Sunday, February 16, 2014

ကန္နားစည်းဇာဇာနှင့် နတ်ထိမ်း ၂ ယောက်


ဇာဇာ ဟု ဆိုလိုက်လျှင် မကဒတ တခွင်တွင် မသိသူရှားလောက်အောင်လူသိများသည်။ သူကား တခြားရဲဘော် ရဲမေ များကဲ့သို.မဟုတ် နပုလ္လိင်ဟုဆိုရမည့် အခြောက်တစ်ဦးဖြစ်ပေသည်။ မိန်းမလျာဆို၍ အထင်မသေးလိုက်နှင့် သူကား ပဲခူးမြို.တွင်နေစဉ်ကပင် လက်စောင်းထက်သူတစ်ဦးဖြစ်သည်။
ကွန်ဖူး ကစားဖူးသည်။ ရန်ပွဲများတွင် ထိပ်ဆုံးမှ ပါသည်။ လက်ယဉ်သည်။ တောခိုလာတော့လဲ ဒုက္ခိတဘီလူး သက်ဝေကို အကျီလေးဖြင့်ပုတ်လိုက်သဖြင့် ၆ ချက်ချုပ်ခဲ့ရသည်း (သက်ဝေ၏ရင်ဘတ်တွင် ဘီလူးရုပ်ထိုးထားသည်။ သူတောသာခိုလာသည် ဘီလူးရုပ်ကို အင်္ဂါစုံအောင် မထိုးခဲ့ရ၊)

ဖေါက်ခွဲရေး၊ မိုင်းဆင် မိုင်းဖြုတ်ကျွမ်းကျင်သည်။ တိုက်ပွဲကိုလဲရှောင်သူမဟုတ်။ မယ်လ၊ ၀မ်းခါ (ကော့မူးရာ)။ မာနယ်ပလော တိုက်ပွဲများတွင် ဇာဇာ၏ပြောင်မြောက်သော တိုက်ပွဲဝင်မှုများမှာ ပစ်ပယ်၍မရ။ သို.သော် ၀မ်းခါတွင် သူဒဏ်ရာရလာသည့်အဖြစ်မှာ ငိုအားထက် ရယ်အားသန်ရသည်။ လက်နက်ကြီးကျ၍ ကတုတ်ကျင်းထဲ ၀င်ရာတွင် ကိုယ်အပေါ်ပိုင်းမှာ အထဲရောက်ပြီး အပြင်တွင် ကျန်ရှိနေသည့် တင်ပါးအား လက်နက်ကြီးအစများ ထိမှန်ခဲ့ခြင်းဖြစ်သည်။ ၀ဋ်ကြွေးပေတကား

ကျနော်နှင့်သူကား တစခန်းထဲ တပ်ရင်းတစ်ခုထဲတွင် နေခဲ့သည်ဖြစ်သော်လည်း။ ရှေ.တန်းအတူမသွားဖူးခဲ့။ တိုက်ပွဲအတူ မနွဲခဲ့ဖူးပါ။ လူချင်းကတော့ ညီအကိုကဲ့သို. ခင်ပါသည်။ ယခုရေးမည့်အကြောင်းကား သူနှင့်ပတ်သက်ခဲ့သည့် မေ့မရသော အဖြစ်တစ်ခု။

ကျနော်တို. တပ်မဟာ ၆ တွင် တာဝန်ကျစဉ်က ရှေ.တန်းမှပြန်နားလျှင် ထိုအချိန်က စခန်းမရှိသေးသည့်အတွက် ရွာများတွင် မိမိတို.နှင့်ခင်သော အိမ်များတွင် နေထိုင်ကြရသည်။ ထိုအိမ်များမှသူများနှင့်လည်း မိသားစုကဲံသို. ခင်မင်ရင်းနှီးနေကြသဖြင့် ၀ိုင်းလုပ်ဝိုင်းစား မည်သည့်ပြသနာမှ မရှိ။

ကျနော်တို.တည်းခိုသောအိမ်မှာ မိတန်ရွာရှိ အိမ်ကြီးတစ်လုံးတွင်ဖြစ်သည်။ ကျနော်နှင့် ကိုစိုးမြင့်ခေါ် မာမီစိုး (အခြောက်မဟုတ်ပါ။ ရဲဘော်များအပေါ် ဆွဲရေးကိစ္စများတွင် မိခင်တစ်ဦးကဲ့သို. စိတ်ပူတတ်သောကြောင့် မာမီစိုး အမည်ရလာခြင်းဖြစ်၏) တို.မှာ အတွဲညီလှ၏။ မနက်အိပ်ယာထလျင် ချောင်းတွင်ရေဆင်းချိုး။ အပြင်ထွက်၍ လက်ဖက်ရည်သောက်။ အစာတစ်ခုခုစား၍ အရက်ဆိုင်သို.သွားကာ သောက်၊ ထမင်းကို ဘုန်းကြိးကျောင်း သိုမဟုတ် အိမ်တအိမ်တွင် စား။ ပြီးလျှင်တည်းခိုရာအိမ်သိုပြန်၍ တရေးအိပ်။ နိုးလာလျှင်ရေချိုး အရက်ပြန်သောက်၊ ညနေပိုင်း စကားဝိုင်းများတွင် ငြင်းခုံစကားများ ပြီးလျှင်ပြန်အိပ်။ ဤသည်များကားကျနော်တို. နှစ်ဦး၏ နားနေစဉ်ကာလတွင် လုပ်ဆောင်သော လုပ်ငန်းစဉ်များ။

တစ်ခုသောညနေတွင် ကျနော်တို. ၂ ဦးသား ရေမိုးချိုးပြီး အရက်ရှာဖွေသောက်ရန် အိမ်မှထွက်လာချိန်တွင် ဇာဇာတစ်ယေါက် ပြုံးရွှုင်သောမျက်နှာထားဖြင့် ရောက်လာပြီး ဟေ့ ဒီညနေအတွက် မပူနဲ. ခွင်ရှိတယ် ငါနဲ.လိုက်ခဲ့။ သောက်ရမယ် ဆိုကာ ဖိတ်ခေါ်သည်။ ကျနော်တို.ကား ဒင်းအကြောင်းကို သိသူများ၊ မယုံသဖြင့် ငြင်း။ သူကလဲသိသည် ကျနော်တို.မယုံမှန်း။ ထို.အတွက်ကြောင့် ၉၀ တန် အထပ်လိုက်ကို ထုတ်ပြ လက်ဖက်ရည်ဆိုင်တွင် ပြုစုကာ မွန်ထရီးတစ်ဘူးတိုက်၍ ထပ်မံဆွဲဆောင်သည်။ ကျနော်တို. မငြင်းသာတော့။ အိုကေလိုက်ရသည်။

သူ.ခွင်ကား ကြက်တောင်ရိုးရွာရှိ ပအို.၀်အိမ်တအိမ်တွင် နတ်ဟောရန်ဆိုသည်ကို လမ်းတွင်ပြောသဖြင့် သိရသောအခါ မျက်ခုံးများလှုပ်စပြုလာသည်။ သူက မပူနဲ. အေးဆေး အရင်တစ်ခေါက်က ရွီးလိုက်တာ မှန်သွားလို. အရမ်းယုံနေတာ။ ဟိုမှာ ပုန်းရော အရက်ရော ပြောထားတယ် အဆင်သင့်။

ရောက်ပေပြီ၊ အိမ်ပေါ်စတက်လိုက်ခြင်း ပြင်ဆင်ထားသော ကန်တော့ပွဲဘေးတွင် ထောင်ထားသော ပုလင်း၂ လုံးတွေလိုက်ရသည်နှင့် ကျနော်နှင့်မာမီစိုး ဘ၀င်ကျသွားသည်။ ဒင်းမလိမ်၊ ဇာဇာကား နတ်ပွဲစရန်ပြင်ဆင်၍ ဖယေါင်းတိုင်။ အမွေးတိုင်များထွန်းညှိပြီး သူ.ဘယ်နှင့် ညာဖက်တွင် နေရာယူရန် အချက်ပြသည်။ ကျနော်တို.ကား ပုလင်း ၂ လုံးမျက်နှာဖြင့် မငြင်း။

အိမ်ရှင်နှင့်လာကြည့်သူများပေါင်းလိုက်လျှင် ၁၀ ဦးခန်.ရှိသည်။ နတ်ပွဲစလေပြီ။ ဒင်းကား လက်အုပ်ချိ၍ တုန်ခါပြီး နတ်ဝင်ကြောင်းပြသည်။ ရွာသားများကား ရှေ.တွင် ပုဆစ်တုပ်၍ လက်အုပ်လေးများချီကာ ရိုရိုကျိုးကျိုးနှင့် နတ်ကိုလေးစားသမှုပြကြ၏။

နတ်ကား စ၀င်ထဲက ကြမ်းပေစွ။ ရှိသမျှ မိန်းမအင်္ဂါများကို ရေရွတ်ပြီး တဖုံးဖုံးနှင့် ပေါင်အစုံကို ရိုက်ခတ်ကာ သူ၏ အမည်နာမကို ကြွေးကြော်၏ အမေရေယဉ်ပေတကား။ အိမ်ရှင်တို.၏ လုပ်ဆောင်ရန် ပျက်ကွက်မှုများနှင့် သူ၏အပြစ်ပေးမှုများကို မာန်အပြည့်နှင့် ပြောဆို ခြိမ်းခြောက်သည်။ အိမ်ရှင်များကား နေစရာမရှိတော့ ကြောက်လန်.ကုန်ပြီ။ ကျနော်တို. အပိုင်းရောက်လာချေပြီ၊ ချော့ရသည်။ ဖွာတော်ကပ်၍ ပုလင်းကိုဆက်သည်။ ဆေးလိပ်တော့ ဖွာ၏၊ ပုလင်းကိုမဖွင့်သေး။ ပျော်ချင်သည် ကမည် လုပ်ပြန်သည်။ ငြင်းမရ ဒင်းကား နတ်ဖြစ်နေသကိုး။

မီးစားမည်တဲ့။ ဖယေါင်းတိုင်များကို ဘယ်ညာ ၂ ဖက်လုံးတွင်ဆုပ်ကိုင်၍ မီးညှိကာ ကျလာသော ဖယေါင်းရည်များကို ပါးစပ်ဟ၍ လောင်းထည့်သည်။ လက်ပေါ်ချသည်။ ပူကြောင်းသိရန် ရွာသားတစ်ယေါက်ကို မသိမသာဖြင့် ဖယေါင်းစက်စင်အောင်လုပ်သည်။ ထိုသူထအော်၏ ပူပေသကိုး။ ရွာသားများကား ပါးစပ်အဟောင်းသား၊

လိပ်ပြာရှင်လေး၏ လိပ်ပြာလှသဖြင့် သူဝင်ပူးရခြင်းဖြစ်ကြောင်း ထပ်လောင်းပြော၏။ လိပ်ပြာလှမလှတော့ မသိ။ ဖယေါင်းတိုင်မီးညွန်များအောက်တွင် ဖွားကြိးအိုရုပ်ပေါက်ရန် မျက်နှာကို ရှုံ.တွထားပြီး နှုတ်ခမ်းတ၀ိုက် ဖယေါင်းစက်များ ပေကျံနေသည့် ဒင်း၏ အဆီပြန်နေသောမျက်နှာကို ကြည့်ရသည်မှာအော်ဂလီဆနှ်လှပါဘိတောင်း။

က ပြီး၍ ပုလင်းဖွင့်လေပြီ။ ဒင်းကားသောက်လိုက် ပွားလိုက်ဖြင့် ရေချိန်တက်နေပြီ။ ကျနော်တို.ဖက်သို.မလှည့်သေး။ မျက်ရီပ်ပြရသည်။ ဒေါသရောင်ပြရသည်။ ထိုရောအခါမှ ပုလင်းကို ကမ်းသည်၊ စောင့်စားနေရသော အချိန်ကားရောက်လေပြီ၊ အသားကုန်မော့လိုက်မည်ဟု တွေးကာ အမော့ ပုလင်းထဲမှ အနည်းငယ်သာကျရုံရှိသေး ပုလင်းကို ဒင်းဆွဲယူကာ ထပ်မော့သည်။ ထို.နောက်မာမီစိုးထံသို. ကမ်းသည်။ ကျနော်နှင့်မခြား ကိုစိုးမြင့်လဲ မသောက်လိုက်ရ။ ဒင်းလက်ထဲ ပြန်လု၍ သောက်ပြန်သည်။ ကိစ္စမရှိ။ နောက်တလုံးကျန်သေးသည်။

ုဒုတိယအလုံး ဆက်သောက်၏ ကျနော်တို.ဖက်သို.မလှည့်၊ သူ.ပါးစပ်မှ နတ်အဟော မထွက်တော့၊ လျှာလေးစပြု၍ ဦးငိုက်လာပြီ။ ပုလင်းထဲမှ လက်ကျန်ကို ပုလင်းဖင်ပါ ရိုက်၍ အကုန်မော့လိုက်၏။ ကျနော်တို. ၂ ဦးကား မျက်နှာပျက်လေပြီ။ အရက်မသောက်ရခြင်းထက် အရှက်ကွဲတော့မည့် အရေးကြောင့်တည်း။

ငါပြန်သွားလို. လိပ်ပြာရှင်လေး မူးနေရင် ဇက်ဖြတ်ပစ်လိုက် လိုက် လိုက် လိုက်.....................

သွားပြီ။ အရှက်ကွဲပြီ။ ကြမ်းပေါ်တွင် ဖင်ထောင် ခေါင်းစိုက်ကာ သတိမရှိတော့၊ မတတ်နိုင်။ ထားခဲ့လို.လဲ မရ။ အိမ်ရှင်များကို ရှက်ရှက်နှင့်တောင်းပန်ကာ ဒင်းကိုထမ်းထုတ်ရတော့သည်။ အချိန်ကား သန်းခေါင်နီးနေပြီ။

ဘယ်ညာ ၂ဖက်ညှပ်၍ ထမ်းခဲ့သည်။ ဒင်းကားကေါင်းကေါင်းမလိုက်။ ခိုစီး၍လိုက်သည်။ တမိုင်ခန်.လျှောက်ပြီးသောအခါ မနိုင်တော့။ ဒရွတ်တိုက်၍ဆွဲသည်။ ဒင်းကား နာမှန်းတော့သိသည်။။ ထို.ကြောင့် သတိပေး၍ ကေါင်းကေါင်းလိုက်ရန်ပြော၍ ဆက်ထမ်းသည်။ မရ။ ဒင်းကားခိုစီးမြဲ ခိုစီးနေသည်။ မီတန်အ၀င်ဝ ကွမ်းခြံထဲထိရောက်အောင် ခက်ခက်ခဲခဲ ထမ်းခဲ့ရသည်။ ၂ ယေါက်လုံးမောပြီ။ ဆက်ထမ်းမနိုင်တော့၊ ဒင်းအတွက်လဲ ဘေးကင်းပြီ၊ ထိုကြောင့်ကွမ်းခြံထဲရှိ တဲတစ်လုံးတွင် ထားခဲ့ကြသည်။

မနက်စောစော နိုး၍ ဇာဇာ့အခြေအနေသွားကြည့်ရန် အိမ်မှအထွက် လမ်းတွင်တွေ.သူများ၏ ပြုံးစိစိမျက်နှာပေးများကြောင့် မေးမိသည်။ ဒင်း၏လုပ်ကြံပြောဆိုမှုများကား ရွာထဲတွင်ပြန်.နေပြီ။

ကျနော်တို. ၂ ဦးက သူ.အား မဟားဒရားပြု၍ ကွမ်းခြံထဲတွင် ပစ်ထားခဲ့ပါသည်တဲ့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...