Sunday, January 26, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ ဆဌမပိုင်း မြေယာပြဿနာ နှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၂) နှင့် (၃)

Aung Htoo January 20, 2014 at 6:25pm

၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆိုခဲ့သည်။  [1]
(က) လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် မိမိလက်ဖြင့် လုပ်ကိုင်သူကို          သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက်လုပ်ကိုင်သူကို သို့တည်းမဟုတ် ကိုယ်တိုင်ကြီး                     ကြပ်လုပ်ကိုင်သူ

            (ခ) ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။

၂၀၁၂  ခုနှစ် လယ်ယာမြေဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆို       ထားသည်။  

                  (၁) မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်စလုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မိမိကိုယ်တိုင်လုပ်ကိုင်သူ သို့မဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊
                  (၂) ဆိုင်ရာနှစ်တွင် မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်လုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ငန်းလုပ်ကိုင်ချိန်
               တစ်လျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူ၊
                  (၃) မြေကိုအသုံးပြု၍ ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် သို့မဟုတ်
               စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရန်အလို့ငှာ အရင်းအနှီး မတည်စိုက်ထုတ်၍ လုပ်ငန်း
               လုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်လုပ်ကိုင်သူ သို့မဟုတ် ကြီးကြပ်စီမံလုပ်ကိုင်သူ၊
                  (၄) မြေကိုအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ၊
                  (၅) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့်ဆက်နွှယ်လျက်ရှိသော ထုတ်လုပ်မှုလုပ်ငန်း
အလို့ငှာ မြေကိုအသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ ကိုယ်တိုင် ထုတ်လုပ်ရောင်းချသူ။

“တောင်သူလယ်သမား” ဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ ဥပဒေနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင်ကွာခြား ချက်ကို တွေ့နိုင်ပါမည်။ ၁၉၅၃ ဥပဒေတွင်လယ်ယာမြေကို အဓိကထားသည်။ လယ်ယာမြေကို လုပ်ကိုင်သူသည် တောင်သူလယ်သမားဖြစ်သည်။ ၂၀၁၂ ဥပဒေတွင် တောင်သူလယ်သမားဟူသည်ကို အဓိပ္ပါယ်ဖွင့်ရာ၌ လယ်ယာ မြေ ဟူသောဝေါဟာရပင် မပါရှိတော့။ လယ်ယာမြေနှင့် ရိုးရိုးမြေ ခြားနားချက်ပင် ပျောက်ကွယ်သွားပြီ။ လယ် မလုပ်သူသည်လည်း တောင်သူလယ်သမား အခွင့်အရေးကို ရရှိသွားသည်။ ဤသည်မှာ ပထမ အချက်ဖြစ်သည်။

ဒုတိယ အချက်မှာ ၂၀၁၂ ဥပဒေအရ ခရိုနီကြီးများ လယ်သမားစာရင်းဝင် ဖြစ်သွားခြင်းပင်။ ၁၉၅၃ ဥပဒေအရ လယ်သမားဟူသည်မှာ လယ်မြေကို ကိုယ်တိုင်လက်ဖြင့် လုပ်ကိုင်သူ (သို့မဟုတ်) လယ်ယာ မြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကြောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန်တလျှောက်လုံး ကိုယ်တိုင်ကြီးကြပ် လုပ်ကိုင် သူ ဖြစ်သည်။ ဆိုလိုသည်မှာ ၁၉၅၃ ဥပဒေအရ ကိုယ်တိုင်လက်ဖြင့် မလုပ်သူသည် လယ်သမားမဟုတ်။ ကိုယ်တိုင် လက်ဖြင့် မလုပ်၊ ကြီးကြပ်လုပ်ကိုင်သူဖြစ်သော်လည်း လယ်ယာမြေကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်း အနေ ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန်တလျှောက်လုံးကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူဖြစ်ရမည်။ ၁၉၅၃ဥပဒေအရ တောင်သူ လယ် သမား ဟူသည့်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တိကျသည်။ လယ်သမားဘ၀ကို တန်ဘိုးထားမှုအပေါ်အခြေခံသည်။ လယ်သမားများကို ကာကွယ်စောင့်ရှောက်ရန် ဦးတည်သည်။

၂၀၁၂ ဥပဒေအရ အခြားစိုက် မွေး စီးပွားဖြစ်ခြံ လုပ်ငန်းများအား ရုံးခန်းထဲမှာထိုင်၊ တယ်လီဖုံး တလုံးဖြင့် ကြီးကြပ်စီမံလုပ်ကိုင်သူသည်လည်း လယ်သမားဖြစ်သွားသည်။ သို့ဖြင့် ခရိုနီများသည်လည်း လယ် သမားစာရင်းဝင် ဖြစ်သွားသည်။ နအဖ၏ ခွင့်ပြုချက်ဖြင့် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းအတွင်း မြေဧက နှစ်သိန်းကျော် သိမ်းယူခဲ့သည့် ယုဇန ကုမ္ပဏီပိုင်ရှင် သူဌေးကြီးဦးဌေးမြင့်သည်လည်း လယ်သမား ဖြစ်သွားသည်။ လယ်သမားများ အပေါ်အကာအကွယ်ပေးသည့် အခွင့်အရေးများရသွားသည်။

ဦးဌေးမြင့်သည် အဘယ်ကြောင့် ကချင်ပြည်နယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာကာ မြေယာ ကို စီမံခန့်ခွဲလုပ်ကိုင်ခွင့်ရခဲ့သနည်း။ မြေယာစီမံခန့်ခွဲခွင့်သည် ကချင်ပြည်နယ်မှာမရှိဘဲ ဗဟိုအစိုးရတွင်သာ ရှိသော ကြောင့် ဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိမြေယာအပေါ် ကချင်ပြည်နယ် လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက် ထားသော လူထုအစိုးရက စီမံခန့်ခွဲခွင့်မရှိဘဲ နေပြည်တော်တွင် ထိုင်နေသည့် ဗဟိုအစိုးရက တိုက်ရိုက်လှမ်းပြီး စီမံ ခန့်ခွဲသောအခါ ကချင်ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးသွားသည်။ ပင်လုံစာချုပ်ပါ သဘောတူညီချက်များ သည် စာရွက်အပေါ်တွင်သာ ရှိတော့သည်။ ဤသည်မှာ ပြည်နယ်၏ အခွင့်အရေး ရှုထောင့်မှ ပထမ ဆုံးရှုံးမှု ဖြစ်သည်။

            ဦးဌေးမြင့်ကို ချပေးသော လုပ်ပိုင်ခွင့်မှာ မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ပြီးစိုက်ပျိုးမြေများဖေါ်ကာ ပလောပီနံများ စိုက်ရန်ဖြစ်သည်။ ဦးဌေးမြင့်သည် ဟူးကောင်းချိုင့်ဝှမ်းတွင်နေထိုင်လျက်ရှိသော ဒေသခံကချင်နှင့် အခြားတိုင်းရင်းသားများ၏ လယ်ယာမြေများကိုပါ သိမ်းယူပါတော့သည်။ တည်ဆဲဥပဒေများမှာ လယ်လုပ်သူ လယ် ပိုင်ခွင့်မရှိ၊ လယ်လုပ်ပိုင်ခွင့်သာရှိသဖြင့် မိမိ၏ပိုင်ဆိုင်မှုအခွင့်အရေးကို ကိုင်ကာ ဒေသခံလယ်သမားများသည် ဦးဌေးမြင့်ကို ဥပဒေကြောင်းအရ ခုခံကာကွယ်ခြင်းမပြုနိုင်။ သို့ဖြစ်၍ မြန်မာလူမျိုးဖြစ်သော ဦးဌေးမြင့်က တိုင်းရင်းသား ကချင်လယ်သမားများ၏ လယ်မြေများအပေါ် မတရားလုပ်ခွင့်ရသွားသည်။ လူမျိုးရေးမုန်းတီးမှုများပါ ပေါက်ဖွား လာနိုင်သည်။ ဤသည်မှာ ဒုတိယ ဆုံးရှုံးမှု ဖြစ်သည်။

ပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများအပေါ် စီမံခန့်ခွဲခွင့်မှာနှစ်ပိုင်းရှိသည်။ တပိုင်းမှာ လူသူနေ ထိုင် မှုနှင့် ကင်းဝေးရာနေရာများရှိ မြေလွတ်မြေရိုင်းများအပေါ် ပြည်နယ်အစိုးရတွင် စီမံခန့်ခွဲခွင့်ရှိပါမည်။ သို့ရာတွင် ပြည် နယ်အတွင်းရှိ ဒေသငယ်တခုတွင် ဘိုးစဉ် ဘောင်ဆက် စဉ်ဆက် မပြတ်နေထိုင်လာခဲ့သော ဒေသခံတိုင်းရင်းသားများ သည် မိမိတို့အသက်ရှင်နေထိုင်သော နယ်မြေ၊ ကျေးရွာ တ၀ိုက်ရှိ သဘာဝမြေ၊ တောရိုင်းမြေ၊ သစ်တောမြေ တို့ကို စုပေါင်းပိုင်ဆိုင်အသုံးချခွင့်ရှိရမည်။ ဤသည်မှာ နောက်တပိုင်းဖြစ်သည်။ ယင်းသို့ စုပေါင်း ပိုင်ဆိုင်အသုံးချခွင့်ကို ဥပဒေနှင့် အညီ အသိအမှတ်ပြုထားခြင်းမခံရသောအခါ ဗဟိုအစိုးရ၏ တိုက်ရိုက်ခွင့်ပြုချက်ကို ရယူ၍၊ ပြည်နယ် အစိုးရ အာဏာပိုင်များနှင့် အပေးအယူလုပ်ပြီး ဟူးကောင်းချိုင့်ဝှမ်းအတွင်းသို့ ဆင်းလာသော မြေပြန့်သား ဦးဌေးမြင့် သည် တောင်ပေါ်ကချင်ပြည်နယ်တွင် လုပ်ချင်ရာလုပ်ခွင့်ရှိသွားသည်။ ဒေသခံလူထု၏ စုပေါင်းပိုင်ဆိုင်အသုံးချခွင့် အခွင့်အရေးကို အသိအမှတ်မပြုတော့ဘဲ မြေယာကို ထင်သလို စီမံခန့်ခွဲပါတော့သည်။ ဤသည်မှာ တတိယ ဆုံးရှုံးမှု ဖြစ်သည်။

ဤသို့ ဖြင့် မှားယွင်းသော မြေယာ ဥပဒေနှင့် မူဝါဒများအောက်တွင် တိုင်းရင်းသားပြည်နယ်များ သည် လည်းကောင်း၊ ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူထုများသည်လည်းကောင်း အခွင့်အရေး သုံးရပ်လုံး တွင် နစ်နာဆုံးရှုံးလျက်ရှိနေသည်။ ဤ ပြဿနာကို ယခုကျင်းပနေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မဆွေးနွေးလျှင် မည်သည့် နေရာတွင်ဆွေးနွေးမည်နည်း။

အပစ်ရပ်သွားရုံနှင့် ငြိမ်းချမ်းသွားပြီဟု အော်ဟစ်နေခြင်းမှာ စစ်အစိုးရ အဆက်ဆက် စစ်ခေါင်းဆောင် ဟောင်း သစ်များ လုပ်နေကြအလုပ်ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များသည် ဤသည်ကို သံယောင်မလိုက်သင့် ပါ။ ပြည်နယ်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှု အခြေခံတွင် ရထိုက်သည့် ပြည်နယ်အခွင့်အရေး၊ ပြည်နယ်အတွင်းနေထိုင် လျက်ရှိကြသော ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး စသည်များအပေါ်တွင် ရပ်တည်ဆွေးနွေးပြီး သဘောတူညီ ချက်များ ရရှိလာမှသာ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရောက်ပြီဟု ဆိုနိုင်ပါမည်။

လက်တွေ့တွင် အဆိုပါအခွင့်အရေး သုံးရပ်လုံးရသင့်သည်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းခေါင်းဆောင်များ ကိုယ်တိုင်က ထင်ရှားသိသာစွာ အသိအမှတ်မပြုသေးခြင်း၊ အစိုးရနှင့်ဆွေးနွေးပွဲများတွင် တိတိကျကျ ဖေါ်ထုတ်မဆွေးနွေးသေးခြင်းမှာ အံ့သြဘွယ်ဖြစ်သည်။ ပြည်ထောင်စုမှ ခွဲမထွက်ပါ ဆိုခြင်း၏ အဓိပ္ပါယ် သည် အဘယ်နည်း။ ယင်းမှာ နိုင်ငံတော်မြေရှင်ကြီးစနစ်ကို ကျင့်သုံးထားသော ၂၀၀၈ ဖွဲ့စည်းပုံအားလက်ခံအတည် ပြုပြီး မိမိတို့ပြည်နယ်များရှိမြေယာများကို ဗဟိုအစိုးရ၊ စစ်ခေါင်းဆောင်များ၊ စစ်တပ်များနှင့် ယင်းတို့၏ ခရိုနီကြီးများ ကြိုက်သလို စီမံခန့်ခွဲနိုင်ရေး ထိုးအပ်ရန်မဟုတ်ဟု နားလည်သည်။ ပြည်နယ်အတွင်းရှိမြေယာအပေါ် သက်ဆိုင်ရာ ပြည်နယ်အလိုက် စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်းကို အတိအလင်းတောင်းဆိုခွင့်ရှိသင့်သည်။ ဤသည်မှာ ဘက်တဘက် ဖြစ်သည်။

အခြား ဘက်တဘက်တွင် ပြည်နယ်အတွင်းရှိ မြေယာများအပေါ် သက်ဆိုင်ရာပြည်နယ်တခုချင်းစီက မိမိတို့ကြိုက်သလို မိမိသဘောတခုတည်းနှင့် စီမံခန့်ခွဲရန်လည်း မဖြစ်သင့်ပါ။ ပြည်နယ်သည် ပြည်ထောင်စုတွင် ပါဝင် သဖြင့် ပြည်နယ်နှင့် ပြည်ထောင်စုအကြားအကျိုးစီးပွားများကို မျှတစွာခွဲဝေမှုမျိုးဖြစ်သင့်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရနှင့် Free Aceh Movement တို့ငြိမ်းချမ်းရေးစာချုပ် ချုပ်ကြသောအခါ အာချေးပြည်နယ်က ထွက်ရှိသော သဘာဝ သယံဇာတ အရင်းအမြစ်များအပေါ်တွင် အာချေး ပြည်နယ်အနေဖြင့် ၇၀% ခံစားခွင့်ရှိစေရမည် ဟူသော သဘောတူညီချက်မျိုးကို လေ့လာသင့်သည်။  ဤသည်ကိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ကြရပါမည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် ဤဆွေးနွေးပွဲ များအပေါ် မူတည်ပါမည်။ မည်သို့မျှ ရေရာ ခြင်း မရှိသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်များ အထိ စောင့်ပြီး ဒုတိယအကြိမ် အမျိုးသားညီလာခံမျိုး ဖန်တီးခံရမှု အောက်တွင် နောက်ထပ် အနှစ်သုံးဆယ်အချိန်ဆွဲထားမှုအား လက်မခံသင့်တော့ပါ။

       ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် မူလေးချက်အနက် “ကရင့်လက်နက် ကရင့် လက်ထဲမှာ ရှိရမည်။” ဟူသောမူ နှင့် “ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။” ဟူသောမူ တို့မှာ အပြန်အလှန် ဆက်စပ် ထောက်ကူနေကြသည် ဟု နားလည်သည်။ “ကရင့်လက်နက် ကရင့် လက်ထဲမှာရှိရမည်။” ဟူသည်မှာ ကရင့်ကြမ္မာ ကရင် ဖန်တီးရန်အတွက် ဖြစ်ရပါမည်။ လက်တွေ့တွင် ကရင့်ကြမ္မာကို မြန်မာစစ်အစိုးရက ဖန်တီး နေသည့်အပေါ် နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီး လက်နက်ကိုင်ထားကြသည့် ကရင်များက မည်သို့မျှမတတ်နိုင်ကြ။ ဤတွင် ကရင်များလက်တွင် လက်နက်ရှိရုံမျှနှင့် “ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။” ဟူသည်ကို ထောက်ပြကာ မိမိတို့သည် စောဘဦးကြီး၏ မူအတိုင်း လုပ်ဆောင်နေပါသည်ဟု စောဒက မတက်သင့်ပါ။ ဤသည်မှာ ကရင်နယ်ခြားစောင့်တပ်နှင့် ဆက်စပ်၍ ဖြစ်သည်။

                     မြန်မာအစိုးရအဆက်ဆက်ကို နှစ်ပေါင်းခြောက်ဆယ်ကျော် အဆက်မပြတ်လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) သည် လွန်ခဲ့သည့် နှစ်နှစ်က အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ ကရင့် လက်နက် ကရင့်လက်ထဲမှာ ရှိကြသည်ခြင်းအတူတူ ယနေ့ အချိန်တွင် ကရင်နယ်ခြားစောင့်တပ် နှင့် ကေအင်ယူ မည်သို့ ကွာခြားပါသနည်း။ ကရင်နယ်ခြားစောင့်တပ်သည် မြန်မာအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်သို့ရောက်သွားပြီ ဖြစ်သည်။ သို့ရာတွင် ကေအင်ယူမှာ ယင်းသို့မဟုတ်။ ဤသည်မှာသာ အဓိက ကွာခြား ချက်ဖြစ်သည်။

သို့ရာတွင် စောဘဦးကြီး၏ မူ ရှုထောင့်မှ ကြည့်လျှင် ကေအင်ယူသည် ဗိုလ်မှူးချစ်သူ ခေါင်းဆောင် သည့် ကရင်နယ်ခြားစောင့်တပ်ကဲ့သို့ပင် ကရင့်ကြမ္မာကို မြန်မာစစ်အစိုးရက ဖန်တီးနေသည့်အပေါ် ပြတ်ပြတ်သားသား မကန့်ကွက်ရဲ၊ “ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရှိရမည်။” ဟူသည်နှင့် ဆက်စပ်ကာ “ကရင့်မြေကရင် စီမံခန့်ခွဲခွင့် ရှိရမည်။” ဟူသည်ကို ထင်ထင်ရှားရှားတင်သွင်းတောင်းဆို  သည်ကို မကြားရ။ ၁၉၆၂ ခုနှစ်မှ စ၍ စစ်အစိုးရ အဆက် ဆက်က ချမှတ် ထားသည့် မှားယွင်းသော မြေယာဥပဒေ နှင့် မူဝါဒများဘောင်အတွင်းမှာပင် မြေတကွက်ချင်းစီ အလိုက် စာရင်းကောက်ကာ နေပြည်တော်အစိုးရ၏ အသိအမှတ်ပြုမှုရရှိရေး ဆောင်ရွက်နေကြောင်းသာ ကြားရသည်။ စောဘဦးကြီး၏ မူသည် စာရွက် ပေါ်တွင် ကျန်ခဲ့လေပြီလား ဟု စိုးရိမ်မိသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် အစိုးရနှင့် ဆွေးနွေးရာတွင် ပြည်နယ်အလိုက် မြေယာအပေါ်ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့် ကို ပြတ်ပြတ်သားသား မတောင်းဆို၊ ပွင့်ပွင့်လင်းလင်း မဆွေးနွေး ကြသေး သည်မှာ ဘက်တဘက်ဖြစ်သည်။ အခြားဘက်တဘက်တွင် ၄င်းတို့သည် ပြည်နယ်အတွင်းရှိ မိမိ တိုင်းရင်းသားများရ ထိုက်သည့် ပထမ အခွင့်အရေးဖြစ်သော လယ်လုပ်သူ လယ်ပိုင်ခွင့် နှင့် မြေယာပိုင်ဆိုင်ခွင့်၊ ဒုတိယ အခွင့်အရေး ဖြစ် သော ဘိုးစဉ် ဘောင်ဆက် စဉ်ဆက် မပြတ်နေထိုင်လာခဲ့သော ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့ အသက် ရှင်နေထိုင် သော နယ်မြေ၊ ကျေးရွာ တ၀ိုက်ရှိ သဘာဝမြေ၊ တောရိုင်းမြေ၊ သစ်တောမြေ တို့အား စုပေါင်းပိုင်ဆိုင် အသုံးချခွင့်တို့ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြု၊ ကာကွယ်၊ ဖေါ်ဆောင်မှုများအား သိသာစွာ မတွေ့ရသေးပါ။ ဤသည်တို့ကို တရားဝင်အသိအမှတ်မပြု၊ မြေယာနှင့် စပ်လျှဉ်း၍ လူထုအခွင့် အရေးနစ်နာဆုံးရှုံးမှုများအား ကာကွယ်စောင့်ရှောက်ခြင်းပြုနိုင်မည်မဟုတ်။ အဖွဲ့အစည်းအပေါ်လူထု၏ယုံကြည်မှုနှင့် ထောက်ခံမှုကို ထိပါးနိုင်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူထု၏စိတ်ဝင်စားမှု နှင့် ပါဝင်မှု နည်းပါးနိုင်ပေသည်။

ဤသည်နှင့် ဆက်စပ်ကာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် လူထု ပိုင်မြေယာများကို အသုံး ပြုလျက် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုံစီမံကိန်းအားဖေါ်ဆောင်ရာတွင် ကေအင်ယူ ရင်ဆိုင်နေရ သည့် လူထုဆက်ဆံရေး ပြဿနာ တစေ့တစောင်းအား လေ့လာတင်ပြပါသည်။ မြေယာနှင့် စပ်လျှဉ်း၍ မူဝါဒ တိတိ ကျကျ မရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လက်ခံလုပ်ခွင့်ပေးနေသော မည်သည့် တိုင်းရင်းသားတော် လှန်ရေး အဖွဲ့မဆို အလားတူ အခက်အခဲနှင့် ရင်ဆိုင်ရပါမည်။

----------------------------------------------------------------------------------------------------------------------------------

သတ္တမပိုင်း မြေယာပြဿနာနှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၃) 
ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းဇုံ တည်ရှိရာ နေရာသည် အရှေ့တောင်အာရှ၏ အကြီးဆုံး စက်မှု ဇုံနယ်မြေအဖြစ် သတ်မှတ် ထားသောနယ်မြေ ဖြစ်သည်။ မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့ ၂၀၀၈ ခုနှစ်၊ မေလမှစ၍ နားလည်မှုစာချွန်တော် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစက်မှုဇုံကို ထိုင်းပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော ( The Italian-Thai Development Public Company Limited(ITD) ) နှင့် မြန်မာအစိုးရတို့ စာချုပ်ချုပ်ဆိုထား ကာဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေသော နယ်မြေဖြစ်သည်။ ၂၀၀၈၊ ဇွန်လ Italian-Thai Development PCL နှင့် မြန်မာဆိပ်ကမ်း အာဏာပိုင်တို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။ ထိုစာချွန်လွှာ အရမြန်မာအစိုးရက ITD ကိုမြေပြင် လေ့လာတိုင်းထွာမှုများ ပြုလုပ်ခွင့်ပေးခဲ့သည်။[2] ၂၀၁၀၊ နိုဝင်ဘာလ တွင်ITD နှင့် မြန်မာဆိပ်ကမ်း အာဏာပိုင် တို့အကြားလုပ်ငန်း အကောင်အထည် ဖော်မှုဆိုင်ရာနားလည်မှုစာချွန် လွှာလက်မှတ်ရေး ထိုးခဲ့ သည်။[3] ထိုစက် မှုဇုံဒေသအတွက် 250 km2ကို အမေရိကန်ဒေါ်လာ 37.5 သန်းအဖြစ်ကျသင့်ငွေသတ် မှတ်ထားရာ ၂၀၁၀၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ၁ သန်းကိုITD ကုမ္ပဏီမှကနဦးပေးချေပြီးဖြစ်သည်။

၂၀၁၁၊ ဇွန်လတွင် ITD ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ပူနန်းရွမ်နယ်စပ်အထိ ကားလမ်း မြေသားလမ်း အကြမ်းထည် ပထမအဆင့်(အကျယ်ပေ ၃၀ ခန့်) ဖောက် လုပ်ပြီးစီးသွားပြီဟု သိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနေရာတွင် ယာယီဆိပ်ခံတံတား ငယ်တစ်ခု တည်ဆောက်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့မှ စက်ယန္တရားကြီးများ သယ်ယူပို့ဆောင်ခဲ့ကြပါသည်။ ပထမဦးဆုံး အနေဖြင့် အထူးစီးပွားရေးဇုံများကို တည်ဆောက်လို တည်ဆောက်ခြင်းနှင့် စပ်လျှဉ်း၍ ကောင်းကျိုး ဆိုးကျိုးများကို တင်ပြပါမည်။

အထူးစီးပွာရေးဇုံဟုစစ်အစိုးရကသတ်မှတ်ပြီး သီးခြားဥပဒေပြဌာန်း[4] လိုက်ခြင်းသည် တိုင်းပြည်၏ အခြား ဒေသ နှင့် မတူညီသောလွတ်လပ်မှု နှင့် လုပ်ကိုင်ခွင့်ကိုပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ အထူးစီးပွားရေး ဇုံတည် ထောင်လိုက် ခြင်း သည် အဓိကအားဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေသောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ ကို အမှီ လိုက်နိုင် ရန် ဖြတ်လမ်းနည်းဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာအောင် အကျိုးအမြတ်မက်လုံးပေး ပြီးဆောင်ရွက် ခိုင်းစေခြင်းဖြစ်သည်။

အထူးစီးပွာရေးဇုံအား မြန်မာနိုင်ငံတွင် တည်ဆောက်လိုခြင်းမှာ မြန်မာနိုင်ငံသည် ဆင်းရဲသောကြောင့် စက်ရုံ ဆောက်လုပ်နိုင်ရန် ကျယ်ပြန့်သော မြေနေရာကို ဈေးပေါပေါ ရရှိနိုင်ခြင်း၊ အလုပ်သမားဈေးပေါခြင်း၊ အထူး အခွန် ကင်းလွတ်ခွင့်ပေးထားခြင်း၊ လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသည့် အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ ခိုင်မာသည့် ဥပဒေ ပြဌာန်းချက်များ မရှိသေးခြင်းနှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ တင်းကြပ် သောစည်းမျဉ်း ဥပဒေမရှိခြင်း စသည် တို့ကြောင့်ဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံသည် သဘာဝသယံဇာသ ပေါကြွယ်ဝ သောကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို အထူးစိတ်ဝင်စားစေပါသည်။

ယခုထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ စီမံကိန်းကို ထိုင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ် သော The Italian-Thai Development Public Company Limited(ITD) သည် တန်ချိန် ၂ သောင်း မှ ၅ သောင်းအထိ ရေနံတင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောအကြီးစား ၂၅ စင်းတပြိုင်တည်းရပ်နားနိုင်သည့် ရေနံ ဆိပ်ကမ်း ၃ ခုနှင့်သင်္ဘောကျင်း ၁ ခုတည်ဆောက်မည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် ၈ လမ်းသွား အဝေးပြေး ကားလမ်းနှင့်ရထားလမ်း၊ ထိုင်းနိုင်ငံသို့တင်ပို့မည့် ရေနံနှင့်သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများနှင့် လျှပ်စစ်ဓါတ်အားလိုင်းတို့တည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင် ရေနံသိုလှောင် ကန်၊ သဘာဝဓါတ်ငွေ့သိုလှောင်ကန်၊ ရေနံချက်စက်ရုံနှင့် သဘာဝဓါတ်ငွေ့အရည် သန့်စင်စက်ရုံများတည် ဆောက်သွား မည်။ မီဂါဝပ် ၁၀၀၀၀ အထိ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ၂ ခု၊ ရေနံဓါတုခြေခံစက်ရုံများ၊ ဓါတုဗေဒစက်ရုံများ၊ ဓါတ်မြေသြဇာစက်ရုံ၊ စတီးစက်ရုံများအပြင် အသေးစား အလတ်စား (ကားတာယာစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ရာဘာစက်ရုံ၊ ဖိနပ်စက်ရုံ နှင့် လူသုံးကုန် ပစ္စည်းစက်ရုံများ) တည်ဆောက် သွားမည်ဖြစ်သည်။

စက်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်လာမည်ဖြစ်သော ရေအရင်းအမြစ်အတွက် တလိုင်းရာ ချောင်းကို ပိတ်၍ ရေကာတာတစ်ခု တည်ဆောက်မည့်အပြင် စီးပွားရေးလုပ်ငန်းရုံးခန်းများ၊ အဆင့်မြင့်လူနေအိမ်ရာ စခန်းများပါ ၀င်သည့် မြို့သစ်တစ်ခုပါ တည်ဆောက် သွားမည်ဖြစ်သည်။ မောင်းမကန်ကမ်းခြေတလျှောက်တွင် ဟိုတယ်ဇုံများနှင့် အဆင့်မြင့် လူနေအိမ်ယာ စခန်းများ လည်းတည်ဆောက်သွားမည်။[5] အထက်တွင် ဖော်ပြထားခြင်း များကို The Italian-Thai Development Public Company Limited မှ ၁၀ နှစ်ကြာ အချိန်ယူပြီးအဆင့် ၃ ဆင့်ဖြင့် အကောင်ထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။

ITD ကုမ္ပဏီသည် ရေနက်ဆိပ်ကမ်းကို နှစ်ပေါင်း ၆၀ လုပ်ပိုင်ခွင့်ရရှိထားပြီး အစိုးရနှင့် ညှိနှိုင်းကာ နောက်ထပ် သက်တမ်းတိုးနိုင်သည်။[6] စက်မှုဇုံများအတွက် မြေငှားရမ်းခွင့် နှစ်ပေါင်း ၃၀ ရရှိထားပြီးစုစုပေါင်း ၇၅ နှစ်ထိ သက်တမ်းတိုးခွင့်ရှိသည်။[7] ITD ကုမ္ပဏီသည် စီမံကိန်းအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်နေစဉ် သို့မဟုတ် ပြီးစီးသည့်ကာလတွင် နိုင်ငံတကာ ကုမ္ပဏီများကို လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်အုံးမည်ဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများသည် အခွန်အမျိုးမျိုးကို ပထမ (၅) နှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ပေးထားပြီး ဒုတိယ(၅)နှစ်တွင် ၅၀% နှုန်းပေးထားသည်။ တတိယ (၅)နှစ်တွင် ပြည်ပတင်ပို့ကုန် နှုန်းထားအပေါ် မူတည်ပြီးအခွန်ကင်းလွတ်ခွင့် ထပ်မံလျှောက်ထားနိုင်သည်။ ရင်းနှီးမြုပ်နှံသည် ကာလအတွင်း ပြည်သူပိုင်မသိမ်းရန် အာမခံထားသည်။[8]

အထက်တွင် ဖော်ပြထားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုပါက ဒေသခံပြည်သူ များ၏ ဆန္ဒများကို ဦးစွာတောင်းခံရမည့်အပြင် ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို ဒေသခံများနားလည်မှု ရှိအောင်ရှင်းပြ ရမည်ဖြစ်သည်။ ထာဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုံစီမံကိန်းတည်ဆောက်မည့်နေရာတွင် ကျေးရွာပေါင်း(၂၀) ရှိနေပြီး၊ လေထု၊ ရေထု ညစ်ညမ်းမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်သည်။ မြန်မာနိုင်ငံတွင် တည်ထောင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေး ဇုံစီမံကိန်းအား ထိုင်းနိုင်ငံ မက်တဖွတ်ကမ်းခြေတွင် တည်ဆောက်ထားသော စက်မှုဇုံနှင့်နှိုင်းယှဉ် တင်ပြပါမည်။[9]

ထိုင်းနိုင်ငံမက်တဖွတ် စက်မှုဇုံနှင့် မြန်မာနိုင်ငံတွင် တည်ထောင်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းသည် တူညီချက် များစွာရှိသည်။ ရှည်လျားဖြောင့်တန်းသည့် ကမ်းရိုးတန်းရှိခြင်း၊ သဘာဝဓါတ်ငွေ့သိုက်များတည်ရှိခြင်း၊ စက်မှုဇုံ မတည်ဆောက်မှီ ဒေသစီးပွားရေးမှာ ပင်လယ်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ခြင်းတို့ဖြစ်သည်။ မက်တဖွတ် စက်မှုဇုံတွင် ကျေးရွာပေါင်း ၂၅ ရွာ တည်ရှိပြီး ထားဝယ်စီမံကိန်းဒေသတွင် ကျေးရွာပေါင်း ၂၀ တည်ရှိသည်။ ထို့ အပြင် စက်မှုဇုံတွင်တည်ဆောက်မည့် စက်ရုံအမျိုးအစားများတူညီခြင်း၊ မက်တဖွတ်စက်မှုဇုံစီမံကိန်းကို အကောင်ထည်ဖော် ရာတွင် အဓိကကပါဝင်ခဲ့သော The Italian-Thai Development Public Company Limited သည် ပင် ထားဝယ်စက်မှုဇုံစီမံကိန်းကို အကောင်အထည်ဖော်နေခြင်း( ထားဝယ်က မက်တဖွတ်ထက်မြေဧရိယာ ၁၀ ဆ နီးပါး ကျယ်ဝန်းသည်)၊ မက်တဖွတ်စက်မှုဇုံတွင် ပဏာမရင်းနှီးမြုပ်နှံမှု ထိုင်းဘတ် ၃၇၀၀၀၀ သန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံခန့်) နှင့် ထားဝယ်တွင် ထိုင်းဘတ် ၃၀၃၀၀၀ သန်းခန့် သို့မဟုတ် ဒေါ်လာ ၈.၆ ဘီလီယံခန့်( ၁ ဒေါ်လာ= ၃၅ ဘတ်)စသည့်အချက် များကို နှိုင်းယှဉ်ကြည့်မြင်နိုင်သည်။ ဧရာမ စီမံချက်ကြီးဖြစ်သည်။

မက်တဖွတ်ကမ်းခြေစီမံကိန်းတွင် ကမ်းခြေတစ်လျှောက် ရေတိုက်စားမှု ခံရသောကြောင့် လူနေအိမ် များနှင့် ပေအနည်းငယ်ကွာ အထိ ရေတိုက်စားခံရသည် သာမက ခရီးသွားလုပ်ငန်း တခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ဒေသခံစီးပွားရေးလုပ်ငန်းငယ်လေး များ အများအပြားထိခိုက်ခဲ့ရသည်။ နိုင်ငံတကာမှ အဖွဲ့အစည်းအချို့ ၏ လေ့ လာမှုများပြုလုပ်ပြီးထုတ်ပြန်ချက်များအရ ၄င်းစက်ရုံမှ ထွက်ရှိသော ရေထုနှင့်လေထုတို့တွင် ကင်ဆာရောဂါ ကိုဖြစ်စေသော Carcinogenic ဒြပ်ပေါင်း ၂၀ အနက် ၁၉မျိုးသည် လေထု ထဲတွင်ရှိသင့်သည်ထက် အဆပေါင်းများစွာများပြားနေကြောင်း ဟူ၍ဖြစ်သည်။ Benzene ၆၀ဆ၊ Vinyl Chloride ၈၆ဆ၊ Chloroform ၁၁၉ဆနှင့် 1,2- Dichloroethane (CED) ၃၃၇၈ ဆ ပိုမိုများပြားနေသည်။ ယင်းဓါတုဗေဒ အမျိုးအစားများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။ အခြားလေ့လာမှု တစ်ခုအရ မက်တဖွတ်ဒေသအတွင်း အများပြည်သူ သုံးစွဲသောရေကန် ၂၅ ခု မှ ရေနမူနာများကို သိပ္ပံနည်းကျဓါတ်ခွဲစမ်းသပ်ရာ အဆိပ်သင့်ဒြပ်ပေါင်းများဖြစ်သော သံဓါတ် ၁၅၁ဆ၊ ခဲဓါတ် ၄၇ဆ၊ မက်ဂေးနစ် ၃၄ဆ၊ ဇင့် ၁၀ဆနှင့် ကယ်မီယမ် ၆ဆ ပါဝင်နေကြောင်း တွေ့ရှိခဲ့ကြသည်။ ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိချက်မှာ လည်း မက်တဖွတ်စက်မှုဇုံနှင့်ကပ်လျက် MaungRayong District တွင်အခြားဒေသများထက် သွေးကင်ဆာ(Leukemis) ဖြစ်ပွားနှုန်း ၅ ဆမြင့်မားနေသည်။ ရေနံချက်စက်ရုံတစ်ခုနှင့် ခြံစည်းရိုးသာခြားသော စာသင်ကျောင်းတစ်ခုတွင် ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၁၀၀၀ ခန့်သည် အဆိပ်သင့်ဓါတ်ငွေ့ ပါသော လေထုကို ရှုရှိုက်မိပြီး ဆေးရုံတင်ခဲ့ရသည့် အဖြစ်များသည် စက်မှုဇုံ စတင်လည်ပတ်ပြီး (၁၀)နှစ်အကြာ ၁၉၉၇ ခုနှစ်၌ ဖြစ်ပွားခဲ့သည်။

ထို့ပြင် မက်တဖွတ်ဒေသခံများ၏ အတွေအကြုံအရမိုးရာသီရောက်လျှင် ပထမဆုံးရွာသောမိုးသည် အက်ဆစ်မိုး ဖြစ်သောကြောင့် သတိထားရှောင်ကြရသည်။ ထိုမိုးကြောင့် စိုက်ခင်းသီးနှံများ  ပျက်စီး ဆုံးရှုံးရသည် သာမက စက်မှု လုပ်ငန်းအတွက် ဒေသရှိရေများကိုအဓိကထား သုံးစွဲရသောကြောင့် ဒေသခံပြည်သူများ၏ သောက် သုံးရေ အခက်အခဲ ကြုံကြရပါသည်။ ရေကန်များနှင့် မြေအောက်ရေများတွင် အဆိပ်အတောက်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ ကျန်မာရေးကို ထိခိုက်စေခဲ့ပါသည်။ ထို့ကြောင့် ဒေသခံများက ထိုင်းဝန်ကြီးချုပ် ဦးဆောင်သော National Enviromental Board ကို ၂၀၀၇ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့သည်။ ၂၀၀၉ မတ် လတွင် Rayong Provincial Administrative Court ကဒေသခံများ၏ တရားစွဲဆိုမှုကိုအနိုင်ပေးခဲ့သည်။[10] စက်ရုံများနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖီဆစ် ၀ပ်ချာချီဝပ်က “ အချို့ စက်ရုံတွေက ထိုင်းနိုင်ငံမှာ အခြေချဖို့ မသင့်လျော်ပါဘူး။ ဒါကြောင့် ထိုစက်ရုံတွေကိုအဲဒီမှာ(ထားဝယ်) တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့တာပါ ”ဟုပြောဆိုခဲ့သည်။

ဤသို့ဖြစ်လျှင် မြန်မာနိုင်ငံတွင်တည်ဆောက်မည်ဖြစ်သော ထာဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူး စီးပွားရေး ဇုံစီမံကိန်း တည်ဆောက်ပြီးစီးသွားပါက ဒေသခံပြည်သူများ မည်သို့ဖြစ်လာမည်ကို ကြိုတင်စဉ်စားရ မည်ဖြစ်သည်။ ပထမဦးဆုံး စက်ရုံတည်ဆောက်မှုများပြီးစီးသွားလျှင် ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင် ကောင်းများ ရရှိနိုင်ကြမည်ဟု ယူဆနိုင်သည်။ သို့သော် ထားဝယ်ရေ နက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုံစီမံကိန်း ဒေသအတွင်းကျရောက်နေသော ဒေသခံပြည်သူများမှာ အတတ်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိကြ။ ပညာမတတ်သော သာမန်ရွာသားများသာဖြစ်ကြသည်။ စက်ရုံများတွင်မူ ခေတ်မှီစက်မှုနည်းပညာ အင်အားကိုသာ အသုံးပြုကြမည်ဖြစ်သဖြင့် ၄င်းတို့နှင့် ဂွင်မတည့်။

ဒေသခံပြည်သူများသည် ဘိုးစဉ်ဘောင်ဆက်ကပင် ငါးဖမ်းခြင်း၊ ကွမ်းခြံများစိုက်၍ ကွမ်းသီးများ ရောင်းစားခြင်း၊ ဒေသထွက်ကောက်ပဲသီးနှံများနှင့် သစ်တောထွက်ပစ္စည်းများကိုအသုံးပြုခြင်း၊ တိုင်းရင်းဆေးမြစ်၊ ဆေးဥ များဖြင့် ရှာဖွေစားသောက်ခြင်း၊ စသည်တို့ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ဆောင်ရပ်တည် လာခဲ့ကြသည်။ သို့သော် စက်မှုဇုံတည်ဆောက်လိုက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးသွားသဖြင့် ဒေသခံ တိုင်းရင်းသားလူထုများဖြစ်သော ထားဝယ်နှင့် ကရင်အမျိုးသားများ၏စားဝတ်နေရေးကို ထိခိုက်ပျက်စီးစေပါတော့ သည်။


[1] ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃ (ဂ)

[2] Italian Thai development Public Company Limited Profile Dawei P-18

[3]  Translation  - www.itd.co.th/files/investor/en/csdo 499-e.pdf


[4]Dawei Special Economic Zone Law passed on jan,27,2011

[5]ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုံတည်ဆောက်ရေးစီမံကိန်းအပေါ် ရပ်ရွာလူထု၏ရှု့မြင်သုံးသပ်ချက် အစီရင်ခံစာစာမျက်နှာ-၈-၉။

[6]www.sourcewatch.org/index.php?title=Dawei-Deep-Sea-Port and Special Economic Zone

[7]Dawei SEZ Law Section-33 (a)(b)(c)

[8]Dawei SEZ Law Section-14

[9] ဤနိုင်းယှဉ်တင်ပြချက်များသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့  BRIDGE ထံမှ ရရှိသော သတင်းအချက် အလက်များအပေါ် အခြေခံပါသည်။ အသုံးပြုခွင့်ပေးသဖြင့်လည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။

[10]www.burmalibrary.org/docs14/Dawei-Deep-Sea-Port-Industrial-Zone-Development and the Environment-Pollution.pdfSS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...