Thursday, February 20, 2014

၁၉၈၈ အောက်တိုဘာ (အသက် ၂၃နှစ်)ရောက်မှ မိမိသည် မဟာဗမာလူမျိုးဖြစ်ကြောင်းသိရခြင်း


ကျနော့်မိသားစုဟာ နယ်မြို့ကလေးတခုရဲ့ အနောက်ဖက်သွားတဲ့ ဆယ်မိုင်လောက်ရှိတဲ့  ကားလမ်းနဘေးက ရွားလေးတရွာကပါ။ တောသူတောင်သားဓလေ့ လယ်လုပ်၊သားငါးရှာ၊ မိခင်ကြီးကမြေအိုးလုပ်ငန်းလုပ်ပြီး မိသားစုစားဝတ်နေရးကို ဖြေရှင်းကြရပါတယ်။ ရွာသူရွာသားအားလုံးဟာ ဗမာလူမျိုးများပါ။ ကျနော်ငယ်စဉ်က စပါးတွေ ရေကြီးပြီးပျက်စီးလို့ ဖြစ်ရတဲ့ အငတ်ဘေး ၂ ခါကြုံခဲ့ဘူးပါတယ်၊ တနယ်လုံး ဆန်ပြုတ်သောက် ရပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေ နှိပ်စက်တာကိုလည်း နိစ္စဓူဝ ခံရပါတယ်။ ပါတီကောင်စီခေတ်က တာဝန်ကြေစပါး မသွင်းနိုင်လို့  ထောင်ချခံရသူတွေ၊ ထောင်ကြောက်လို့  အိမ်ကိုရောင်းပြီး အပြင်ကစပါးဝယ်ပေးရတဲ့ သူတွေ အများကြီးပါ။
ကြာတော့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ သာယာခဲ့တဲ့  ကျနော်တို့ရွာကလေးမှာ ၀ါးအိမ်တွေ တဲအိမ်တွေက ပိုများလာပါတယ်။ အတိအကျပြောရင် ကျနော်တို့ ရွာကလေးက သာယာဝတီခရိုင်၊ နတ်တလင်းမြို့  အနောက်ခြမ်းထဲမှာပါပါတယ်။ ရန်ကုန်နဲ့ ၁၂၅ မိုင်ဘဲဝေးတာ။ ဒီမှာလိုကားနဲ့ မောင်းရင် ရန်ကုန်ကို ၂ နာရီနဲ့ ရောက်နိုင်တာပေါ့ ။ ရွာရဲ့ အရှေ့ဘက် မိုင် ၂၀ လောက်ကစပြီး သမိုင်းဝင်ပဲခူးရိုးမကြီးရှိပါတယ်။ ခုခေတ်ရွာကလူငယ်များ ကြားရင် မယုံလောက်ပါဘူး၊ ကျနော်ငယ်ငယ်တုံးက ပေါ်တာဆွဲတာ၊ စစ်တပ်က ရွာတွေဝင်ပြီး လက်လွတ်စပါယ် ပစ်သတ်တာတွေ ကြုံခဲ့ဘူးပါတယ်။ ၁၉၇၅ လောက်အထိ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုက နတ်တလင်းမြို့ နဲ့ မိုင် ၃၀ လောက်ဘဲဝေးတဲ့  ရိုးမတောနက်ထဲမှာပါ။ စစ်တပ်အနေနဲ့  ပွင့်လင်းရာသီတိုင်းစစ်ဆင်ရေးထိုးပေမဲ့  မနိုင်တာများပါတယ်။ ထုံးစံအတိုင်း စစ်တပ်က စစ်ဆင်ရေးထိုးရင် ပေါ်တာဆွဲလို့  ရွာက သန်မာတဲ့  ယောက်ျားမှန်သမျှ စစ်တပ်လာတာလို့ အသံကြားတာနဲ့  ရွာတောင်ဘက်က ကိုင်းတောကြီးတွေထဲကို ထွက်ပြေးကြရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက နော်လုံးစိန် ခေါ် ပီကင်းပြန်မစိန်ဝင်းတို့  နာမည်ကြီးတဲ့ခေတ်ပေါ့ ။ နော်လုံးစိန်က မြင်းစီးပြီးကာဘိုင်သေနတ်နဲ့ သူ့ရဲဘော်တွေကို ခေါင်းဆောင်ပြီး ဇီးကုန်းနဲ့  ကြို့ပင်ကောက်မြို့ တွေက ရဲစခန်းတွေကို မကြာခန ၀င်ပစ်လေ့ရှိတဲ့  အချိန်ပါ။ နောက်ဆုံး ၁၉၇၄ လောက်ထင်တယ်။ စစ်တပ်က ဖြတ်လေးဖြတ်မဟာဗျူဟာနဲ့  ဗကပ ဗဟိုကိုအနိုင်တိုက်ဖို့ လုပ်ပါတယ်။ ဖြတ်လေးဖြတ်ဆိုတာ (၁) ဆက်ကြေးဖြတ် (၂) ရိက္ခာဖြတ် (၃) သတင်းဖြတ် စသည်ဖြင့်ပါ။ ရိုးမတောင်တန်းကြီးနားကရွာတွေ အားလုံး အဖျက်ခံရ၊ မီးရှို့ ခံရပါတယ်။ အဲ့ဒီစစ်ဆင်ရေးကို တပ်မ ၇၇ ကဦးစီးပြီး အောင်စိုးမိုး စစ်ဆင်ရေးလို့  အမည်ပေးခဲ့ ပါတယ်။ စစ်ဆင်ရေးမစခင် တနှစ်ကျော်ကတည်းက ထောက်လှမ်းရေးကလူတွေက အသွင်အမျိုးမျိုးနဲ့  ကျနော်တို့ နယ်ထဲရောက်လာပြီး ကွန်မြူနစ်ပါတီကို ထောက်ခံသူ (ပါတီမိတ်ဆွေ)၊ ကွန်မြူနစ်ပါတီအရံပါတီဝင်များ၊ မြေပေါ်ကေဒါများ စာရင်းကို စုဆောင်းပါတော့ တယ်။ တချို့ ထောက်လှမ်းရေးတွေက ဈေးသည်၊ တချို့ က ဆေးဆရာ၊ တချို့ ကမျက်လှည့်ဆရာ၊ တချို့ က ဘုန်းကြီး စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ဝင်ရောက် ထောက်လှမ်းခဲ့ပါတယ်။ ရိုးအတဲ့  တောသူတောင်သားများကတော့  တကယ်ဘဲ ယုံကြည် ခဲ့ပါတယ်၊ ကျနော်တို့ ဆွေမျိုးတစုဆို ဆေးဆရာ ခပ်ငယ်ငယ်တယောက်ကို ခင်မင်ပြီး လပေါင်းများစွာလက်ခံထားခဲ့ ပါတယ်။ သူ့နာမည်ကိုကျနော် ကောင်းကောင်းမှတ်မိပါတယ်။ ကိုမြင့်ဦးတဲ့ ၊ တခါတရံ သူ့မှာ ထိုးဆေး၊ စားဆေးတွေကုန်လို့ မြို့ ကိုပြန်သွားလေ့ရှိပါတယ်။ ရိုးမက ဗကပဗဟိုကျပြီး သူပေါ်မလာတော့မှ ကြားရတာက ကိုမြင့်ဦးက ဗိုလ်အဆင့်ရှိတဲ့  ထောက်လှမ်းရေးတယောက်တဲ့ ။ အဲ့ဒီထောက်လှမ်းရေးတွေ သတင်းစုဆောင်းလိုက်တာ ကွန်မြူနစ်ပါတီကို တကယ်ထောက်ခံသူတွေရော မထောက်ခံသူတွေရော စစ်ဆင်ရေး စစခြင်း တပ်မ ၇၇ က တပ်ခွဲလိုက်ဝင်လာတဲ့  စစ်ကြောင်းတွေရဲ့  ညပိုင်းဝင်ဖမ်းတာကို ခံလိုက်ကြရပါတယ်။ တပ်မ ၇၇ အဖမ်းခံရသူတွေအဖို့  ပြန်လမ်းမရှိပါ။ နေ့စဉ် တာပွန်မြို့ ကလေးနဲ့  တခြား တပ်ခွဲရုံးထိုင်တဲ့  ရွာတွေမှာ ဖမ်းထားတဲ့ သူတွေကို ခေါင်းဖြတ်ပြတာ ကြာတော့ ရိုးသွားတဲ့ အထိပါ။ ကျနော် ကလေးဘ၀နဲ့  လူကြီးတွေနဲ့ လိုက်ကြည့်တာ ညပိုင်းရောက်တော့  အိမ်မက်ဆိုးတွေမက်ပါလေရော။ တခါကလည်း ဖမ်းထားသူ တယောက်ကို လွှတ်ပေးလိုက်ပြီး အဝေးရောက်မှ လက်ဖြောင့်စစ်သား ကလှမ်းပစ်လို့ လဲကျသွားတာမြင်ဘူးပါတယ်။ အသတ်ခံရမဲ့ သူတွေကို တာပွန်မြို့ ကလေးက လေသာကျောင်းလို့ ခေါ်တဲ့ ဘုန်းကြီးကျောင်းထဲက သိမ်ထဲမှာ အစုလိုက်အပြုံလိုက် ထဲ့ ပိတ်ထားတာလဲ မှတ်မိခဲ့ ပါတယ်၊ မလုပ်သင့်ပါဘူး၊ ဘယ်လောက် အသတ်ခံကြရသလဲဆို ရေမွှေးရွာနဲ့ တောင်ယာတောရွာဆိုတဲ့  ရွာ ၂ ရွာဆို ယောက်ျား ၃၀% လောက်ပဲကျန်ခဲ့ လို့  နောက်နှစ်မှာ လယ်စိုက်တော့  မိန်းမတွေကဘဲ လယ်ထွန်ကြရပါတယ်။ စစ်တပ်ကြီးစိုးတဲ့ ခေတ်မှာ တနယ်လုံး ညက်ညက်ကြေပေါ့ ။ နယ်သားအားလုံးလည်း ယူနီဖောင်း သို့မဟုတ် ဘောင်းဘီရှည်ဝတ်ဆိုရင် မြင်မြင်ချင်း ဒုးတုံအောက်ကြောက်ကြတဲ့ အထိ စိတ်ဒဏ်ရာတွေရခဲ့ကြပါတယ်၊ ကျနော်တို့ နယ်သားတွေအားလုံး ဗမာတွေပါ။ ဗမာဆိုလို့  စစ်အာဏာရှင်စံနစ်အောက်မှာ သက်ညှာတာမကြားဘူးပါ။ ဒါနဲ့  ကျနော် ၁၉၈၈ စက်တင်ဘာမှာ တောခိုတော့  ကရင်နယ်မြေရောက်ပါတယ်။ ကျနော်တို့ နယ်သားတွေလိုဘဲ စစ်တပ်ရဲ့ ဒဏ်ကိုခံနေကြရတဲ့  တိုင်းရင်းသားတွေထဲက တယောက်က ကျနော်တို့ ဗမာသူပုန်လက်သစ်ကလေးတွေကို မြင်တော့ သူ့ရင်ထဲမှာ ထဲမှာပြောချင်လွန်းလို့ ထင်ပါတယ်၊ ကျနော့်ကိုပြောလိုက်တာက "မင်းတို့မဟာဗမာတွေကို ငါတို့ သိပ်စိတ်နာတယ်တဲ့ "။ ကျနော်လည်း ငိုရမလို ရီရမလိုနဲ့  ပြန်ပြောလိုက်ပါတယ်။ "ကျေးဇူးတင်ပါတယ်ဗျာ၊ခင်ဗျားပြောမှ ကျနော်ဟာ မဟာဗမာမှန်းသိပါလေရော၊ ပြည်တွင်းမှာတုံးကဆို ကျနော်က အောက်ခြေကနင်းပြားဗမာလေးပါလို့  "။
https://www.facebook.com/ye.myint1/posts/10152007517159624

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...