Thursday, February 20, 2014

ဒီမိုကရေစီကို သင်းသတ်ခြင်း

By admin | February 16, 2014 0 Comment

သဲကုန်း လယ်သမား သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံလိုက်ရပြန်ပြီ။
မအူပင် မလက်တိုကျေးရွာအုပ်စုတွင် လယ်သူမအမျိုးသမီးများကို သွေးထွက်သံယို ရိုက်နှက်နှိမ်နင်းမှု၊ လက်ပံတောင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာတော်များအား မီးလောင်ဗုံးဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းမှု၊ သင်္ဃန်းကျွန်း- မိကျောင်းကန်မှာ လက်မရွံ့ရှပ်နက်တပ်သားများဖြင့် အကြမ်းဖက် ရိုက်နှက်ဖယ်ရှားမှု၊ မိုးထိမိုးမိ အလုပ်သမား ဆန္ဒပြပွဲကို နည်းမျိုးစုံသုံးပြီး ဖယ်ရှားမှု၊ သမီးကလေးကျေးရွာ ပြည်သူ့အိုးအိမ်အား စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်း၊ ဘူဒိုဇာနှင့် ဖြိုလှဲခြင်း စသော အကြမ်းဖက်မှုများ။ ယခု သဲကုန်း လယ်သမားသပိတ်စခန်းအား အကြမ်းဖက်မှု စသည်တို့ကို အစိုးရအာဏာပိုင်များက ကျူးလွန်ခဲ့ကြသည်။ ပြည်သူ့လယ်ယာမြေ၊ အိုးအိမ်ပိုင်ဆိုင်မှုနှင့် အသက်စည်းစိမ် လုံခြုံမှု တနေ့တခြား ပိုမိုကင်းမဲ့လာပြီ။


ဗမာပြည်မှာ လယ်သမားနှင့် ပြည်သူတွေ၏ လယ်ယာမြေများကို စစ်အာဏာပိုင်များနှင့် ခရိုနီများက မတရားလုယူသိမ်းပိုက်လာခဲ့ကြတာ နှစ်တွေ ကြာခဲ့ပြီ။ ဗမာပြည်၏ လယ်ယာမြေအတော်များများ စစ်အာဏာပိုင်များနှင့် ခရိုနီများ လက်သို့ ရောက်ကုန်ပြီ။

ထို့ကြောင့် စစ်အာဏာပိုင်များ၏ မတရားမှုများကို နှစ်ကာလ ရှည်ကြာစွာ ခံစားလာကြရသော ဗမာပြည်တဝန်းမှ လယ်သမားများနှင့် အလုပ်သမားများ၏ တရားသော တောင်းဆိုချက်များ၊ ဆန္ဒပြ ထုတ်ဖော်မှုများ၊ သပိတ်တိုက်ပွဲဝင်မှုများ၊ ထွန်တုံးတိုက်ပွဲများ လှိုင်းလုံး တလုံးပြီးတလုံး ဆင့်ကဲ ဆင့်ကဲ ပေါ်လာသည်။ ယနေ့အထိလည်း တောင်းဆိုနေကြဆဲ ဖြစ်သည်။ မည်သည့် တောင်းဆိုချက်မျှ တရားမျှတသော လုံလောက်သည့် ဖြေရှင်းပေးမှု၊ ဖြည့်ဆည်းပေးမှုတို့ မရခဲ့။ ၎င်းအစား အလုပ်သမား လယ်သမားတို့၏ တရားမျှတ မှန်ကန်သော တောင်းဆိုချက်များအား အကြမ်းဖက်နှိမ်နင်းမှုများနှင့် တုံ့ပြန်လာကြသည်။ လယ်သမားများအား လယ်ယာမြေမှ အကြမ်းဖက်ဖိနှိပ်ပြီး မောင်းထုတ်ကြသည်။ ပြည်သူတို့အား ၎င်းတို့၏ အိုးအိမ်တည်ရှိရာ မြေမှ အကြမ်းဖက်ပြီး မောင်းထုတ်ကြသည်။ ဝမ်းနည်းကြေကွဲဖွယ် ပြည်သူ့ဘဝ ဒုက္ခများကို ယနေ့ဗမာပြည်အနှံ့အပြား စိတ်မချမ်းဖွယ် တွေ့မြင်နေရပြီ။

အလုပ်သမား လယ်သမားများအား လက်နက်ကိုင်အင်အားဖြင့် အကြမ်းဖက်ဖိနှိပ်ခြင်းသည် ပြည်သူလူထု၏ ရပိုင်ခွင့်ဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများ၊ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

ကျွန်းတော တတောအား သစ်သင်းရာတွင် သင်းသတ်သည့် အလုပ်ကို လုပ်ကြရသည်။ ကိုယ်သတ်ချင်သော ကျွန်းပင်၏ခါးကို ခွန်ဆိုသော လက်နက်ဖြင့် ပင်စည် တပတ်ပြည့်အောင် ပေါက်ရသည်။ တပတ်ပြည့်လျှင် ကျွန်းပင်သေပြီ။ မလှဲရသေးသဖြင့် မြေပေါ်မှာ မားမားမတ်မတ် ဟန်သာ ရှိနေပေမယ့် တကယ်က အပင်မှာ ရှင်သန်မှုမရှိတော့။ တစတစ ခန်းခြောက်သွားတော့သည်။

ဗမာပြည်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဟန်ပြဟစ်ကြွေးရင်း ဒီမိုကရေစီကို သင်းသတ်နေကြလေပြီ။

တိုင်းပြည်၏ အဓိကကျသော လူတန်းစားများဖြစ်သည့် အခြေခံအလုပ်သမား လယ်သမားတို့၏ ဒီမိုကရေစီကို အကြမ်းဖက်ရိုက်ချိုးခံနေရသော အခြေအနေတွင် ဒီမိုကရေစီဆိုသော အလင်းရောင်ကလေးကို မျှော်လင့်၍ ရနိုင်ပါဦးမည်လား။

ဗမာပြည်တွင် လွတ်လပ်ရေးရကာစမှာပင် ဖဆပလ အစိုးရက ဒီမိုကရေစီကို လက်နက်နဲ့ ဖိနှိပ်တာ စတင်လုပ်ခဲ့သည်။ ဆိုရှယ်လစ်ဝန်ကြီးတဦး၏ မီးခွက်မှုတ်သတင်းကို ဖော်ပြမိသည့်အတွက် ထိုသို့ဖော်ပြသော သတင်းစာတိုက်များကို ဆိုရှယ်လစ်တွေက သူတို့ဗိုလ်တွေ လက်မရွံ့ လူမိုက်တွေနဲ့ သတင်းစာတိုက်တွေကို ဖျက်ဆီးသည်။ စာစီခုံတွေကို ရိုက်ချိုးသည်။ ဂျာနယ်ကျော်မမလေး၏ ပြည်သူ့ ဟစ်တိုင်သတင်းစာက စာစီခုံတွေကို ရိုက်ချိုး၊ ခဲစာလုံးတွေကို ထုရိုက်ပစ်ခဲ့ကြသည်။ ရှေ့ဆောင်သတင်းစာတိုက်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ကွန်မြူနစ်သတင်းစာတိုက်မှာတော့ မိမိအင်အားတွေ အသင့်စုထားပြီး လာဖျက်ရင် ပြန်ချမယ်လို့ ကြွေးကြော်ထားတော့ မလာရဲ။ ထိုမှ အစပြုကာ မိုးခေါင်လွန်း၍ အခွန်မပေးနိုင်သော လယ်သမားများ၊ ငတ်လွန်းသဖြင့် ဆန်လုပွဲ၊ ဂိုဒေါင်ဖောက်ပွဲဆင်နွှဲကြသော လယ်သမားများအား တဆင့်တိုး ဖိနှိပ်လာသည်။ အလုပ်သမား သပိတ်များ အဖြိုခွဲခံခဲ့ရသည်။ ကွန်မြူနစ်ပါတီမှ ရဲဘော်များကိုလည်း ချောင်းမြောင်းသတ်ဖြတ်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်သဖြင့် မကြခဏ သေဆုံးနေရသည်။ ပါတီရဲဘော်များက ကျဆုံးသူ အလောင်းကို ထမ်းကာ လူထုထံ တိုင်တည်ပွဲများ လုပ်ကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို တပြည်လုံးအနှံ့ ဖမ်းဆီးမှုများ လုပ်လာရာ ပါတီဝင်တဝက်လောက်သာ လွတ်လာခဲ့သည်။ ထို့ကြောင့် အုပ်စိုးသူများက ဒီမိုကရေစီကို လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်လာသည့်အခါ အုပ်စိုးခံများအနေဖြင့် လက်နက်ဖြင့် အကြမ်းဖက်ခုခံတော်လှန်ခြင်းသည် တရားသည်ဆိုသော အယူအဆကို ကိုင်စွဲပြီး မလွှဲမရှောင်သာ ခုခံတော်လှန်ကြရသည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေးစတင် ပေါက်ဖွားလာခဲ့ရခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် စစ်အစိုးရက တော်လှန်ရေးကောင်စီအမည်နှင့် အာဏာသိမ်းပြီး တက်လာသည့်အခါတွင်လည်း ပွဲဦးထွက်မှာပင် အကြမ်းဖက်ဖိနှိပ်ပြီး ဒီမိုကရေစီကို စတင်သင်းသတ်လိုက်ပြန်သည်။ ဇူလိုင် (၇) ရက်တွင် ကျောင်းသား ရာကျော် လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ကျောင်းသားများသမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ ဘူဒိုဇာဖြင့် မြေလှန်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်းက လက်နက်မဲ့ ကျောင်းသားများကို ဓားဓားချင်း လှံလှံချင်း ဆိုပြီး စိန်ခေါ်ခဲ့သည်။ စစ်အာဏာရှင်စနစ် ဝဖြိုးကြီးထွားနေခဲ့သည့် ကာလတလျှောက်လုံး သင်းသတ်ခံခဲ့ရသော ဒီမိုကရေစီသစ်ပင်ကြီးမှာ ဖူးပွင့်ဝေဆာ ရှင်သန်နိုင်ခြင်း မရှိတော့ဘဲ ညှိုးလျော်ခန်းခြောက်သွားခဲ့ရသည်။

ယနေ့ ဦးသိန်းစိန် စစ်အစိုးရက ဒီမိုကရေစီကို အကြမ်းဖက်ဖိနှပ်မှုများပြုလုပ်ရာတွင် ယခင်အစိုးရများနှင့် သွားတူနေသည်များရှိသည်။ ဖဆပလ အစိုးရက ဒီမိုကရေစီကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖိနှိပ်ရုံမက အကြမ်းဖက် လူမိုက်လူရမ်းကားများကိုလည်း အသုံးပြုခဲ့သည့်နည်းလမ်းအတိုင်း ဦးသိန်းစိန်အစိုးရကလည်း ဆက်ခံကျင့်သုံးနေသည်။ ဦးသိန်းစိန်အစိုးရက တပန်းသာသည့်အချက်မှာ စွမ်းအားရှင်လို လူမိုက်အသင်းအဖွဲ့များနှင့် ရှပ်နက်တပ်သားများ၊ လူထုတိုက်ပွဲနှိမ်နင်းရေးအဖွဲ့များကို လေ့ကျင့်မွေးမြူထားနိုင်ခြင်း ဖြစ်သည်။ ပြည်သူ့ဘဏ္ဏာငွေဖြင့် ဝယ်ယူထားသော ဘူဒိုဇာများကို ဒီမိုကရေစီဖိနှိပ်ရေးယန္တရားအဖြစ် အသုံးပြုရာတွင်မူ ဗိုလ်နေဝင်း စစ်အစိုးရနှင့် သွားတူသည်။ လက်ပံတောင်းနှင့် သမီးကလေးကျေးရွာများတွင် ဘူဒိုဇာများ၊ လမ်းကြိတ်စက်များကို ပြည်သူလူထု ဖိနှိပ်ရေးယန္တရားအဖြစ် အသုံးချခဲ့သည်။ မိုင်းဗုံးများ၊ မီးလောင်ဗုံးများ၊ သေနတ်လက်နက်များဖြင့် ပြည်သူများ ကျောင်းသားများအား ဖြိုခွင်းရာတွင်မူ ဦးနေဝင်းအစိုးရဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရဖြစ်ဖြစ် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စရိုက်လက္ခဏာ တူညီစွာ ဖော်ပြကြသည်။

ဤသို့ဖြင့် အုပ်စိုးသူလူတန်းစားသည် တနေ့ထက်တနေ့ ပိုမို ရိုင်းပျကြမမ်းတမ်းစွာဖြင့် အကြမ်းဖက်ဖိနှိပ်မှုများ တိုး၍ တိုး၍ လုပ်လာနေသည်။

တောင်သူလယ်သမားများ၊ အလုပ်သမားများအနေဖြင့် မတရားမှုများကို ခေါင်းငုံ့ခံသွားလို့လည်း မဖြစ်။ အရှုံးပေးလို့ မဖြစ်။ တိုက်ပွဲဝင်စိတ်ဓာတ် အညွန့်ကျိုးမသွားစေဖို့ လိုသည်။ မိမိတို့၏ ဘဝလွတ်မြောက်ရေး၊ မိမိတို့၏ ဘဝကံကြမ္မာ၊ မိတို့၏ အသိမ်းပိုက်ခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် တရားနည်းလမ်းကျသော တောင်းဆိုမှုများ၊ တိုက်ပွဲဝင်မှုများကို ဇွဲနဘဲဖြင့် ဆက်လက်ဆင်နွှဲသွားဖို့သာလျှင် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။

တိုက်ပွဲဝင်ရာတွင် အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြတောင်းဆိုကြဖို့ လိုသည်။ အကန့်အသတ်ရှိသော တောင်းဆိုချက်နှင့် ရည်မှန်းချက်များ ချမှတ်ထားဖို့လိုသည်။ မိမိတို့၏ နစ်နာချက်များ ပြန်လည်ရရှိနိုင်အောင် အမှန်တကယ် အကျိုးအမြတ်ရရှိစေနိုင်သော တောင်းဆိုချက်များ ဖြစ်ဖို့ လိုသည်။ အကျိုးအမြတ် အမှန်တကယ် ရရှိစေမည့် နည်းလမ်းများကို တဆင့်တိုး ရှာဖွေသင့်သည်။

တပြည်လုံး နေရာအနှံ့ ပြည်သူလူထုနှင့် တောင်သူလယ်သမားတို့၏ တောင်းဆိုတိုက်ပွဲဝင်မှုများ တခုပြီး တခု ပေါ်ထွက်လာနေသော်လည်း ပြန့်ကျဲနေသည်။ မိမိတို့၏ တူညီသော ဘဝ၊ တူညီသော နစ်နာမှုများအတွက် တူညီသော တောင်းဆိုချက်နှင့် အင်အားစုစည်းမှုများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားသင့်သည်။ တိုက်ပွဲတခုနှင့်တခု ချိတ်ဆက်မိအောင် အားထုတ်ကြဖို့လိုသည်၊ အပြန်အလှန် ထောက်ခံအားပေးကြဖို့လိုသည်။ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ လယ်သမားသမဂ္ဂအဖွဲ့ချုပ်များ စနစ်တကျ ဖွဲ့စည်းထူထောင်ပြီး အလုပ်သမားထုအရေး၊ လယ်သမားထုအရေးများကို တလုံးတစည်းတည်း တောင်းဆိုကာ ပိုမိုထိရောက်သော ရလဒ်များ ရရှိနိုင်အောင် အလေးထားဆောင်ရွက်သွားသင့်ပါသည်။

မိမိတို့၏ တရားမျှတသော တောင်းဆိုမှုများကို တပြည်လုံးရှိ ကျယ်ပြန့်သော ပြည်သူလူထုကြီးက စာနာထောက်ခံလာစေရန်အတွက်လည်း မီဒီယာလမ်းကြောင်းအပါအဝင် နည်းနာအမျိုးမျိုးဖြင့် ဖော်ထုတ်တင်ပြသွားဖို့လိုပါသည်။ စိတ်မချမ်းသာဖွယ် အမှန်တကယ်အတိဒုက္ခ ရောက်နေကြသော အလုပ်သမား လယ်သမား ပြည်သူလူထုများကို တပြည်လုံးရှိ ကျယ်ပြန့်သော ပြည်သူလူထုကြီးက စာနာနားလည်ကာ ၎င်းတို့၏ တရားမျှတသော တောင်းဆိုချက်များကို ပိုမိုပြီး ထောက်ခံလာကြမှာ၊ ဝိုင်းဝန်းလာကြမှာလည်း သေချာပါသည်။

တရားရှိလျှင် ကူသူများပါသည်။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုဒ်မှ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...