Monday, January 6, 2014

တသက်တာ ဆူး



(၁)
၎ - တန်း အောင်လက်မှတ် လာထုတ်လျှင်
ကွမ်းသီးအလုံး (၄၀) ယူခဲ့ကြပါ။
ပုံ
ကျောင်းအုပ်ကြီး



ကျောင်းရှေ့ကြေငြာသင်ပုန်းမှ ထိုစာသည် မိမိနှလုံးအိမ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့၏။ ထိုစာတွင် အဓိပါယ်များစွာ ပါဝင်နေသည်ဟုလည်း မြင်၏။ ဆိုလိုသည်မှာ မြို့ကျောင်းများတွင် ဤကဲ့သို့အရေးအသားမျိုးကို ထင် ထင်ပေါ်ပေါ်ရေးကြလိမ့်မည်မဟုတ်။ ရေးရဲကြလိမ့်မည်လည်းမဟုတ်။ ယခုရေးသားထားပုံနှင့် အများမြင်သာအောင် ဖေါ်ပြထားပုံမှာ စိတ်ဝင်စားစရာ။
မိမိတို့တွင် အလေ့အထတခုရှိ၏။ စစ်ကြောင်းရွာထဲဝင်ပြီဆိုသည်နှင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်း သားများမှာ မိမိတို့၏ရင်းနှီးရာ မိတ်ဆွေအရင်းအချာများ။ လည်ပတ်ရာ၊ ရင်ချင်းဆက်ရာများ။ မိမိတို့က ကျောင်းသား တပ်မတော်ဖြစ်နေသည်ကိုး။
ယခုလည်း ကေကောရွာသို့ရောက်သည်နှင့် RC ဘုရားကျောင်းအနီးက စာသင်ကျောင်းကလေးမှာ မိမိတို့ကို ကြိုဆိုနေပြန်ပါပြီ။ ကျောင်းပိတ်ထားချိန်ဖြစ်သဖြင့် ကျောင်းရှေ့ဝရန်တာတွင် မိမိတို့ဝင်ထိုင်လိုက်ကြသည်။ ရွာဘက် သို့လှမ်းကြည့်လိုက်စဉ် ကျောင်းရှေ့ဘောလုံးကွင်းနှင့် ရွာလေး၏ အနိမ့်အမြင့်အနေအထားကြောင့် အိမ်ခေါင်မိုးများ အဆင့်ဆင့် ဆက်စပ်တည်ရှိနေပုံမြင်ကွင်းမှာ ပန်းချီကားတချပ်ကို မြင်လိုက်ရသည့်အလား။

(၂)
မိမိတို့စစ်ကြောင်းမှာ ထိုင်းမြန်မာနယ်စပ်မှ ကရင်ပြည်နယ်၊ တပ်မဟာ(၂)နယ်မြေသို့သွားမည့်ခရီးစဉ်။ သို့ သော် ဖြတ်သန်းရာလမ်းကြောင်းမှာ ကရင်နီနယ်မြေဖြစ်နေ၍ KNPP စစ်ကြောင်းနှင့်ပူးပေါင်းလာရသည်။ ခရီးစဉ်တ လျှောက်ရှိ ကရင်နီပြည်ဒေသခံ တိုင်းရင်းသားအသီးသီး၏ ဘ၀များကိုတွေ့မြင်ရသည်မှာ မိမိတို့အတွက် အသစ်အ ဆန်းချည်းသာ။
ရွာများကို တောင်ကုန်းအပေါ်တွင်သာ တည်ထားလေ့ရှိသဖြင့် ရေရှိရာအရပ်နှင့်မနီးခြင်း။ ရွာရှိအိမ်များမှာ တအိမ်လုံးတံခါးပေါက်တပေါက်သာရှိ၍ အလုံပိတ်ဖြစ်သည့် အလင်းအားနည်းနည်းတည်ဆောက်မှုဖြစ်နေခြင်း။ ရွာများတွင် အိမ်သာဟု သတ်သတ်မှတ်မှတ်မထားကြပဲ ရွာအပြင်တွင်သာသွားကြ၍ ရွာမရောက်မီအဝေးကပင် အနံ့ အသက်များက ကြိုဆိုနေခြင်း။ အိုးခွက်ပန်းကန်များမှာ ဆေးကြောသည့်အလေ့အထ အားနည်းခြင်းကြောင့် ညစ်ပေ နေခြင်းနှင့် အချို့ရွာများတွင် ပန်းကန်၊ ဒေါင်းလန်းပုံစံ ခြေထောက်ပါသော ဗန်းကြီးများတွင် ထည့်စားကြ၍၊ လူစားပြီး ခွေးများကို ထိုပန်းကန်၊ ဗန်းများဖြင့်ပင် ပေးစားလေ့ရှိခြင်းများမှာ မိမိတို့အတွက် သတိမူမိစရာများဖြစ်နေသည်။ ခြုံပြောရလျှင် လူနေမှုအဆင့်အတန်းမြင့်မားမှုကို မျက်ကွယ်ပြုထားရလောက်အောင် ဘ၀ကြမ်းကြမ်းများကို ဖြတ် သန်းနေကြရသည့် ပကတိအခြေအနေများပင်။
ခရီးစဉ်တလျှောက် အဖြစ်အပျက်များတွင် ရင်ထဲစွဲလောက်အောင် အမှတ်တရလေးတွေလည်းရှိ၏။ တခုက နယ်စပ်နှင့် သံလွင်မြစ်ကြားမှအဖြစ်အပျက်။ ရွာတရွာüစခန်းချထားစဉ်။ မိမိနှင့်တအိမ်ထဲအတူတည်းသော ကိုမင်းဝေ တယောက် မနက်စောစော အိမ်ပေါ်သို့ အူယားဖားယားပြေးတက်လာပြီး … ။
“ကိုလူဗိုလ်ရေ ပွဲပဲဗျို့။ ကျနော်ဗျာ ၀မ်းတအားသွားချင်လို့ အိမ်သာလိုက်ရှာတာ၊ ဘယ်နားမှာမှမတွေ့လို့ ရွာ ပြင်ကိုထွက်လိုက်ရတယ်ဗျာ။ မလင်းတလင်းမို့ ကြောက်စိတ်ဝင်နေရတဲ့အထဲ၊ နောက်ဖက်က အသံကြားလို့ လှည့် ကြည့်လိုက်တော့ … ဘာပြောကောင်းမလဲ၊ ၀က်တအုပ်လေ ကျနော့်နောက်မှာဝိုင်းနေကြတယ်။ ၀က်တွေကလည်း ရဲလိုက်ကြတာဗျာ။ လူကိုဝင်ဆွဲမတတ် အနားထိကိုကပ်လာတာ။ ဆက်မနေရဲတော့လို့ကို ပြေးခဲ့ရတာဗျို့။”
ဟုတ်ပါသည်။ ဒီအဖြစ်မျိုးကို ခရီးစဉ်တလျှောက်လုံး တယောက်မဟုတ်တယောက် ကြုံခဲ့ကြရသည်။ လေ့လာရေးမျက်လုံးဖြင့် စူးစမ်းကြည့်မိမှ သိလိုက်ရသည်က ဤဒေသတွင် ၀က်များကို မွေးကြသော်လည်း အစာကျွေး ရိုးထုံးစံမရှိ။ ၀က်များမှာသင့်တော်ရာ စားသောက်ကြရင်းဖြင့် အသက်ရှင်နေကြရပုံပေါ်သည်။ ကိုမင်းဝေလိုအဖြစ်မျိုးမှာ ၀က်များအတွက်အစာလာကျွေးသည့် အနေအထားဖြစ်နေသဖြင့် အလုအယက်ဝိုင်းအုံလာကြခြင်းသာ။ ၀က်များ၏ ပုံသဏ္ဍာန်မှာလည်း မြို့ဝက်များနှင့်လည်းမတူ၊ တောဝက်များနှင့်လည်းမတူ၊ ခနာကိုယ်များမှာ ခွေးများကဲ့သို့ ပိန်ပိန်ပါး ပါးလေး။
နောက်ထပ်အဖြစ်တခုကတော့ ပထမအဖြစ်အပျက်၏အဆက်ဟုပင်ဆိုရမလိုလို။ မိမိတို့တွင် ဆေးဝါးများပိုပို လျှံလျှံပါလာ၏။ သို့အတွက် ရွာများကိုရောက်တိုင်း ကျန်းမာရေးပညာပေးစကားများပြောရင်း ရွာရှိလူနာများကို ဆေး ကုပေးလေ့ရှိသည်။ ဒီလိုနှင့်ရွာတရွာအရောက် ပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ်များကိုစကြပါသည်။ ကျန်းမာရေးပညာ ပေးစကားများပြောအပြီး၊ မြို့ရောက်ဖူး၍ ဗမာရည်လည်သောရွာသားတဦးမှ ထရပ်ကာ … ။
“ကျနော်တို့ရွာတွေမှာ အိမ်သာမရှိတာမှန်ပါတယ်။ ဒါပေမယ့် အခုနပြောသလို ရောဂါရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ ဘာလို့လည်းဆိုရင် မြို့မှာအိမ်သာတွေ အိမ်တိုင်းရှိကြပေမယ့် ဆေးရုံမှာ လူနာတွေအပြည့်ပဲလေ။ ကျနော်တို့ရွာမှာရှိတဲ့လူနာက နဲနဲလေး”
“နောက်တခုက မြို့မှာအိမ်သာတွေရှိပေမယ့် လူတင်မကဘူး၊ ၀က်နာ၊ ကြက်နာ၊ ခွေးနာတွေပါဖြစ်ကြတယ် ကျနော်တို့ဆီမှာ တခါမှ ဒီလိုမဖြစ်ဖူးဘူး”
ကျနော်တို့အားလုံး ပြန်ရှင်းပြဖို့ပင် ဆွံ့အခဲ့ကြရသည်။ အသေးစိတ်ပြန်ရှင်းပြဖို့လိုသော်လည်း အချိန်ကိုငဲ့ ကွက်၍ မရှင်းပြဖြစ်ခဲ့။ သို့သော် ထိုအဖြစ်အပျက်နှင့် ထိုလူ၏စကာများမှာကား၊ မိမိတို့နှင့်အတူ ပါလာနိုင်လောက် အောင်ကို အမှတ်တရ။

(၃)
“ကျောင်းအုပ်ကြီးအိမ်ဘယ်နားမှာလဲဗျ”
“ဒီလမ်းလေးအတိုင်းဆင်းသွား။ ရေခပ်ဆိပ်ဘေးနားက ခြေတံရှည်ရှည်နဲ့အိမ်က ဆရာကြီးအိမ်ပဲ”
ရွာသားများ၏ အဆင့်ဆင့်လမ်းညွန်မှုများအရ ကျောင်းအုပ်ကြီးအိမ်သို့ မိမိတို့ရောက်ခဲ့ကြသည်။ အပြန် အလှန် မိတ်ဆက်ကြပြီး စကားလက်ဆုံကျမိရာမှ ဆရာကြီးနှင့်မိမိတို့ တသားတည်းဖြစ်သွား၏။ ဘာသာစကား တ ထပ်တည်းဖြစ်နေခြင်းကြောင့်ဟု ဆိုရမည်ထင်သည်။
“နှစ်တိုင်းတော့ ဆရာ၊ ဆရာမတွေ (၂)ယောက်၊ (၂)ယောက် ရောက်လာကြတာပါပဲ။ ဒါပေမယ့် သိပ်မကြာ ပါဘူး။ အမေဘာဖြစ်လို့၊ အဖေဘာဖြစ်လို့နဲ့ အကြောင်းပြပြီး ပြန်ပြန်သွားကြတာ ဒီမှာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ဒီရွာမှာက အစားအသောက်၊ အနေအထိုင်က အစစဆင်းရဲတယ်မဟုတ်လား။ နောက်ဆုံးတော့ ကျနော်တယောက် တည်းပဲ ကျောင်းတကျောင်းလုံးကို တာဝန်ယူရပြန်တာပေါ့။”
“ကျနော်လည်း နိုင်သလောက်တော့ တာဝန်ကျေအောင်ကြိုးစားပါတယ်ဗျာ။ ဒါပေမယ့် တယောက်တည်းနဲ့ တကျောင်းလုံးကို ဘယ်လိုမှ နိုင်နိုင်နင်းနင်းမသင်နိုင်ဘူးလေ။ အခုလို အသက်အရွယ်လည်းရ၊ သားသမီးတွေလည်း များလာတော့ ပိုဆိုးတာပေါ့”
“ရွာကလူကြီးတွေနဲ့ father ဆီမှာ ကျနော် ခဏခဏတောင်းထွက်ခဲ့ဖူးပါတယ်။ အားလုံးက ၀ိုင်းပြီးတောင်း ပန်ကြတော့လည်း အားနာရပြန်ရော။ ကျနော်ကိုယ်တိုင်ကလည်း ၀ါသနာကရှိတော့ ပိုဆိုးတာပေါ့။ မထွက်ရက်ဘူး ဗျာ။ ငါမရှိရင် ကျောင်းရှိတော့ပါ့မလားလို့ တွေးပူနေရင်းက အခုဆို ကျောင်းဆရာသက်တမ်း အနှစ် (၂၀)ကျော်ပြီ”
ဆရာကြီးတပည့်များတွင်တချို့မှာ ဘွဲ့ရများပင်ရှိနေကြပြီ၊ အထက်တန်းအဆင့်လောက် တပည့်များမှာ လည်း အများအပြား။ တချို့မှာ မြို့ပေါ်ရောက်ကုန်၍ တချို့မှာ ဒီရွာထဲတွင်ပင် ရှိနေကြသည်။ သို့သော် ကျောင်းဆရာ အလုပ်ကိုကား မည်သူမျှ စိတ်ဝင်စားမှုမရှိကြဟုလည်း သိရ၏။
ဟုတ်တော့လည်း အဟုတ်သား။ ဒီလိုဒေသမျိုးတွင် ကျောင်းဆရာရှိဖို့လိုသည်ကို အားလုံးလိုလိုက လက်ခံ ထားကြသော်လည်း ကျောင်းဆရာအလုပ်မှာကား အပင်ပန်းဆုံးနှင့် ၀င်ငွေအနည်းဆုံးမို့ လုပ်မည့်သူမရှိ။ ပညာ အသင့် အတင့်တတ်လာလျှင်ပင် အရပ်ဆေးဆရာ၊ အရောင်းအ၀ယ်သမားနှင့် ဈေးဆိုင်ထောင်ခြင်းတို့လောက်သာ စိတ်ဝင် စားကြသည်။ ယင်းအလုပ်များက ၀င်ငွေကောင်းကြသည်ကိုး။

(၄)
ဆရာကြီးဦးစောထူးမှာ ကရင်ပီသစွာ ရိုးသားပွင့်လင်း၏။ ကျောင်းအုပ်ကြီးဆိုသော်လည့်း ထည်ထည်ဝါ၀ါမရှိ။ မာနဟူ၍မတွေ့ရ။ မိသားစု (၇)ယောက် တာဝန်ကို အောက်ခြေအလုပ်များမှစ၍ တာဝန်ကျေသူလည်းဖြစ်သည်။ မိမိ တို့နှင့် စကားပြောနေရင်းနှင့်ပင် ၀က်စာကျွေးခြင်းကိစ္စ၊ ကလေးထိန်းခြင်းကိစ္စများကို လုပ်ကိုင်နေသည့်အပြင် ပလိုင်း တလုံးကိုပင် ရက်နေသေး၏။ အိမ်အောက်တွင် လုပ်စရာရှိသည်များကို ဆင်းလုပ်လိုက်၊ စကားပြန်ပြောလိုက်၊ ပလိုင်း ရက်လိုက်၊ နှီးဖြာလိုက်၊ ဆေးတံမီးညှိလိုက်၊ ဖွာလိုက်။
ဆရာကြီးကိုကြည့်ရသည်မှာ ကွမ်းကိုလည်း အလွန်ကြိုက်ပုံရသည်။ သူ့သွားများမှာ စစ်စီးရောင်တင်ထား သည့်အလား။ ပါးစပ်ထဲတွင်လည်း ကွမ်းကမပြတ်။ ထို့ကြောင့်ပင် အောင်လက်မှတ်အတွက် ကွမ်းသီးအလုံး(၄၀) ဟု ရေးထားခြင်းဖြစ်မည်။
“ကျနော်လည်း ဒီရွာက ကလေးတွေအတွက် တာဝန်ကျေချင်လို့၊ ၀ါသနာပါလွန်းလို့သာ စာသင်နေရတာပါ။ မိသားစုများလာလေလေ ရပ်တည်ရခက်လေလေပါပဲ။ ကျောင်းဆရာအလုပ်က အချိန်ပြည့်ဆိုတော့ တောင်ယာလည်း မခုတ်နိုင်၊ ခြံလည်းမလုပ်နိုင်။ ရွာကကျောင်းသားမိဘတွေ ၀ိုင်းကြည့်ကြလို့သာ ခံသာတာပေါ့။ ကျနော့်ကျောင်းဆရာ လစာက ဒီမောဆိုးမှာ ကျောင်းသွားတက်နေတဲ့ ကျနော့်သားရဲ့ ကျောင်းစရိတ်ဖိုးတောင် မရှိပါဘူးဗျာ။ ကျနော့်သား ကြီးနဲ့ သမီးတယောက်ကလည်း လွိုင်ကော်မှာ ကျောင်းသွားတက်နေတယ်လေ။ သူတို့အတွက်တော့ ဘာသာရေး (ဘုန်းတော်ကြီး)က တာဝန်ယူထားလို့ တော်သေးတယ်”
ဆရာကြီးက ကျနော်တို့သွားလည်တိုင်း ခေါင်ရည်နှင့်ဧည့်ခံလေ့ရှိ၏။ ၀ါးဗူးထဲတွင် ပြောင်းကောက်များကို ထည့်၍ မည်သို့ပြုလုပ်ထားသည်မသိ။ သောက်ခါနီးမှ ရေနွေးလောင်းထည့်၍ ပိုက်ဖြင့်စုပ်သောက်ရသော ခေါင်ရည် မျိုးဖြစ်သည်။ ခေါင်တဗူးထဲကို တယောက်တလှည့် အလှည့်ကျ စုပ်သောက်ကြလေ့ရှိသည်။ ရေခမ်းသွားလျှင် ရေနွေး ပြန်ထည့်၍ သောက်နိုင်သည်။ အရသာက တော်တော်နှင့်မပျယ်သွား။ သောက်၍ အတော်ကောင်းသည်။ ကျနော် ဆိုလျှင် ရေနွေးတခါထည့်ခေါင်ရည် တအိုးတည်းနှင့်ပင် ခေါင်းထဲ ရီဝေေ၀။
“ကျနော်လည်း ကလေးတွေကို စာသင်ရတာ အားမရပါဘူးဗျာ။ ကလေးတွေလည်း ကောင်းကောင်းရသွား ကြမယ်မထင်ဘူး။ တယောက်ထဲ ဟိုအတန်းပြေးသင်လိုက်၊ ဒီအတန်းပြေးသင်လိုက်နဲ့ဆိုတော့။ ကျနော့်အတွေ့အကြုံ အရ တော်တဲ့ကျောင်းသားအကြီးတွေရဲ့ အကူအညီကို သင်ကြားရေးမှာထည့်သုံးထားလို့ သက်သာတာ။ အတန်း အလိုက် မော်နီတာထားပြီး ထိမ်းခိုင်းတာတို့၊ စာခေါ်ခိုင်းတာတို့လည်းပါတာပေါ့ဗျာ။ စာစစ်ပြီဆိုရင်လည်း ကျနော်ကိုယ် တိုင်မစစ်နိုင်တော့ဘူးလေ။ ကျောင်းသားအချင်းချင်းပဲ အပြန်အလှန် စစ်ခိုင်းလိုက်ရတယ်။ ဒါက ပိုပြီးထိရောက် တယ်ဗျ။ ကိုယ်တိုင်လည်းရေးရ၊ စစ်လည်းစစ်ရတော့ ကလေးတွေ အလေ့အကျင့်ပိုရသွားကြတာပေါ့။ ကျနော်က ပုံစံကျလာအောင်၊ ပြီးစလွယ်မဖြစ်အောင်၊ မလုပ်ပဲမနေရအောင်လောက်ပဲ ထိမ်းပေးရတယ်လေ”

ကျနော်တို့ကို ရင်ဖွင့်လိုက်ရခြင်းက ဆရာကြီးအတွက် အာဟာရဖြစ်နေပုံပေါ်သည်။ ဆရာကြီးကတော်၏ အပြောအရ ကျနော်တို့နဲ့စကားပြောဖြစ်မှ ခေါင်ရည်နှင့်ကွမ်းစားနှုန်း ခါတိုင်းထက် ကျသွားကြောင်းသိရသည်။
“တခါတခါလည်း ကျနော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျနော့်ကျောင်းက ကလေးတွေ မြို့ကျောင်းတွေမှာ သွားတက်ရင် ပထမစစချင်း တနှစ်မှာ စာမေးပွဲကျကြတာများတယ်ဗျ။ ကျနော်တယောက်တည်း မနိုင်မနင်းသင်လိုက် ရတာအပြင်၊ ဒီမှာက စာသင်ရင် ဒေသခံစကားနဲ့ပဲရှင်းပြရတော့ မြို့ရောက်ရင် ဒုက္ခရောက်ကြတာပေါ့။ ဒီရွာမှာက ကေကောစကားနဲ့ပဲ ပြောကြတာ။ ကလေးတွေက ဗမာစကားမတတ်ကြဘူးလေ”
ကျနော့်မှာ ဆရာကြီး၏ခံစားချက်တွေကို တနင့်တပိုးရလိုက်သည်။ ဆရာကြီးအပေါ်လည်း စာနာသွားမိ၏။ ကျောင်းသားလေးတွေအတွက်လည်း စိတ်မကောင်း။ သူတို့က သူတို့ရွာမှာ စာတော်နိုင်ကြသော်လည်း မြို့ကျောင်း ရောက်သည်နှင့် ဘာသာစကားအခက်အခဲကြောင့် စာမလိုက်နိုင်ဖြစ်ကြရသည့်အတွက်…။ မည်သို့သော နည်းများဖြင့် ဖြေရှင်းရမည်ကို မိမိ တွေးမဆုံးနိုင်အောင်ဖြစ်နေမိ၏။
“ဆရာကြီးရယ် ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရရင်ကောင်းမလဲဗျာ။”
ဒီကိစ္စက ကျနော့်အတွက် စိတ်ပင်ပန်းလွမ်းအားကြီး၍ မေးလိုက်မိသည်။
“ကျနော်လည်း ဒီကိစ္စကို အမြဲတမ်းတွေးနေတာပါပဲ။ ဒီလိုဗျ။ ဟိုတနေ့ကပြောသလို မြို့ကဆရာ၊ ဆရာမ တွေရောက်လာကြတယ်။ ရောက်စတော့ ဒီရွာကစကားကိုမတတ်ကြဘူး။ အနေကြာတော့ တတ်လာကြပြီး၊ ဒီရွာက စကားနဲ့ပဲပြော၊ ဒီရွာကစကားနဲ့ပဲသင်လာကြတယ်လေ။ ဆရာတွေကပဲ ဒီရွာကစကားကို တတ်တတ်သွားကြပြီး ကလေးတွေက ဗမာလိုမတတ်ကြတော့ဘူး၊ အရင်လိုဒုံရင်းပဲ။”
“အဲဒီတော့ ဒီရွာကစကားကို မသင်ပဲ၊ မပြောပဲ တောင့်ခံနိုင်မယ့်၊ ဗမာ့စကားနဲ့ပဲသင်ပေးမယ့် ကျောင်းဆရာ တွေရှိလာရင်၊ အခု ကျနော့်ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကို တစုံတရာဖြေရှင်းပေးနိုင်မယ်လို့ ယုံ တယ်ဗျာ။ အနည်းဆုံး၊ အထောက်အပံ့တော့ ရနိုင်မယ်လေ။ ခုက ကျနော်ကိုယ်တိုင် ကရင်ဖြစ်ပေမယ့် ကေကော စကားနဲ့ပဲ စာသင်ပေးနေရတာ။ ကျနော်လည်း ဗမာလို သိပ်မတတ်ဘူး။ ကလေးတွေက မြန်မာစာကိုတောင် ကြက်တူး ရွေးလို အလွတ်ကျက်နေရတာလေ။ အဓိပါယ် နားလည်ကြတာမဟုတ်ဘူး။”
ဆရာကြီးလည်း စကားပြောရတာ အတော်မောသွားပုံပေါက်၏။ ခေါင်ဗူးထဲကို ရေနွေးအသစ်ဖြည့်ကာ အားရ ပါးရ စုပ်သောက်နေပါတော့သည်။ သူတခါတခါသောက်သည်မှာ ကျနော်တို့ ၃ ၊ ၄ ခါ စုပ်လောက်နှင့် ညီမျှနိုင်သည်။ ရုတ်တရက် စုပ်သောက်နေရာက ခေါင်းထောင်လာကာ …
“ခင်ဗျားတို့ အဖွဲ့ထဲမှာ ကျောင်းဆရာဝါသနာပါတဲ့လူ မရှိဘူးလားဗျာ။ ကျနော်တို့ရွာအတွက်၊ ကျနော်တို့ ကလေးတွေအတွက် ကူညီပေးကြပါလား။ ခင်ဗျားတို့လို ပညာတတ်တွေသာ ကျောင်းဆရာအလုပ်ကို ၀ါသနာပါပြီး လုပ်ကြရင် သိပ်ကောင်းမှာပဲ။”
အခြားသူများတော့မသိ။ ကျနော်တော့ ဆရာကြီး၏စကားကြောင့် ခေါင်ရည်အမူးလေးပင် ပြေသွား၏။ ဆရာ ကြီး၏ အမေးကို မည်သို့ဖြေရမည်ကိုပင် စဉ်းစားမရ … ။

(၅)
“ကျနော်ဒီရွာမှာ နေခဲ့တော့မယ် ကိုသန်းကျော်ဌေး။ ကျနော်ကျောင်းဆရာလုပ်တော့မယ်။”
ကိုသန်းကျော်ဌေးမှာ ကျနော်တို့အဖွဲ့၏ခေါင်းဆောင်။ ကျန်းမာရေး၊ ပညာရေးနှင့် ပရဟိတစိတ်ရှိသူလည်းဖြစ် သည်။ ကျနော်စကားအပေါ် သူနားလည်နိုင်မည်ဟုယူဆ၍ လိုရင်းကိုဒဲ့ပြောလိုက်သည်။
“ဒီအလုပ်က ကောင်းတဲ့အလုပ်ပဲ ကိုလူဗိုလ်ရယ်။ နောက်ပြီး ဆရာကြီးပြောပြချက်အရဆိုရင် ဒီရွာအတွက် တကယ့်လိုအပ်ချက်လည်း ဖြစ်နေတာပဲဗျာ။ ခင်ဗျားခံနိုင်ရည်ရှိဖို့နဲ့ သေချာဖို့ပဲလိုတာ။ ကျန်တဲ့ကိစ္စအားလုံး ကျနော် တာဝန်ယူတယ်။ လေးစားပါတယ် ရဲဘော်။”
ကျနော်တို့စစ်ကြောင်းကြီး ခရီးဆက်ကြပါပြီ။ ကျနော်တယောက်တည်းသာ ရွာမှာကျန်ရစ်ခဲ့၏။ သို့ပေမယ့် အားငယ်စရာမရှိ။ ဖာသာလူးဝီစ်၊ ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားအားလုံးက ကျနော်ကို ၀ိုင်းရံပေးသွားနိုင်မယ်လို့ ယုံကြည်သည်။ အထူးသဖြင့် လိုအပ်ချက်ကွက်လပ်တခုကို မိမိရရဖြည့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မိ၍ လည်း ဖြစ်သည်။
ကျောင်းပြန်မဖွင့်သေးပေမယ့် ကျောင်းလေးကိုနေ့တိုင်းလိုလို ကျနော်ရောက်၏။ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ရန်ရည်ရွယ်၍။ ဒီရွာကိုရောက်စ၊ ဒီကျောင်းရှေ့မှာ ကျနော်တို့ရဲဘော်တွေ ထိုင်ခဲ့ကြတာကို ပြန်မြင် ယောင် မိသေးသည်။
အင်း … အဲဒီတုန်းက ဒီကြေငြာသင်ပုန်းကစာဟာ ကျနော့်ကျောင်းဆရာဘ၀ဖြစ်တည်မှုကို အစပြုစေလိမ့် မယ်လို့ မထင်ခဲ့မိတာ အမှန် … ။ ။

လူဗိုလ် ၁/၁၁/၂၀၀၉
၂၂ နှစ်ပြည့် ABSDF မွေးနေ့အမှတ်တရ
(truenews...သစ္စာဂျာနယ်မှာ ဒုတိယမြောက်ဖေါ်ပြပေးတဲ့ ကျနော်ရဲ့ စာမူလေးကို ပြန်တင်ပေးလိုက်ပါတယ်...)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...