Saturday, January 11, 2014

နှလုံးသားဒိုင်ယာရီ(၂၁)

January 9, 2014 at 3:21am

 ၉-၃-၂၀၀၂

မတ်လသည် မြန်မာ့နိုင်ငံရေးတွင်အရေးပါသောလတစ်လဟုဆိုရမည်။ တော်လှန်ရေးနေ့ချဉ်းကပ်လာသည်နှင့် မြို့တော်ရန်ကုန်မှာလည်း လှုပ်လှုပ်ရှားရှားဖြင့်သက်ဝင် လာခဲ့သည်။ ရန်ကုန်မြို့အတွင်းကျင်လည်လှုပ်ရှားရန်အခွင့်မသာတော့။ ညစဉ်ညတိုင်း ရဲနှင့်ရ၀တ များမှ နေ့/ညမပြတ် ဧည့်စာရင်းများစစ်ဆေးလျက်ရှိသည်။
ထို့ကြောင့် ကျနော်ဒုတိယအကြိမ်မြောက် အေးရွာဖက်သို့ ခြေဦးလှည့်ရပြန်သည်။
ကမ်းနားဈေးအနီးတစ်ဝိုက်တွင်လည်း လက်နက်အပြည့်အစုံ နှင့် တပ်မတော်သားအတော်များများ ရှိနေသည်ကိုတွေ့ရသည်။ လှေဆိပ်သို့ရောက်သည်နှင့် စက်လှေ ငှားကာ အေးရွာသို့အမြန်ကူး လိုက်ရသည်။ အခြေအနေတစ်ခုခုကြောင့် အဖမ်းခံရမည့်အဖြစ်မရောက် စေရန် အထူးသတိထား နေရသည်။ အေးရွာသို့ရောက်ပြန်တော့လည်း တပ်မတော်သားများနှင့်ကျနော် ရေစက်က ထပ်ဆုံကြရပြန်သည်။ မြစ်ကြောင်းတစ်လျှောက်လုံခြုံရေးကိုကြိုတင်ယူထားဟန်တူသည်။ နောက်ကြောင်းပြန်လှည့်ရန်စဉ်းစားလိုက်ပြန်တော့လည်း လမ်းခရီးတစ်လျှောက် အစစ်အဆေး များကြမ်းနေကြောင်း ကြားသိရသည်။

နောက်ဆုံးအလုပ်တစ်ခုကို ကျနော်စတင်အကောင်အထည် ဖေါ်လိုက်သည်။ မြစ်ကမ်းနံဘေး လုံခြုံရေးယူထားသော တပ်မတော်သားများထံသို့ချဉ်းကပ်သွားပြီး “ဆရာတို့..ဆရာတို့… ကျနော်ဘာကူညီပေးရမလဲ၊ လိုအပ်တာခိုင်းဖို့အတွက် ရွာသူကြီးလွှတ်လိုက် တာပါ” ဟု အတည်ပေါက်နှင့်ဝင်ရောလိုက်သည်။ စစ်သားများကလည်း လိုလိုလားလား “အေး..အေး ကောင်းတာပေါ့၊ လုပ်စရာ၊ခိုင်းစရာတွေရှိတော့ ရွာခံရှိရင် ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။ ကျ နော်ကလည်း ချော်လဲရောထိုင်ဆိုသကဲ့သို့ “ဟုတ်ကဲ့ပါ.. ဆရာတို့ လိုအပ်တာခိုင်းလို့ရအောင် ဒီမှာပဲ အိပ်ပြီးနေလိုက်မယ်” ဟုဆိုလိုက်ရာ “ဒါဆိုရင် အားလုံးအဆင်ပြေတာပေါ့” ဟု တပ်စိတ်မှူးဖြစ်သူက ဆိုလိုက်သည်။စစ်သားများထံတွင်ထမင်းဟင်းချက်နှင့်လက်တိုလက်တောင်းများလုပ်ကိုင်ရင်း ကျနော် လည်းအသက်ရှူချောင်ခဲ့ရသည်။

နှစ်ရက်မြောက်နေ့တွင် တပ်စိတ်မှူးဖြစ်သူမှ “ဟေ့.. ညီလေး၊ ဒီကိုလာအုံး” ဟု ခေါ်သောကြောင့် အနားသို့သွားရောက်ထိုင်လိုက်သည်နှင့် “ဒီသေနတ်မျိုး မင်းမကိုင်ချင်ဘူးလားကွ” ဟုပြောပြောဆို ဆို ကာဘိုင်သေနတ်တစ်လက်ကို မြှောက်၍ပြလိုက်သည်။ ကျနော်ကလည်း “မကိုင်ရဲပါဘူးဆရာရယ်၊ ကျနော်က သေနတ်ဆိုကြောက်တယ်ဗျ” ဟုပြောလိုက်တော့ သဘောကျကာ ရယ်တော့သည်။ ဆက် ၍ တပ်စိတ်မှူးက“ ဒို့စစ်သားတွေဘ၀မှာ ဒီသေနတ်တွေကို မိန်းမတွေထက်ပိုပြီးတန်ဖိုးထားကြတယ်။ ဒီသေနတ်တွေကပဲ တိုင်းပြည်ရဲ့ ရန်စွယ်၊အန္တရာယ်တွေကို ကာကွယ်နိုင်သလို ဒို့ရဲ့အသက်ကိုလည်း ကာကွယ်စောင့်ရှောက်နိုင်တယ်၊ ညီလေး တပ်ထဲဝင်မလား” ဟုဆိုလာသည်။ “မ၀င်ရဲပါဘူးဆရာရယ် အိမ်မှာ အဖွားက အသက်ကြီးပြီ၊ သူ့ကို ကျနော်လုပ်ကျွေးရအုံးမှာ”ဟု ပြန်လည်ပြောလိုက်မိသည်။ တပ်စိတ်မှူးမှတစ်ဆက်တည်း “အေးပေါ့ကွာ၊ စစ်သားလုပ်တယ်ဆိုတာလည်း ၀ါသနာအရင်းခံလေးရှိ အုံးမှ” ဟုဆိုလိုက်ပြန်သည်။ ဒါနဲ့ဆရာတို့ သူပုန်တွေနဲ့တိုက်ရမှာပေါ့” ဟု ကျနော်မှတီးခေါက်ကြည့်ရာ “ဘယ်ပြောကောင်းပါ့မလဲညီရာ၊ တိုက်ရတာပေါ့။ ငါဆိုရင် ကရင်ပြည်နယ်၊ဒေါနတောင်တန်း တစ် လျှောက်တိုက်ခဲ့ရတဲ့တိုက်ပွဲတွေက ဘယ်နည်းပါ့မလဲ၊ သူ့ဖက်ကိုယ့်ဖက် ကျဆုံးဒဏ်ရာရတာတွေ ကတော့ အများကြီးပဲပေါ့၊ တခါတလေ စစ်ရဲ့အနိဌာရုံတွေကိုတွေးကြည့်ပြန်တော့ စိတ်မကောင်း ဖြစ် ရတယ်”ဟုလေးလေးပင်ပင် ပြောလိုက်သည်။ ကျနော်ကလည်း “ ဘာဖြစ်လို့လဲ ဆရာ” ဟု ထပ် လောင်းတီးခေါက်ကြည့်ရာ “ စစ်မြေပြင်ဆိုတာ ပန်းနဲ့ပေါက်တမ်းကစားနေတာမှ မဟုတ်တာ၊သေစေ နိုင်တဲ့လက်နက်တွေနဲ့ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်နေကြရတာ၊ ဘယ်သူက သေချင်မှာလဲ၊ ငါတို့ဖက်က ရဲဘော်တစ်ယောက်ကျဆုံးသွားရင်လည်း တိုင်းပြည်အတွက်အသက်ပေးဆပ်လိုက်ရပြန်ပြီလို့ မှတ်ယူ လိုက်ရတယ်၊ရန်သူ့ဖက်ကအမြင်ကတော့ ရန်သူတစ်ယောက် ကျဆုံးသွားတယ်ဆိုပြီး ၀မ်းသာနေကြ မှာပေါ့၊ ဘယ်ဖက်ကပဲ ကြည့်ကြည့် တကယ်နစ်နာတာက တိုင်းပြည်ပဲဆိုတာ ငါလဲအခုမှသိတာ” ဟု ဆိုလိုက်သည်။ ကျနော်လည်း တပ်စိတ်မှူးပြောသည့်စကားများကိုနားထောင်ရင်း သူ့အတွေးအခေါ် နှင့်အယူအဆများကို အသိအမှတ်ပြုလိုက်မိသည်။ တပ်မတော်သားများမှာလည်း အငြိမ်နေကြရသည် တော့မဟုတ်၊ မြစ်ကြောင်းတစ်လျှောက်လှည့်လည်စစ်ဆေးရသလို ရွာနှင့်ရွာပြင်ကွင်းထဲတွင်လည်း ညစဉ် ဓါတ်မီးများကိုအသုံးပြု၍ လှုပ်ရှားမှုများရှိ၊မရှိ စဉ်ဆက်မပြတ် စစ်ဆေးနေကြရသည်။

နောက်တစ်နေ့တွင် ကျနော်ရန်ကုန်မြို့ထဲသို့ခေတ္တသွားမည်ဖြစ်ကြောင်း တပ်စိတ်မှူးကိုပြော လိုက်သည်။ တပ်စိတ်မှူးဖြစ်သူမှလည်း လိုလိုလားလားပင် ခွင့်ပြုခဲ့သည်။ အိမ်သို့ပြန်ပြီး အိမ်နောက်ရှိ ကောက်ရိုးပုံအောက်ဖွက်ထားသည့် စာရွက်စာတမ်း နှင့်လိုအပ်သည့်အသုံးအဆောင်များကို အိတ် အတွင်းသို့ထည့်ကာ ရန်ကုန်ဖက်ကမ်းသို့စက်လှေငှားကာ ကူးလာခဲ့သည်။ ကမ်းနားဈေးရောက်သည် နှင့် တက္ကစီတစ်စီးငှား၍ မြောက်ဥက္ကလာဖက်သို့ထွက်လာခဲ့သည်။ မြောက်ဥက္ကလာ၊မေဓါဝီရပ်ကွက် ထဲမှတဆင့် စော်ဘွားကြီးကုန်းဖက်သို့တဖန်ထွက်ခဲ့ပြန်သည်။ ရောက်တုန်းရောက်ခိုက်ဖြစ်သော ကြောင့် ကျောက်တော်ကြီးဘုရားနှင့်မြတ်စွယ်တော်ရှိရာသို့သွားရောက်ဖူးမြှော်ခဲ့သည်။ ထိုအချိန်က နာမည်ကြီးလှသော ဆင်ဖြူတော်ရှိရာနေရာသို့တစ်ဖန်ရောက်ခဲ့ပြန်သည်။ ဆင်ဖြူတော်အ၀င်တွင်ပင် ပြဿနာတက်တော့သည်။

ရှေ့ကိုကြိုတင်မကြည့်မိ၊၀င်ပေါက်နားရောက်မှ သံဆူးကြိုးကာရံထားသော ၀င်ပေါက်ဘေး တစ်ဖက်စီတွင် စစ်သားနှင့်ရဲက စောင့်ကြပ်ပြီးဝင်လာသမျှခရီးသည်များထံမှ အိတ်များ ကို ရှာဖွေစစ်ဆေးနေကြသည်။ ရှေ့တိုးရန်အခက်၊နောက်ပြန်ဆုတ်၍ပြေးမည်ဆိုကလည်း လွတ်မည် မထင်၊ အလွန်နီးကပ်နေပြီဖြစ်သောကြောင့် ဖြစ်ချင်ရာဖြစ်ဟုတွေး၍ တိုးဝင်လိုက်သည်။ ကံကောင်း သည်ဟုဆိုရမည်။ ကျနော့အိတ်ကို မမွှေနှောက်တော့ပဲ အိတ်အပြင်ပန်းကိုသာ ကိုင်၍စမ်း ကြည့်လိုက် သည်။ စာရွက်စာတမ်းများကိုသာစမ်းမိ၍ဖြစ်မည်၊ ၀င်ခွင့်ပြုလိုက်သည်။ သက်မချရင်းမှ ကံတရားက ကျနော့ဖက်တွင် ရှိနေပြီဟု ယုံကြည်လိုက်မိတော့သည်။

ဆင်ဖြူတော်ဆို၍ သေသေချာချာကြည့်လိုက်တော့လည်း ဆင်ဖြူကားမဟုတ်၊ ကျနော့အထင် ဂုံနီအိတ်အရောင် (သို့) အုံးခွံရောင်ဖြစ်မည်။ အထင်နှင့်အမြင်ကွဲလွဲနေကြောင်းမျက်မြင်ကိုယ်တွေ့သိရှိ လိုက်ရသည်။ မွန်းကြပ်နေသောစိတ်ကိုဖြေဖျောက်ရန်အတွက် န၀ဒေးရုပ်ရှင်ရုံဖက်သို့ကားငှား၍ထွက် လာခဲ့ပြန်သည်။ ရုပ်ရှင်ရုံရှေ့ရောက်တော့ လက်မှတ်တန်းစီဝယ်ရန်ပင်မလို၊မှောင်ခိုလက်မှတ်ရောင်း သမားများတစ်ဦးပြီးတစ်ဦး လာရောက်ရောင်းချနေကြသည်။သူတို့ထံမှလက်မှတ်တစ်စောင်ကို နှစ်ရာ့ ငါးဆယ်ကျပ်ဖြင့်ဝယ်၍ ရုပ်ရှင်ဝင်ကြည့်ခဲ့သည်။ ထိုရုပ်ရှင်ကားကို ယနေ့တိုင်အမှတ်တရရှိနေဆဲ၊ မင်းသားမှာ ဟာသသရုပ်ဆောင် မော့စ် ဖြစ်ပြီး မင်းသမီးကိုကားမမှတ်မိတော့၊ဇာတ်ကားအမည်မှာ အချစ်ကြီးသူများအကြောင်း ဖြစ်မည်ထင်သည်။



ရုပ်ရှင်ပြီးသည်နှင့် မင်္ဂလာဒုံလေဆိပ်ရှိရာသို့ဆက်လက်ထွက် ခွာခဲ့သည်။ လေဆိပ်ပေါက်နှင့် မျက်နှာချင်းဆိုင် စည်ဘီယာဆိုင်တွင်ခေတ္တအနားယူရင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များကို တွေးတောနေမိပြန်သည်။ ညနေ ခြောက်နာရီထိုးသည်နှင့် ကြည့် မြင်တိုင်ဖက်သို့ ကားငှား၍ပြန်လာခဲ့လိုက်သည်။ အေးရွာသို့ပြန်ရန်စက်လှေမရှိသောကြောင့် ထိုည အတွက် ကမ်းနံဘေးရှိ ငါးရုံအနီးတွင် ပုန်းခိုအိပ်ဖြစ်ခဲ့သည်။ နောက်တစ်နေ့နံနက်စောစောတွင် အေးရွာသို့စက်လှေငှား၍ အမြန်ကူးလိုက်သည်။ မြို့ထဲမှ ၀ယ် ခြမ်းလာသော မုန့်များကိုလည်း ရဲဘော်များကို မျှဝေကျွေးဖြစ်ခဲ့သေးသည်။

နေ့လည်ပိုင်းလောက်တွင် တပ်စိတ်မှူးဖြစ်သူမှ ဦးတည်ရာမဲ့စွာဖြင့် “ စောစောစီးစီးကွာ ငပွေးတွေ ဘယ်ကများရောက်လာပြီး စစ်သင်္ဘောကို လောင်ချာနဲ့ထုသွားမှန်းမသိဘူး၊သူတို့ပစ်တာကအကြောင်း မဟုတ်ဘူး၊ နေရင်းထိုင် ရင်း ငါတို့လဲဒုက္ခရောက်ရတယ်” ဟု ညီးညီးညူညူပြောဆိုလိုက်သည့်စကား သံကြောင့် ကျနော်စိတ်မကောင်းဖြစ်မိသည်။ မိမိကြောင့်ဖြစ်စေ၊ သူတစ်ပါးကြောင့်ဖြစ်စေ၊ အများသူငါ စိတ်ဆင်းရဲရမည်ကိုတော့ ကျနော်မလိုလား၊မနှစ်သက်မိတော့ပေ။

ဆက်ပါအုံးမည်။

အုပ်ကြီးဖေ
၉-၁-၂၀၁၄

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...