Thursday, February 6, 2014

အံ့သြလွန်းလို့သေတော့မယ်



အံ့သြစရာ ဆိုတာ

ပြည်သူ့ခေတ်က ထုတ်ဝေတဲ့ “အံ့သြလွန်းလို့ သေတော့မယ်” စာအုပ်ကို “ဆရာဝန် တင်ရွှေဆု” ရွေးချယ်ရေး အဖွဲ့က ရွေးလိုက်တယ်ဆိုတော့ ဒါဟာ “ဆု” ထက် ပိုတယ်လို့ ခံစား ရပါတယ်။ ဒါကြောင့် ကျေးဇူးတင်တာထက်လည်း ပိုသွား တာပေါ့။
စာဖတ်ပရိသတ်နဲ့အတူ နွေးထွေးစွာ ပါဝင်ဆင်နွှဲခွင့် ပေးခဲ့တဲ့ ပြည်သူ့ခေတ် မိသားစုကိုလည်း ကျေးဇူးတင်တာ ထက် ပိုသွားပါပြီ။ ငြိမ်းငြိမ်းအေးအေး ရေးခွင့်ပေးခဲ့တဲ့ ဇနီးလည်း ပါတာပေါ့။


ဒီဆု ကြေညာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကဏ္ဍမှာလည်း “ပျော်ရွှင်မှု” အကြောင်း ရေးနေတာပါ။ တချို့ မိတ်ဆွေများက “ပျော်ရွှင်မှု” ဆိုတာဟာ အံ့သြစရာ သိပ်မကောင်းဘူးလို့ ထင်နေကြပါတယ်။ ပြောချင်တာက ပျော်ရွှင်မှုထက် အောင်မြင်မှု မှန်သမျှက ပျော်ရွှင်မှုနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ အချက်က အံ့သြစရာ ဖြစ်တာပါ။
ပျော်ရွှင်တဲ့သူတွေ အောင်မြင်တယ်၊ အောင်မြင်တဲ့ သူတွေ ပျော်ရွှင်တယ်။ နာရီချိန်သီး တစ်ခုဟာ “ချက် ချက်” နဲ့ ဘယ်ညာ လွှဲနေတယ်။ ဘယ်ဘက်လွှဲလို့ ညာဘက် ရောက်၊ ညာဘက်လွှဲလို့ ဘယ်ဘက်ရောက် ဖြစ်နေသလိုပါ။ “ပျော်ရွှင်မှု အောင်မြင်မှု”၊ “ချက် ချက်” ဒီလိုပါ။ နာရီသံက။
ဒါတွေက နိုင်ငံရပ်ခြား ခရီးသွားရင် ပိုပြီး ထင်ရှား ပါတယ်။ အောင်မြင်နေတဲ့ နိုင်ငံက ပြည်သူတွေဟာ ပျော်ရွှင် တက်ကြွနေကြတယ်။ ပျော်ရွှင်တက်ကြွနေတဲ့ ပြည်သူတွေ နေတဲ့ နိုင်ငံဟာ အောင်မြင်တယ်။ မျက်နှာတင်ပဲ ကွက်ပြီး ကြည့်ပါဦး။ သူတို့ဆီက ရွှင်လန်းတက်ကြွနေတဲ့ မျက်နှာ တွေကို ကြည့်ခဲ့မှတ်ခဲ့ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေရဲ့ မျက်နှာကြည့်လိုက်။ အရမ်း ကွာခြားသွားပါပြီ။ ညှိုးငယ် နေတဲ့ မျက်နှာတွေ၊ စိုးရိမ်သောကနဲ့ လိမ်းခြယ်ထားတဲ့ မျက်နှာတွေဟာ နှိုင်းယှဉ်ကြည့်မိသူရဲ့ စိတ်နှလုံးကို အံ့သြ စေတဲ့အပြင် ထိတ်လန့်စေမှာပါ။ လက်နက်ကိုင်တွေရဲ့ ဖိနှိပ် မှုအောက်မှာ ရောက်နေတဲ့ ပြည်သူကို ပျော်ရွှင်ပါသလား မေးရတာဟာ တိရ်္ဆာန်ရုံထဲက မျောက်တွေကို ပျော်သလား မေးရသလိုပဲ ဆွဲတောင် ကုတ်ချင်မှာပါ။
ပျော်ရွှင်မှုအတွက် သံပတ်ပေးဖို့ တာဝန်ရှိသူကတော့ အုပ်ချုပ်သူ အစိုးရ ဖြစ်ပါတယ်။ ပြည်သူတွေ ပျော်ရွှင်ဖို့ ပြည်သူတွေရဲ့ လူ့ ဂုဏ်သိက်္ခာ ညှိုးနွမ်းအောင် မပြုမိဖို့ လိုအပ်ပါတယ်။ အရင် နအဖ လုပ်ခဲ့သလို မြန်မာလူမျိုးတွေရဲ့ လူ့ ဂုဏ်သိက်္ခာကို ညှိုးနွမ်းအောင် ဖိနှိပ်ခဲ့တော့ သူတို့လည်း မြန်မာ လူမျိုးပဲလေ။ ပြည်သူရဲ့ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက် နိုင်တယ် ဆိုဦးတော့ သူတို့ရဲ့ ပျော်ရွှင်မှုဟာ အပေါ်ယံ ပျော်ရွှင်မှုပါပဲ။ ဆာလောင်နေသူတွေကြားထဲမှာ ထမင်းထုပ် ဖြည်စားသလို ကောင်းကောင်း မျိုကျပါ့မလား။ကျီးကန်း အုပ်ထဲမှာ တစ်ကောင်တည်း အသားတုံး အလစ်သုတ်ပြီး ရလာသလိုပေါ့။
ကဏ္ဍမျိုးစုံမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး ပျော်ရွှင် တက်ကြွလာဖို့ အစိုးရ ကတောင် ကြိုးပမ်းပြီး နည်းလမ်းရှာရမှာပါ။ ပိတ်ပင်မယ် ဆိုရင်တော့ အင်မတန် ဉာဏ်နည်းပါးရာ ရောက်မှာပါ။
ဂီတဖျော်ဖြေပွဲတွေ၊ အငြိမ့်ဇာတ် သဘင်တွေ၊ ဟောပြော ပွဲတွေ မပြတ် စည်ကားနေဖို့ အစိုးရက နည်းလမ်းရှာပြီးတောင် ပံ့ပိုးရမှာပါ။ ဒါဟာ ဘယ်လောက် သော့ချက်ကျသလဲဆိုတာ အစိုးရတွေ အစိုးရတိုင်း သိရင် ဘယ်လောက် ကောင်းမလဲ။
လွှတ်တော်ထဲမှာ ရွေးကောက်ခံ မဟုတ်ဘဲ တပ်မတော် သား ၂၅ ရာခိုင်နှုန်း ၀င်ထိုင်နေတာလည်း ပြည်သူရဲ့ ရင်ထဲမှာ စူးဝင်နေတဲ့ ဆူးတစ်ချောင်းလို ပြည်သူကို ပျော်ရွှင်မှုနဲ့ ကင်းဝေးစေပါတယ်။
နအဖ လက်ထက်မှာ အာဏာ ရှိသူတွေ မျက်စိ အောက်မှာတင် အကြီးအကျယ် ချမ်းသာကြွယ်ဝသွားတာကို မြင်ခဲ့ကြရတဲ့ ပြည်သူတွေဟာ ခုချိန်ထိ စိုးရိမ်မှုတွေ ရှိနေ ပါတယ်။ နိုင်ငံတကာက ထောက်ပံ့တဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့လည်း ကိုယ်ကျိုးမရှာပါဘူးဆိုတာ မယုံကြည် ကြပါဘူး။ ဒီငွေတွေကြောင့် ငါတို့ အဆင်ပြေလာလိမ့်မယ်လို့ လည်း ဘယ် ပြည်သူတစ်ယောက်ကမှ မယုံကြည်ပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လောက် ကူညီ ထောက်ပံ့သည် ဖြစ်စေ၊ ပြည်သူတွေ မပျော်ရွှင်ကြပါဘူး။ ကိုယ်ကျိုး မရှာ ဘူးလို့ သူတို့ ယုံကြည်တဲ့ အစိုးရမျိုး တက်လာမှသာ သူတို့ အနေနဲ့ ယုံကြည် အားကိုးပြီး ပျော်ရွှင်ကြမှာပါ။

ပျော်ရွှင်တဲ့ အလုပ်သမားများ
အလုပ်သမားများရဲ့ ပျော်ရွှင်မှုကို ရာခိုင်နှုန်းနဲ့ တွက်ချက် နှိုင်းယှဉ်ကြည့်ပြန်တော့လည်း ကလေးမွေးဖို့ အကောင်းဆုံး နိုင်ငံလို့ ပြောခဲ့ဖူးတဲ့ “နော်ဝေ” နိုင်ငံကပဲ ၈၁ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲပြန်ပါတယ်။ ကနေဒါ၊ သြစတြေးလျ၊ ဂျာမန်တို့က ၇၆ ရာခိုင်နှုန်း၊ ဥရောပမှာ ၀က်ပေါင်ခြောက်နဲ့ ဘီယာ နာမည်ကြီးတဲ့ ဒိန်းမတ်က ၇၉ ရာခိုင်နှုန်း၊ ဆွစ်ဇာလန် ၇၈ ရာခိုင်နှုန်း၊ အိနိ္ဒယ ၇၈၊ မလေးရှား ၇၅ လို့ ဆိုပါတယ်။ အလုပ်သမားများရဲ့ ပျော်ရွှင်မှုကို တွက်ချက်တာပါ။
အလုပ်သမားတွေ ပျော်ရွှင်ဖို့ အချက် ၆ ချက် အကြံပြု ထားတာ ရှိပါတယ်။ ၁။ ကိုယ့်ကိုယ်ကိုယ်ထက် ငါဟာ အရေးပါတဲ့ နေရာမှာ အလုပ်လုပ်နေရပါလား။ သူ့ အလုပ်က သန့်ရှင်းရေးအလုပ်ပဲ ဖြစ်နေပါစေ၊ ဒီလို ဈာန်ဝင်နေရင် အလုပ်သမားဟာ ပျော်ရွှင်ပါတယ်တဲ့။
၂။ ကိုယ့်အလုပ်ရဲ့ အကျိုးအမြတ်က ကိုယ်နဲ့ ချိတ်ဆက် နေရင် ငြီးငွေ့မှု၊ အထီးကျန်မှု မရှိဘဲ အလုပ်သမားက ပျော်တယ်တဲ့။ ဥပမာ “ပြည်သူ့ခေတ်” က နှစ်ကုန်ရင် ၀န်ထမ်းတွေ၊ စာရေးဆရာတွေကို ဘောနပ်စ်ပေးလို့ ပျော်ကြ သလိုပေါ့။
၃။ အလုပ်ရှင်တွေက သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုမယ်၊ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဂရုစိုက်မယ်ဆိုရင် အလုပ်သမားတွေက ပျော်တယ်တဲ့။
၎။ လွန်လွန်ကဲကဲ စည်းကမ်းတင်းကျပ်လွန်းရင် အလုပ်သမားက မပျော်ဘူးတဲ့။ ကြောက်လန့် မနေရဘဲ သူ့ဘက် ကိုယ့်ဘက် မျှတတဲ့ စည်းကမ်းမျိုးကို သဘောကျ တယ်တဲ့။
၅။ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပြီး ယုံကြည်မှု ရှိတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရင်၊ အလုပ်သမား အခွင့်အရေးတွေ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိရင်၊ အလုပ်သမားတွေ ပျော်ပါတယ်။
၆။ တစ်နှစ်လာလည်း ဒုံရင်း၊ နှစ်နှစ်လာလည်း ဒုံရင်း ဆိုရင် အလုပ်သမားတွေ မပျော်ကြဘူးတဲ့။ အသိဉဏ် တိုးတက်အောင် သင်တန်းလေး အတက်ခိုင်းလိုက်၊ လစာလေး တိုးပေးလိုက် စတဲ့ ကောင်းသော အပြောင်းအလဲ လေးတွေ လုပ်ပေးနေရင် အလုပ်သမားတွေ ပျော်ရွှင်တယ်တဲ့။
အလုပ်သမားတွေ ပျော်ရွှင်အောင် အစိုးရက လုပ်ပေး ရမှာကတော့ ကျန်းမာရေး အာမခံ (အလုပ်သမား ဖူလုံရေး) တို့၊ အလုပ်ရှင်က အလုပ်သမားကို ဒုက္ခမပေးနိုင်အောင် ဥပဒေတွေနဲ့ အကာအကွယ်ပေးရမယ်။ ဥပမာ အလုပ်က ထုတ်မယ်ဆိုရင် အလုပ်ရှင်က အလုပ်သမားကို သုံးလစာ လစာငွေ ပေးရမယ်။ အလုပ်သမား တစ်ယောက်ကို တစ်နေ့ ဘယ်နှနာရီ တစ်ပတ်ဘယ်နှရက်၊ တစ်လ ဘယ်နှရက်ထက် ပိုမခိုင်းရဘူးဆိုတာ သတ်မှတ်ပေးရမယ်။ လုပ်ငန်းခွင်တွင်း ထိခိုက်မှု ရှိခဲ့ရင် သို့မဟုတ် ပြင်ပမှာဖြစ်စေ အလုပ်လုပ်ရင်း ထိခိုက်မှု ရှိခဲ့ရင် အလုပ်ရှင်က လျော်ကြေး ပေးရမယ်။ ဒီလို လျော်နိုင်အောင် အလုပ်ရှင်တိုင်း မဖြစ်မနေ အာမခံ ကုမ္ပဏီနဲ့ ချိတ်ထားရတယ်။ နောက်ပြီး အလုပ်သမားရဲ့ လစာငွေထဲကနေ အလွန်သက်သာတဲ့ နှုန်းထားနဲ့ အလုပ် လက်မဲ့ အာမခံ မလုပ်မနေရ ဖြတ်ထားရမယ်။ ဒီ အာမခံ လုပ်ထားခြင်းဖြင့် အလုပ်သမားတစ်ယောက် အလုပ်ပြုတ်ခဲ့ ရင် မျောက်သစ်ကိုင်း လွတ်သလို ခြေလွတ်လက်လွတ် မဖြစ်ဘဲ အာမခံငွေ လစဉ် ၆၀ ရာခိုင်နှုန်းလောက် ရမှာ ဖြစ်တယ်။
သူတို့ဆီမှာ တရားဥပဒေ စိုးမိုးမှုဟာ လုပ်ငန်းခွင်ထဲ မှာလည်း ရှိတယ်။ နေရာတိုင်းမှာလည်း ရှိပါတယ်။ ဆိုလို တာက ကိုယ်ကသာ စည်းကမ်းရှိပြီး အလုပ်တာဝန် ကျေပွန်တဲ့ အလုပ်သမားဆိုရင် ဘယ်အလုပ်ကြပ် ဘယ် သူဋ္ဌေးကိုမှ မော်ကြည့်စရာ မလိုပါဘူး။ သူတို့ ရှိလို့ရှိမှန်းလည်း မသိရပါဘူး။ ကိုယ့်အလုပ် ကိုယ်သာ လွတ်လပ် ပေါ့ပါးစွာ လုပ်ရုံပါပဲ။ အဲ၊ ဖော်လံဖားဖို့တော့ အဝေးကြီးပါ။ မြန်မာ အလုပ်သမား တချို့ နိုင်ငံရပ်ခြားမှာ မြန်မာနည်းသုံးပြီး အလုပ် ခိုချင်လို့ ဖော်လံဖားတော့ အလုပ်ပြုတ်တာပဲ အဖတ် တင်ပါတယ်။ မြန်မာပြည်မှ မဟုတ်ဘဲ။
လုပ်ငန်းခွင် ပြင်ပ၊ ကျောင်းတွေမှာကအစ ကိုယ်သာ စည်းကမ်းရှိမယ်ဆိုရင် ကျောင်းအုပ်ရှိလို့ ရှိမှန်းမသိရ၊ အစိုးရရှိလို့ ရှိမှန်း မသိရပါဘူး။ ဘယ်နေရာမှာမဆို အထက် လူကြီးလည်း ကြောက်စရာ အရိုအသေတွေ ပေးနေရတာမျိုး မရှိလို့ ပြည်သူတိုင်း၊ အလုပ်သမားတိုင်း၊ ကျောင်းသားတိုင်း ပျော်ရွှင်ပါတယ်။ လူတို်င်း ပျော်ရွှင်နေတဲ့ နိုင်ငံဟာ...။
(Voice ဂျာနယ်တွင် ဖော်ပြသော ဆောင်းပါးရှင် “ကောင်းဆက်နိုင်” မှာ ကျွန်တော် မဟုတ်ပါကြောင်း)

ကောင်းဆက်နိုင်
kaung125@gmail.

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၈၃ ဆရာကောင်းဆက်နိုင် ဆောင်းပါး ...
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...