Saturday, February 22, 2014

"ဒီမိုကရေစီရဲ့ညှို့ဓာတ်"

၁၉၉၉ခုနှစ်မှာ နယူးယောက်မြို့က ဗဟိုမီးရထားဘူတာရုံသစ်စီမံကိန်း တရားဝင်အကောင်အထည်ဖော်တဲ့အနေနဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေထဲမှာ အဲဒီအချိန်က အမေရိကန်သမ္မတဖြစ်နေတဲ့ ကလင်တန်လည်းပါဝင်ခဲ့ပါတယ်။ နောက်တစ်ဦးက ဒီစီမံကိန်းကို အင်တိုက်အားတိုက်လှုံ့ဆော်ခဲ့တဲ့ နယူးယောက်ပြည်နယ်လွှတ်တော်အမတ် Moynihanဖြစ်ပါတယ်။

အခမ်းအနားကျင်းပတဲ့တည်နေရာက ခန့်နားထည်ဝါတဲ့ ဟိုတယ်ကြီးမှာမဟုတ်ခဲ့ပါဘူး။ ဗဟိုမီးရထားဘူတာရုံဟောင်းထဲမှာ ဖြစ်ပါတယ်။


များပြားလှတဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သတင်းထောက်တွေ ဝင်ဆန့်ဖို့အတွက် ဘူတာရုံဟောင်းထဲမှာနေရာရှာကြတော့ စာတိုက်ဌာနနေရာပဲရှိတာကို သွားတွေ့ပါတယ်။ အဲဒီနေရာကနံရံတွေဟာ ရှုပ်ယှက်ခတ်နေတဲ့ဆေးမင်တွေနဲ့ ခြယ်သထားပါသေးတယ်။

အခမ်းအနားကျင်းပတဲ့နေ့မှာ နယူးယောက်ပြည်နယ်က နိုင်ငံရေးသမားတွေ၊ နောက်ပြီး ဒီဘူတာရုံသစ်ကြီးအတွက် ဒီဇိုင်းဆွဲဆောက်လုပ်မယ့်သူတွေ၊ ပါဝင်လှူဒါန်းကြတဲ့အဖွဲ့အစည်းတွေ အလျှိုလျှိုရောက်လာခဲ့ကြပါတယ်။

လွှတ်တော်အမတ်Moynihanက စင်မြင့်ထက်တက်ပြီး စကားစပြောချိန်မှာ ဧည့်သည်တော်တွေက ထိုင်ခုံနောက်မှီပြီး ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိဖို့ ကိုယ်ဟန်တွေကိုပြင်ဆင်ထိုင်လိုက်ကြပါတယ်။ ဒါပေမယ့် Moynihanက စကားကိုလိုရင်းတိုရှင်းနဲ့ တစ်မိနစ်ခန့်သာပြောပြီး အဆုံးသတ်လိုက်ပါတယ်။ ရောက်ရှိလာတဲ့ဧည့်သည်တော်တွေအားလုံး လက်ခုပ်သြဘာပေးပြီး စင်မြင့်ထက်တက်လာမယ့် ကလင်တန်ကို ကြိုဆိုလိုက်ကြပါတယ်။

ကလင်တန်က စကားစပြောတာနဲ့ Moynihanလွှတ်တော်အမတ်ရဲ့ဟောပြောမှုက တိုလွန်းလို့ အံ့သြရကြောင်းပြောပါတယ်။ ရှေ့အခေါက်က Moynihanနဲ့သူ ဘူတာရုံသစ်ဆောက်လုပ်ရေးအတွက် ဆွေးနွေးခဲ့စဉ်တုန်းက Moynihanဟာ စကားတွေအများကြီးပြောပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ဘူတာရုံဟောင်းကိုဖျက်သိမ်းဖို့ တာဝန်ယူမယ့်လူရဲ့ နာမည်အပြည့်အစုံကိုတောင် ပြောပြခဲ့ကြောင်းပြောပါတယ်။ ကလင်တန်ရဲ့အပြောကြောင့် ဧည့်ပရိသတ်အားလုံး ပွဲကျခဲ့ကြတယ်။

ဆက်ပြီး ကလင်တန်က “Moynihanလွှတ်တော်အမတ်ရဲ့ စကားပြောတဲ့အကျင့်ကို ကျွန်တော်သိသွားပါပြီ။ သူလိုတာကို စိတ်အလိုတကျနဲ့ဆန္ဒရှိရှိရလေ သူဟာ စကားကို တိုတိုတုတ်တုတ်ပဲပြောလေဖြစ်တယ်”လို့ပြောတော့ ခန်းမတစ်ခုလုံး ပွဲကျသွားပြန်ပါတယ်။

အခမ်းအနားကျင်းပပြီးနောက် ကလင်တန်က ဘူတာရုံသစ်ရဲ့ပုံစံကို အသေးစိတ်ကြည့်ရှုခဲ့ပါတယ်။ သူငယ်ငယ်တုန်းက သူ့ဇာတိမြေဘူတာရုံဆီအပြေးသွားပြီး မီးရထားတွေသွားကြည့်ခဲ့ကြောင်း၊ ဘယ်လိုလူတွေကများ မီးရထားစီးကြသလဲဆိုတာကို သိချင်စိတ်ဖြစ်ခဲ့ကြောင်း ပြောပါသေးတယ်။ အဲဒီနောက် အခမ်းအနားကနေ သူထွက်ခွာဖို့ ပြင်ဆင်ခဲ့ပါတယ်။

သမ္မတကြွရောက်လာတဲ့အတွက်ကြောင့် လမ်းတွေမှာ ယာဉ်သွားယာဉ်လာထိန်းသိမ်းမှုတွေရှိခဲ့ပြီး ကားတွေပိတ်ဆို့ပါတော့တယ်။ တက္ကစီတစ်စီးက ရဲဝန်ထမ်းတစ်ဦးရှေ့ဖြတ်တော့ ကားမှန်ကိုချပြီး မကျေနပ်တဲ့လေသံနဲ့ “ဟေ့ အထဲမှာဟိုကောင် ဘာလုပ်နေတာလဲ.. စာလာထည့်တာလား”လို့ အော်ပြောပါတယ်။

ဒါဟာ ဒီမိုကရေစီဖြစ်တယ်။ တစ်နည်းပြောရရင် ဒါဟာ ဒီမိုကရေစီရဲ့ လူကိုဆွဲဆောင်နိုင်မှုဖြစ်တယ်။ ဂုဏ်ကျက်သရေထည်ဝါမှုတွေ များများစားစားမရှိဘူး။ အသေကျက်ထားတဲ့ မပြောမနေရစကားတွေ ဟောပြောမသွားခဲ့ဘူး။ လူရဲ့သဘာဝတုန့်ပြန်မှုတွေ၊ ပေါ့ပါးရယ်ရွှင်ဖွယ်စရာတွေ များများစားစားပါဝင်ခဲ့ပါတယ်။

အရေးအပါဆုံးဒီမိုကရေစီရဲ့ဆွဲဆောင်မှုက တက္ကစီသမားတစ်ဦးကလည်း သူဟာ သမ္မတနဲ့တန်းတူညီမျှဆိုတာပဲဖြစ်တယ်။ အဲဒီသမ္မတကို ကြောက်ရွံ့စရာမလိုဘူး၊ မုန်းတီးနာကျည်းစရာမလိုဘူး၊ ချီးမွမ်းမြှောက်ပင့်စရာမလိုဘူး၊ ဆဲဆိုကျိန်းမောင်းစရာလည်းမလိုဘူး။ ဟာသဉာဏ်ပါတဲ့စကားတစ်ခွန်းလေးပါပဲ “ဟေ့ အထဲမှာဟိုကောင် ဘာလုပ်နေတာလဲ.. စာလာထည့်တာလား”… ဒါဟာ ဒီမိုကရေစီရဲ့ညှို့ဓာတ်ပဲဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Yang Chao (2014ခုနှစ် အမှတ်စဉ်2 , Readers မဂ္ဂဇင်းမှ)

  နိုင်းနိုင်းစနေ

*** Duzhe (Readers)ဆိုတဲ့ တရုတ်မဂ္ဂဇင်းတစ်စောင်ကို ဒီ၂ဝ၁၄အတွက် တစ်နှစ်စာပေးပြီး ဝယ်ဖတ်ဖြစ်တယ်။ စာအုပ်ကပါးပါးလေး.. ၁၅ရက်တစ်ကြိမ်ထုတ်တဲ့ စာအုပ်လေးပေါ့။ သုတ၊ ရသ၊ နိုင်ငံရေး... အမျိုးမျိုးပါတယ်။ အဲဒီထဲက ကြိုက်နှစ်သက်တာတွေကို ဘာသာပြန်မျှဝေပါတယ်။ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်....
.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...