Tuesday, February 11, 2014

“အောက်လမ်းဆရာ”

Soe Min.February 10, 2014 at 10:52am
             "ကယ်ကြပါဦးရှင်။ သမီးလေးကို တပ်က အတင်းအဓမ္မသိမ်းယူသွားလို့။" "သားသား ကျောင်းကပြန်လာတော့ သားတို့အိမ် အချိတော့ဝူး။" "လှိုင်သာယာမှာ လူပေါင်းသောင်းနဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်ပြီ။" ကြားလိုက်ရသမျှတော့ ရင်ကွဲပက်လက်တွေချည့်ပါပဲ။ စိတ်မခိုင်ရင် ၀င်မကြည့်လေနဲ့။ မျက်ရည်ငှက်များ နားစေသတည်း ဖြစ်သွားမယ်။ အညှီရှိရာ ယင်အုံဆိုသလိုပေါ့လေ။ အစိုးရမကောင်းကြောင်းတွေ ထေ့ကာငေါ့ကာ ရေးနေသူကြီးဆိုတော့ မိုက်ခွက်ကြီး မေးရှေ့ထိုးပြီး "ကိုရေ။ ဘယ်လိုလုပ်မလဲ။ ပျိုပျိုမေ စိတ်ညစ်တယ်တဲ့။ သူက...။" လာလုပ်တဲ့သူတွေလည်း မရှားပါဘူး။ ခက်တာက သည်ကလည်း ကောလိပ်ဂျင်နေ၀င်းကြီးလို "ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့...။" ဆိုပြီး ကရားရေလွှတ် တတွတ်တွတ် မပြောနိုင်သေးဘူးဗျ။ သပြေခက်ကလေးနဲ့ လက်အုပ်ချီပြီး နဖူးစုံကိုင်ရိုက်နေတဲ့ နတ်ကတော်ကြီးများတောင် အခါခပ်သိမ်း အခြောက်ပါးစပ်က နတ်စကား တန်းထွက်တာမှ မဟုတ်ပဲ။ ပူးတဲ့အခါလည်း ပူးမယ်။ နှူးတဲ့အခါလည်း နှူးမယ် မဟုတ်လား။
အလကားနေ သူများယောင်တိုင်း ပစ်ခတ်ငိုကြွေး ဒိုင်ဗင်ပစ်နေလို့ မဖြစ်သေးပါဘူးလေ။ ကိုယ်သေသေချာချာ မသိတဲ့အကြောင်းမို့လို့ မမှီးမစပ် အနီးမရပ် မကပ်မချဉ်း ဝေးအောင်ခွင်းနေပါသော်လည်းပဲ လိပ်ပြာလှသူမို့ ထင်ပါရဲ့။ အာရုံတွေ ရရလာပြန်ပါရော။ ဟယ်။ သည်အတိုင်းဆိုရင်တော့ မဖြစ်သေးပါဘူး။ အတိတ်ကာလက ရိက္ခာမရတဲ့ ပြိတ္တာမတွေ အိပ်ယာအထမှာ စိတ်လာအဆွနဲ့ တိုးပါပေါ့။ ဇော်ဂနီ ဇော်ဂနက် မောက်လုံးမောက်ပြား၊ အမျိုးမျိုးအပြားပြားသော အမှောင့်ပယောဂတို့ကို အကွင်းအကွင်း မုန့်တီဟင်းကဲ့သို့ ရှင်းလင်းစွာမြင်ရလေအောင် မန်ကျည်းခေါက်ကလေး မျက်ကွင်းဆေး သွေးလိမ်းပေးမှတော်တော့မယ်လေ ငါဟဲ့ အောက်လမ်းဆရာ။ လာလေ့။
              ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေတန်းမြင်မယ့်ဆရာကြီးများကတော့ သည်နိဒါန်းကလေး ဖတ်မိရင်ကို ရှေ့ဆက်ဖတ်စရာ မလိုတော့ဘူး။ "ဆဲလို့ရပြီ။ ဆဲလို့ရပြီ။ ဆဲလို့ရပြီ။" ဆိုပြီး အသီးသီး စတေးတပ်စ်တွေ ကောက်တင်ကုန်ကြရော့မယ်။ ဆန္ဒတွေ မစောပါနဲ့ဦးလေ။ ဆုံးအောင်ဖတ်ပြီးလည်း ဆဲလို့ရပါသေးတယ်။ ဟုတ်တယ်။ သည်ကိစ္စဟာ အကြံပက်စက် စကောလောက်မှ စောက်မနက်၊ ကမ္ဘာတည်သရွေ့ရော သံသရာအစဉ်ဆက်ဆက်ပါ လူယုတ်မာကြီးတွေ နေရာက ဘယ်သူ့ကိုမှ ဖယ်မပေးပဲ ယုတ်ကန်းသော အကုသိုလ်အမှုတို့ကို သူတို့ကချည့်ပြုချင်သော အာဏာရှင် စစ်အစိုးရရဲ့ ပြော၍မကုန်၊ ရေး၍မငြီးနိုင်သော မာယာတစ်သိန်း အပလိန်းအန္တတွေထဲက တစ်ခုမျှသော ရေခဲထိပ်စွန်းကလေး (Tip of the iceberg) ဖြစ်ပါတယ်။ (အောင်မယ်မင်း ရေးရတာ အရသာရှိလိုက်တာ။ ဖတ်ရတာရော မြိန်ရဲ့ မဟုတ်လား) ဒါပေမယ့် ဘိုးဘိုးရယ်။ “သူ့ချည့်သာလော” လို့တော့ မမေးပါနဲ့။ “ဆားနှင့်ပါဖျား။ ဆားနှင့်ပါဖျား။” လို့ ၀င်ငံစရာတွေ ရှိပါသေးတယ်။

              စစ်အစိုးရ ယုတ်မာတယ်ဆိုတာ ဘီဘီစီ ဗီအိုအေက အော်ပေးမှ သိရမယ့်ဘ၀ မဟုတ်ပါဘူး။ တို့က ကိုယ်တိုင်ခံရတဲ့သူ။ "ရင်မှာခံစားရတဲ့အဖြစ်ကို မင်းက နားမလည်ဘူး။" လို့တောင် အိုင်ရင်းဇင်မာမြင့်အသံလေးနဲ့ ဂိုးထည့်လို့ရတယ်။ မတရားမှုတွေဆိုတာ တိုင်းပြည်နဲ့အ၀ှမ်း တင်းကြမ်းပြည့်နေတာ။ ဘယ်နေရာမှာမှ မလွတ်ဘူးတဲ့။ (ပြောကြတာပဲလေ။ ဟုတ်မဟုတ် ကွကိုယ် ချင့်ချိန်) သို့ပေမယ့်လည်း အခုလက်ရှိကိစ္စမှာပဲ မြင်အောင်ကြည့်ပါလေ။ အိုးပျောက်အိမ်ပျောက် လမ်းဘေးရောက်နေတဲ့ဘ၀မှာတောင် "မင်းတို့ဟာတွေ တကယ်ရော ဟုတ်လို့လားကွာ။" လို့ သံသယ အ၀င်ခံကြရရှာတယ်။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ နေရာတကာမှာ အစစ်တွေချည့်ပဲ မဟုတ်ဘူး။ အင်ထုထားတဲ့ အတုတွေ လက်ဆုပ်လက်ကိုင်နဲ့ တွေ့ရဖန်များလာတဲ့အခါကျတော့ “ကျား” “ကျား” နဲ့ အော်ဖန်များလို့ တကယ့်ကျားလာတဲ့အခါ ဘယ်သူမှ လာကယ်မယ့်သူမရှိပဲ လည်စင်းခံရတဲ့အဖြစ်မျိုး တိုးရတယ်။

          ဒါကြောင့် ပိတ်သတ်ကြီးရေ။ သည်တစ်ခါ စစ်အစိုးရကို မဆဲဘူး သိလား။ (ဆဲလို့ ၀မှကိုး။ ဟိဟိ။) ကိုယ်ကိုယ်တိုင် ဒုက္ခသည်အစစ်မဟုတ်ပဲနဲ့ ဒုက္ခသည်ယောင်ဆောင်ပြီး တကယ့်ဒုက္ခသည်အစစ်တွေ ရသင့်ရထိုက်သော အခွင့်အရေးများကို ခိုးယူသွားသော အတုအယောင် အရေခြုံများကို ဆဲလိုက်ကြရအောင်နော်။ ဥပမာ ဆိုကြပါစို့ဗျာ။ နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်မှာ လူပေါင်းသိန်းချီသေကြပျက်စီးပြီး အိုးမဲ့အိမ်မဲ့ ဘ၀ပျက်ကုန်တယ်။ ရင်နာစရာကောင်းလွန်လွန်းလို့ ကိုယ့်ပြည်တွင်းကရော နိုင်ငံတကာကပါ လူသားချင်း စာနာထောက်ထားသော အထောက်အပံ့ အကူအညီများ ပေးပို့ကြတယ်။ အဲဒါတွေကို ဒုက္ခသည်တွေကို မပေးပဲ ကြားက ကိုယ်ကျိုးအတွက် ဖြတ်ခုတ်သုံးစွဲပစ်မယ် ဆိုပါစို့။ သည့်ထက်ယုတ်မာတာတောင် သည့်လောက်ယုတ်မာနိုင်ပါဦးမလား။ အလားတူပါပဲ။ လူကြောင့်ဖြစ်တဲ့ ဆင်းရဲဒုက္ခ (Man-made Disaster)တွေနဲ့ ကိုယ်တိုင်ကြုံတွေ့သယောင် မာယာတွေဆင်ပြီး စီးပွားရေး နိုင်ငံရေး အမြတ်ထုတ်သွားသူတွေများလာတဲ့အတွက် တကယ်တမ်း ဒုက္ခပင်လယ်ဝေကြရသူတွေမှာ လှစ်လျူရှုခံကြရမယ်ဆိုရင် ဘယ်တရားပါ့မလဲ။ "သည်လို အဖြစ်အပျက်မျိုးရှိတယ်။ ဟုတ်လား။" ဆိုပြီး ပေါင်းတာရဲ မျက်နှာပေးကြီးနဲ့ အခုမှ လာကြည့်မနေပါနဲ့လေ။ လာ။ လိုက်ခဲ့။ သက်သေပြမယ်။

           အခုလောလောဆယ် သုဝဏ္ဏကြက်ဘဲဈေးနားက ကားလမ်းပလက်ဖောင်းပေါ်မှာ ယာယီတဲကလေးတွေထိုးပြီး  မြန်မာ့ဂုဏ်ရောင်အိမ်ယာအတွက် ဆန္ဒဖော်ထုတ်နေသူများ ဆိုတာ ရှိတယ်။ သွား လေ့လာကြည့်။ နဂိုတုန်းက အဲသည်နေရာမှာ ဘာမှ မရှိဘူး။ အခု နေ့ချင်းညချင်း ဈေးတန်းကလေးလို လူတွေစည်ပြီး ကားလမ်းတွေ ပိတ်ကုန်ပြီ။ မီဒီယာသမားတွေ များများလာစမ်းပါ။ သူတို့က လူသိသထက်သိအောင် ကြော်ငြာချင်နေတာ။ ဖြစ်နိုင်ရင် လက်ပံတောင်းတောင်လောက်ကို နံမယ်ကြီးသွားချင်သေး။ သနားပါတယ်။ ဒုက္ခသည်တွေတဲ့။ နေပူကြဲတဲထဲမှာ စောင်ကလေးတွေကာလို့ ပလက်ဖောင်းမင်းသား ဇာတ်ခင်းနေကြရတယ်။ ရကော်ဒါကလေး တစ်လုံးလောက် ယူသွားကြည့်။ ဖြစ်ကြောင်းရယ်တဲ့ကုန်စင် နတ်သံနှောလို့ ပြောပြချင်သူတွေချည့်ပဲ။ ရင်ဘတ်ကြီးထုထုပြီးကို ငိုပြနိုင်တယ်။ ညနေညနေစည်တယ်လေဆိုတဲ့ အဲ့နေရာလေးက မိုးစုပ်စုပ်ချုပ်တဲ့အခါ ဘယ်နှစ်ယောက်များ ကျန်ပါလိမ့်။ အချိန်တန် အိမ်ပြန်ကြသူချည့်ပဲဆို ဒုက္ခ။ အဲသည်လူတွေ ဘယ်ကနေရောက်လာသလဲ။ ဘယ်ကိုပြန်သွားကြတာလဲ။ နေ့တွက်မှ ကိုက်ပါ့မလား။ အမိုးမပါ။ အကာမရှိ၊ ခြင်တွေကကိုက်၊ ကြက်စော်ဘဲစော်ကနံ၊ ရေဘယ်ကရလို့ အိမ်သာဘယ်နားတက်ကြပါလိမ့် လို့ အိုးကမပူ စလောင်းကပူ ပူမိပါသည်လေ။

            လူဆိုတာ ကိုယ့်ထိမှ မချိအောင် နာတတ်တဲ့အမျိုးဗျ။ တကယ်လို့များ သူတို့နေရာမှာ ကိုယ်ရောက်နေပြီ ဆိုပါစို့။ တဲပေါ်က တိုက်ပေါ်ရောက်မယ်လို့ အဖယ်ခိုင်းပြီးမှ ကိုယ့်နေရာက အဆင့်မြင့်အိမ်ယာကြီးကို သိန်းထောင်သောင်းချီပြီး ရောင်းစားကြမယ်။ ကိုယ့်ကျတော့ သည့်ထက်သည် ပိုဝေးတဲ့ခေါင်တဲ့အရပ်မှာ တဲပဲထပ်ထိုးနေချေဦးဆိုပြီး အနိုင်ကျင့်ခံရမယ်။ သည်အဖြစ်မျိုး ကြုံလာရင် သည်းခံခြင်းတရား လက်ကိုင်ထားပြီး တရားနဲ့ မဖြေနိုင်ရင်သာနေမယ်။ အနည်းဆုံး ဗိုလ်ချုပ်အဆင့်လောက်ရှိတဲ့ အာဏာလက်ရှိလူတွေကို လမ်းဘေးစောင်ကာပြီး အံတုဘက်ပြိုင်နိုင်ဖို့ဆိုတာကတော့ တော်တော် မလွယ်တဲ့ကိစ္စပါလေ။ အားပေးအားမြှောက်ပြုမယ့်သူ မရှိပဲနဲ့ ဖြစ်ကို မဖြစ်ဘူး။

          ဒါပေမယ့် မြှောက်ပေးမယ့်သူတွေက ပါးစပ်ကလေးနဲ့တင် မြှောက်ပေးမှာ မဟုတ်ဘူး။ အိမ်ကနေ ဖယ်ရီနဲ့ လာကြိုမှာ။ နေ့တွက် နဲ့ ထမင်းစားရိတ်လည်း ပေးမယ်။ ဗီနိုင်းတွေ လိုသလောက် မှာပေးတယ်။ မီဒီယာ အင်တာနက်နဲ့ ဂျာနယ်တွေထဲလည်း ပါရစေ့မယ်။ အဆင်ပြေရင် ပြည်ပမီဒီယာတွေနဲ့ပါ အင်တာဗျူးပေးပြီး ယူကျုပေါ် ဖေ့စ်ဘုတ်ပေါ် တင်ပေးဦးမယ်လေ။ ကျူးကျော်တဲများ ထိုးချင်သပဆို ၀ါးလုံး သက်ကယ် ကားဘယ်နှစ်စီးစာ လိုချင်သလဲပြော။ တူရော သံပါ၊ နှီးဖျာမကျန် စပွန်ဆာပေးနိုင်တယ်။ ပေးလည်းပေးတယ်။ ပလီဖျက် အိမ်ဖျက် ဖျက်ချင်လည်း မခဲယဉ်းပါဘူး။ ဘူဒိုဇာပါ လိုရာရောက်အောင် မောင်းပေးပါလိမ့်မယ်။ ကားမောင်းသက် အနှစ်၂၀ ရှိတဲ့ ကိုယ်တောင် အဲ့လိုယန္တယားကြီးတွေ စက်ဘယ်လိုနှိုးရမှန်းမသိဘူး။ ဥက္ကံကဆရာတော်တွေများ ဆရာမကူ သယမ္ဗူ နဲ့ ဘူဒိုဇာပါ ကျွမ်းကျင်လေတယ်။ တန်တော့ အဲသည်ဆင်းရဲသားမျိုးချစ်ပုဂ္ဂိုလ်များဘက်က မားမားမတ်မတ် ရပ်တည်ပေးသူ စပွန်ဆာများဟာ မဟုတ်ကာမှလွဲရော။ သိကြားမင်းကြီး ဦးမာဃ မကောင်းသူပယ် ကောင်းသူကယ်ဖို့ လူယောင်ဖန်ဆင်း လွှတ်လိုက်တယ် ထင်ပါရဲ့နော်။

            သမီးလေးရွာနဲ့ ပတ်သက်ပြီး သေသေချာချာ သိတဲ့သူက ဖေ့စ်ဘုတ်ပေါ်တင်ထားတာလည်း ဖတ်လိုက်ရပါတယ်။ သူပြောတော့မှ ဟုတ်သားပဲ။ အဲဒီနေရာ ကိုယ်ရောက်ဖူးတယ်။ ဖူးကြီးတာဆုံ နားကနေရာ။ အစက ဘာရွာမှ မရှိဘူးဆိုတာလည်း ဟုတ်တယ်။ တပ်ပိုင်မြေအဖြစ် သိမ်းထားတယ်ဆိုတာလည်း ဟုတ်တယ်။ ဘာဖြစ်လို့ သိသလဲဆိုတော့ အဲဒီနေရာတွေ တပ်ပိုင်မြေအဖြစ် မသိမ်းခင်တုန်းက အကွက်တွေဖော်ပြီး ဥယျာဉ်ခြံမြေအဖြစ် ဂရံနဲ့ငှားစားတယ်။ ဧကနဲ့ဝယ်ရင်တောင်မှ ဈေးကဘယ်လောက်မှ မရှိဘူး။ ဘယ်သူမှလည်း ၀ယ်တဲ့သူ မရှိဘူး။ ဒါပေမယ့် ကိုယ်တို့ဝယ်ခဲ့ဖူးတယ်။ သောင်းဂဏန်းနဲ့ မြေပိုင်တာ အဲ့နားမှာပဲ ရှိတယ်။ ကိုယ့်ဦးလေးက ကန်စွန်းဥ၊ ပိန်းဥ နဲ့ ချဉ်ပေါင်ခင်းကလေးပျိုးထားတယ်။ မနက်ခင်းက သွားပြီး အဒေါ်ကထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကလေးနဲ့၊ ငပိလေး ငှက်ပျောဖက်ကျွမ်းအောင် မီးဖုတ်ပြီး ချဉ်ပေါင်ဟင်းကလေး ချက်စားတာ ခုထက်ထိ မမေ့ဘူး။ ပြန်လာတော့ လက်မှာ ငပိနံ့လေးစွဲလာလို့ တစ်လမ်းလုံး နမ်းနမ်းကြည့်လာတာ သတိရတယ်။ သိပ်မကြာပါဘူး။ အဲသည်အကွက်တွေအားလုံး တပ်ပိုင်မြေအဖြစ် သိမ်းပလိုက်ပြီဆိုလို့ နှမြောတသ သုံးကြိမ်ရွတ်ဆိုပြီး သာဓုခေါ်ပလိုက်တာ မေ့တောင် မေ့နေပြီ။ အဲ့ဒါ အရေးအခင်းမဖြစ်ခင်တုန်းက။ အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ဂရံရှိတဲ့သူတွေ ပြန်လျှောက်ရင် မြေကွက်အစားပေးသလိုလို ပြောသံကြားမိပေမယ့် ဘယ်သွားမေးရမှန်းမသိလို့ သံယောဇဉ်ဖြတ်လိုက်တယ်။

            ခုကျ ဘာဖြစ်လို့ ချေးခြောက်ရေနှူး လုပ်ရသတုန်းဆိုတော့ ဘုမသိဘမသိနဲ့ သူများရေးတာကို ကျိတ်မှိတ်ထောက်ခံတယ် ထင်မှာစိုးလို့။ ရောက်ဖူးတယ် သိတယ်ဆိုတဲ့အကြောင်းပြောတာ။ သူများရေးထားတဲ့စာကို ကိုယ်မြင်ဖူးသိဖူးထားတာနဲ့ ချိန်ကြည့်တာ။ သူရေးထားတာက သမီးလေးရွာက ၂၀၁၃ အစပိုင်းမှ စတည်လာတာတဲ့။ အုပ်ချုပ်ရေးမှူး မရှိဘူး။ ကျေးရွာဖွဲ့စည်းပုံ မရှိဘူး။ ဒါပေသိ မြေကြီးရှိတယ်။ စိုက်ပျိုးစားလို့ရတယ်ဆိုရုံနဲ့တော့ အဲသလောက် ပြဿနာ မတက်သေးပါဘူး။ ခုဟာက ရောင်းစားလို့ရတယ်ဆိုတဲ့ ဈေးကွက်ကြီးပေါ်လာလို့။ လောလောဆယ် တက်နေလို့ရမယ်။ နောင်ကျ လျော်ကြေးရတော့ ငွေထုပ်ပိုက်ပြီး ပြန်လာမယ်ဆိုတဲ့ ခါတော်မီ စီမံကိန်းသမားတွေ၊ နောက်ကွယ်က ရင်းနှီးမြှုတ်နှံလိုသူတွေကြောင့် ဇာတ်ရှိန်က တဖြေးဖြေး တက်လာတာပါ။ အစိုးရကလျှော့ပေးလိုက်လို့ တရားဝင်ဖြစ်သွားရင် မြေကြီးက ရွှေသီးတော့တာကိုး။

          ဒါကိုလည်း အမှန်လို့ မယူလိုက်နဲ့ဦးနော်။ အခုပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံကြီးနဲ့တက်လာပြန်ရော။ ၂၀၀၀ ပြည့်နှစ်က လဂွမ်းပြင်ရေလှောင်တမံကျောက်စာမှာ သမီးလေး ကျေးရွာအနီးလို့ အခိုင်အမာပါတယ်လို့ ပြန်ငြင်းနေပြန်ပြီ။ ဘယ်ဟာကို ယုံမှာလဲ။ ကိုယ်တိုင်မှ မရောက်ဘူးတာ ဘယ်ဟာမှ မယုံဘူးပေါ့။ ရှင်းရှင်းလေး။ အမှန်တရားက အမှန်တရားပဲ။ သူ့ဟာသူနေတာ။ လူတွေလိုချင်တာ အမှန်တရားမှ မဟုတ်ပဲ။ ငါမှန်တယ်ဆိုတာပဲ လိုချင်တာ။ အဲသလိုနဲ့ပဲ ဘယ်သူဘာပြောပြော တို့မယုံဘူး ဘ၀ရောက်လာတာ မြင်တဲ့အတိုင်းပဲ။ မယုံတော့ လူလိမ်လူညာတွေ နစ်နာစရာ မရှိပါဘူး။ လောကကြီး လိမ်စားစရာ လူမှ မကုန်တာ။ ကိုယ်မယုံလည်း နောက်လူယုံလိမ့်မယ်။ အမှန်တကယ် ဒုက္ခရောက်သူတွေမှာသာ နူရာလည်း ၀ဲစွဲတယ်။ လဲရာလည်း သူခိုးထောင်းခံရတယ်။

             ဒါမျိုးကိစ္စတွေ အမ်းမှာကတည်းက လူပါးဝခဲ့ပါတယ်။ တရုတ်ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်မယ်ဆိုတဲ့နေရာတွေကို ရှေ့က တစ်မိုင်စာလောက် ကြိုကြိုရှင်းပြီး မြေလာတိုင်းတဲ့အချိန် အပင်ကလေးတွေ ထောင်နေအောင် ကိုင်းထောက်စိုက်ပြီး အပင်ရေပြတယ်။ တကယ်တမ်းတော့ ဘယ်တုန်းကမှ စိုက်ခဲ့ပျိုးခဲ့တာ မဟုတ်ဘူး။ ကိုယ်တို့ဆေးရုံထဲက ၀န်ထမ်းတစ်ယောက်တောင် ပါသေး။ အလုပ်ပျက်အကိုင်ပျက်ကို အဲသည်နောက် တကောက်ကောက်လိုက်နေတာ။ အလုပ်ထုတ်ချင်ထုတ်လိုက်တဲ့။ သည်အလုပ်က တစ်သက်လုံးလုပ်လည်း သိန်း တစ်ရာနှစ်ရာ ပိုက်မိစရာ မရှိဘူးတဲ့။ ဟိုဘက်မှာ နှစ်လ သုံးလလောက် ဒုက္ခခံပြီး လိုက်အလျော်တောင်းရင် အဲ့လောက်ပိုက်ဆံက အသာလေးတဲ့။ တကယ်တမ်းအဲသည်နေရာမှာ ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်စားသူတွေက မရဘူး။ သူတို့ဆီကနေ နားလှည့်ပါးရိုက်လုပ် ပိုက်လိုင်းတစ်ကြောစာဝယ်၊ လျော်ကြေးလည်တောင်းတဲ့ လူလည်တွေပဲ ထောကုန်ကြတာ။ ဒီလိုလူတွေ မျက်မြင်ကိုယ်တွေ့ ကြုံဖူးတဲ့အတွက် သမီးလေးရွာက မင်္ဂလာမောင်နှံ သောင်ယံထက် တောင်ပံယှက်တယ်ဆိုတဲ့ ဒရာမာတွေကို ကိုယ်ကမျက်ရည်ကျဖို့ ခက်တယ်။ သူတို့ကို အတုအယောင် လူလိမ်တွေလို့ မစွပ်စွဲဘူးနော်။ ရှေ့မှာ လူလိမ်တွေ မြင်ရဖန်များလို့ တော်ရုံဆို မယုံတော့ဘူးလို့ ပြောချင်တာ။

               အစစ်တွေလည်း မရှိဘူး မဟုတ် ရှိတာပေါ့။ အစစ်ရှိလို့ အတုပေါ်လာတာလေ။ ဒါပေမယ့် အစစ်က နင်းပြားအစစ်မို့ အသံတောင် မထွက်နိုင်တော့ဘူး။ အသက်တောင် မျော့မျော့ကျန်တာ။ အတုတွေကမှ ဟေးလားလေမောင်ရို့ရော ၀မ်းစမိုးပါ သောသောညံတယ်။ ဒီအခါမှာ တကယ့်ဒုက္ခသည်တွေခမျာ သူများက မတရားသဖြင့် အနိုင်ကျင့်လို့  နစ်နာရတာတစ်မျိုး၊ တကယ့်ဒုက္ခသည်လည်း မဟုတ်ပဲနဲ့ ကိုယ်ကျိုးဝင်ဝင်ရှာတဲ့သူတွေကြောင့် ရသင့်ရထိုက်သော ကာကွယ်စောင့်ရှောက်မှုများမရပဲ လဲရာသူခိုးထောင်းခံရတာတစ်ဖုံနဲ့ သိပ်နစ်နာတာပဲ။ သူတို့အဖြစ်က မီးလောင်လို့ ထမင်းထုပ်ဝေတဲ့ဆီမှာ တခြားရပ်ကွက်လူတွေ လာသယ်သွားလို့ နပ်မစေ့တဲ့သူတွေနဲ့ သိပ်တူတာပဲ။ မြိန်ရက်ပေ့ သူတို့ကိုယ် မြိုရက်ပေ့ သူ့ခံတွင်း လို့သာ မေတ္တာပို့ဖို့ကောင်းတော့တယ်။

              အလားတူပါပဲ။ ဒီမိုကရေစီနိုင်ငံတော်ကြီး စတည်ဖြစ်ထွန်းလာလို့ နိုင်ငံသားတွေ မိမိတို့ ဆန္ဒသဘောထားများကို တပိုင်တနိုင် ငံခွင့်ရလာပြီ ဆိုတဲ့အခါကျတော့ ဘယ်သူတွေက ဘယ်နေရာမှာ ဆန္ဒဖော်ထုတ်ချင်သလဲပြော။ “ဘယ်တော့လာခေါ်မလဲကွယ်။ အလှတွေ ပြင်ထားမယ်။ နေပူထဲသွားတော့ အသားလေးမဲပါမယ်။” ဆိုတဲ့ အ၀ိုင်းမှာစုတဲ့ ခိုင်သိန်းတို့၊ ပျော်မဆုံးမော်မဆုံး နော်အုန်းလှတို့ခမျာ အလုပ်နဲ့လက်နဲ့ ပြတ်ရတယ် မရှိပေါင်ကွယ်။ နိုင်ငံခြားသွားဖို့တောင် ဗီဇာယူပေးကြရတယ်။ သူတို့လို ဆန္ဒဖော်ထုတ်တဲ့သူတွေ ဖောင်းပွလာရင်ကော ဘာတွေ ဖြစ်တတ်သလဲ သိလား။ အဲ့ဒါကတော့ တခြားသွား မကြည့်နဲ့။ အန်တီရင်ရင်တို့ဆီကို ကြည့်လိုက်။

              ရင်ရင်တို့ရွာမှာ ရင်ရင့်ကို မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ ဆန္ဒပြနေတဲ့သူတွေဟာ ရင်ရင်ပြုတ်မကျမချင်း ကျေကိုမကျေဘူးတဲ့။ ဒါတော့ ဘယ်တရားပါ့မလဲ။ ရင်ရင့်ကို ချစ်တဲ့သူတွေလည်း ရှိဦးမှာပေါ့။ မကျေနပ်ရင် ပြန်ရွေးကောက်မယ်လေ။ တစ်ရွာလုံးက ရင်ရင့်ကို မလိုချင်ဘူးဆို ရင်ရင်ထွက်သွားပေးမှာပေါ့တဲ့။ ရင်ရင်ပြောတာ နည်းလမ်းကျပါတယ်။ နည်းလမ်းမကျတာက ရင်ရင့်မေတ္တာအိုးကြီးတွေပေါ့။ ပြန်ရွေးကောက်လိုက်ရင်လည်း ရင်ရင်ပဲ တက်ဦးမှာဆိုတာလည်း သိနေတယ်။ အဲသလိုဖြစ်ပြီး ရင်ရင်ပြန်တက်လာပြန်ရင်လည်း သူတို့မှာ နေစရာမရှိအောင် ဒုက္ခရောက်ကုန်မှာလည်း ကြောက်နေကြတယ်။ ဒါနဲ့ပဲ မပြီးနိုင် မစီးနိုင် ဆန္ဒပြပွဲတွေလုပ်နေတာ ခုဆို တစ်လကျော်ကျော်တောင် ရှိလာပြီ။ ဟိုးတစ်ခါပြောဖူးသလို စစ်တိုက်တာမှ အလကားမရတာ မဟုတ်ဘူး။ ဆန္ဒပြတာလည်း အလကားမရဘူး။ ရေသန့်တွေ ဝေရတယ်။ ထမင်းကျွေးရတယ်။ အ၀တ်အစားထုတ်ပေးရတယ်။ အကြိုအပို့လုပ်ရတယ်။ သတင်းထဲပါအောင် လှော်ရညှော်ရတယ်။ တစ်နေ့တာ ကုန်ကျစားရိတ်ဟာ ဘတ်ငွေဆယ်သန်းရှိပါသတဲ့။ တစ်လကျော်ဆို စဉ်းစားကြည့်ပါဦးလေ။ အလုပ်ပျက်အကိုင်ပျက်နဲ့ ၀င်နေကျဝင်ငွေတွေက အကုန်ရပ်တန့်သွားတာ။ အဲဒီစားရိတ်တွေကို ပြည်သူတွေက ခံနိုင်ပါ့မလား။ တစုံတယောက်သောသူရဲ့ အထောက်အပံ့နဲ့သာ နောင်နေ့ကျလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ် လုပ်နိုင်တာ။ ကဲ ဆရာနဲ့တွေ့တော့ မခံနိုင်ဘူး မဟုတ်လား။ ပယောဂမှန်တော့ တုန်ဆင်းလာပြီ။ မြင်အောင်သာကြည့်။

              ဆန္ဒဖော်ထုတ်တယ်ဆိုတဲ့သူတိုင်းဟာ ပြည်သူတွေရဲ့ ဆန္ဒကိုဖော်ထုတ်တာ ဟုတ်ချင်မှဟုတ်တယ်။ တစုံတယောက်သောသူရဲ့ဆန္ဒကို အခကြေးငွေ ခံစားခွင့် တစ်ခုခုယူပြီး အငှားဖော်ထုတ်ပေးတာတွေလည်း ရှိတယ်။ အဲ့ဒါတွေကို အဟုတ်ကြီးမှတ်ပြီး ကိုယ်ကိုယ်ကိုယ်လိမ်ရင် လူတဘက်သားကိုလိမ်ရင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ရတော့မှာ။ ဘဘကြီးလက်မှတ်တစ်သိန်းကို ဗိုလ်စိန်မှန်မှာ အဖတ်လည်းဆယ်မရ အရည်လည်းသောက်မရခဲ့ဘူး မဟုတ်လား။ ခုလောက်ဆိုရင်တော့ ကိုယ်တို့အိမ်မှာဖြစ်နေတဲ့ အသည်းအူနှုတ်၊ ရိုက်ပုတ်ချည်နှောင်၊ ဂယောင်ဂတမ်း၊ ယောင်ယမ်းငိုကြွေး၊ ပူဆွေးဆူပွက်၊ မနှစ်သက်ဖွယ်သော အဖြစ်အပျက်အလုံးစုံဟာ စုံး၊ ဖုတ်၊ ကဝေ၊ တစ္ဆေ၊ မှင်စာ၊ မတြာ၊ ယက္ခိုက်၊ အတိုက်အမြှုပ်၊ အနှုတ်အဖွဲ၊ အစွဲအလန်း၊ အကြမ်းအနု၊ ပြုပြုသမျှ မကောင်းသော လုံ့လပယောဂတွေ မကင်းဘူးလို့ သတိလေးကပ်နိုင်ရင် တော်ပါပြီကွယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...