Friday, February 28, 2014

ရှင်နည်းရာ အဂ္ဂလူထွက်



လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ သမ္မတ၊ ဒုသမ္မတမှစပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ခွင့်ရှိသည် ဟူသော မူတစ်ရပ်ကို ဖော်ဆောင်မည်ဟု ကြားလိုက်၊ ဖတ်လိုက်ရသည်။ ရွေးကောက် တင်မြှောက်ခံရပြီး မှသာ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများ ရမည်ဆိုသည့်သဘော။ ထိုမူသာ အတည်ဖြစ်သွားလျှင် ရှင်နည်းရာ အဂ္ဂလူထွက်ကိန်း ဆိုက်လိမ့်မည်။


ထိုမူ၏ အကြောင်းပြချက် တစ်ရပ်မှာ ဒီမိုကရေစီ ပိုဆန်လာစေရေး ဖြစ်နိုင်သည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ အစိုးရအဖွဲ့ဝင် ဖြစ်ရမည် ဆိုခြင်းနှင့် ဒီမိုကရေစီ ဆန်ခြင်းသည် ရုတ်တရက်ကြည့်လျှင် ဆိုင်သလိုလိုနှင့် မဆိုင်ပါ။ ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်က ဝန်ကြီးဖြစ်မှသာ ဒီမိုကရေစီ ဆန်ရမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ မဆန်သောနိုင်ငံ ဖြစ်သွားပေလိမ့်မည်။

ရွေးကောက်ပွဲ မဝင်လိုသူ၊ နိုင်ငံရေးသမား မလုပ်လိုသူများ (Election shy) ထဲမှ အစိုးရ ရာထူးကြီးများ ပေးနိုင်ရန် အမေရိကန် ပြည်ထောင်စုတွင် တံခါးဖွင့်ထားသည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရန် မလိုဘဲ အစိုးရ အဖွဲ့ထဲ ရောက်နိုင်သည်။ နိုင်ငံရေးသမားပင် ဖြစ်ရန် မလိုပါ။

ကွန်မြူနစ် တရုတ်နိုင်ငံကို အမေရိကန်နှင့် ပေါင်းစေကာ ကမ္ဘာ့နိုင်ငံရေးကို ပြောင်းလဲပစ်ခဲ့သည့် နိုင်ငံတော် လုံခြုံရေး အကြံပေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ် ဆင်းဂျား Henry Kissinger သည် လွှတ်တော် ကိုယ်စားလှယ် မဟုတ်ပါ။ နိုင်ငံတကာရေးရာ ဂုရု ဟားဗတ်တက္ကသိုလ် ပါမောက္ခ ပညာရှင်သာ ဖြစ်ပြီး အမေရိကန် သမ္မတ အစဉ်အဆက်သည် သူ့အကြံဉာဏ်များကို ယူခဲ့ရသည်။ ပထမဆုံး လူမည်း အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသည့် ကွန်ဒိုလီ ဇာရိုက်စ် (Condoleezza Rice) သည် ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံထက် ပညာရေး အဆပေါင်းများစွာ မြင့်မားသည့် ကမ္ဘာ့နံပါတ်တစ် နိုင်ငံဖြစ်သည်။ သို့သော် အမေရိကန်သည် လွှတ်တော် ကိုယ်စားလှယ်သာ ဝန်ကြီး ဖြစ်ရမည်ဟု ကန့်သတ် မထားပါ။ စင်စစ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များပိုင်ရှင် ထိပ်တန်း ပညာရှင် များစွာကို နှစ်စဉ် မွေးထုတ်ပေးနေသော အမေရိကန်သည် ထိုပညာရှင် ရေအိုးထဲမှ အသင့်ခပ် သုံးနိုင်ရန် တံခါးဖွင့်ထားခြင်း ဖြစ်သည်။

အထက်ဖော်ပြပါ ပညာရှင် တစ်ဖြစ်လဲ အစိုးရအဖွဲ့ဝင်များသည် ထင်ရှားသော ဥပမာ နှစ်ရပ်သာ ဖြစ်ပြီး အစိုးရအဖွဲ့ဝင် များစွာသည် နိုင်ငံရေးသမား မဟုတ်သော ထူးချွန် အမေရိကန်များ ဖြစ်ကြသည်။ စင်စစ် အမေရိကန် ကမ္ဘာ့ဦးဆောင် နိုင်ငံအဖြစ် ကာလရှည်ကြာစွာ ရပ်တည် နေနိုင်ခြင်းသည်ပင် အစိုးရအဖွဲ့ဝင် ရွေးချယ်ရာတွင် ထိုကဲ့သို့ အမြော်အမြင် ကြီးမားခြင်းက အကြောင်းတစ်ရပ် ဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းသည် နိုင်ငံကို လက်တွေ့ စီမံ ကွပ်ကဲရသောသူများ ဖြစ်သည့်အတွက် ထိုကဏ္ဍတွင်းသို့ အတော်ဆုံးသူကို စိတ်တိုင်းကျ ခေါင်းခေါက်ရွေးနိုင်မှ နိုင်ငံ အောင်မြင်မည် ဖြစ်သည်။ နဂိုတည်းကမှ လူတော်၊ လူထက် မီးထွန်းရှာနေရသည့် အထဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမည်ဟု ကန့်သတ်လိုက်လျှင် မြန်မာနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍတွင် လူတော်ရရန် ပိုခက်သွားကာ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ပေမည်။ တစ်နိုင်ငံလုံးထဲမှ ရွေးသည်ထက် ရာဂဏန်းမျှသော လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးလျှင် လူတော် ရနိုင်ခြေ ပိုနည်းသွားသည်။ ညွှန်ကြားရေးမှူးချုပ် စသော ဝန်ထမ်း သက်ရင့်ပြီး သက်ဆိုင်ရာ နယ်ပယ်ကို နောကျေသူများ ထိုက်တန်လျှင်ပင် ဝန်ကြီးဖြစ်ခွင့် မရှိတော့သည့် သဘောဖြစ်သည်။ သက်ဆိုင်ရာ နယ်ပယ်မှ ပညာရှင်များလည်း နိုင်ငံကို မူဝါဒပိုင်းမှ တိုက်ရိုက် အကျိုးပြုနိုင်တော့မည် မဟုတ်ပေ။

ပညာရှင်တွေ ရွေးကောက်ပွဲ ဝင်ပေါ့ဟု ဆိုသူတို့က ဆိုကြမည်။ သို့သော် ရွေးကောက်ပွဲ ဝင်မလားဟု ပညာရှင် အဆင့်ရှိသူများကို မေးကြည့်ပါ။ အများစုက လက်ခါသာ ပြကြမည်။ ပညာရှင် အများအပြားသည် ရွေးကောက်ပွဲ ဝင်ရန် တွန့်ဆုတ်ကြ (Election shy) သည်။ ရွေးကောက်ပွဲ ဆိုသည် နိုင်ငံရေးပင် ဖြစ်သည်။ နိုင်ငံရေးသည် အသန့်ရှင်းဆုံးသော သူတို့ကိုပင် ညစ်ညမ်းစေသည်။ ကိုယ်မကြိုက်သော အရာတို့ကိုလည်း ကြိုက်ယောင်ဆောင်ရ၊ မကြိုက်သော အရာတို့ကိုလည်း ကြိုက်ဟန်ပြုရသည့် အတွက် ပညာရှင်တို့နှင့် မကိုက်လှ။ ပညာရှင်တို့သည် နိုင်ငံရေး မလုပ်လို။ နိုင်ငံရေး မလုပ်လိုသောကြောင့် ပညာရှင် ဖြစ်နေကြခြင်း ဖြစ်သည်။

အုပ်ချုပ်ရခြင်းနှင့် ရွေးကောက်ပွဲ ဝင်ရခြင်းသည်လည်း သဘော သဘာဝ မတူလှ။ နိုင်ငံအဆင့် ရွေးကောက်ပွဲဟူသည် ကိုယ့်အကြောင်း မသိသူများက ကိုယ့်ကို ရွေးကောက် တင်မြှောက်ကြခြင်း ဖြစ်သည်။ မဲဆန္ဒ နယ်မြေ ကြီးလေလေ၊ လူများလေလေ ကိုယ့်ကို မသိသူ ပိုများလာလေလေ ဖြစ်တတ်သည်။ ရုပ်၊ အသံ၊ စကားလုံးများကို တီဗီ၊ သတင်းစာ စသော မီဒီယာများက မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူးကြမည်။ ထိုသို့ မြင်ဖူးကြားဖူး တစ်ဆင့်စကား တစ်ဆင့် နားတို့ဖြင့် ဆုံးဖြတ်ပြီး ထိုသူသည် တော်သည်၊ ကောင်းသည်၊ ဆုံးဖြတ်ကြသည်။ အုပ်ချုပ်ရေးပိုင်းမှာမူ အကြီးအကဲနှင့် သူ့လူများသည် လက်တွဲ အလုပ် လုပ်နေရသည်။ သူဘယ်လို လူဆိုသည်ကို သူ့အဖွဲ့ဝင်များက သိနိုင်သည်။ တကယ်လုပ်လျှင်လည်း သိနိုင်သလို တကယ် မလုပ်လျှင်လည်း သိနိုင်သည်။

မဖယ်ထုတ်သင့်သော သူတို့ကို ထိပ်တန်း နေရာများမှ ဖယ်ထုတ်ခဲ့သည့် အတွက် အရာရာတွင် နောက်ကျ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် မူဝါဒ ချမှတ်သည့် အသိုင်းအဝိုင်းတွင်းသို့ ထက်မြက်သူများ ဆွဲသွင်းရေးသည် ပထမ ဦးစားပေး ဖြစ်သင့်သည်။ ပြုပြင် ပြောင်းလဲရေး ကာလ၏ ကောင်းကွက် တစ်ခုမှာ Technocrat ခေါ် ပညာရှင် အုပ်ချုပ်သူများ မူဝါဒ ချမှတ်သည့် နေရာကြီးများသို့ ရောက်လာခြင်း ဖြစ်သည်။ ဝန်ကြီး၊ ဒုဝန်ကြီး နေရာများတွင် ပညာရှင်များ၊ ဝန်ထမ်းကြီးများ ရောက်လာသည့် အနက် လတ်တလော ဥပမာ တစ်ရပ်မှာ ဒေါက်တာ ဒေါ်ခင်စန်းရီ ပညာရေး ဝန်ကြီး ဖြစ်လာခြင်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်မှသာ ဝန်ကြီး လုပ်ရမည်ဆိုလျှင် ဒေါက်တာ ဒေါ်ခင်စန်းရီ ဝန်ကြီး ဖြစ်လာရန် အကြောင်းမရှိ။

ဒီမိုကရေစီကို ကမ္ဘာအနှံ့ ဖြန့်ဖြူးနေသော အမေရိကန် ပြည်ထောင်စုတွင် မြန်မာနိုင်ငံထက် လူတော် လူထက်များသည်ကို ထူးပြီးပြောရန် မလိုပါ။ ထိုသို့သော နိုင်ငံကြီးတွင်ပင် ထက်မြက်သောသူတို့ စိတ်တိုင်းကျ ခေါင်းခေါက် ရွေးနိုင်အောင် ကန့်သတ်မထားလျှင် မြန်မာနိုင်ငံကဲ့သို့ လူသားအရင်းအမြစ် ချွတ်ခြုံကျ နိုင်ငံမျိုးက ကန့်သတ်သင့်ပါသလား။

ထိုမေးခွန်း၏ အဖြေသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်။ အဖြေလွဲလျှင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို ကြီးစွာ ထိခိုက်နိုင်သည်။

  မြန်မာ ကစ်ဆင်းဂျားများ မြင်လိုပါသေးသည်။ မြန်မာ ကွန်ဒိုလီဇာ ရိုက်စ် တို့လည်း ပေါ်စေ ချင်ပါသေးသည်။

Written by ဇေယျသူ 
 http://thevoicemyanmar.com မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...