Tuesday, January 21, 2014

နှလုံးသားဒိုင်ယာရီ(၂၀)

December 31, 2013 at 3:37am



၃၀-၃-၂၀၀၂
ကရက်သို့ရောက်ရှိပြီးနောက် ရွာဟောင်းဖက်သို့ခြေဆန့်ကြည့်ခဲ့မိသည်။ ရွာဟောင်းရှိ အထင်ကရနေရာ အတော်များများပျောက်ဆုံးနေသည်ကိုတော့ သတိထားမိသည်။ နတ်စင်ကြီးများ၊ ထန်းပင်များနှင့် ကုက္ကိုလ်ပင် ကြီးများမှာတော့ မျိုးတုံးပျောက်ကွယ်နေပြီ။ ၀မ်းသာစရာဟူ၍ ရွာဦးစေတီနှင့် ဆရာတော်ကျောင်းမှာတော့ ရှေးမူ မပျက်တည်ရှိနေဆဲဖြစ်သည်။
ယခင်ရွာဟောင်းရှိ ကျနော်နေထိုင်ရာ အိမ်အနောက်ဖက်ခြမ်းရှိ အလွန်ကြီးမား သော ရှေ့ဟောင်းအုတ်ဂူကြီးများမှာလည်း လုံးဝပင်မတွေ့ရတော့ နှမျောတသ၀မ်းနည်းနေမိပြန်သည်။
ကျနော်ရောက်တုန်းရောက်ခိုက် ဆရာတော်ကျောင်းပေါ်သို့တက်ရောက်ဝတ်ပြုလိုက်သည်။ ဆရာတော် ကို ကျနော်မှတ်မိသော်လည်း ဆရာတော်က အမှတ်တမဲ့ဖြစ်နေခဲ့သည်။ “အမေလုံးရီရဲ့သား ၀င်းကိုကြီးပါ” ဟု မိတ်ဆက်လိုက်မှ “အော်.. ၀င်းကိုကြီး ကိုး” ဘုန်းဘုန်းက “ဒီမှာ အလုပ်လာလုပ်နေတဲ့ ယိုးဒယားတွေ ထင်နေ တာကွဲ့” ဟု မိန့်တော်မူလေသည်။

တစ်ဆက်တည်းဆရာတော်က “ဒကာလေး ဘယ်များရောက်နေတာလဲ၊နှစ် တွေအတော်ကြာပြီနော်” ဟုဆိုလာပြန်တော့ ကျနော်လည်း “ မလိမ်မညာလိုသောကြောင့် အခြေအနေအရ တောထဲရောက်နေကြောင်းနှင့် ယခုလည်း အလုပ်ကိစ္စနှင့်ခေတ္တလာရောက်ခြင်းပါ ဘုရား” ဟု လျှောက်ထား လိုက်ရသည်။ ဆရာတော် ခေတ္တတွေဝေသွားပြီးနောက် “ ဒို့ဘုန်းကြီးများက နိုင်ငံရေးတော့ သိပ်နားမလည်ပါ ဘူးကွာ၊ ဒါပေမယ့် ရွာသူရွာသားတွေ အတိဒုက္ခရောက်နေတာမြင်ရတော့ ဘယ့်နှယ့်စိတ်ချမ်းသာပါ့မလဲ၊ အိမ် နောက်ပူတော့ အိမ်ရှေ့မချမ်းသာဆိုသလိုပေါ့ကွယ်၊ ဒကာ၊ဒကာမတွေ ပြေလည်ပြည့်စုံကြမှ ဒို့ဘုန်းကြီးတွေလဲ တရားဓမ္မကိုကောင်းကောင်းအားထုတ်နိုင်မှာ၊အခုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး ဒကာလေး၊ငါ့ရဲ့ ကျောင်းကိုလဲ ရွှေ့ခိုင်းနေတာ ကြာပါပကော၊ ဘုန်းကြီးလဲ သေရင်သေပါစေ မရွှေ့ဘူးဆိုတဲ့အဓိဌာန်နဲ့ နေနေ တာကွဲ့၊တစ်ရွာလုံးပြောင်းသွားရပေမယ့် ဘုန်းကြီးကျောင်းနဲ့ ရွာဦးစေတီလေးပဲ ကျန်နေတာ ဒကာလေးအမြင်ပဲ မဟုတ်လား” ဟု မိန့်ဆိုလာသောအခါ ကျနော်ဘာပြန်ပြောရမည်ကို မသိ၊ဆို့နစ်နေမိသည်။ “ဆရာတော်မှ ဒကာ လေးကို ပြစရာရှိသေးတယ်ကွဲ့” ဟု ပြောပြောဆိုဆို သူ့မှန်ဘီရိုထဲမှ ပစ္စည်းအချို့ကို ထုတ်လာခဲ့သည်။

ဘာရယ်မှန်းတော့ ကျနော်မသိ၊ ဆရာတော်မှ သေချာထပ်မံပြမှ ထပ်ဆင့်ကြေကွဲသွားရပြန် သည်။ ငယ်စဉ်က ကျနော်ဝတ်ဆင်ခဲ့သော ဖေါ့ရှန်အင်္ကျီများနှင့် ထမင်းထည့်ကျွေးသော ဒန်ပန်းကန်ပြားလေး တစ်ချပ်၊ ထိုပန်းကန်ပြားလေး နှုတ်ခမ်းပေါ်တွင်တော့ သံမှိုဖြင့်ထွင်းထားသည့် “၀င်းကို” ဆိုသည့်စာတမ်းလေး က ကျနော့ကိုကြည့်နေသယောင်၊ အမေလုံးရီမဆုံးမီရက်ပိုင်းအတွင်း ဘုန်းဘုန်းအား လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိလိုက်ရသည်။ “

ဖြစ်မှဖြစ်ရလေ…အမေရယ်”ဟုဆိုယုံမှတပါး ကျနော်ဘာများတတ်နိုင်မည်နည်း။ ထိုခေတ်ထိုအခါကာလကလည်း အခြေအနေက ကောင်းလှသည်မဟုတ်။ ရွာသို့လာရောက်သည့်လူတိုင်း ညစဉ်ဧည့်စာရင်းတိုင်ကြားရသည်။ ကျနော့်ကိုယ်၌ကလည်း ရွာလူကြီးထံ သွားရောက်ဧည့်စာရင်းတိုင်ရသည်။ “အမည်၊ ကျော်လွင်၊ အဖအမည်၊ ဦးတွက်၊ နေရပ်၊လွိုင်ကော်ရွာတန်းရှည်” ဟုဆိုလိုက်တော့ရွာလူကြီး မှ မျက် မှောင်ကုပ်ကာ ကျနော့ကိုစိုက်ကြည့်ပြီး “ နေပါအုံး၊နေပါအုံး မင်းနာမည်က ၀င်းကို မဟုတ်လားကွ၊ဘာလို့ ကျော်လွင် ဖြစ်နေရတာလဲ” ဟု ရုတ်တရက်မေးလိုက်တော့ အငိုက်မိသူက ကျနော်။ မှားသွားမှန်းသိလိုက်သည် နှင့် ကျနော်လဲ ပျာပျာသလဲ “ ဒီလိုပါဥက္ကဌရယ် ကျနော်က လွိုင်ကော် ပြောင်းနေတော့ မွေးစားအဖေ၊အမေ နာမည်နဲ့ မှတ်ပုံတင်လုပ်ထားတာပါဗျာ” ဟု ပြောင်းပြောလိုက်မှ ဘ၀င်ကျသွားပုံရသည်။ “ အေး..အေး၊ ဒီလိုဆို တော့တော်သေးတာပေါ့ကွာ၊ ၀င်းကိုဖြစ်လိုက်၊ ကျော်လွင် ဖြစ်လိုက်ဆိုတော့ အတုများဖြစ်နေလား လို့” ဟု ဆို လိုက်လေသည်။

ဧည့်စာရင်းတိုင်ပြီးသည်နှင့် သုတ်ခြေတင်ကာ အမြန်ပြန်လာခဲ့လိုက်သည်။ ညအိပ်ယာဝင် တော့ ကိုယ့်ကျောကိုယ်မလုံချင်၊ ကျောချမ်းနေမိသည်။ နောက်နေ့နံနက် နေရာတစ်နေရာသို့ရွှေ့ရန် စဉ်းစားရ ပြန်တော့သည်။ အိပ်ယာထသည်နှင့်အဖွားကိုကန်တော့ပြီး ခရီးဆက်ရပြန်သည်။ ရေလယ်ဘုရားကားဂိတ်မှတဆင့် ရန်ကုန် သို့ လိုင်းကားနှင့်ထွက်ခွာလာခဲ့သည်။ မြောက်ဥက္ကလာပရှိ အဖေ့နောက်အိမ်ထောင်ရှိရာအိမ်သို့သွားရန် စဉ်းစား လိုက်သည်။မွေးမိခင်ဆုံးပြီးနောက်အဖေလည်း နောက်အိမ်ထောင်ပြုခဲ့သည်။သားတစ်ဦး၊သမီးတစ်ဦး ထွန်းကား ခဲ့သည်။

အဖေကတပ်မတော်သားတစ်ဦးဖြစ်သောကြောင့် နယ်မြေဒေသအတော်များများတွင် တာဝန်ထမ်း ဆောင်ခဲ့ဘူးသည်။ အဖေတာဝန်ကျရာမိတ္ထီလာအမှတ်(၃)အမြှောက်တပ်၊ထိုမှတဆင့် အောင်ပန်းရှိအမှတ် (၄) အမြှောက်တပ်သို့ပြောင်းရွှေ့ရသည်။ နောက်ဆုံး အမှတ်(၃၁၀)အမြှောက်တပ်ခွဲ၊ကျိုင်းတုံသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရင်း ၁၉၈၉ခုနှစ်တွင်ကျိုင်းတုံမြို့၌ပင်တိမ်းပါးခဲ့ရသည်။ အဖေဆုံးသွားကြောင်းကိုနောက်ပိုင်းမှသိ လိုက်ရသည်။ အဖေ့နာရေးသို့ကျနော်မရောက်ခဲ့ရသလိုအဖေ့ဇနီး၊ သားသမီးများနှင့်လည်း ကျနော်ပြန်လည် ဆုံဆည်းခြင်းမရှိတော့ပေ။

ယခု ရန်ကုန်ရောက်တုန်း အဖေ့ဇနီးနှင့်တွေ့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မြောက်ဥက္ကလာရောက်တော့ အတော်ကလေးမေးမြန်းစုံစမ်းလိုက်ရသည်။ ကြံခင်းစုရပ်ကွက်ထဲတွင်နေ ကြောင်းသိရှိပြီးနောက် ဆိုက်ဆိုက်မြိုက်မြိုက်ကျနော်ရောက်သွားခဲ့သည်။ တွေ့လိုက်ရသည့် မြင်ကွင်းများက ကျနော့နှလုံးကို ထိခိုက်နာကျင်စေခဲ့သည်။ ဘ၀ကိုကြုံသလိုခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေကြရသည်။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်အမေက ကျနော့ကိုဖက်၍ ရှိုက်ကြီးတငင်ငိုကြွေးလျက်။ ညီဖြစ်သူက ကား စပယ်ယာအလုပ်လုပ်နေရသည်။ အိမ်ထောင်ကျ၍ သားသမီးများပင်ရှိနေပေသည်။

အိမ်ရှေ့တွင် ကျနော် ထိုင်နေစဉ် မိန်းခလေးတစ်ဦး အဝေးကလမ်းလျှောက်လာသည်ကိုမြင်လိုက်သည်နှင့် နှစ်ပေါင်းအတော်ကြာ ကွဲကွာနေသော ညီမလေးမှန်း ကျနော်သိလိုက်သည်။ သူလည်း ကျနော့ထံ တည့်တည့်မတ်မတ် ရောက်လာပြီး ကျနော့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်း “ အကိုကြီးမဟုတ်လား၊ အကိုကြီးဟုတ်တယ်မဟုတ် လား” ဟု မေးရင်း ကျနော့မျက်နှာကိုလှုပ်ကိုင်၍ အဆက်မပြတ်မေးမြန်းနေတော့သည်။ ဟုတ်မှန်ကြောင်း ပြောရန် စကားလုံးက နှလုံးသားမှပွင့်အန်မလာခဲ့၊ ရင်ထဲဆို့နစ်မွန်းကြပ်နေသောကြောင့်ဖြစ်မည်။ ခေါင်းငြိမ့်၍သာ သက်သေ တည်လိုက်ရသည်။ ကျနော့ကိုဖက်၍ ညီမလေး ငိုပြန်တော့သည်။ ထို့နောက်ညီမလေးလက်ထဲမှဖိတ်စာတစ်စောင်ကို ကျနော့ကိုကမ်းပေးရင်း ခွင့်လွှတ်ပါဟုဆိုလာပြန်သည်။ ဘာရယ်မသိ။ ဆွဲယူဖတ်ကြည့်လိုက်သည်။ ညီမလေးမင်္ဂလာဆောင်မည့်ဖိတ်စာလေးဖြစ်နေသည်။

နှစ်ဘက်မိဘ ဘိုးဘွားညီအကိုမောင်နှမများပါဝင်ကြသော်လည်း ကျနော့အမည်က ယောင်ယမ်း၍ပင်ပါမလာခဲ့။ စာလေး နှင့်ပင် အသိအမှတ်ပြုခြင်းမခံရသည့်ကျနော့ဘ၀။ ညီမလေးနှင့်လက်ထပ်မည့်သူက မြောက်ဥက္ကလာနယ်ထိန်း ၏သားဖြစ်နေသောကြောင့် မင်္ဂလာအခမ်းအနားအား မင်္ဂလာဒုံလေဆိပ်အနီးရှိ ရဲစခန်းခန်းမ၌ပင် မင်္ဂလာ ဆောင်မည်ဟုသိလိုက်ရသည်။ မင်္ဂလာဆောင်မည့်နေ့သို့ရောက်သောအခါ ကျနော်မနေသာတော့၊အကိုကြီး အဖအရာ ဆိုသကဲ့သို့ ရှုပ်ထွေးနေသည့်အလုပ်များကို ခေတ္တမေ့ထားပြီး မင်္ဂလာဆောင်သို့သွားရန်အတွက် ပုရွက်ဆိတ်ကုန်းဘူတာမှ ဆိုက်ကားတစ်စီးငှားပြီး မင်္ဂလာဆောင်မည့် ရဲစခန်းခန်းမရှေ့သို့ရောက်ရှိခဲ့သည်။ ခန်း မရှေ့သို့ရောက်လာသည့် ကျနော့ကို ဆွေမျိုးများမြင်လိုက်သည်နှင့် မျက်နှာအမူအယာပျက်၍ တုန်လှုပ်ကုန်ကြ သည်။

မည်သူ့ကိုမျှစကားမဆို၊ ခန်းမတွင်းသို့ဝင်သွားလိုက်သည်။ ယာဖက်နံရံပေါ်တွင် စနစ်တကျစီရီထား သည့် သေနတ်များကိုတွေ့လိုက်ရတော့ ကျနော်ပြုံးလိုက်မိသည်။ အနောက်ဖက်မှ တစ်ဦးဦးကကျနော့လက်ကို ဖမ်းဆွဲလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ အဖေ့ညီ ကျနော့ဦးလေးဖြစ်နေသည်။ ဦးလေးမှ “ မင်းဘာလို့ ဒီကိုလာရတာလဲ၊ အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်၊ ပြန်ရအောင်”ဟုဆိုကာ ခန်းမပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ကျနော် မငြင်းသာခဲ့။ အသာတကြည်ပင်လိုက်လျောလိုက်သည်။

စားသောက်ဆိုင်တစ်ခု သို့ခေါ်ဆောင်သွားရင်း ဦးလေးက “ မင်းဘာတွေလုပ်နေတယ်ဆိုတာ ငါရိပ်မိတယ်၊ မင်းဘာလုပ်လုပ် ငါတား ပိုင်ခွင့်မရှိပါဘူး၊ ဘယ်သူ့ကိုမှမထိခိုက်ရင်တော့ အကောင်းဆုံးပေါ့ကွာ၊ လူဆိုတာကိုယ့်လမ်းကိုယ်လျှောက်ကြ ရတာပဲ၊ မှားတယ်၊မှန်တယ်ဆိုတာ အချိန်နဲ့လုပ်ဆောင်မှုတွေကဆုံးဖြတ်ပေးတာ၊ နောက်ဆုံးမင်းကိုသတိပေး ချင်တာက အခုဆိုတော်လှန်ရေးနေ့နီးနေပြီ၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ထိန်းသိမ်းရမယ်ဆိုတာနားလည် ဖို့လိုတယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “ ဟုတ်ကဲ့ပါလေးလေး၊ ကျနော့ကြောင့် ဘယ်သူတစ်ဦးတစ် ယောက်မှ မထိခိုက်၊မနစ်နာစေရပါဘူး၊ ကျနော်ကတိပေးပါတယ်၊ လုပ်စရာအလုပ်တွေကတော့ ကျနော်ဆက် လုပ်ရအုံးမှာမို့ ကျနော် တစ်ခြားတစ်နေရာကို ထပ်သွားဖို့စီစဉ်ထားပါတယ်” ဟိုဆိုလိုက်သည်နှင့် ဦးလေးထံမှ ပင့်သက်ချသံတစ်ခုကြားလိုက်ရပေတော့သည်။

ဆက်ပါအုံးမည်။

အုပ်ကြီးဖေ

၃၀-၁၂-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...