Friday, January 17, 2014

ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။

ဒီကိစ္စမျိုးက အင်းဝမြို့ဟောင်းမှာရော ဦးပိန်တံတားမှာရော အကြိမ်ကြိမ်ဖြစ်ခဲ့လို့ အကြိမ်ကြိမ်လည်းတင်ပြခဲ့ပြီးပါပြီ။ သက်ဆိုင်ရာတို့က ကြပ်ကြပ်မတ်မတ်နဲ့ အရေးတယူ မဆောင်ရွက်ပေးသရွေ့ ထပ်ဖြစ်နေဦးမှာပါ။ ယနေ့ (၁၄.၁.၂၀၁၄) ရက်နေ့မှာလဲ ထပ်မံဖြစ်ပွားခဲ့ပြန်ပါပြီ။ နောက်ထပ်လဲဖြစ်ပွားဖို့ အလားအလာတွေများစွာပင် ရှိနေပါသေးတယ်။ အကယ်၍ အသေးအဖွဲကလေးကနေ ကြီးထွားလာပါက သက်ဆိုင်ရာတို့၏ တာဝန်သာဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။


မန္တလေးဇုန်မှ ဧည့်လမ်းညွှန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဧည့်သည်တော် ပြင်သစ်လူမျိုး အဖိုး(၆၄ နှစ်) အဖွား (၆၈ နှစ်) တို့နှင့်အတူ မင်းကွန်းမြသိန်းတန်ဘုရားမှအပြန်၊ မင်းကွန်းဆရာတော်ဘုရားကြီးအား ၀င်ရောက်ဖူးမြော်ရန် အ၀င်တွင် ဧည့်သည်က လက်ဆောင်ပစ္စည်းဝယ်ချင်တယ်ဆိုလို့ ၀င်ပေါက်ညာဘက်ဘေးဆိုင်အရောက်မှာ ၀င်ခဲ့ကြပါတယ်။ ချိန်ခွင်နှင့် ဟင်္သာရုပ်အလေးများကိုကြိုက်လို့ ၃၂ ဒေါ်လာနဲ့ဝယ်ပါတယ်။ ဒါပေမဲ့ ဧည့်သည်က Certificate ဆိုပြီးတောင်းပါတယ်။ ဒါပေမဲ့ ဈေးသည်အမျိုးသမီးက (Certificate ဆိုတာဘာလဲ)လို့ မေးတော့ ဧည့်လမ်းညွှန်က (သူဝယ်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတစ်ခုခုပေါ့ဗျာ။ ဘောက်ချာတို့ဘာတို့လိုမျိုးပေါ့။) အဲဒီမှာ ဈေးသည်က (မင်းတို့ Guide မလုပ်ခင်ဆယ်နှစ်ကျော်ကတည်းက ဈေးရောင်းစားလာခဲ့တာ။ ဘာ Certificate ဘာဘောက်ချာမှ မပေးခဲ့ရဖူးဘူး။ ပေးစရာလဲမရှိဘူး) လို့ပြောတဲ့အတိုင်း သူ့ဧည့်သည်ကိုလည်း အဲဒီအတိုင်းပဲ ပြောပြလိုက်ပါတယ်။ ဒါဆိုလည်း နောက်တစ်ဆိုင်သွားမယ်လို့ ဧည့်သည်ကပြောတာနဲ့ ထွက်လာခဲ့ကြပါတယ်။ နောက်တစ်ဆိုင်ရောက်တော့လဲ ဒီလိုပဲ Certificate တောင်းပါတယ်။ ဒါနဲ့ အဲဒီဆိုင်က ဘောက်ချာတစ်ခုလုပ်ပေးလိုက်ပါတယ်။ ၃၂ ဒေါ်လာတန်ကို ၂၅ ဒေါ်လာနဲ့ လျှော့ဈေးနဲ့ ၀ယ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် လေ့လာပြီးမြောက်လို့ ပြန်ခဲ့ကြပါတယ်။ အဲဒီမှာ ပြဿနာက စပါတော့တယ်။

ပုထိုးတော်ကြီးအနီးအရောက်မှာ ပထမဈေးဆိုင်အမျိုးသမီးက အခြားအဖိုးကြီးတစ်ယောက်ရယ်၊ အစ်မကြီးတစ်ယောက်ရယ် သုံးယောက် နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး ဧည့်သည်နှစ်ဦးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ကြီးဟစ်ကျယ်နဲ့ ကက်ကက်လန်အောင် ရန်တွေ့ပါတော့တယ်။ (what Certificate, Do you know Certificate) စသည်ဖြင့် မတတ်တတတ် အင်္ဂလိပ်လိုပါညှပ်ပြောနေတာ။ ကြာတော့ ဧည့်လမ်းညွှန်က ဘယ်လိုမှနေလို့မရတော့ပါဘူး။ (အစ်မအဲဒီလောက်ကြီးမပြောသင့်ကြောင်း၊ သူဝယ်ချင်တဲ့ဆိုင်မှာသူ့သဘောနဲ့သူဝယ်တာ ခင်ဗျားပြောစရာမလိုကြောင်း၊ ဧည့်သည်တွေကို မအော်သင့်ကြောင်း၊ ဒီလိုလုပ်တာ ရှက်စရာကောင်းကြောင်း) စသည်ဖြင့် ပြောတော့ (ဖခင်ဟုဆိုသော) အဖိုးကြီးကပါဝင်လာပြီး သူ့သမီးဖြစ်ကြောင်း၊ သမီးကိုမဆုံးမဘဲ ဧည့်သည်နဲ့ ဧည့်လမ်းညွှန်ကိုသာ ဖိပြောနေတော့တယ်။ ပုထိုးတော်ကြီးအနီးအဆောက်အဦးအခန်းထဲမှာ Tourist Police များထံသွားပြီး (အစ်ကို လာရှင်းပေးပါဦး)လို့ အကူအညီတောင်းတော့ အများကြီးထဲက တစ်ယောက်ထွက်လိုက်လာတယ်။ (အစ်မမပြောနဲ့၊ မပြောပါနဲ့) ပြောပြီး အခန်းထဲပြန်ဝင်သွားတယ်။ ဘာမှနောက်ထပ်လာမပြောတော့ပါဘူး။ ဈေးသည်များ ၃ ယောက်ပေါင်းပြီး ပိုပြီးအော်ကြီးဟစ်ကျယ်နဲ့ ရန်ထောင်ပါတော့တယ်။ ဧည့်သည်တော်အဖွားအိုခမျာ ထိုင်ငိုပါတော့တယ်။ အဖွားအိုငိုတော့ အဖိုးအိုကပါ လိုက်ငိုပါတော့တယ်။ မင်းကွန်း-မန္တလေးမော်တော်ပေါ်မှာလဲ (မင်းငါတို့ကြောင့်ဒီလိုဖြစ်ရတာ)ဆိုပြီး ငိုငိုပြီး သူ့ဧည့်လမ်းညွှန်ကို တောင်းပန်နေရှာတယ်။

ကမ္ဘာမှာ မြန်မာတို့သည် ယဉ်ကျေးမှုကြီးမားသည်။ သိမ့်မွေ့သည်။ ဖေါ်ရွေသည်။ ကူညီတတ်သည်။ သဘောကောင်းသည်။ ဘာသာတရားကိုင်းရှိုင်းသည်။ နာလည်သိတတ်သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာပြောကြမည်နည်း။ ကမ္ဘာကို ဘယ်လိုရှင်းပြမည်နည်း။ ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။ သက်ဆိုင်ရာများရှက်တတ်ပါလေစွ။ အဆိုပါဧည့်သည်သည် သူ့နိုင်ငံရောက်ပါက သူ့ရဲ့မိတ်ဆွေသူငယ်ချင်းဆွေမျိုးသားချင်းတွေကို သေချာပေါက် ဖောက်သည်ချပေလိမ့်မည်။ ပွင့်လင်းမြင်သာမြန်ဆန်သောဒီကနေ့လိုခေတ်ကြီးထဲမှ အင်တာနက်မှာလည်း သတင်းဖလှယ်ကြပေလိမ့်မည်။ ယခုကျွန်တော်ရေးနေသည့် ဒီစာသည်ပင် မြန်မာနိုင်ငံရှိ ဧည့်လမ်းညွှန်အားလုံးသာမက ခရီးသွားလာရေကုမ္ပဏီများ၊ ဟိုတယ်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံးအပြင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံခြားသားမိတ်ဆွေများအထိပင် ပေါက်ရောက်သွားပါမည်။ သက်ဆိုင်ရာအားလုံး ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သောင်းနိုင်ဦး

သတင်းနှင့်ပြန်ကြားရေး

မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

၁၄.၁.၂၀၁၄

By Chawchaw Mirror

ညီမ ၂၀၁၃ ဒီဇင်ဘာလတုန်းက ထိုင်းဧည့်သည် ၂ ယောက်နဲ့ ကျိုက်ထီးရိုးဘုရားကအပြန် ဈေးတန်းမှာ ဧည့်သည်လင်မယားက ဈေးဝယ်တုန်း ၀က်ဝံသည်းခြေဆိုတာကို ဈေးဆစ်တာ . ပြိးတော့ ဈေးမတည့်လို့ မယူဖြစ်ဘဲ ထွက်လာတာကို နောက်ကနေ အော်ကြီးဟစ်ကျယ်ပြောဆိုပြီး ကျန်ခဲ့တယ် ဈေးဆစ်နေတုန်းလဲ ဆစ်ရပါ့မလားဆိုပြီး အတင်းမောင်းထုတ်တယ် ။ ညီမလဲ ညံ့ချက်က ကိုယ်ကကောင်းကောင်းပြောနေတာကို အော်ကြီးဟစ်ကျယ်တွေလုပ်တော့ ရှက်လဲရှက် ကြောက်လဲကြောက်နဲ့သာ ဧည့်သည်လက်ဆွဲပြီးထွက်လာမိတယ် ။ ကျိုက်ထီးရိုးတောင်အ၀င်နားမှာ နိုင်ငံခြားသား တစ်ယောက် ၆၀၀၀ ကောက်တဲ့ ရုံးသာရှိပါတယ်။ ပြသာနာဖြစ်ရင် ပြေးပြောစရာ တစ်ယောက်မှလဲမတွေ့ဘူး ။ ဧည့်သည်က သူတို့ကို အရိုင်းအစိုင်းတွေလို့ပြောတော့ ကျွန်မ ၀မ်းလဲနည်း ရှက်လဲရှက်မိပါတယ်။

By Khaung Khaung

ပင်းဒယ ဘုရားတောင် အတက် စောင်းတန်း ၀ဲယာက လေသံဝဲ၀ဲ နဲ့ မြည်းသွားပါရှင့် မ၀ယ်လဲ မြည်းသွားလို့ ရပါတယ်ရှင့် ကုသိုလ်ယူချင်လို့ပါရှင့် နဲ့ ယဉ်ကျေးချိုသာလှတဲ့ အသံတွေကို လွမ်းမိတယ် ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...