Monday, February 10, 2014

ခေတ်ပြိုင်တရုတ်ပြည်တွင်း လူမှုအတွေးအခေါ်နယ်ပယ်ရှိလှိုင်း (၇) လှိုင်းနှင့်၎င်းတို့၏ ဖြစ်ပေါ်တိုးပွားမှု

 တီထွင်ဆန်းသစ်တဲ့ မာ့က်စ်ဝါဒအပေါ် အချက်အချာနေရာတွင်ထားခြင်းနှင့်အတူ ခေတ်ပြိုင် တရုတ်ပြည်တွင်း လူမှုအတွေးအခေါ်နယ်ပယ်ရှိ လှိုင်း ၇ လှိုင်းနှင့် ၎င်းတို့၏ ဖြစ်ပေါ်တိုးပွားမှု

(မူရင်းဆောင်းပါးရှင် ချိန်အင်ဖု ဟာ မာ့က်စ်ဝါဒ အကယ်ဒမီနဲ့ တရုတ်ပြည်လူမှုသိပ္ပံ အကယ်ဒမီ (ပေကျင်း) ရဲ့ ပါမောက္ခနဲ့ဥက္ကဋ္ဌဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒ အသင်းကြီးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အခုဆောင်းပါးမှာ လတ်တလော တရုတ်ပြည်တွင်းမှာ ပေါ်ပေါက် ခေတ်စားနေတဲ့ အတွေးအခေါ်အချို့ကို သုံးသပ်တင်ပြထားတယ်။ နောက်ပြီး တရုတ်ပြည်မှာ မာ့က်စ်ဝါဒကို ဘယ်လိုတီထွင် ဆန်းသစ်နေတယ် ဆိုတာတွေကို တင်ပြထားတယ်။



တရုတ်ပြည်က တော်လှန်ရေးအောင်ပြီးလို့ ဆိုရှယ်လစ်စီးပွားရေး တည်ထောင်နေချိန် ဖြစ်တယ်။ စီးပွားရေးနဲ့ ကုန်လုပ်စွမ်းအားစုတွေ ဘယ်လိုဖွံ့ဖြိုးတက်စေမလဲ။ ဓနဥစ္စာတွေ ဘယ်လိုခွဲဝေမလဲ။ ဆိုရှယ်လစ်တည်ဆောက်ရေးကာလမှာ ပါတီနဲ့အစိုးရရဲ့ အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေလို့ ဆိုနိုင်ပါတယ်။ သူတို့ အသစ်ရှာဖွေတဲ့ မာ့က်စ်ဝါဒ က ဆိုရှယ်လစ် စီးပွားရေးတည် ဆောက်ရေးဆိုင်ရာဖြစ်တယ်။ ကျနော်တို့က တော်လှန်ရေး မအောင်မြင်သေးပါ။ ဒီအတွက် ကျနော်တို့ ရှာဖွေမယ့် မာ့က်စ်ဝါဒက တမျိုးဖြစ်ပါမယ်။ ရဲဘော်များ တစုံတရာ ဦးနှောက် လှုပ်ရှားနိုင်ရန်အတွက် အကျဉ်းချုံးပြီး ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်သူ)
--------------------------------------------
မျက်မှောက် တရုတ်ပြည် လူမှုအတွေးအခေါ်နယ်ပယ်တွင် ပေါ်ပေါက်နေသော အတွေးအခေါ်များကို အကျဉ်းအားဖြင့် လှိုင်း ၇ လှိုင်း ခွဲခြားနိုင်တယ်။ ဒါတွေကတော့ လက်သစ်လစ်ဘရယ်ဝါဒ (new-liberalism)၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ (democratic socialism)၊ လက်ဝဲဝါဒသစ် (new leftism)၊ ရောသမမွှေ မာ့က်စ်ဝါဒ (eclectic Marxism)၊ သမားရိုးကျ မာ့က်စ်ဝါဒ (orthodox Marxism)၊ ပြန်လည်နိုးထရှင်သန်ခြင်း (revivalism) နဲ့ တီထွင်ဆန်းသစ်တဲ့ မာ့က်စ်ဝါဒ (innovative Marxism) တို့ ဖြစ်တယ်။

လက်သစ် လစ်ဘရယ်ဝါဒ

သူ့မှာ ပေါ်လစီဆိုင်ရာ အဆိုပြုချက် ၃ ခု ရှိတယ်။ ပထမအချက်က စီးပွားရေးမှာ စည်းမျဉ်း ကလနားများ ဖယ်ရှားပြီး လွတ်လပ်ခွင့်ပေးဖို့ဖြစ်တယ်။ ပုဂ္ဂလိကလက်ဝါးကြီးအုပ်များနဲ့ ဒိတ်ဒိတ်ကြဲတစုကိုပဲ စီးပွားရေး၊ မီဒီယာ၊ ပညာရေးနဲ့နိုင်ငံရေးတို့ကို ပြည်တွင်းမှာရော ပြည်ပမှာပါ လွတ်လွတ်လပ်လပ် ထိန်းချုပ်ခွင့်ပေးဖို့ ဖြစ်တယ်။ ဝင်ရောက်စွတ်ဖက်မှုတွေ မလုပ်နိုင်စေဖို့ အတွက် အစိုးရအဖွဲ့ကိုလည်း သေးငယ် အားပျော့နေစေရမယ်လို့လည်း ဆိုပါတယ်။

ဒုတိယအချက်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အားပေးတာ ဖြစ်တယ်။ ဈေးကွက်စနစ် ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ အခြေခံအုတ်မြစ် ဖြစ်တယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ခင်းများ၊ ကျောင်းများ၊ စာတိုက်လုပ်ငန်း၊ မိုင်းတွင်းများ၊ အများဆိုင်ရာ ဝန်ဆောင်မှုများနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံး ပုဂ္ဂလိကပိုင်ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

တတိယအချက်ကတော့ လူမှုဖူလုံရေးစနစ်ကို ဆန့်ကျင်တာပဲ ဖြစ်တယ်။ လူမှုဖူလုံရေး နိုင်ငံနဲ့ ပြည်သူတွေရဲ့ လူမှုဖူလုံရေးများ တိုးမြှင့်ဆောင်ရွက်ပေးခြင်းများကို သူတို့က ဆန့်ကျင်တယ်။ ပြည်တွင်းရော ပြည်ပရှိ လက်သစ်လစ်ဘရယ်များဟာ ဒီအချက်မှာ တူညီကြတယ်။ တရုတ်ပြည်မှာတော့ လက်သစ်လစ်ဘရယ်များဟာ အနိမ့်ဆုံးလုပ်ခနဲ့ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ပဋိညာဉ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေများ ပြဋ္ဌာန်းခြင်းကိုလည်း ဆန့်ကျင်ကြတယ်။ သူတို့ဟာ အရေအတွက်အားဖြင့် နည်းပေမယ့် တဖြည်းဖြည်းသြဇာတက်လာနေတယ်။

ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ

သူ့ရဲ့ အယူအဆတွေကို ချုပ်လိုက်ရင် အောင်ပါအတိုင်းဖြစ်တယ်။
ပထမအားဖြင့် မာ့က်စ်ဝါဒဟာ တခုတည်းသော လမ်းညွှန်အတွေးအခေါ်တွေ အမျိုးမျိုးအဖုံဖုံ တည်ရှိခြင်းကို ထောက်ခံအားပေတယ်။ ဘန်းစတိန်းရဲ့ ပြန်လည်ပြင်ဆင်ရေးနဲ့ ကိန်းရဲ့ စီးပွားရေးတို့ကို သူတို့ရဲ့အယူအဆရဲ့ အရင်းအမြစ်နဲ့အစိတ်အပိုင်းတွေအဖြစ် သဘောထားတယ်။

ဒုတိယအချက်က နိုင်ငံရေးစနစ်နဲ့ဆိုင်တယ်။ ပါတီစုံပြိုင်ဆိုင်မှုနဲ့ အစိုးရအဖွဲ့ အလှည့်အပြောင်း ရှိတာကို ထောက်ခံကြတယ်။ အကျိုးစီးပွားအုပ်စုအနေနဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီမှာလည်း ကိုယ်ပိုင်အထူးအကျိုးစီးပွားရှိတယ်။ ဒါကြောင့် တခုတည်းသော အာဏာရပါတီအဖြစ် ရပ်တည်နေရာမှာ အကျင့်ပျက်ခြစားမှုကို မရှောင်နိုင်တော့ဘူးလို့ ဆိုတယ်။

တတိယအချက်က စီးပွားရေးစနစ်နဲ့ ပတ်သက်တာ ဖြစ်တယ်။ အရင်းရှင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ပြောင်းလဲပစ်စရာမလိုဘဲ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နိုင်တယ်လို့ ဆိုတယ်။ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်နဲ့ အခြားလုပ်ခင်းကိုင်ခင်းကြီးတွေနဲ့ ပေါင်းစပ်ထားတဲ့ စီးပွားရေးစနစ်နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဘောင်အတွင်းမှ အရင်းပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ဓနခွဲဝေခြင်းကို ရပ်ခံကြတယ်။ အန္တိမ ရည်မှန်းချက်အဖြစ် ကွန်မြူနစ်စနစ်ကို ထားရှိခြင်းအပေါ်လည်း လက်မခံပါ။ ဒါကို စိတ်ကူး ယဉ်အဖြစ်ပဲ သဘောထားတယ်။

လက်ဝဲဝါဒသစ်

ပညာတတ်တွေ လျော့ရဲရဲပေါင်းထားတဲ့ အုပ်စုတစု ဖြစ်တယ်။ သူတို့ဟာ ဂျာနယ်တွေ၊ အင်တာနက် စာမျက်နှာတွေမှာ ဆောင်းပါးတွေ ရေးသား ဖြန့်ဝေရာကနေ လူထုရဲ့အာရုံစိုက်မှုကို ရရှိလာတယ်။ တရုတ်ပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာလည်း သြဇာသက်လာတယ်။ သူတို့ထဲက အများစုဟာ နိုင်ငံခြားမှာ ပညာသင်ကြားခဲ့သူတွေ ဖြစ်တယ်။ တချို့က အခုအချိန်အထိ နိုင်ငံခြားမှာ နေထိုင်နေဆဲ ဖြစ်တယ်။

သူတို့ရဲ့ အယူအဆတွေကို ဖြန့်ဖြူးနေတဲ့ အဓိက အင်တာနက် စာမျက်နှာကို တည်ထောင် သူကတော့ “ဟန်တဲ့ချန်” ဖြစ်တယ်။ သူဟာ မာ့က်စ်ဝါဒဆိုင်ရာ ဒေါက်တာဘွဲ့ ရထားသူ ဖြစ်တယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာရုပ်ဝါဒနဲ့ တန်ဖိုးဆိုင်ရာ အလုပ်အယူအဆကို သူက လက်မခံတဲ့အတွက် မာ့က်စ်ဝါဒီတော့ မဟုတ်ပါ။ တဖက်မှာတော့ အများပိုင်စနစ်ကို ထောက်ခံပြီး လက်သစ် လစ်ဘရယ်ဝါဒကို ဝေဖန်သူတဦး ဖြစ်တယ်။

လက်ဝဲဝါဒသစ်မှာ အဓိကလက္ခဏာ ၃ ခု ရှိတယ်။
ပထမ... ဈေးကွက်ပြုပြင်ရေး ဖော်ဆောင်ရာမှာ အားကောင်းတဲ့ အစိုးရက လွှမ်းမိုး ထိန်းကျောင်းရမယ်လို့ ဆိုတယ်။ ၁၉၉၃ ခုနှစ်မှာ ထွက်လာတဲ့ ‘တရုတ်အစိုးရ ၏ ပါဝါဆိုင်ရာ အစီရင်ခံစာ’ စာတမ်းမှာ ဒီအယူအဆကို တွေ့နိုင်တယ်။ ဒီစာတမ်း သြဇာကြောင့် ၁၉၉၄ ခုနှစ်မှာ ဒေသဆိုင်ရာနဲ့ ဗဟိုအစိုးရဆိုင်ရာ အခွန်ခွဲခြား ကောက်ခံတဲ့စနစ် ပေါ်လာတယ်။

ဒုတိယကတော့ အရင်းရှင် ကမ္ဘာလွှမ်းခြုံမှု (Capitalist Globalization)ကို လက်ဝဲဝါဒီသစ်တွေက ဝေဖန်ကြတယ်။ အရင်းရှင်ကမ္ဘာလွှမ်းခြုံမှုကြောင့် တရုတ်ပြည်မှာ အရင်းရှင်စနစ် ပြန့်ပွားမှုကို ဖြစ်စေတယ်လို့ ဆိုတယ်။ တရုတ်ပြည်လူမှုပြဿနာများရဲ့ အရင်းအမြစ်ဟာ တရုတ်ပြည် ပြင်ပမှ လာတာဖြစ်တယ်လို့ ယူဆတယ်။ ကမ္ဘာလွှမ်းခြုံမှု၊ နိုင်ငံတကာ အရင်းအနှီးနဲ့ ဈေးကွက် စီးပွားရေးစနစ် စတာတွေကြောင့်လို့ ဆိုတယ်။ ဒီကိစ္စမှာ လက်သစ် လစ်ဘရယ်ဝါဒီတွေကတော့ ပြည်တွင်းအကြောင်းအချက်ကြောင့်လို့ ရပ်ခံတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် ဈေးကွက်စနစ် ပိုထွန်းကားစေပြီး နိုင်ငံရေးနဲ့စီးပွားရေးဘက်တွေမှာ လက်သစ် လစ်ဘရယ်ကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ဆိုတယ်။

တတိယအားဖြင့် ဈေးကွက်စီးပွားရေးစနစ် ထွန်းကားလာလေ ချမ်းသာဆင်းရဲ ကွာဟမှု ကြီးမားလာလေ ဖြစ်တယ်လို့ ယူဆကြတယ်။ စီးပွားရေးတန်းတူညီမျှမှုကိုသာ သူတို့က အလေးထားပြီး စီးပွားရေးကြီးထွားမှုကိုတော့ ဂရုမစိုက်ကြပါ။ မာ့က်စ်ဝါဒနဲ့ ကွန်မြူနစ်အယူအဆဖြစ်တဲ့ ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်းကို လုံးဝငြင်းပယ်ခြင်းဟာ ရက်စက်ယုတ်မာတာသာ ဖြစ်တယ်လို့ ဆိုတယ်။ လက်သစ်လစ်ဘရယ်ဝါဒီတွေကတော့ ဝင်ငွေမညီမျှမှုဟာ ဈေးကွက်စီးပွားရေးစနစ်ကြောင့် ဖြစ်တာမဟုတ်ဘဲ အကျင့်ပျက်ခြစားမှုနဲ့ အာဏာနဲ့ငွေကြေး အလဲအထပ် လုပ်တာတွေကြောင့်သာ ဖြစ်တယ်လို့ ဆိုတယ်။ အရင်းခံအားဖြင့် အာဏာရှင်စနစ်ကြောင့်လို့ ဆိုပါတယ်။

လက်ဝဲဝါဒီသစ်တွေဟာ အလုပ်သမားတွေဘက်က အကောင်းဆုံး ကြိုးစားပြီး ရပ်တည်ကြပေမယ့် သူတို့ဝေဖန်ချက်နဲ့ပေါ်လစီဆိုင်ရာ အကြံပြုချက်တွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ပါ။ ဒါပေမဲ့ တချို့ဆွေးနွေးချက်များကတော့ တရုတ်ပြည် လူ့အဖွဲ့အစည်းအပေါ်မှာ ကောင်းမွန်တဲ့ သြဇာသက်ရောက်မှုတွေ ရှိတယ်။ ဥပမာအားဖြင့် အမေရိကန်မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ရလာသူ ပါမောက္ခ စွေ့ကျစ်ယွမ် (Cui Zhiyuan) ဟာ နန်ကျံကျေးရွာကို လေ့လာသုတေသနလုပ်ခဲ့တယ်။ အဲဒီနောက် ဂိမ်းသီအိုရီနဲ့စီးပွားရေးဆိုင်ရာ သင်္ချာနည်းဗေဒတွေကို အသုံးပြုပြီး စုပေါင်းပိုင်ဆိုင်တဲ့ လုပ်ခင်းကြီးတွေဟာ စွမ်းဆောင်ရည်ပိုမြင့်ကြောင်း သက်သေပြခဲ့တယ်။

ပြန်လည်နိုးထရှင်သန်ခြင်း

ရှေးဟောင်းကို ကိုးကွယ်တဲ့အယူဝါဒ ဖြစ်တယ်။ ရှေးဘုရင်တွေနဲ့ ပညာရှိကြီးတွေဟာ လူပုဂ္ဂိုလ်အရ အထွတ်အမြတ်စံထားရမယ့်သူတွေ ဖြစ်တယ်။ ရှေးဟောင်း လူ့အဖွဲ့အစည်းဟာလည်း စံထားရမယ့် လူ့အဖွဲ့အစည်း ဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့အယူအဆတွေဟာ တရုတ်ပြည်တွင်းရှိ သဘောတရားအားလုံးထဲကို ထိုးဖောက်ဝင်ရောက်နေတယ်။ ဝေစည်ဖွံ့ထွားလာတဲ့ လှိုင်းလုံးတလုံး ဖြစ်လာနေတယ်။ သူတို့ဟာ ရှေးပညာရှိကြီးတွေရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ ဒဿနအတွေးအမြင်တွေကို ကိုးကွယ်ကြတယ်။ ကွန်ဖျူးရှပ်ရဲ့ အကြင်နာတရားရှိစွာ အုပ်ချုပ်ခြင်းနဲ့ သာမန်လူထုကို ဦးစားပေးတဲ့ အတွေးအခေါ်နဲ့ တောက်ဝါဒ (Taoism) ရဲ့ သဘာဝကျတဲ့၊ နှောင်ကြိုးမဲ့ လွတ်လပ်တဲ့ စိတ်ဝိညာဉ် အတွေးအခေါ်တွေကို ချီးကျူးကြတယ်။

ပြီးပြည့်စုံတဲ့၊ သိပ္ပံနည်းကျတဲ့ ဆိုရှယ်လစ်ကျင့်ဝတ်နီတိဆိုတာ ကွန်ဖျူးရှပ်ဝါဒ အနှစ်သာရကနေ ဖွံ့ဖြိုးလာတာဖြစ်တယ်လို့ ဆိုတယ်။ ကွန်ဖျူးရှပ်ဝါဒ ပြန်လည်မွေးဖွားလာခြင်းနဲ့ အသုံးချခြင်းအားဖြင့် တရုတ်ပြည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဟာ မြန်မြန်ဆန်ဆန် အားကောင်းမောင်းသန်စွာ ရှေ့သို့ တက်လှမ်းနိုင်စေမယ်။ ဒါတင်မက မာ့က်စ်သီဝရီကို တော်လှန်ပြောင်းလဲစေပြီး ကမ္ဘာကြီး ကွန်မြူနစ် လူ့အဖွဲ့စည်းဆီသို့ လမ်းပြမယ့် မီးပြတိုက်ကြီးသဖွယ် ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ကွန်ဖျူးရှပ်ဝါဒကို နိုင်ငံရေး (သို့မဟုတ် အစိုးရ) အဆင့်ထိ ဆွဲတင်လို့တော့ မဖြစ်နိုင်ပါ။ ဖြစ်လည်းမဖြစ်သင့်ပါ။ လူမှုဆက်ဆံရေးနဲ့လူတဦးချင်းဆိုင်ရာ အဆင့်တွေမှာပဲ ပြန်လည်နိုးထစေ သင့်ပါတယ်။

ရောသမမွှေ မာ့က်စ်ဝါဒ

ရောသမ မွှေမာ့က်စ်ဝါဒဆိုတာ ပဋိပက္ခရဲ့ ဘက် ၂ ဖက်ကို ဦးစားပေးမှုမရှိဘဲ ဆက်စပ် ပေါင်းစည်းတဲ့၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အယူအဆ၊ အတွေးအခေါ်တွေကို တသမတ်တည်းသော မူမရှိဘဲ စက်ယန္တရားဆန်ဆန် ပေါင်းစည်းပစ်တဲ့ သီဝရီနဲ့နည်းဗေဒပဲ ဖြစ်တယ်။ ရောသမမွှေ မာ့က်စ်ဝါဒရဲ့ အဓိက ကိုယ်စားလှယ်တွေဟာ ပါတီဗဟိုခေါင်းဆောင်မှုအဖွဲ့ရဲ့ ဝေဖန်မှုကို ခံကြရသူတွေလည်း ဖြစ်တယ်။

ပါတီဗဟိုကျောင်း စီးပွားရေးဌာနရဲ့ ညွှန်မှူးဟောင်းဖြစ်သူ ဝမ်တုန်ကျင်းဟာဆိုရင် ပြည်နယ်အဆင့်နဲ့ ဝန်ကြီးဌာနအဆင့် ခေါင်းဆောင်တွေကို ပို့ချချက်တခုမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုက သာလွန်ကောင်းမွန်ကြောင်း ချီးမွမ်းခန်း ဖွင့်ခဲ့တယ်။ တကိုယ်ကောင်းဆန်ခြင်းဟာ လူ့သဘာဝပဲလို့ သူက ရှုမြင်တယ်။ ကိုယ့်အကျိုးအတွက် ကိုယ်လုပ်တယ်ဆိုတဲ့ ‘စီးပွားရေးလူသား’ ဆိုတဲ့ အယူအဆနဲ့ ‘ငှက်တွေက အစာအတွက် သေသလို လူတွေက ငွေကြေးအတွက် သေကြတယ်’ ဆိုတဲ့ အတွေးအခေါ်ကို လုံးဝဥဿုံ လက်ခံသူဖြစ်တယ်။ စွမ်းဆောင်ရည် အပေါ်မှာပဲ အလေးထားပြီး တန်းတူညီမျှမှုကိုတော့ လုံးလုံးပစ်ပယ်တယ်။ လူသားရဲ့ အတ္တဆန်မှုကသာ လူမှုပူးပေါင်းဆောင်ရွက်မှုနဲ့ အများလူမှုဖူလုံရေးကို ဦးတည်စေတာဖြစ်တယ်လို့ သူကခံယူတယ်။ ဥစ္စာဓန ပိုင်ဆိုင်သူများအတွက်သာ သူက ကိုယ်စားပြုရပ်ခံပြောဆိုပြီး အလုပ်သမားတွေ သွေးစုပ်ခံရမှုကိုတော့ နည်းနည်းမှ ထည့်သွင်းစဉ်းစားခြင်း မပြုပါ။ သူ့ရဲ့ အမြင်တွေကို စာရေးသူအနေနဲ့ ဆောင်းပါးတစောင်ဖြင့် တုံ့ပြန်ချေပခဲ့တယ်။ အဲဒီဆောင်းပါမှာ ခေတ်သစ် တီထွင်ဆန်းသစ်တဲ့ မာ့က်စ်ဝါဒရဲ့ နိုင်ငံရေးဘောဂဗေဒမှာ ပါရှိသင့်တဲ့ အနုမာန အယူအဆ ၄ ခုကို တင်ပြထားတယ်။ အဲဒါတွေ ကတော့ ‘သက်ရှိလုပ်သားသစ်က ဖန်တီးတဲ့ တန်ဖိုးဆိုင်ရာ အနုမာန အယူအဆသစ်’ ‘စီးပွားရေးလူသားရဲ့ အတ္တဆန်မှုနဲ့ အများအကျိုးဆောင်မှု ၂ ခုလုံး ပါတဲ့ အနုမာနအယူအဆ’ ‘အရင်းအမြစ်နဲ့ လိုအပ်မှုတို့ရဲ့ ကန့်သတ်မှု ၂ ခု ဆိုတဲ့ အနုမာန အယူအဆ’ နဲ့ ‘တန်းတူညီမျှမှုနဲ့ စွမ်းဆောင်ရည်ရှိမှုတို့အကြား အချိုးညီ ဆက်ဆံရေးနဲ့ အပြန်အလှန်အားဖြည့်ပေးရေး အနုမာနအယူအဆ’ တို့ ဖြစ်တယ်။

တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီတို့ ဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်ပေါ် စီးပွားရေးက လမ်းညွှန်မယ်ဆိုတာကို ဝမ်းတုန်ကျင်းက ထောက်ခံပြောဆိုပေမယ့် မာ့က်စ်ဝါဒကိုတော့ မဆန့်ကျင်ပါ။ တန့်ရှောက်ဖန် သီဝရီနဲ့ ကျန်စစ်မင်းရဲ့ အရေးကြီး အတွေးအခေါ်တို့ကို မြင့်မြင့်မားမား ကိုင်စွဲရမယ်လို့ ရပ်ခံသူလည်းဖြစ်တယ်။ ဒါကြောင့် သူ့ကို ရောသမမွှေ မာ့က်စ်ဝါဒီလို့ ဆိုနိုင်တယ်။

နောက်တဦးက ပါတီဗဟိုကျောင်း အဘိဓမ္မာဌာရဲ့ ဒုညွှန်မှူးဖြစ်သူ “တုန်းတဲ့ဂန်” ဖြစ်တယ်။ အများပိုင်နဲ့ ပုဂ္ဂိကပိုင်အချိုးနဲ့ ပတ်သက်ပြီး အလွန်အကျွံ စိုးရိမ်စရာမလိုဘူးလို့ သူက ယူဆတယ်။ ကုန်လုပ်စွမ်းအားစုတွေ ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို အများစုလူထုကြီးက မျှဝေခံစားစေနိုင်ရေးအပေါ်မှာ အလေးထားအာရုံပြုရမယ်လို့ သူက ဆိုပါတယ်။ အများပိုင်ကဏ္ဍက အဓိကလွှမ်းမိုးမှုနဲ့ အလုပ်အပေါ်မှာမူတည်ပြီး ခွဲဝေမှုကိုမရှိဘဲ အားလုံး ဘုံကြွယ်ဝလာဖို့ဆိုတာ အကောင်းအထည်မဲ့တဲ့ အယူအဆပဲ ဖြစ်တယ်။

အများပိုင်ကဏ္ဍ အချိုးအစား ယုတ်လျှော့လာမှုက ပါတီရဲ့အခြေခံအုတ်မြစ်ကို မချည့်နဲ့စေဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ အခုလက်ရှိ တရုတ်ပြည် အမျိုးသားစီးပွားရေးမှာ နိုင်ငံတော်ပိုင် ကဏ္ဍက သုံးပုံတပုံအဆင့်ကို လျောကျလာပြီး ပုဂ္ဂလိကနဲ့နိုင်ငံခြားပိုင်ကဏ္ဍက သုံးပုံနှစ်ပုံ ရှိလာပြီ ဖြစ်တယ်။ ဒီအခြေအနေက လူ့အဖွဲ့အစည်းရဲ့ဓနဥစ္စာတွေ တဖြည်းဖြည်းချင်း လူနည်းစုလက်ထဲမှာ သွားစုစေမှာ ဖြစ်တယ်။ ပါတီရဲ့အခြေခံအုတ်မြစ် ချည့်နဲ့လာရင် ဆိုရှယ်လစ် စီးပွားရေး အခြေခံ အုတ်မြစ်လည်း ချည့်နဲ့မှာပဲ ဖြစ်တယ်။

ပါတီဗဟိုကျောင်း ပါတီတည်ဆောက်ရေးဌာနရဲ့ ညွှန်မှူးဖြစ်သူ ဝမ်ချန်ကျန်းက ‘ပါတီမှာလည်း ကိုယ်ပိုင်အကျိုးစီးပွားရှိတယ်ဆိုတာ ပကတိလက်တွေ့ဖြစ်တယ်’ ဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တယ်။ ဒါကို လက်တွေ့ကျကျ အသိအမှတ်ပြုမှသာ အမျိုးမျိုးအဖုံဖုံသော အကျိုးစီးပွားတွေရဲ့ဆက်ဆံမှု အထူးသဖြင့် ထူထုရဲ့အကျိုးစီးပွားနဲ့ လူထုကို ကိုယ်စားပြုထားတဲ့ ပါတီအကျိုးစီးပွားအကြား ဆက်ဆံမှုကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာမှတ်ယူနိုင်မှာဖြစ်တယ်လို့ သူက ရှုမြင်တယ်။ ဒါမှ ပါတီ အကျိုးစီးပွားကို သင့်တော်စွာ နေရာချနိုင်မယ်လို့ ဆိုတယ်။ သူ့အဆိုဟာ ကွန်မြူနစ် ကြေညာစာတမ်းနဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) ဖွဲ့စည်းအုပ်ချုပ်ပုံတို့နဲ့ ဆန့်ကျင်နေတာ အထင်အရှားပါပဲ။ ကွန်မြူနစ်ကြေညာစာတမ်းမှာ ကွန်မြူနစ်ပါတီတွေအတွက် ပစ္စည်းမဲ့ လူတန်းစားတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ဆန့်ကျင်တဲ့ သီးခြားအကျိုးစီးပွား မရှိပါလို့ ဆိုထားတယ်။ CPC ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပါတီအနေနဲ့ ပြည်သူတရပ်လုံးရဲ့အကျိုးကို စိတ်ရောကိုယ်ပါ ထမ်းဆောင်ကြဖို့ ဆော်သြထားတယ်။ အလုပ်သမားလူတန်းစားနဲ့ အများစု ပြည်သူကြီးရဲ့ အကျိုးစီးပွားမှလွဲလို့ ပါတီမှာအထူးအကျိုးစီးပွား မရှိစေရလို့လည်း ပြဋ္ဌာန်းပါရှိထားတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်ထဲမှာ ရောသမမွှေ မာ့က်စ်ဝါဒဟာ ကျနော်တို့ အဓိကထား ဝေဖန်ရမယ့်ပစ်မှတ်တွေထဲမှာ ပါတယ်။ သူ့ကို ဝေဖန်ခြင်းဖြင့် မာ့က်စ်ဝါဒဟာ ဘာလဲဆိုတာနဲ့ တရုတ်ပြည်လက္ခဏာပါတဲ့ တကယ့်ဆိုရှယ်လစ်စနစ်ဟာ ဘာလဲဆိုတာကို တွေ့ရှိနိုင်ရေးဟာ အရေးကြီးတယ်။

သမာရိုးကျ မာ့က်စ်ဝါဒ

သမာရိုးကျ မာ့က်စ်ဝါဒရဲ့ တပ်ဦးအလံကိုင်ကတော့ ‘မော်ရဲ့အလံ’ ဆိုတဲ့ အင်တာနက် စာမျက်နှာ ဖြစ်တယ်။ အဲဒီမှာ ရေးသားနေသူတွေထဲမှာ ပါတီတွင်း ပါတီပမှ ကေဒါအများအပြား ပါဝင်တယ်။ သက်ကြီး ပညာရှင်တချို့လည်း ပါတယ်။ သူတို့အယူအဆကို အနှစ်ချုပ် ၄ ချက်ဖြင့် ဖော်ပြနိုင်တယ်။

ပထမ... မောစီတုန်း အတွေးအခေါ်ကို လမ်းညွှန်အဆင့်အနေအထား ပြန်ပေးရမယ်။ ပါတီရဲ့ ပဓာနကျတဲ့ မူကြီး ၄ ရပ်ထဲမှာ မော်စီတုန်းအတွေးအခေါ်ကို ခိုင်မာစွာ ကိုင်စွဲခြင်းဟာ အရေးကြီးဆုံး ဖြစ်တယ်။ မော်စီတုန်းအတွေးအခေါ်ဟာ တရုတ်ပြည်ပါတီနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ တည်ရှိနေခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။

ဒုတိယ... မော်စီတုန်းရဲ့ နှောင်းပိုင်းနှစ်တွေကို မျှမျှတတ ပြန်လည်အကဲဖြတ်ရမယ်။ ဒီလို လုပ်ဆောင်ရာမှာ ဥက္ကဋ္ဌမော် ဦးဆောင်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို လက်တွေ့ကျကျ၊ အရှိအတိုင်း၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ဘက်မလိုက်ဘဲ အကဲဖြတ်ရေးဟာ အခြေခံကျတယ်။ အလွန်အမင်း ရှုပ်ထွေးတဲ့အကြောင်းအချက်တွေကြောင့် ယဉ်ကျေးမှုတော်လှန်ရေးဟာ ‘အရာအားလုံး မှောက်လှန်ပစ်’ ဆိုတာနဲ့ ‘အပြည့်အဝ ပြည်တွင်းစစ်’ ဆိုတဲ့ အမှားတွေကို ကျူးလွန်ခဲ့မိတယ်။ ဒါပေမဲ့ အထွေထွေ ဦးတည်ချက်အရဆိုရင် ယဉ်ကျေးမှုတော်လှန်ရေးကြီးနဲ့ မူတွေနဲ့ စိတ်ဓာတ်တို့ဟာ လုံးဝမှန်ကန်တယ်။

တတိယ... ဥက္ကဋ္ဌမော်နဲ့ မော်စီတုန်းအတွေးအခေါ်ကို အပြင်းအထန် လေ့လာထောက်ခံ ဝါဒဖြန့်ရမယ်။ တန့်ရှောင်ဖိန်ကလည်း ဥက္ကဋ္ဌမော် မရှိရင် တရုတ်ပြည်သစ် မရှိနိုင်ဘူးလို့ ပြောခဲ့တယ်။ ၁၉၉၀ ခုနှစ်တွေကစလို့ ဥက္ကဋ္ဌမော်နဲ့ေ မ်ာစီတုန်းအတွေးအခေါ်တို့ဟာ လူထုအကြား ပြန့်နှံ့မှု နည်းသထက်နည်းလာနေတယ်။

စတုတ္ထ... မော်စီတုန်းကို မကောင်းဆိုးဝါးသဖွယ် ပုံဖျက်နေခြင်းများကို အပြင်းအထန် ဝေဖန်ရှုံ့ချရမယ်။ ဒီလို ပုံဖျက်နေပေမယ့် ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပြည်သူတွေအကြားမှာ ဥက္ကဋ္ဌမော်ကို ပြန်လည်အသိအမှတ်ပြုတဲ့ လှုပ်ရှားမှုတွေဟာ လှိုင်းလုံးများသဖွယ် တိုးပွားလာ နေတယ်။ ဒါပေမဲ့ လူရေတတ်ဆိုသူတချို့က ဥက္ကဋ္ဌမော်ကို ဆက်ပြီးအပုဒ်ချနေဆဲ ဖြစ်တယ်။

သမားရိုးကျ မာ့က်စ်ဝါဒရဲ့ ကောင်းကျိုးပြုမှုက မှားယွင်းတဲ့ အတွေးအယူတချို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်တာ ဖြစ်တယ်။ အထူးသဖြင့် လက်သစ်လစ်ဘရယ်ဝါဒ၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒနဲ့ ရောသမမွှေ မာ့က်စ်ဝါဒတို့ကို ဝေဖန်တာ ဖြစ်တယ်။ ဒါပေမဲ့ ယဉ်ကျေးမှုေ တ်ာလှန်ရေးကို ကာကွယ်တာကတော့ လွန်သွားပါတယ်။ နောက်ပြီး သက်ကြီး ပညာရှင်တွေဟာ ပြည်တွင်းနဲ့နိုင်ငံခြားစာပေတွေကို သုံးသပ်ရာမှာ သိပ်အားမကောင်းကြပါ။ ဒါကြောင့် သူတို့ရဲ့ရေးသားချက်တွေမှာ အလွန်အကျွံဝေဖန်မှုတွေများပြီး ထိုးထွင်းမှုရှိတဲ့ အသစ်အဆန်းတွေ တင်ပြမှုအပိုင်းမှာ အားနည်းနေတယ်။

တီထွင်ဆန်းသစ်မှုရှိတဲ့ မာ့က်စ်ဝါဒ

တီထွင်ဆန်းသစ်မှုရှိတဲ့ မာ့က်စ်ဝါဒရဲ့ ကိုယ်စားလှယ် ပညာရှင်တဦးကတော့ တရုတ်ပြည် လူမှုသိပ္ပံအကယ်ဒမီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး လက်ရှိ အထူးအကြံပေးတာဝန် ထမ်းဆောင်နေတဲ့ နာမည်ကျော် စီးပွားရေးပညာရှင် လျိုကော်ဂွမ် ဖြစ်တယ်။ စာရေးသူလည်း အဓိကကိုယ်စားလှယ် ပညာရှင်ထဲမှာ ပါတယ်။ တီထွင်ဆန်းသစ်တဲ့ မာ့က်စ်ဝါဒဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အခြေခံလမ်းညွှန်မှုတွေ၊ သီဝရီတွေတို့နဲ့ ကိုက်ညီမှုရှိတယ်။

ပထမ... လမ်းညွှန်မူအရဆိုရင် တရုတ်ပြည်မှာ မာ့က်စ်ဝါဒကို လမ်းညွှန်အဆင့်နေရာမှာ ဆက်လက်ထားရှိဖို့ တီထွင်ဆန်းသစ်တဲ့ မာ့က်စ်ဝါဒက အခိုင်အမာတောင်းဆိုပါတယ်။ ဆိုရှယ်လစ် နိုင်ငံတွေအကြားမှာ လမ်းညွှန်သဘောတရားတွေ အမျိုးမျိုးအဖုံဖုံ ကွဲလွဲနေကြတာ ဖြစ်တယ်။ ဗီယက်နမ်မှာဆိုရင် ဟိုချီမင်းအတွေးအခေါ်၊ ကျူးဘားမှာဆိုရင် ဟိုဆေးမာတီး အတွေးအခေါ်နဲ့ မြောက်ကိုးရီးယားမှာဆိုရင် ကင်အီဆွန်းရဲ့ ဂျူချေအတွေးအခေါ်တို့ ဖြစ်တယ်။ စာရေးသူအနေနဲ့တော့ တရုတ်ပြည်ရဲ့လမ်းညွှန်သဘောတရားကို ‘မာ့က်စ်ဝါဒ လီနင်ဝါဒနဲ့ တရုတ်ပြည်မှာ ဒေသမှုပြုထားတဲ့ သဘောတရားရဲ့လမ်းညွှန်’ ဆိုတဲ့ ဝါကျတကြောင်းတည်းနဲ့ပဲ ဖော်ပြချင်တယ်။ ဒီလိုမဟုတ်ဘဲ မဆုံးနိုင်တဲ့ စာရင်းရှည်ကြီးနဲ့ဖော်ပြနေခြင်းက ပညာရှင်တွေအကြား လှောင်ပြောင်စရာလို ဖြစ်နေတယ်။

ဒုတိယ... နိုင်ငံရေးစနစ်အရဆိုရင် တရုတ်ပြည် အလုပ်သမားလူတန်းစားရဲ့ နိုင်ငံရေးပါတီရဲ့ ဦးဆောင်မှုကို အခိုင်အမာထောက်ခံတယ်။ သဘာဝအရ ကွန်မြူနစ်ပါတီကို အလုပ်သမား လူတန်းစားရဲ့ တပ်ဦးအဖြစ် ထားရှိခြင်း၊ ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုမူနဲ့ ဆိုရှယ်လစ်အရေးတော်မှာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုတွေကို အခိုင်အမာထောက်ခံတယ်။ လက်ရှိအဆင့်မှာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုအောက်တွင် ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံရေး ညှိနှိုင်းတိုင်ပင်တဲ့စနစ်ဟာ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုရဲ့ ပုံသဏ္ဌာန်ပဲဖြစ်တယ်။ ဒါဟာ ကွန်မြူနစ်ပါတီနဲ့ ၎င်းရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ တိုင်းပြည်အတွက် အခြေခံ စည်းရုံး ဖွဲ့စည်းမှု ဆိုင်ရာ မူဖြစ်တယ်။ ပါတီတွင်း ပါတီပ ဆက်ဆံရေးတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရေးအတွက် နိုင်ငံရေးစံလည်း ဖြစ်တယ်။

တတိယ... စီးပွားရေးစနစ်မှာ တရုတ်ပြည် ကုန်လုပ်ကိရိယာတွေကို အများပိုင်ဆိုင်မှုက အဓိက စိုးမိုးတဲ့နေရာမှာရှိရေးကို အခိုင်အမာထောက်ခံတယ်။ အရင်းရှင်စနစ်နဲ့ ကွန်မြူနစ်စနစ်တို့ရဲ့ အခြေခံ စီးပွားရေးစနစ်အရ ကွဲပြားခြားနားမှုဟာ ကုန်ထုတ်လုပ်ရေးအတွင်း ပိုင်ဆိုင်မှု အဆောက်အအုံအပေါ် မူတည်တာ ဖြစ်တယ်။ အများပိုင်ဆိုင်မှုက အရည်အချင်းအရရော၊ အရေအတွက်အရပါ သာလွန်အားကောင်းလွှမ်းမိုးစေခြင်းအားဖြင့် အားကောင်းတဲ့ နိုင်ငံတော်နဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးနဲ့ တိုင်းသူပြည်သားတွေရဲ့ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရေးတို့အတွက် အခရာကျတဲ့အခန်းမှ ပါဝင်တယ်။ ဒါဟာ ဆိုရှယ်လစ် သဘောသဘာဝရဲ့ စီးပွားရေးအခြေခံဖြစ်ပြီး အဲဒီအပေါ်မှာတော့ ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုဆိုတဲ့ အထက်ထပ် အဆောက်အအုံ တည်ရှိပါတယ်။

စတုတ္ထ... အန္တိမပန်းတိုင်အရ တရုတ်ပြည်ဟာ ဆိုရှယ်လစ်သဘာဝနဲ့မူတွေကို အခိုင်အမာ ကိုင်စွဲထားရမယ်လို့ ယုံကြည်တယ်။ တဖက်မှာ သေးစုပ်မှုနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ဖယ်ရှားပစ်ပြီး အများကြွယ်ဝမှုကို ဖော်ဆောင်ရမယ်။ အဆုံးသတ်မှာ ကုန်လုပ်စွမ်းအားစုတွေ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်လာတဲ့ ဆိုရှယ်လစ်စနစ်အပေါ်မှာ အခြေပြုပြီး ကွန်မြူနစ်စနစ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးပဲ ဖြစ်တယ်။ ဒါဟာ သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးပွားမှုနဲ့ စနစ်ဆိုင်ရာ ထိုးထွင်းကြံဆမှုတို့ရဲ့ အလွန်ရှည်ကြာမယ့် ဖြစ်စဉ်ကြီးတခုပဲ ဖြစ်တယ်။

တရုတ်ပြည်မှာ သဘောတရားအရ တီထွင်ဆန်းသစ်မှုနဲ့ သုတေသန ဒါမှမဟုတ် ပေါ်လစီတွေ ချမှတ်ရာမှာ ပြည်တွင်းအခြေအနေပေါ်မှာ အခြေပြုရမယ်။ တဖက်မှာလည်း ကမ္ဘာ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ပေါ်လစီတွေ ချမှတ်ရာမှာ မှန်ကန်တဲ့ အစီအစဉ်ကတော့ ဦးစွာအားဖြင့် ပြည်တွင်းနဲ့ကမ္ဘာ့အခြေအနေတွေကို နားလည်သဘောပေါက်ရမယ်။ အဲဒီကမှတဆင့် အခိုင်အမာ အချက်အလက်တွေကို ချမှတ်ရမယ်။ ပြီးမှ အဲဒီပေါ်လစီကို စမ်းသပ်တာ သို့မဟုတ် အကောင်အထည်ဖော်တာ လုပ်ရမယ်။ ပေါ်လစီတွေ ချမှတ်ရာမှာ အဲဒီအစီအစဉ်အတိုင်းမဟုတ်ဘဲ ပြောင်းပြန်လုပ်မယ်ဆိုရင်၊ ဥပဒေနည်းဥပဒေတွေကို မလိုက်နာဘူးဆိုရင် အဲဒီပေါ်လစီတွေ အကောင်အထည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...