Wednesday, February 5, 2014

ဝန်ကြီးများအငြိမ့်သဘင်

 
 လော်ဘီအုတ်ခဲ စိတ်ညစ်ရပြန်သည်။ ပူလစီဆိုလား မူနပီဆိုလား ဂျာနယ်တစ်စောင်က ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြောကြားချက်များကို ဘွင်းဘွင်းကြီးဖော်ပြလိုက်လို့ဖြစ်သည်။ အပြည့်အစုံသိလို၍ ဖုန်းအစုတ်လေးကို အမြန်ဖွင့်ကာ ဖွဘုတ်ပေါ်ကပိုကရိုလေး တက်ကြည့်ရသည်။ ထုံးစံအတိုင်း ခွီးတဲ့မှ အမ်ပီတီ။ လိပ်ခရုကော်နက်ရှင်။ အ၀ိုင်းလေးလည်နေတာ ငါးမိနစ်ခန့်ထိုင်ကြည့်နေပြီးမှ ဖွဘုတ်ကြီးပေါ်လာသည်။ တွေ့ပြီ။ ၀န်ကြီးကလော်တုတ်နေသည့် ဗီဒီယိုဖိုင်။ ၀န်ကြီးနောက်မှ ပုန်း၍ ဖိုသီဖတ်သီရိုက်ကူးထားသည့် ဗီဒီယိုဖိုင်လေးကို ကြည့်လိုက်သည်။ ၀န်ကြီးက အစကတော့အကောင်း။ နောက်မှ ဘာထဖြစ်သည်မသိ။ မအေနှမ ကလော်တုတ်တာလည်းပါလာသည်။ ရှေ့ကချသည် နောက်ကချသည် ဆိုတာတွေလည်း ပါလာသည်။ အစက ကျွဲနွား၊ ကြက်ဝက် ကိစ္စမေးမြန်းရင်းမှ ရွာသားတစ်ဦးက ရေသန့်လိုချင်သည်ဟုဆိုသော် ၀န်ကြီးတစ်ယောက် ဗြုန်းခနဲဒေါသပေါက်ကွဲသွားသည်။ ဘာကြောင့်တော့မသိ။ အုတ်ခဲနားမလည်။ ဖွဘုတ်ပေါ်မှာတော့ ၀န်ကြီးပြောစကားတွေကို ချပြကာ ပယ်ပယ်နယ်နယ်ကလော်တုတ်နေကြသည်။ အဆဲကောင်းကောင်းဖြင့် ဆွမ်းကြီးလောင်းနေကြသည်။ မျက်နှာမမြင်ရတိုင်း ပျော်ပျော်ကြီး သမနေကြသည်။ ၀န်ကြီးတစ်ယောက် ဖွဘုတ်တွင် ဆဲနည်းပေါင်းစုံဖြင့် လူထုမေတ္တာကိုခံယူနေရသည်။ ဘာမှန်းမသိ ၀င်ဆဲလိုက်ပြီး ဆဲကောင်းသကွာဆိုကာ ပြုံးပျော်ကြသည်။ ဖွဘုတ်မှာဆဲတာကလွယ်သည်။ ဆဲသည်ဟု အဓိပယ်သက်ရောက်သည့် စာလုံးလေးများကို ကွန်ပျုတာရှေ့ ငုတ်တုတ်ထိုင်လျှက် လက်ကွက်ကို တပေါက်ပေါက်နှိပ်၊ Enter တဒေါက်ဒေါက်ခေါက်နေရုံ။ သူ့လည်းကိုယ်မသိ။ ကိုယ့်လည်းသူမသိ။ ဆဲရတာအရသာရှိပေ၏။ ကောင်းလေစွ။ ``ကျုပ်က နယ်လှည့်ပြီး ပါးရိုက်လာတာကွ´´ဟု ၀န်ကြီးကပြောသည်။ အုတ်ခဲပင် ကြက်သီးတဗြန်းဗြန်းထ၍ ပါးနှစ်ဖက်ကို ယောင်ပြီး စမ်းမိလေသည်။ ၀န်ကြီးကို သံယောင်လိုက်လျှက် ဖွဘုတ်ပေါ်တွင် ပါးရိုက်သည့်ဓလေ့ခေတ်စားလာသည်။ အချင်းချင်းတွေ့လျှင် ပါးရိုက်မည် တကဲကဲဖြစ်ကုန်ကြသည်။ ပါးရိုက်တတ်သည့်ဝန်ကြီးက မင်းသမီး သက်သက်မို့ဥ နှင့် အမျိုးတော်မတော် စုံစမ်းကြသူများလည်းရှိသည်။ တချို့ကတော့ ပါးရိုက်ရန်အတွက်ဆို နယ်လှည့်စရာပင်မလိုဘဲ မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးထဲဝင်သွားလျှင်ပင် ရိုက်ရမည့်သူများကို တွေ့လိမ့်မည်ဟု ၀န်ကြီးကို အကြံပေးကြသည်။ အင်တာနက်လိုင်းမကောင်းသူများက `သားတို့အတွက်ပါ များများရိုက်ခဲ့ပါအဘ´ဟု မြှောက်ပင့်ကြသည်။ ၀န်ကြီးက စီတန်းလှည့်လည်ဆန္ဒပြသူများကို ကြိုက်သလောက်လှည့်နိုင်ပြီး မကျေနပ်လျှင် လဲသေနိုင်ကြောင်း ဆက်ပြောသည်။ လုံးဝမကျေနပ်သည့် ဆန္ဒပြသူများ ဘုန်းခနဲ လဲသေကုန်ကြသည်။ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်။ ထောင်ထဲပို့မည်ဟုဆိုသည်။ ``သွား ထောင်ထဲကို။ ငါတို့အစိုးရထွက်ရင် မင်းပြန်ထွက်။ ဒါဘဲ´´ဟု ဆိုသည်။ နိုင်ငံရေးသမားများ ထောင်ထဲမ၀င်လို၍ လမ်းကြိုလမ်းကြားထဲ ပြေးပုန်းကြသည်။ `ကျနော်တို့အစိုးရက ခက်ခက်ခဲခဲ မဲနိုင်အောင်လုပ်လာတာ´´ဟု လည်း ၀န်ကြီးကပြောသည်။ အတိုက်အခံပါတီများ သနားလွန်း၍ မျက်ရည်ဖြိုင်ဖြိုင်ကျပေးရှာသည်။ ရွာသားများကို ၀န်ကြီးကကြိမ်းမောင်းသည်။ ``ခင်ဗျားတို့ ဘုကန့်လန့်လုပ်ရင် ခင်ဗျားတို့အတွက်မလုပ်ပေးဘူး။ တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ တိုင်ရင်လည်း ကျနော်မရောက်သေးလို့ပါလို့ ပြောလိုက် ရုံဘဲ´´ဟု ပြောသည်။ ရွာသားများက မိမိတို့အနာဂတ်အတွက် ရင်လေးလွန်းသဖြင့် ငိုချင်ပက်လက်ဖြစ်ကြကုန်သည်။ ဒီဝန်ကြီး ဒီလိုပြောတာ အဆန်းမဟုတ်။ ကျန်တဲ့ဝန်ကြီးတွေလည်း ခပ်တည်တည်နှင့် ပေါက်ကရပြောတတ်ကြသည်။ နေ့စဉ် ခွက်ထိုးခွက်လန်ရယ်မောနေရ သဖြင့် ၀န်ကြီးမလုပ်ဘဲ လူရွှင်တော်လုပ်ကြရန် ပြည်သူများက တိုက်တွန်းကြသည်။ လူရွှင်တော်တွေ ပြက်လုံးထုတ်တာလောက်တော့ ၀န်ကြီးများ သနားသည်။ ဟိုဝန်ကြီးတစ်ပါးက လယ်သမားများ အကြွေးဆပ်နိုင်ဖို့ ထမင်းတစ်နပ်လျှော့စားရန် အကြံပေးသည်။ လယ်သမားတွေ အစာအိမ်ရောဂါရကုန်သည်။ တချို့က မထူးဇာတ်ခင်းကာ ဘုန်းကြီးဝတ်သွားကြသည်။ ငြိမ်းချမ်းရေးဝန်ကြီးတစ်ပါးက တရုတ်ကိုကြောက်ရတယ် လို့ပြောသည်။ ပြည်သူများက ဘယ်သူ့ကြောက်ရမှန်းမသိ။ ဘယ်သူ့အဖေခေါ်ရမှန်းမသိ မျက်စိသူငယ်နားသူငယ်ဖြစ်ကုန်သည်။ စီးပွားရေးဝန်ကြီးတစ်ဦးက မိမိဝန်ကြီးလုပ်လာတာ သုံးနှစ်ပြည့်တော့ မည်ဖြစ်သော်လည်း မြေတစ်ကွက်တောင်မပိုင်သေးဟု မျက်ရည်ခံထိုးသည်။ ၀န်ကြီးကို သနားသူများက ကျုးကျော်တဲများတွင် သွားနေရန်အကြံပေးကြသည်။ ရန်ကုန်ဝန်ကြီးချုပ်ကတော့ တပ်မတော်အစိုးရလက်ထက်က အစစအရာရာအရှုံးခံလုပ်ပေးခဲ့တာမို့ တိုင်းပြည်က အဆင်းရဲဆုံးဖြစ်သွားရတာလို့ ပြောပြန်သည်။ ဒီတစ်ခါတော့ အစကတည်းက မျက်ရည်ဝဲနေကြသည့် ပြည်သူတစ်ရပ်လုံး မိမိတို့ဘ၀ကို တွေးမိကာ ဗြဲခနဲ ငိုကုန်သည်။ မြေကြီးပေါ် ခြေဆောင့်ငိုကုန်သည်။ မည်သူမှ မျက်ရည်မထိန်းနိုင်။ အုတ်ခဲတောင် အဲ့ဒီတုန်းက တစ်ပတ်ဆယ်ရက် ငိုမဆုံးဖြစ်ခဲ့ရသည်။ ခုတောင် ပြန်တွေးရင်ငိုချင်သည်။ နိုင်ငံတော်၏ စေတနာကြီးကိုလည်း နားလည်သွားသည်။ အစိုးရကို အင်မတန်သနားသွားသည်။ သူတို့ခမျာ... ငါတို့အတွက် ဒီလောက်လုပ်ပေးလိုက်ရတာ.... ဟင့်... ရွှတ်... ငွားးး ဟူ၍။ ဒီလိုမျိုး တစ်တိုင်းပြည်လုံး မျက်ရည်လည်ရွှဲဖြစ်နေရချိန်မှာ ခုဝန်ကြီးက နယ်လှည့်၍ ပါးရိုက်ဦးမည်ဆိုတော့ ပြည်သူတွေ ဘာလုပ်ရမှန်းမသိတော့။ ဒီကိစ္စက ရှော့ရှိသည်။ ရှော့အကြီးကြီးရှိသည်။ အုတ်ခဲပင် ဘယ်နားသွားပုန်းရကောင်းမည်နည်းဟု ပြေးပေါက်ရှာမိသည်။ အရေးကြုံသော် အကြံဥာဏ်ကောင်းများပေးတတ်သည့် ဆရာသခင် ပြည်သူ့သံချောင်းကို အကူအညီတောင်းရမည်။ ပြည်သူ့သံချောင်းက အချွန်နှင့်မမည့် ပါတီတစ်ခုတည်ထောင်ရင်း ၂၀၁၅တွင် အစိုးရဖြစ်ချင်နေသူဖြစ်သည်။ သူ့အစိုးရတက်လာလျှင် ဘာညာသာရကာလုပ်ပေးမည်ဟု အရက်ဆိုင်တကာ ပတ်ပြောနေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာထံ အုတ်ခဲ အမြန်ဖုန်းဆက်သည်။ ဘီယာလေးမြုံ့ရင်း ဒူးနန့်ကာ တိုင်းရေးပြည်ရေးများစဉ်းစားနေသည့် ဆရာသခင်သံချောင်းက စိတ်မပူရန် အုတ်ခဲကို နှစ်သိမ့်သည်။ အဲ့ဝန်ကြီးက ဘာတွေပြောလို့တုန်းဟု ဆရာသခင်က မေးသော် အုတ်ခဲ ဇာတ်သံနှော၍ ၀န်ကြီးပြောသမျှ အစီရင်ခံပြလိုက်သည်။ ဘီယာမူးနေသည့် ဆရာသခင်က ၀န်ကြီးလေသံကိုလိုက်တုကာ အုတ်ခဲကို ပယ်ပယ်နယ်နယ် ကလော်တုတ်တော့သည်။ ``ဘာအရက်သမားကို မှ ဂရုမစိုက်ဘူး ခင်ဗျားမှတ်ထား။ နယ်တကာလှည့်ပြီး ဖဲရိုက်ရဲတယ်။ သံချောင်းအစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် ဖြတ်ဖေါက်ချုပ်လုပ်ထည့်မှာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ သံချောင်းကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းဖြုတ်ဖေါက်ချုပ်လုပ်။ ငါ့ အစိုးရထွက်ရင် မင်းအတု ပြန်တပ်။ ..ဒါပဲ... ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲခိုးပြီးနေရာရလာတာ။ ခင်ဗျား ဘုဂလန့်ပြောရင် ခင်ဗျားအတွက် အရက်မတိုက်ဘူး။ တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ တိုင်ရင်လည်း ကျွန်တော်မူးနေလို့ မသိဘူးလို့ ပြောလိုက်ရုံပဲ။ ရှင်းတယ်နော်။ ဂေ့ ´´ဟူ၍ြုဖစ်သည်။ ဆရာသခင် အမူးလွန်နေပြီကို ရိပ်မိသော အုတ်ခဲတစ်ယောက် ဖုန်းအမြန်ပြန်ချကာ ကိုယ့်နဖူးကိုယ် ဖတ်ခနဲ ရိုက်လိုက်မိတော့သတည်း။
 - လွန်တာရှိ ၀န္ဒာမိပါ အရပ်ကတို့ - -
 လော်ဘီအုတ်ခဲ -
သတင်းစာ။ ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ်။

1 comment:

Related Posts Plugin for WordPress, Blogger...