမ်းတွေ ပြောပြတတ်တယ်။ ကျွန်တော်တို့ မသိတဲ့ ဇာတ်လမ်းတွေကလည်း ရှိနေတတ်တာကလား။
ခု ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆက်ရေးပါ့မယ်၊

သူပြောပြတဲ့ သူ့ဇာတ်လမ်းအချို့ ။
ဖက်ဆစ်တော်လှန်ရေးကာလ - လက်နက်လူသူ စုဆောင်းကြရတယ်။ ကွန်မြူနစ်တွေက လူတန်းစားလမ်းစဉ် ကိုင်စွဲတယ် ဆိုပေမယ့် သူ့ခေတ်သူ့အခါကြည့်ပြီး နိုင်ငံရေးလမ်းစဉ် ချမှတ်တာဖြစ်တယ်။ တိုင်းချစ်ပြည်ချစ်စိတ် မွေးမြူပေးပြီး လူထုကို စည်းရုံး ခဲ့တယ်။ ဒီအထဲမှာ အလုပ်သမားလယ်သမားတွေအပြင် ရဟန်းသံဃာ၊ သူဌေးသူကြွယ်၊ ၀န်ထမ်းတွေကအစ ဓားပြတွေအထိ ပါခဲ့တယ်၊ ဒါက တပြည်လုံးလက္ခဏာဆောင်ပါတယ်။ ဓားပြဂိုဏ်းဆိုတာက လူသူလက်နက် စုစည်းမိပြီးသား။

မြစ်ကူးချောင်းခြားလေးလောက်သာ ဝေးကွာတဲ့ ရှင်မတောင်ခင်မောင်ဂိုဏ်းဆိုတာ ကျောင်းသားငယ်ဘ၀ကတည်းက ကြားဖူး နေတယ်။ နယ်ချင်းကတော့ မတူဘူး၊ သူတို့က ပခုက္ကူ-ရေစကြိုအခြမ်း၊ မြစ်အနောက်ဘက်-
ဦးမြသန်းက သူ ဒီဂိုဏ်းကို စည်းရုံးသိမ်းသွင်းဖူးတယ် ပြောတော့ ကျွန်တော် မျက်လုံး ကျယ်သွားခဲ့တယ်။ မြစ်အရှေ့ဘက် ခြမ်းမှာလည်း ဒီလိုဂိုဏ်းတွေ ရှိတာပဲ။ ဒါပေမဲ့ ရှင်မတောင်ဂိုဏ်းလောက် မကျော်ကြားခဲ့ကြဘူး၊ မကြီးကျယ်ခဲ့ကြဘူး။
အသေးစိတ် မေးကြည့်မိတယ်။ တော်လှန်ရေးစိတ်ဓာတ်နဲ့ မကြောက်မရွံ့ ဓားပြတောထဲတိုးပြီး သိမ်သိမ်မွေ့မွေ့ကလေး ဟောပြောသိမ်းသွင်းသွားနိုင်တဲ့ မိမိရှေ့က ကွန်မြူနစ်ပညာတတ် ကျောင်းသားလေးကို အားကျလေးစားစိတ်နဲ့ ငေးကြည့်နေမိခဲ့တယ်။
(နောက် အနှစ် ၃၀ ကျော်လောက်ရှိတော့ ဒီလိုဓားပြဂိုဏ်းကြီးတဂိုဏ်းကို သိမ်းသွင်းခဲ့ဖူးတဲ့ ခေါင်းဆောင်တယောက်နဲ့ စကား စပ်မိကြတယ်။ အဲဒီတုန်းက သူက BDA စစ်ဗိုလ်တယောက် - ဦးမြသန်းလိုပဲ ဓားပြတွေနဲ့ ရင်ဆိုင်တွေ့ပြီး သိမ်းသွင်းခဲ့ဖူးတယ်။ သူသိမ်းသွင်းပုံက “မင်းတို့လည်း ဆင်းရဲလို့ တိုက်စားတာပဲ။ ဒါပေမဲ့ လူထုအပေါ် ဗိုလ်ကျလုယက်တာလုပ်လို့ မဖြစ်ဘူး။ အဲဒီတော့ လက်နက်တွေအပ်ပြီး တို့နဲ့ပူးပေါင်းပါ။ ငါတို့က တိုင်းပြည်အတွက်လုပ်တာ။ မင်းတို့က ကိုယ့်မိန်းမ ကိုယ့်သားသမီးအတွက် လုပ်တာ - မိုက်စရာရှိရင် မင်းတို့ထက် ပိုမိုက်တယ်။ တိုက်ချင်ရင် တိုက်ကြ-လို့ (ချဲ) ပြီး သိမ်းသွင်းခဲ့ဖူးတယ် …တဲ့)၊

၂ ယောက်စလုံးက ကွန်မြူနစ်တွေ ဖြစ်တယ်။ ၂ ယောက်စလုံး ပညာတတ်တွေပဲ။ စပ်ကြည့်ရင် သူတို့ချင်းက ဆွေမျိုးတော်စပ်နေသေးတယ်။ ဘာကွာသွားတာလဲ။ ဗီဇလား။ ဘ၀လား။ နည်းပရိယာယ်ကျင့်သုံးပုံလား …ကျွန်တော် စဉ်းစားနေမိ။
(ကိုအောင်ကြီး ကလာပ်စည်း)
ဂျပန်တော်လှန်ရေးပြီးလို့ စာမေးပွဲဖြေ-တက္ကသိုလ်ရောက်သွားတော့ ကိုအောင်ကြီး (ရဲဘော်အောင်ကြီး) က တက္ကသိုလ်မှာ နာမည်ကြီး ဘောလုံးသမား-ကျူတာလုပ်နေပြီ။ ကျွန်တော်တို့ ၃ ယောက်က သူ ခေါင်းဆောင်ဖွဲ့ထားတဲ့ cell မှာ ကလာပ်စည်းဝင် တွေပဲ၊ တယောက်က နောင်မှာ စီးပွားရေးတက့သိုလ်မှာ ပါမောက္ခချုပ်။ နောက်တယောက်ကတော့ မဆလခေတ်ဝန်ကြီး။ ( ၂ ယောက် စလုံး နာမည် ကျွန်တော် ခုအထိ မှတ်မိ-ဒါပေမဲ့ သူတို့ ကြိုက်မကြိုက် မသိလို့ မဖော်ပြလိုက်တော့ပါ၊) ကျွန်တော် မနက်ခင်း လမ်းလျှောက်တဲ့အခါ ကိုအောင်ကြီးအဖေ ပဲခူးခရိုင် အရေးပိုင်လုပ်ခဲ့တဲ့ ပင်စင်စား အဘိုးကြီးနဲ့ တွဲ,တွဲလျှောက်တဲ့အခါ လျှောက်တယ်။ သူ့သားကိုမမေ့ - “ဘယ်လိုကြားသလဲ” မေးလေ့ရှိတယ်။ တရုတ်ပြည်ရောက် သူ့သားသတင်း အစအနလေးတွေ ကြားမိတဲ့အခါ ပြောပြပါတယ်၊
(မိန်းမ ၂ ယောက်ခိုးပြေးသူ)
ကျွန်တော်တို့မြို့မှာ အမျိုးသမီး ၂ ယောက် ရှိတယ်ဗျ။ သူတို့ရည်းစားတွေက တော်လှန်ရေးတာဝန်တွေနဲ့ မန္တလေးဘက် ရောက်နေတယ်။ ဗိုလ်တွေပဲ (နာမည်တွေ ပြောပြ၊ မေ့နေပြီ)၊ သူတို့က ပြန်မခေါ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်က ၂ ယောက်လုံးကို မိဘမသိအောင် သင်္ဘောနဲ့ တင်ခေါ်ပြီး မန္တလေး ပို့ပေးရတယ်။ မြို့ပေါ်မှာတော့ သတင်းဖြစ်ကျန်ရစ်တာပေါ့၊ တက္ကသိုလ်ကျောင်း သားလေးတယောက် မိန်းမ ၂ ယောက်ကို တပြိုင်နက်ခိုးပြေးသွားခြင်း - တဲ့၊
(မြုပ်ကွက်တချို့)

စာပေနယ်-ဂီတနယ်မှာ ကျွန်တော်တဦးတည်း လုပ်ခဲ့ရပြီး နာမည်မခံဖြစ်တာ - ပူးတွဲနာမည်ခံတာ တချို့ရှိခဲ့တယ်။ ဗိုလ်တ ထောင်သတင်းစာမှာ ရက်ဆက်ထည့်ပြီး နောက်ဆုံး လုံးချင်းထုတ်တဲ့ ‘နွံထဲကြာဝတ္ထု ’ဆိုပါတော့။ သိန်းဖေမြင့်နဲ့ တွဲရေးတယ်လို့ နာမည်ခံထားပေမယ့် အစအဆုံး ကျွန်တော်ရေးခဲ့တာပါ။ တော်စတွိုင်းရဲ့ “ Resurrevtion ” ကို မြန်မာမှုပြုထားတာပဲ။
နောက် ‘ငွေဗျိုင်းဖြူ’ သီချင်းနဲ့ ‘သံသရာခရီးသည်’ ဓာတ်ပြားတချပ် ထုတ်ဖူးတယ်။ ထုတ်တဲ့အခါ ကျွန်တော့်နာမည်မခံဘူး။ တင်ဖေ(အောင်လင်း) ကို သီချင်းနာမည်ရေးသူအဖြစ် နာမည်ခံခိုင်းတယ်။

မြတ်လေးနဲ့က သက်တူ ရွယ်တူ။ ‘မင်း’ နဲ့ ‘ငါ’ နဲ့ ပြောကြတာ-သူက မင်းသားဆိုတော့ နုတယ်။ အပေါင်းအသင်းတွေက ကျွန်တော်က ‘အကြီး’လို့ အထင်မှားတတ်ကြတယ်။ မြတ်လေးရေးတယ်ဆိုတဲ့ ‘ပန်းတိုင်းပွင့်ပါစေ’သီချင်းစာသားက ကျွန်တော် ရေးခဲ့တာပဲ -တဲ့။
(ဘာ့ကြောင့် ဒီလိုဖြစ်သွားရတာလဲ။ ဒါပေမဲ့ နှမြောသလိုလိုကြီးပဲ။ တွေးလည်း တွေးနေမိတယ်။ ဓာတ်ပြားသီချင်း ၂ ပုဒ်က သူ့ကိုယ်ရေးကိုယ်တာတွေနဲ့ ဆိုင်နေပါလိမ့်မယ်။ အဆိုတော်က သူ့ပထမဆုံး လုံးချင်းဝတ္ထု “မေတ္တာအသင်္ချေ”ထဲက သူ့ချစ်သူ မင်းသမီးပဲလေ။ ‘ပန်းတိုင်းပွင့်ပါစေ’က နိုင်ငံရေး လမ်းစဉ်နဲ့ ဆိုင်လေမလား။ တွေးတာပါ။)
ပါးလ်စ်ဘတ်ရဲ့ ၀တ္ထုကို ‘မြေပဒေသာ’နာမည်နဲ့ ဘာသာပြန်ဖူးတယ်။ ဒဂုဏ်ခင်ခင်လေးက နာမည်ခံတယ်။ တကယ်ပြန်ဆို ပေးသူက ကိုစောဦးပဲ၊
(ခုပြန်စဉ်းစားတော့ ‘ရှဲဒိုးစာရေးဆရာ’ဆိုတာ သူတို့ခေတ်ကတည်းက ရှိခဲ့တာကိုး …လို့ သဘောပေါက်သွားတယ်။)
‘စစ်နဲ့ ငြိမ်းချမ်းရေး’ ဘာသာပြန်ဝတ္ထုကိစ္စ စကားစပ်မိဖူးတယ်။ သူရှောင်တိမ်းနေစဉ် လက်နှိပ်စက်တလုံးနဲ့ ဘာသာပြန်ခဲ့တာ ပြောပြတယ်၊
ဘာသာပြန်ခ ဘယ်လောက်ရသလဲ မေးတော့ သူတခဏ စဉ်းစားသွားတယ်။ တွက်ချက်နေပုံပဲ။ နောက်မှ ထွက်လာတယ်။
“About one lakh”… တဲ့။ (သြ - တသိန်းကြီးများတောင်)
ဆန်တပြည် ၃ မတ်(၁ိ-မပြည့်တဲ့) ခေတ်ဆိုတော့ ကျွန်တော် မျက်လုံးပြူးသွားတယ်။ အဲဒီခေတ်က best seller ရောင်း အစွန်ဆုံးစာအုပ်တွေရေးတဲ့ ခင်နှင်းယု၊ အောင်လင်း၊ မောင်သင်၊ ဗိုလ်မြင့်တို့က စောင်ရေ သောင်းဂဏန်းအထိပဲ ရောက်တယ်။ ရေးခကျတော့ သောင်းဂဏန်းမပြည့်ဘူးလို့ မှတ်မိတယ်။

ကျွန်တော် ၇၃ ခုနှစ်ထောင်က ထွက်ပြီး ဆေးကုဖို့ ရန်ကုန်တခေါက် ပြန်ရောက်တဲ့အကြောင်း ရေးခဲ့ပြီ။ မပြန်ခင် အုန်းထမင်း ဖိတ်ကျွေးတုန်း၊ တိုက်တိုက်ဆိုင်ဆိုင် သူ့စာအုပ် အမျိုးသားစာပေဆု အရွေးခံရကြောင်း ဆရာဇော်ဂျီ - ဖုန်းနဲ့လှမ်းအကြောင်း ကြားတာနဲ့ ကြုံနေတယ်၊ ညပိုင်းရောက်နေပါပြီ။ သူ့မှာ ကိုယ်ပိုင်ဖုန်း မတပ်ဆင်နိုင်သေး။ ဘေးအိမ်ခန်းကို သွားနားထောင်ရတာပါ။ ပြန်လာလို့ တယောက်ကမေးမှ ဒီအကြောင်း ပြောတာဖြစ်တယ်။ သတိထားမိတာက ဘယ်သူမှ ၀မ်းသာအယ်လဲ မဖြစ်ကြတာပဲ။ အုပ်စိုးသူလူတန်းစားက ချီးမြှောက်နေတာကို လက်ခံသင့်-မသင့် ကိုယ်စီစဉ်းစားနေကြဟန်တူပါတယ်။ မိုးကြိုမုန်တိုင်း အကြိုကာ လလေ။ ကျွန်တော်တို့ အထက်ဗမာပြည်မှာ ဒီဂယက် မထသေး။ (ထလာတော့လည်း ကျွန်တော်လက်မခံခဲ့။)
နောက်တော့ ကျွန်တော့် အပြန်ခရီးကိစ္စဘက် ရောက်သွားကြတယ်။ နေရထိုင်ရ ဂွတော့ ကျတယ်။ အရှေ့လေက အနောက် လေကို ဖိတိုက်နေတဲ့ကာလ။ ဗီယက်နမ် လွတ်မြောက်ခါနီးနေတဲ့ကာလ မဟုတ်လား။

သူ့ ဂီတနဲ့ ထိတွေ့မှု ဆက်ရေးပါဦးမယ်။
ကျွန်းမှာ သူနဲ့အတူ လမ်းလျှောက်ကြရင်း- သူကစကားပြောစရာမရှိရင် သီချင်းလေးတအေးအေးနဲ့ လျှောက်တတ်တယ်။ သူအသံမကောင်းပါ။ အသံက ပြာအက်အက်။ ဒါပေမဲ့ ဈာန်ဝင်နေပုံက ဆွဲငင်အား ရှိတယ်။
“စခန်းကနေ ဂျက်တီ (ချယ်ရီ) ကျွန်းတပတ်ခရီးဟာ ပန်းမြိုင်လယ် တပုဒ်စာ ရှိတယ်ဗျ”တဲ့။ ရှိမှာပေါ့ …သူက ‘ကျော့‘ကျော့ ဆိုတာကိုး။ တလောက ‘ပန်းဟေ၀န်’သီချင်း နားထောင်မိတော့- “ဒါ ဦးမြသန်းဆိုတဲ့ သီချင်းပဲ၊ ‘ပန်းမြိုင် လယ်’ လို့ ငါအမှတ်မှားမိတာပဲ”လို့ ကောက်ချက်ချလိုက်မိတယ်။
ကျွန်းဘ၀ ကျန်မိကျန်ရာလေးတွေ ရေးပါဦးမယ်
ကျွန်တော်တို့ အဆောင် ၉ မှာ အဆောင် ‘ခလောက်’ကလေးတွေ ရှိတယ်။ သူတို့မရှိရင် အဆောင်က ခြောက်နေတတ် တယ်၊ ဒီအထဲမှာ အစအနောက်သန်တဲ့ အရှည်ကြီး ကိုအောင်ဘော်နဲ့ ကျွန်တော်ပါတယ်။ ပွဲဆူတတ်တဲ့ ဗိုလ်ပေါက်ခေါ် တပ်ကြပ်ကြီး မြတ်ဆွေပါတယ်။ ဆေးတံကြီးခဲပြီး လူတွေနားမလည်တဲ့ စိတ္တဇပန်းချီကားတွေဆွဲ၊ လက်မှတ်ထိုးပြီး ထောင်ထောင် ထားလေ့ရှိတဲ့ ပါမောက္ခကြပ်ခိုး-ကိုမြင့်ဦးသစ်ကြီးပါတယ်။ ကျွန်တော်က အလစ်မှာ ‘သစ်’က (သ) ကို ‘ည’လုပ်ပစ်ထားတတ် တယ်၊ သူကလည်း ချက်ချင်း တရားခံဖော်ထုတ်နိုင်တယ်၊

“ဒါအတိုလေး လက်ချက်ပဲ” တဲ့။

ကိုအောင်မေသုကတော့ -ပန်းချီကားကို အဓိပ္ပာယ်ဖော်ထုတ်ရအောင်ဆိုပြီး ရပ်ကြည့်၊ ထိုင်ကြည့်၊ တည့် (ဒဲ့) ကြည့်၊ စွေစောင်းကြည့်၊ လေးဘက်ထောက် ပေါင်ခြံထဲက နောက်ပြန်ကြည့် -လုပ်တဲ့အခါ…ခါးကြီးထောက်ပြီး -

“ဒါဘာလုပ်တာလဲ ဆိတ်သိုး” လို့ ဟောက်တတ်ပါတယ်။

ကိုအောင်မေသုတို့ ကိုညွန့်ခေါင် NK တို့က တခြားအဆောင်သားတွေပါ။ အမြဲလိုလို လာထိုင်တတ်တယ်။ NK ကတော့ ထောင်အဆင့်ဆင့် အမြဲတွဲလာလေ့ရှိတော့ ပိုရင်းနှီး၊ ပိုအစအနောက် ခံရပါတယ်။ ကျွန်တော်က ရှေ့နေပုံပြင်တွေ တခန်းလုံးကြား အောင် ပြောတတ်တယ်။ သူ့အဖေက ရှေ့နေ၊ သူ့အစ်ကိုကလည်း ရှေ့နေဆိုတာ သိနေလို့ပဲ။ (ရှေ့နေသေရင် လျှာက အရင်ပုပ်တတ်တယ်-တဲ့။ သားဖြစ်သူ ရှေ့နေပေါက်စက သူ့အဖေ မပြီးပြတ်ခဲ့တဲ့ အမွေမှုကြီးတခုကို တချီတည်းနဲ့ ပြီးအောင်လျှောက်လဲပြပြီး သူ့အဖေကို ကြွားတော့ ‘ဘယ်နှယ့်လုပ်လိုက်တာလဲ ’ကွာ။ အဲဒီအမှုနဲ့ မင်းဘွဲ့ရတဲ့အထိ ကျောင်းထားပေးခဲ့တာကွ….လို့ ပြန် ပြောပုံ )…စတဲ့ ပုံပြင်တွေထုတ်ပြတော့ သူကလည်း ရှေ့နေကောင်းတဲ့ဘက်ကနေ ထုချေပါတယ်။ ကျွန်တော်က နောက်ထပ်ပုံပြင်တွေနဲ့ ချည်တုပ်လိုက်ပြန်တဲ့အခါ - မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဦးမြသန်းဘက်လှည့်ပြီး စစ်ကူတောင်းပါတယ်၊

“ဦးလေးလည်း ချိန်ဘာဆင်းပြီးသား၊ ဥပဒေသမားပဲ၊ ကျွန်တော့်ဘက်က ကူပြောပေးပါဦး”တဲ့။
တခန်းလုံးလည်း ပွဲကျနေပြီ၊ ဦးမြသန်းဘက် စိတ်ဝင်တစားကြည့်ကြတော့ ဦးမြသန်းက ရယ်မောပြီး တိုတိုပဲ ပြောလိုက်တယ်။ “ကိုညွန့်ခေါင် ခင်ဗျားအခြေအနေက လွန်နေပြီ၊ ကယ်မရတော့ဘူး”တဲ့။

ဒီတော့ NK က မှတ်ချက်ပြုပါတယ်။
“အင်း - ရှေ့နေစောင်မမှ ထောင် ၆ လ ကျကိန်းပဲ”တဲ့။

နောက်ပြောစရာ တယောက်ကျန်သေးတယ်။ စစ်တွေဆန်လုပွဲခေါင်းဆောင်တဦး။ ကျွန်တော်တို့က ‘ဆရာစံ’လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့ ကိုစံရွှေဘော်။ သူက စကားကလည်းတတ်၊ ကတ်သီးကတ်သတ်တွေကလည်း ပြောတတ်တော့ ကျွန်တော်နဲ့ “တည်”မိကြရင် ပွဲမပြတ်တော့ဘူး။ တခါမှာတော့ ညတော်တော်နက်တဲ့အတိ ပြောလိုက်ကြတာ တခန်းလုံးလည်း ရယ်ရလို့ ပါးစပ်ညောင်းကြလှပြီ။ ဒီစဉ် ဦးမြသန်းအိပ်စင်ဘက်က အသံတသံ ထွက်လာပါတယ်။
“တော်ကြပါတော့ ရခိုင်ပညာရှိနဲ့ ဗမာပညာရှိတို့ရယ်၊ နက်ဖန်ကိုယ်ထူကိုယ်ထကလည်း လုပ်ကြရဦးမယ်။ သန်းခေါင်လည်း ကျော်ပြီ။ အိပ်ကြပါစို့”တဲ့။
ခုတော့ NK ကိုယ်တိုင်လည်း ရှေ့နေဖြစ်နေပြီ ကြားတယ်။ ကျွန်တော့်အမျိုးတွေထဲမှာလည်း ရှေ့နေတွေရှိလာပြီတဲ့။ ဘာပဲဖြစ်ဖြစ် ဦးမြသန်းကို တရားသူကြီးနေရာမှာထားပြီး NK နဲ့အပြိုင် တရားခွင်မှာ ဆုံလိုက်ချင်ပါသေးတယ်။
(သူ့မိသားစု ကိုယ့်မိသားစ)ု

သူနဲ့ကျွန်တော် မသိမကျွမ်းခင်ကတည်းက ဆက်စပ်မှုနည်းနည်းတော့ ရှိတယ်လို့ ပြောလို့ရတယ်။ နောက်ကြောင်းပြန်ရရင်-
ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရလက်ထက် ကျောင်းကောင်စီရွေးပွဲ လုပ်စဉ်က ကျွန်တော်တို့ ကျောင်းသားသမဂ္ဂကျောင်းသား တစုက - ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်အလှည့်မှာ မဲပြားတွေ ဆုတ်ဖြဲခဲ့ကြတယ်။ ကျောင်းသူကျောင်းသား ၁၆ ယောက် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ အဲဒီအထဲမှာ ကျွန်တော်နဲ့ သူငယ်ချင်းတစုလည်း ပါသွားခဲ့တယ်။

မြင်းခြံမှာ အထင်ကရ ၂ ထပ် ကျောက်တိုက်ကြီး ၃ တိုက် ရှိပါတယ်။ ခရိုင်ရုံးကြီးရယ်၊ သရ၀ဏ်ဆီစက်က ကျောက်တိုက်ရယ်၊ ဈေးထောင့်နားက ကျောက်တိုက်ရယ် -ပေါင်း ၃ တိုက်။
ကျောင်းထုတ်ခံရတဲ့ သူငယ်ချင်း ၂ ယောက်က ဈေးထောင့်ကျောက်တိုက်က ညီအစ်ကိုတွေပါ။ အပြင်ကနေ ၁၀ တန်းဖြေဖို့ ကျွန်တော်တို့ ၄ ယောက် မိဘက ကြပ်မတ်ပြီး တိုက်ပေါ်မှာ စာကြည့်ခိုင်းထားတယ်။ စားစရာ သောက်စရာတွေကို အောက်ထပ် က အဆက်မပြတ် ပို့ပေးနေပါတယ်။

ဒီနေ့ သင်္ချာတွက်ကြမယ် …လို့ သတ်မှတ်ပြီး ၃ ယောက်က စားပွဲမှာ ၀ိုင်းထိုင်ကာ စ,လုပ်ကြတယ်။ အစ်ကိုလုပ်သူက အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး ၀တ္ထုစာအုပ်နဲ့ နှပ်နေတယ်။ ညီဖြစ်သူက “အစ်ကိုလေး - ဂဏန်းတွက်မယ်-လေ”ခေါ်တော့…“မင်းတို့ဘာသာ တွက်-ငါမတွက်နိုင်သေးဘူး”…တဲ့။
“ဟင်း-သူ့မြစကြာ စာအုပ်ကို စွဲနေလိုက်တာ”
“ဘာပြောတယ်။ မင်းတို့လို တင်အောင်တို့ မြသန်းတို့ တပည့်တွေမဟုတ်ဘူး-တွ”
ကျွန်တော်က ထုံးစံအတိုင်း ၀င်,စပါတယ်၊ “ဘယ်မြသန်းလဲကွ”
“၂ -တောင်စလုံး-ပဲဟေ့”(သူက စကားမပြီ။ က’ကြီးသံကို တ’သံထွက်လေ့ရှိ)
“ကဲ-၂ ကောင်စလုံးဆိုရင်ချတယ်ကွာ”ဆိုပြီး၊ ညီဖြစ်သူက မျဉ်းလုံးဆွဲ ကောက်ရိုက်ပါတော့တယ်။ ခေါင်းကွဲ-သွေးတွေထွက် လာမှ ဆူညံသွားပြီး အောက်ထပ်က အဖေဖြစ်သူ တက်လာကာ ပွဲသိမ်းလိုက်ပါတယ်။
ဒီနေရာမှာ နည်းနည်း ရှင်းပြဖို့ လိုမယ်ထင်တယ်။ ကျွန်တော်တို့က ဗန်းမော်တင်အောင်၊ သခင်မြသန်းနဲ့ မြသန်း(မြသန်း တင့်)တို့ရဲ့ စာဖတ်ပရိသတ်တွေ။ သူက စုန်းကေ၀၀တ္ထုတွေရေးတဲ့ မြစကြာ ပရိသတ်၊ တကယ်ဆို ကျွန်တော်တို့က နားလည်ပေး သင့်တာပေါ့။ သူ့ ဒီစာအုပ်ကို ညမှာ မဖတ်ရဲလို့ နေ့ခင်းလူတွေဘေးနားမှာ ရှိနေတုန်း ဖတ်နေတာပဲ…ဟာ။

ဦးမြသန်းနဲ့ နောက်ဆက်စပ်မှုတခုက - ပထစအစိုးရလက်ထက် ၆၀-၆၁ ခု။ ကျွန်တော်တို့ ကျောင်းပြန်နေခွင့်ရတော့ အင်္ဂလိပ်စာဆရာမတယောက်က ဦးမြသန်းနှမအရင်း ဒေါ်ခင်ခင်ဖြစ်နေတယ်။
ကျွန်တော် ထောင်ကလွတ်ပြီး တခါမှာ ပခုက္ကူဘက် ရောက်သွားမိတယ်။ ဦးမြသန်း သူ့အိမ် ခဏ ပြန်ရောက်နေတယ် ကြား တာနဲ့ သွားတွေ့လိုက်တယ်။ သူ့ညီအစ်ကိုမောင်နှမတွေက သူ့ကို အစ်ကိုကြီး အဘအရာထားပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံနေတာ တွေ့ခဲ့ရတယ်။ သူက ရေချိုးအပြီး ရေးချိုးခန်းက ထွက်အလာ စောင့်နေတဲ့ညီဖြစ်သူက သူ့ရှေ့မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ စီးဖို့ဖိနပ် ၁ ရန် ရိုရိုသေသေ ချပေးနေတာ တွေ့လိုက်ရတော့ ရင်ထဲမှာ အေးသွားမိတယ်။ ကျွန်တော်တို့နဲ့တော့ ကွာပါဘိ။

သူကလည်း အိမ်ရောက်တဲ့အခါ ကျွန်တော်တို့မိသားစု ဆက်ဆံရေးကို စိတ်ဝင်တစား မေးလေ့ရှိတယ်။ ကျွန်တော်မိတ်ဆက် ပြတဲ့အခါ တအံ့တသြဖြစ်သွားတယ်။ ဒွေးလေးကို ကောင်းကောင်းအမှတ်ပေးတယ်။ ကျွန်တော်ပြောပြဖြစ်တာတွေကတော့-
ဒွေးလေးက စိတ်ကြီးတယ်။ မာနရှိတယ်။ အောက်ကျို့မခံဘူး။ အလွယ်လမ်း မလိုက်ဘူး။ ဆွေမျိုးနဲ့ သူ့ခင်ပွန်း တပည့်တချို့က ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်ကို သူတို့ဆီမှာ ဆူလွယ်နပ်လွယ် လက်မှုပညာသင်စေချင်တယ်။ ဒါပေမဲ့ ဒွေးလေးက ချစ်တီး နေ့ပြန်တိုးနဲ့ သမီးနဲ့တူမကို ဈေးထွက်ရောင်းခိုင်းပြီး ကျွန်တော်တို့ကို ကျောင်းဆက်ထားတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပညာတတ်လေးတွေ ဖြစ်လာတာပေါ့။
(ခင်ဗျားဒွေးလေးက သေနင်္ဂဗျူဟာသမားပဲတဲ့)

အလယ်လူက ‘ဗိုင်းကောင်းကျောက်ဖိ’။ နိုင်ငံရေး စိတ်မ၀င်စား၊ လူနုလူအေး။ ဒါကြောင့်လည်း ၁၀ တန်း အရင်အောင်သွား တယ်။ တောမှာ ကျောင်းဆရာ သွားလုပ်တယ်။ အိမ်ကိုထောက်ပံ့တယ်။ သူက စာပေအနုပညာတော့ စိတ်ဝင်စားတယ်။
အစ်ကို အကြီးဆုံးက ဘက်စုံတယ်။ ပြေး၊ ခုန်၊ ပစ် အားကစားအပြင် ၀ိတ်သင်းထောင်ကြပြီး အလေးမတယ်။ စင်ပေါ်တက်ပြီး Shadow Boxing ထိုးတယ်။ ပြဇာတ်ကတယ်။ နောက်ပိုင်းတော့ နိုင်ငံရေး-အဘက်ဘက်မှာ ကွ။
  အောင်ငြိမ်း (မြင်းခြံ)   

ရဲဘော်အောင်ငြိမ်း ပြောပြတဲ့ မြသန်းတင့်အကြောင်း [လူအများ ဖတ်စေချင်လို့ ပြန်လည်ကူးယူ ဖော်ပြပါတယ်]
******************************************
(မြသန်းတင့် ကွယ်လွန်ခြင်း ၁၆ နှစ်မြောက် အထိမ်းအမှတ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...