Sunday, January 19, 2014

ဖယ်ဒရယ်အကြောင်း သိထားစရာများ။။။ မျိုးသန့်

September 15, 2013 at 2:23am
 
သမိုင်းကြောင်းနှင့် မျက်မှောက်ကာလများတွင် နိုင်ငံတွေမှာ အချုပ်အချာအာဏာ တည်ရှိနေပုံတို့သည် အကြမ်းဖျင်းအားဖြင့် (၅) မျိုးကို တွေ့ရှိနိုင်တယ်။ (၁) ကွန်ဖယ်ဒရေးရှင်း (ကွန်ဖယ်ဒရယ် (ခေါ်) ပြည်များစု) ၊ (၂) ဖယ်ဒရေးရှင်း (ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စု) နှင့် (၃) ယူနစ်ဒရယ် (ခေါ်) တပြည်ထောင် တို့သည် မိမိနိုင်ငံအတွင်းမှာသာ အချုပ်အချာအာဏာက တည်ရှိနေပြီး၊ (၄) အင်ပါယာနှင့် (၅) ဟီဂျမ်မိုနီ တို့ကတော့- နိုင်ငံတခုကနေ အခြားနိုင်ငံတခုကို လက်အောက်ခံပြုပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးဖြင့် လွှမ်းမိုးခြယ်လှယ်နေမှုတို့ ဖြစ်ကြတယ်


ဒီနေရာတွင် အချုပ်အချာအာဏာကို အပြည့်အ၀ ကျင့်သုံးနိုင်သော နိုင်ငံများအချင်းချင်းဖွဲ့စည်းထားလျင် ကွန်ဖယ်ဒရေးရှင်း ဟု ပြောနိုင်တယ်။ ယင်းအချက်က နိုင်ငံအချင်းချင်း အကျိုးတူ ပူးပေါင်း၍- ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးနှင့် ငွေကြေး ဆိုင်ရာကိစ္စ တခုခုအတွက် စာချုပ်ဆိုပြီး၊ ပြဿနာ အရေးကိစ္စများကို စုပေါင်း ဖြေရှင်း ဆောင်ရွက်ကြတယ်။  ဥပမာ- မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့။

ပြည်နယ်အစိုးရတွေနှင့် ဗဟိုအစိုးရတို့အကြားတွင် ကဏ္ဍများ ခွဲခြားသတ်မှတ်ပြီး၊ အာဏာကို ဝေခြမ်း ကျင့်သုံးနေလျင်- ၎င်းကို ဖယ်ဒရေးရှင်းဟု ခေါ်တယ်။ ဖယ်ဒရေးရှင်းသည် လွတ်လပ်ခွင့် ရှိသော ပြည်နယ်များက စုပေါင်း၍ ပြည်ထောင်စုဖွဲ့ထားသည့် စနစ်ဖြစ်တယ်။ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကို ဗဟိုအဆင့်ဖြစ်သော ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စုအစိုးရမှာသာ လုပ်ပိုင်ခွင့် ရှိနေတယ်။ ဥပမာ- အမေရိကန်ပြည်ထောင်စု။

အချုပ်အချာအာဏာကို ဗဟိုမှာသာ အပြည့်အ၀ကျင့်သုံးစေပြီး၊ ပြည်နယ်အစိုးရတွေကို ရပ်ဆိုင်းနိုင်ခြင်း၊ ပြည်နယ် အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ခန့်အပ်၊ ရပ်ဆိုင်းနိုင်ခြင်းတို့ ရှိနေလျင်တော့- ၎င်းစနစ်မျိုးကိုတော့- ယူနစ်ဒရယ် (ခေါ်) တပြည်ထောင် ဟုခေါ်နိုင်တယ်။ ဥပမာ-ဗြိတိန်နိုင်ငံတွင်- စကော့တလန်၊ ဝေလနှင့် မြောက်ပိုင်အိုင်ယာလန်တို့ဟာ မိမိတို့ ကိုယ်ပိုင်အစိုးရကိုယ်စီ ရှိကြပေမယ့် အင်္ဂလန်နဲ့ ပေါင်းဖွဲ့နေပြီး၊  ဗဟိုအစိုးရ (ခေါ်) ဗြိတိသျှပါလီမန်နှင့် ၎င်း၏ အစိုးရ အောက်မှာသာ တည်ရှိနေတယ်။ မြောက်ပိုင်းအိုင်ယာလန် လွှတ်တော်သည် (၄) ကြိမ်တိုင်တိုင် ဗြိတိသျှပါလီမန်၏ ရပ်ဆိုင်းခြင်းကို ခံခဲ့ရပြီး၊ ဗဟိုအစိုးရ၏ မြောက်ပိုင်းအိုင်ယာလန်အရေးဆိုင်ရာဌာန၏ လက်အောက်သို့ ထားရှိနေစေ ခဲ့သည်ကို တွေ့ရနိုင်တယ်။


ဒီနေရာတွင် ဖယ်ဒရယ်အစိုးရပုံစံ (ခေါ်) ဖယ်ဒရေးရှင်းကို လေ့လာလျင်-
ဖယ်ဒရယ်ဝါဒသည် အဖွဲ့ဝင် ပြည်နယ်များကို အခြေခံ၍ ဗဟိုပြုထားသည့် နိုင်ငံရေး အယူအဆတခုဖြစ်ပြီး၊ ဗဟိုနှင့် ပြည်နယ်တွေ အကြားသော်လည်း၊ ပြည်နယ်တခုချင်း အလိုက်သော်လည်းကောင်း လုပ်ပိုင်ခွင့်အာဏာတို့ကို ပိုင်းခြား သတ်မှတ်ထားခြင်း ဖြစ်တယ်။

ဖယ်ဒရယ်ဝါဒ ဆိုသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို ဖေါ်ပြကြရာတွင် အချုပ်အချာအာဏာကို ဗဟိုအစိုးနှင့် ပြည်နယ်များ အကြား အခြေခံဥပဒေ (စာချုပ်) ဖြင့် နိုင်ငံရေးနယ်နမိတ်ကို သတ်မှတ် ပိုင်းခြား၍ ကျင့်သုံး အုပ်ချုပ်သော အစိုးရစနစ်တခု ဖြစ်တယ် ဟု ဆိုထားတယ်။

ဖယ်ဒရယ်ဝါဒသည်  ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတွေအကြား ဒီမိုကရေစီကို စံပြုထားသော စည်းမျဉ်းများနှင့် အဖွဲ့အစည်းများ (အကျိုးဆောင်ရွက်မှုအတွက် အထူးသီးသန့် ရည်ရွယ် ဖွဲ့စည်းထားသော အသင်း၊ အဖွဲ့၊ ဌာနနှင့် တက္ကသိုလ်) ကို အခြေပြုပြီး၊ အာဏာကို မျှဝေထားသော စနစ်တခု ဖြစ်တယ်။ ၎င်းကို ဖယ်ဒရေးရှင်း လို့ ခေါ်တယ်။

တနည်းအားဖြင့် ဖယ်ဒရေးရှင်းသည် ပြည်နယ်များစုပေါင်းထားသော ပြည်ထောင်စု ဖြစ်တယ်။ အခြေခံဥပဒေ၏ ခွင့်ပြုချက်ဖြင့်သာ အာဏာကို တည်ရှိစေပြီး၊ အခြေခံဥပဒေနှင့် ဆန့်ကျင်၍ ဆောင်ရွက်ခွင့် မရှိပေ။ ဖယ်ဒရေးရှင်းအတွင်းရှိ အစိုးရနှင့် သက်ဆိုင်သော၊ အခြေခံဥပဒေနှင့် သက်ဆိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံတို့သည် ဖယ်ဒရယ်ဝါဒ ဖြစ်တယ်။ ဒါပေမယ့် ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စုစနစ်၏ ဆန့်ကျင်ဘက်စနစ်က ယူနစ်ဒရယ် (ခေါ်) တပြည်ထောင်စနစ် ဖြစ်နေတယ်။

ဖယ်ဒရယ်သည် ကွန်ဖယ်ဒရယ်နှင့် ယူနစ်ဒရယ်တို့ အကြားမှာ တည်ရှိနေတယ်။ ထို့ကြောင့် လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံ၊ နယ်မြေကျယ်ဝန်းသော နိုင်ငံတို့ လိုမျိုးကို ဖယ်ဒရေးရှင်း လုပ်နိုင်တယ်။ သို့သော်လည်း ထိုအချက် (၂) ချက် ရှိမှသာ ဖယ်ဒရေးရှင်း လုပ်နိုင်တယ်လို့တော့ မဆိုလိုပေ။

နောက်ပြီး- ဖယ်ဒရယ်ဆိုသာ သဘောတူညီချက်ဖြစ်လို့ သဘောတူညီ၍ လုပ်ဆောင်ချက်များက တည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး၊ အများအကျိုးကိုလည်း ရှိစေခြင်း၊ နယ်မြေဒေသများတွင် မတူညီခြားနားမှုများကို လျှော့နည်းစေခြင်းနှင့် အများလက်ခံနိုင်မှုများကို တိုးပွားစေခြင်း စသည်တို့ကို ဖြစ်နိုင်တယ်။

မတူညီသော လူမျိုးများနှင့် ကွဲပြားနေသော ဘာသာစကားပြောသူများအကြား ဗဟုယဉ်ကျေးမှုကို တည်ရှိလာစေပြီး၊ အချင်းချင်း ပဋ္ဋိပက္ခများကို လျှော့ပါးရှောင်ရှားစေတယ်။


ဖယ်ဒရယ်စနစ်အတွင်း အငြင်းပွားစရာနှင့် ပဋ္ဋိပက္ခများ
နိုင်ငံရေးနှင့် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားစရာကိစ္စရပ်များသည် ဖယ်ဒရယ်ဝါဒကျင့်သုံးသော နိုင်ငံတွေမှာ အဖြစ်များတယ်။ ပြဿနာတခုက တိကျစွာ အာဏာခွဲဝေထားသော တာဝန်ဝတ္တရားများ ရှိနေခြင်းက ဗဟိုနှင့် ပြည်နယ်အစိုးရတွေ အကြား ယင်းသို့ ပြဿနာဖြစ်လာစေတယ်။ အမေရိကန်ပြည်ထောင်စုမှာ- အဲဒီလိုပြဿနာမျိုးကို ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့်တွေကို တရားရုံးတွေက ဆုံးဖြတ် ဖြေရှင်းပေးရတယ်။ ဗဟိုနှင့် ဒေသဆိုင်ရာ တရားရုံးများက များပြားစွာ ရှိနေခြင်းကလည်း အငြင်းပွားစရာ ဖြစ်နေပြန်တယ်။

အဖြစ်များသော နောက်ပြဿနာတခုက ပြည်နယ်တွေနှင့် ဗဟိုတို့အကြား အခြေခံ အကျိုးမတူခြင်း (သို့မဟုတ်) ၊ မတူညီသော လူမျိုးများအကြား အကျိုးနှင့် မျှော်လင့်ချက်များ ခြားနားနေခြင်းတို့ကလည်း ပဋ္ဋိပက္ခများကို ဖြစ်ပေါ်နေတတ်တယ်။

ဖယ်ဒရယ်အစိုးရအနေဖြင့် ကွဲပြားခြားနားချက်တွေကို စေ့စပ်ဖြေရှင်းနိုင်သော အင်အားရှိသည့် နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်း မျိုး ဖွဲ့စည်းပြီး၊  စကား၊ လူမျိုး၊ ဘာသာနှင့် အခြားသော ဒေသဆိုင်ရာ ကွဲပြား ခြားနားမှုတွေက ပြဿနာများအဖြစ် သို့မရောက်ရှိ သွားစေရန် ထိန်းကျောင်းပြီး၊ ဆောင်ရွက်ဖြေရှင်းနိုင်ရန် လိုအပ်တယ်။ အကယ်၍ ကွဲပြာခြားနားချက်တွေကို ဖြေရှင်းနိုင်မှုမရှိပါက- ခွဲထွက်ရေးဆီသို့ ဦးတည်လာသော ပြဿနာအဖြစ်သို့ ရောက်ရှိသွားတတ်တယ်။

အနီအရင့်ရှိ ပြည်နယ်များသည် ဧပြီလ ၁၅ရက် ၁၈၆၁ခုနှစ် မတိုင်နှင့် အနီအပျော့ရှိပြည်နယ်တွေက ဧပြီလ ၁၅ရက် ၁၈၆၁ခုနှစ် နောက်ပိုင်းတွင် ပြည်ထောင်စုမှ ခွဲထွက်သော ပြည်နယ်များ။ အ၀ါရှိ ပြည်နယ်များသည် ကျွန်စနစ်ကို ခွင့်ပြုထားသော ပြည်ထောင်စုဝင် ပြည်နယ်များ။ အပြာရှိ ပြည်နယ်များသည် ကျွန်စနစ်ကို ပိတ်ပင်ထားသော ပြည်ထောင်စုဝင် ပြည်နယ်များ။ မီးခိုရှိ နယ်မြေများသည် နယ်ပယ်များသာ ဖြစ်သည်။ http://upload.wikimedia.org/wikipedia/commons/7/7b/US_Secession_map_1861.svg
အနီအရင့်ရှိ ပြည်နယ်များသည် ဧပြီလ ၁၅ရက် ၁၈၆၁ခုနှစ် မတိုင်နှင့် အနီအပျော့ရှိပြည်နယ်တွေက ဧပြီလ ၁၅ရက် ၁၈၆၁ခုနှစ် နောက်ပိုင်းတွင် ပြည်ထောင်စုမှ ခွဲထွက်သော ပြည်နယ်များ။ အ၀ါရှိ ပြည်နယ်များသည် ကျွန်စနစ်ကို ခွင့်ပြုထားသော ပြည်ထောင်စုဝင် ပြည်နယ်များ။ အပြာရှိ ပြည်နယ်များသည် ကျွန်စနစ်ကို ပိတ်ပင်ထားသော ပြည်ထောင်စုဝင် ပြည်နယ်များ။ မီးခိုရှိ နယ်မြေများသည် နယ်ပယ်များသာ ဖြစ်သည်။ http://upload.wikimedia.org/wikipedia/commons/7/7b/US_Secession_map_1861.svg


ဥပမာ- အမေရိကန် ပြည်တွင်းစစ်လိုမျိုး တောင်ပိုင်းပြည်နယ် (၁၁) ခုက မြောက်ပိုင်းပြည်နယ်တွေနဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်း မနေလို၍ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး၊ တောင်ပိုင်းရှိ ပြည်နယ်တွေက ကျွန်စနစ်သည် ပြည်နယ်တွေ၏ အခြေခံဥပဒေပြင်ဆင် ဖြည့်စွက်ချက် (၁၀) အရ ပြည်နယ်တွေ၏ အခွင့်အရေးတရပ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆို ခဲ့ပြီး၊ မြောက်ပိုင်းပြည်နယ်တွေက ကျွန်စနစ်ကို ဆန့်ကျင် ဖျက်သိမ်းလိုတယ်။

စင်္ကာပူဟာ မလေးရှား၏ ဖယ်ဒရေးရှင်းက (၁၉၆၅) ခုနှစ်မှာ ခွဲထွက်လာခဲ့တယ်။ အကြောင်း တင်းမားလာသော လူမျိုးရေး ပဋ္ဋိပက္ခများကြောင့် ဖြစ်တယ်။ တချို့ဆိုလျင် ဖယ်ဒရေးရှင်းတခုလုံး ပျက်ပြယ်သွားသည်အထိ ဖြစ်သွားတယ်။ ပြည်ထောင်စု ဗဟိုအမေရိက ဆိုလျင်- စက်တင်ဘာ (၁၈၂၁) ခုနှစ်မှ (၁၈၄၁) ခုနှစ်အထိနှင့် အနောက် အင်ဒီယန်း ဖယ်ဒရေးရှင်း က- ဇန်န၀ါရီ (၃) ရက် (၁၉၅၈) ခုနှစ်မှ မေလ (၃၁) ရက် ၁၉၆၂ အထိသာခံခဲ့တယ်။


သမိုင်းနောက်ခံ
ရှေ့အခါက လူမျိုးစုအကြီးအကဲများနှင့် ရှင်ဘုရင်များအနေဖြင့်- ခရစ်တော်မပေါ်မှီ (၄) ရာစုလောက်က (ယနေ့ အခေါ် အီတလီနိုင်ငံ) ခရုန် (သ်) အဖွဲ့ချုပ်၊ နောက်ပြီးတော့- (ယနေ့ အခေါ် အီတလီနိုင်ငံ၏ မြောက်ပိုင်းနားမှာ ရှိသော သြစတီးယားနိုင်ငံ) နိုရခ(မ်) နှင့် မြောက်အမေရိကတိုက်တွင် ဒေသခံလူမျိုးစုများပေါင်းစုပြီးတော့လည်း၊ ဖယ်ဒရေးရှင်းအဖြစ် ကမ္ဘာ့သမိုင်းတွင် အစောဆုံး ဖွဲ့စည်း ကျင့်သုံးခဲ့ကြောင်းကို လေ့လာတွေ့ရှိနိုင်တယ်။

ကမ္ဘာပေါ်မှာ ကာလအကြာဆုံးနှင့် ဆက်လက်ပြီး၊ ရှင်သန်နေသော စံပြုစရာတခုက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။ (၁၇၈၇) ခုနှစ် စက်တင်ဘာလ (၁၇) ရက်တွင် အမေရိကန်အခြေခံဥပဒေသည် စတင်အသက်ဝင်လာပြီး၊ ဖယ်ဒရယ်ပြည်ထောင်စုအဖြစ်- ယနေ့တိုင် တည်ရှိနေသော နိုင်ငံတခုဖြစ်နေတယ်။ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး တိုက်ပွဲဆင်နွဲကာ- လွတ်လပ်ရေးကြေညာချိန်က ကွန်ဖယ်ဒရယ်ဖြင့် စတင်လာရာ ဂျော့ဝါရှင်တန်၏ ဦးဆောင်မှုဖြင့် နောက်ပိုင်းတွင် ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်လာခဲ့ခြင်း ဖြစ်တယ်။

အမေရိကန်ပြည်ထောင်စု၊ ၎င်း၏ မြို့တော်၊ ပြည်နယ်များနှင့် ၎င်းတို့၏ မြို့တော်များ ပြပုံ။ http://www.nationsonline.org/maps/USA.jpg
အမေရိကန်ပြည်ထောင်စု၊ ၎င်း၏ မြို့တော်၊ ပြည်နယ်များနှင့် ၎င်းတို့၏ မြို့တော်များ ပြပုံ။ http://www.nationsonline.org/maps/USA.jpg

ကမ္ဘာပေါ်မှာ အသစ်ပေါ်ပေါက်လာသော ဗဟိုအမေရိက၏ ဖယ်ဒရယ် ရီပတ်ဘလစ်(ခ်) မှာ (၁၈၂၁) ခုနှစ် မှ (၁၈၄၁) ခုနှစ်အထိ အနှစ် (၂၀) လောက်သာခံပြီး၊ လွတ်လပ်သော သီးခြားနိုင်ငံများအဖြစ် ရောက်ရှိသွားခဲ့တယ်။

အာဂျင်တီးနားနှင့် မက်ဆီကိုနိုင်ငံတွေက ဖယ်ဒရယ်ဝါဒကို မကျင့်သုံးမှီမှာ- ဖယ်ဒရယ်ပုံစံဖြစ်လိုက်၊ ကွန်ဖယ်ဒရစ်ပုံစံဖြစ်လိုက်နှင့် ယူနစ်ဒရယ်ဖြစ်လိုက်နဲ့ နောက်ဆုံးမှာ ဖယ်ဒရယ်ဝါဒဖြင့် နိုင်ငံကို ဖွဲ့စည်းခဲ့တယ်။

ဘရာဇီနိုင်ငံလည်း သက်ဦးစံပိုင်စနစ်ကျဆုံးပြီးနောက်မှာ ဖယ်ဒရယ်ဝါဒကို ကျင့်သုံးသည့် နိုင်ငံဖြစ်လာခဲ့တယ်။

ဗင်နီဇွဲလားနိုင်ငံလည်း ပြည်တွင်းစစ်အပြီး ဖယ်ဒရယ်ဝါဒကျင့်သုံးသော နိုင်ငံဖြစ်လာခဲ့တယ်။

ဂျာမဏီနိုင်ငံလည်း ဖယ်ဒရယ်ဝါဒကို မကျင့်သုံးမှီမှာ- (၁၈၁၅) ခုနှစ်တွင် ဂျာမန် ကွန်ဖယ်ဒရေးရှင်းဖွဲ့အပြီး၊ ဖယ်ဒရယ်ပုံစံဖြစ်လိုက်၊ ကွန်ဖယ်ဒရစ်ပုံစံဖြစ်လိုက်နှင့် ယူနစ်ဒရယ်ဖြစ်လိုက်နဲ့ နောက်ဆုံးမှာ ဟစ်တလာအာဏာရှင် မဖြစ်လာခင်အထိ ဝေမာရီပတ်ဘလစ် (ခ်) သည် ဖယ်ဒရယ်ဝါဒဖြင့် ကျင့်သုံးခံသော နိုင်ငံကို ဖွဲ့စည်းခဲ့တယ်။

ဒုတိယကမ္ဘာစစ်အပြီး၊ အရှေ့နှင့် အနောက် ကွဲပြားခဲ့ချိန်မှာ အနောက်ဂျာမဏီက ဖယ်ဒရယ်ဝါဒကို ပြန်ဖွဲ့စည်းခဲ့ပြီး၊ နောက်ပိုင်း အရှေ့ဂျာမဏီ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲချိန်တွင် အနောက်ဂျာမဏီနှင့် ပြန်ပေါင်းစည်းကာ ဂျာမဏီနိုင်ငံသည် ဖယ်ဒရယ်ဝါဒ ကျင့်သုံးသော နိုင်ငံအဖြစ် ဆက်လက်ရှိနေလေတယ်။

(၁၉၂၂) ခုနှစ်တွင် တည်ထောင်ခဲ့သော ဆိုဗီယက်ပြည်ထောင်စုသည်လည်း ဖယ်ဒရယ်ဝါဒကို ကျင့်သုံးခဲ့တယ်ဆိုခဲ့ပေမယ့်၊ လက်တွေ့မှာ ဗဟိုချုပ်ကိုင်မှုကြီးမားနေတယ်။

ဗြိတိသျှအင်ပါယာထဲရှိ ကိုလိုနီတွေများစွာတွေလည်း ဖယ်ဒရယ်ဝါဒကို ကျင့်သုံးလာသော နိုင်ငံများဖြစ်ခဲ့ကြသာ ရှိတယ်။ နိုက်ဂျီးရီယား၊ ပါကစ္စတန်၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့ဖြစ်ခဲ့ပြီး၊ သြစတေးလျှနှင့် ကနေဒါတို့သည်လည်း လွတ်လပ်သော ဖယ်ဒရယ်ဝါဒကို ကျင့်သုံးသည့် နိုင်ငံတို့ဖြစ်နေတယ်။

ကမ္ဘာပေါ်ရှိ ဖယ်ဒရယ်နိုင်ငံများ ပြပုံ (အစိမ်းရောင်ရှိ နိုင်ငံများသည် ဖယ်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများ ဖြစ်တယ်။)
ကမ္ဘာပေါ်ရှိ ဖယ်ဒရယ်နိုင်ငံများ ပြပုံ (အစိမ်းရောင်ရှိ နိုင်ငံများသည် ဖယ်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများ ဖြစ်တယ်။)


ဖယ်ဒရေးရှင်းအတွင်း
အဖွဲ့ဝင်ပြည်နယ်အစိုးရတွေက
ပြည်ထဲရေး၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များကို ဖော်ထုတ်ရေး၊ အခြေခံပညာရေးကျောင်းများ တည်ဆောက် ထိန်းသိမ်းရေး၊ ရွေးကောက်ပွဲများ ကျင်းပပေရေး၊ ပြည်နယ်များအတွင်း ကုန်သွယ်စီးပွားရေး၊ ပြည်သူတွေ၏ လုံခြုံရေး၊ စသည့်တိုအတွက် လုပ်ပိုင်ခွင့်အာဏာရှိပြီး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စစ်ကြေညာခွင့်၊ နိုင်ငံခြားကုန်သွယ်ရေး စာချုပ်ကိစ္စ၊ စာတိုက်ကိစ္စ၊ ငွေကြေးကိစ္စ စသည့်တို့ကို ဗဟိုအဆင့် ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စုအစိုးရမှာသာ လုပ်ပိုင်ခွင့်အာဏာရှိတယ်။

တချို့ဖယ်ဒရေးရှင်းတွေမှာ ပြည်နယ်တခုနှင့် တခုအကြား အချုပ်အချာအာဏာကို ကျင့်သုံးမှု မတူညီတာကို တွေ့ရှိနိုင်ပြီး၊ ဥပမာ- မလေးရှား၏ ဖယ်ဒရေးရှင်းကို ကြည့်လျင်သိရှိနိုင်တယ်။ ဆာဗား ၊ ဆာရာဝတ်တို့က ဖယ်ဒရေးရှင်းအတွင်းမှာ ရှိနေပြီး၊ မလေးရှားကျွန်ဆွယ်ပေါ်ရှိပြည်နယ်တွေနဲ့ မတူညီခြားနားနေသော အခြေအနေတွေမှာ ရှိတယ်။

ဖယ်ဒရေးရှင်းပေါ်ပေါက်လာရတဲ့အကြောင်းတွေက မတူညီခြားနားနေတတ်ပြီး၊ ဘုံပြဿနာကို ဖြေရှင်းရန် သဘောတူညီချက် ယူ၍ နိုင်ငံ၏ အကျိုးကို စောင့်ရှောက် ကာကွယ်ရေးကို အခြေခံကြတယ်။ နောက်တချက်က တူညီသော လူမျိုးစုများ ပြည်နယ်များစွာတွင် ပြန့်နှံ့နေထိုင်နေမှုအပေါ်မှာလည်း အကြောင်းခံ၍ ဖယ်ဒရေးရှင်းကို ဖွဲ့တတ်တယ်။

နိုင်ငံများ၏ သမိုင်းကြောင်းများစွာ မတူညီကွဲပြားတည်ရှိနေပြီး၊ ဥပမာ- သြစတေးသျှနိုင်ငံ၏ ဖယ်ဒရေးရှင်းမှာတော့ နိုင်ငံသားတိုင်းက မိမိဆန္ဒမဲပေး၍ ပြည်သူ့ဆန္ဒ ခံယူပွဲဖြင့် သြစတေးသျှနိုင်ငံ၏ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။

ဘရားဇီမှာတော့ သမိုင်းတွင် ဖယ်ဒရေးရှင်းရော၊ ယူနစ်ဒရယ်နိုင်ငံအဖြစ်ပါ ဖြစ်ခဲ့ဖူးပြီး၊ ပေါ်တူဂီကိုလိုနီက သတ်မှတ်ခဲ့တဲ့ နယ်နမိတ်အတိုင်း ယနေ့ ပြည်နယ်များ အလိုက် ဖယ်ဒရေးရှင်းအဖြစ် တည်ရှိနေတယ်။ (၁၉၈၈) ခုနှစ် အခြေခံဥပဒေအရ ပေါ်ပေါက်လာသော အုပ်ချုပ်ရေးဆိုင်ရာကြောင့် ပြည်နယ်အသစ်တခု ပေါ်ပေါက်ခဲ့ပြီး၊ ပြည်နယ်ကြီးမားဆုံး (၇) ခုတို့က ဖယ်ဒရေးရှင်းအဖြစ်တည်ရှိနေတယ်။


ဖယ်ဒရယ်ဝါဒကျင့်သုံးသော နိုင်ငံများ၏ ဖိုရမ်
ထို့ဖိုရမ်ကို ကနေဒါနိုင်ငံမြို့တော် အော်တ၀ါမှာ (၁၉၉၉) ခုနှစ်တွင် သြစတေးသျှ၊ ဘရာဇီး၊ ကနေဒါ၊ အီသီးယိုးပီးယား၊ ဂျာမဏီ၊ အိန္ဒိယ၊ မက်ဆီကို၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်နှင် ဆွိဇာလန်နိုင်ငံများပါဝင်သော အဖွဲ့ဝင်နိုင်ငံများဖြင့် ထူထောင်ခဲ့တယ်။

ရည်ရွယ်ချက်တွေက အစိုရပိုင်းကိစ္စတွေအပေါ် အခြေခံသော ပညာပေးရေးဆိုင်ရာ အခမ်းအနားပွဲများ ကျင်းပ၍ ဖယ်ဒရယ်ဝါဒနှင့် ဒီမိုကရေစီရေးဆိုင်ရာများ ဖွံဖြိုးတိုးတက်လာရန် အထောက်အကူပြုရေးနှင့် ဖြန့်ဖြူးရေးတို့အတွက် ဖြစ်တယ်။

များမကြာမှီကာလများတွင် ဖယ်ဒရယ်ဝါဒကို ကျင့်သုံးပြီး၊ ဘောစနီးယား၊ ဟဂျီဂိုဗီနားနှင့် အီရတ်နိုင်ငံတွေမှာ လူမျိုးရေး၊ ဘာသာရေး ပဋ္ဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနေကြသည်ကို တွေ့ရှိရတယ်။


အချုပ်အားဖြင့် ဆိုသော် ဖယ်ဒရေးရှင်းသည် ကောင်းမွန်ချက်များရှိသလို၊ ဆိုးကျိုးများလည်းရှိတယ်။ နိုင်ငံတခု၏ သမိုင်းကြောင်းနှင့် တည်ရှိနေသော ပြည်သူတွေရယ်၊ ၎င်းတို့ကို ဦးဆောင်နေသော နိုင်ငံရေးအင်အားစုများနှင့် ၎င်း နိုင်ငံရေးအင်အားများ အချင်းချင်း၏ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေး အပေါ်တည်နေတတ်တယ်။

ဖယ်ဒရယ်သည် နိုင်ငံရေးသိပံ္ပပညာအရ ကွန်ဖယ်ဒရယ်နှင့် ယူနစ်ဒရယ်အစိုးရ အကြားတွင် တည်ရှိနေပြီး၊ အာဏာ (အချုပ်အချာ) ကို ဗဟိုအစိုးရ တခုတည်း၊ ပြည်နယ်အစိုးရတတွေတည်းတွင် တည်ရှိ မနေဘဲ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ခွဲဝေ ကျင့်သုံးနေသော အာဏာတည်ရှိပုံ ဖြစ်တယ်။ ထို့ကြောင့် ဖယ်ဒရယ်စနစ်ဖြင့် နိုင်ငံကို ပြည်နယ်များဖြင့် လွတ်လပ်စွာ ပေါင်းစည်း ထားခြင်းဖြစ်တယ်။



                                                         ~~~ ပြီးပါပြီ ~~~

ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါတယ်။
မျိုးသန့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...