Tuesday, January 14, 2014

●ဗိုလ်ချုပ်၏ တိတ်တဆိတ် ကြေကွဲမျက်ရည်၊ မြန်မာ့နွေဦးနှင့် မြန်မာ့မော်ဒယ်လ်●

Hmuu Zaw

● တိတ်တဆိတ်ကြေကွဲမျက်ရည် ●

တစ်နေ့သောအခါတွင် အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်၏ ရင်းနှီးနွေးထွေးမှုကြောင့် သင်းကွဲအထီးကျန် စိတ်ခံစားမှုများ ပေါက်ကွဲထွက် ခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ကိုယ်တည်း အထီးကျန်နေရ သည့်အကြောင်း၊ အမြဲတမ်းလိုလိုပင် အထီးကျန်နေ ခဲ့ရသော ဘဝတွင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန်များ လိုလားတောင့်တပြီး ရှာဖွေခဲ့သော်လည်း တစ်ဦးတလေပင် တွေ့ရှိရန် ခက်ခဲကြောင်း ရင်ဖွင့်ခဲ့သည်။



"ခင်ဗျားဒီလောက် ပြည်သူ့အချစ်တော် ဖြစ်နေတာတောင် ဘယ်လိုလုပ်ပြီး မိတ်ဆွေကောင်း မရှိဘူး ပြောရတာလဲ" (ဆာဒေါ်မန်စမစ်)

"ကျွန်တော် ဒီလို (ပြည်သူ့အချစ်တော်) ဖြစ်လာဖို့ ကြိုးပမ်းခဲ့တာမှ မဟုတ်ဘဲ။ တိုင်းပြည်လွတ်လပ်ရေး ရအောင်သာ လုပ်ခဲ့တာပါ။ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းတယ် ဆိုတာလည်း ဘယ်လောက်အထိ အထီးကျန်မယ် ဆိုတာ ကျွန်တော်လုံးဝ မတွေးခဲ့ဘူး" (ဗိုလ်ချုပ်အောင်ဆန်းက ထိုသို့ ဖြေကြားလျက် ဝမ်းနည်းစွာဖြင့် မျက်ရည်များ စီးကျခဲ့ရှာသည်)

ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းကို နှစ်သိမ့်ဖျောင်းဖျဖို့ ကြိုးစားခဲ့သော်လည်း ဗိုလ်ချုပ်က လက်မခံခဲ့။

"နိုင်ငံတစ်နိုင်ငံမှာ သူရဲကောင်းတွေ ဘယ်လောက်ကြာကြာ သက်ဆိုးရှည်ကြသလဲ။ ဒီနိုင်ငံမှာတော့ သိပ်မကြာနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ရန်သူတွေ သိပ်များတယ်" (ဗိုလ်ချုပ်၏ စိတ်နာကြည်းစွာ ပြောကြားသံ)

"ဒီနိုင်ငံမှာ သူရဲကောင်းတွေ သက်ဆိုးရှည်နိုင်ရင် လွန်ရော ကျွံရော သုံးနှစ်ပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော် အလွန်ဆုံး ၁၈ လထက် ပိုပြီး မနေရတော့ဘူးလို့ ထင်တယ်"

ဗိုလ်ချုပ်မျက်ဝန်းမှ စီးကျခဲ့သော မျက်ရည်စက်များသည် နောက်ဆုံး အချိန်ဟူသော ဟောကိန်းကို ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် စီးကျခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ စိတ်ထဲရှိသမျှ အိတ်သွန်ဖာမှောက် ပွင့်ပွင့်လင်းလင်း မခြွင်းမချန် ဖွင့်ဟတိုင်ပင်နိုင်သော မိတ်ဆွေတစ်ဦး တွေ့ရှိခဲ့ရခြင်းကြောင့် မချိတင်ကဲ ကြေကွဲဝမ်းနည်းပြီး ကျခဲ့သောမျက်ရည်ပင် ဖြစ်သည်။

[ဒေါက်တာမောင်မောင်၏ "မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း၊ ဒုတိယတွဲမှ]

● ခေတ်ပြိုင်နိုင်ငံရေးနှင့် အင်စတီကျူးရှင်း ●

ဖ.ဆ.ပ.လ အလံတော်အောက်ဝယ် တညီတညွတ်တည်း ရပ်တည်ခဲ့ကြသော ဗိုလ်ချုပ်နှင့် ခေတ်ပြိုင် နိုင်ငံရေးခေါင်းဆောင်များ အားလုံးသည် ထိုခေတ်ထိုအခါက ထက်မြက်ထူးချွန် ခဲ့ကြသူများပင် ဖြစ်သည်။ နိုင်ငံရေး သဘောတရားအရပဲ ကြည့်ကြည့်၊ လွတ်လပ်ရေး ကြိုးပမ်းမှုအရပဲ ကြည့်ကြည့်၊ စစ်ရေး သဘောတရားအရပဲ ကြည့်ကြည့် သူတင်ကိုယ်တင် ငြင်းခုံဆွေးနွေးနိုင် ခဲ့ကြသူများလည်း ဖြစ်သည်။ ထိုထိုသော နိုင်ငံရေးခေါင်းဆောင်များ အကြားတွင် မည်သည့်အတွက် ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မျက်ရည် စီးကျစေခဲ့ပါသနည်း။ ပုဂ္ဂိုလ်ရေး ကဲသော နိုင်ငံရေးကြောင့်လည်း ပုဂ္ဂိုလ်ရေးကို အခြေပြုသော အကွဲအပြဲများ၊ အတိုက်အခိုက်များ ဖုံးလွှမ်းခဲ့သည်။ ဖဆပလသည် တစ်ခုတည်းသော အမျိုးသားရေး အင်စတီကျူးရှင်းကြီး ဖြစ်ခဲ့သော်လည်း အက်ကြောင်း ထင်ကာ အမျိုးမျိုး အဖုံဖုံသော နိုင်ငံရေး လက်ခမောင်းခတ်သံ တို့အကြား ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ကို ဦးဆောင်ရာ၌ နောက်ကျောဓားနှင့် ထိုးသူများကိုရော၊ ရှေ့တည့်တည့်မှ ခြေထိုးသူများ ကိုရော ရင်နှင့်မဆံ့အောင် နင့်နင့်သီးသီး ရင်နာခဲ့ရပေမည်။

နိုင်ငံရေးခေါင်းဆောင် များ၏ အတ္တနှင့် အကျိုးစီးပွားတိုက်ပွဲ များအကြား ကြွေလွင့်ခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းသည် သူ ထားရစ်ခဲ့သည့် လွတ်လပ်စ နိုင်ငံသစ်၌ သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ရသည်ကို မြင်တွေ့မသွားနိုင် ခဲ့သည်မှာ ကံကောင်းပေလိမ့်မည်။ မြန်မာ့နိုင်ငံရေး နိဒါန်းသည် မြန်မာ့နိုင်ငံရေး ဓလေ့ကို ကိုယ်စားပြုနေသည် ဟု ဆိုခဲ့ပါလျှင် အဆိုပါ ဓလေ့ဟောင်းကို အပြီးတိုင် ပြည်ဖုံးကားချ၍ နိုင်ငံနှင့် ပြည်သူအတွက် ဘုံအကျိုးစီးပွားကို အမှန်တကယ် ဦးတည်သော နိုင်ငံရေးယဉ်ကျေးမှု အသစ်ကို ပြုစုပျိုးထောင်ရန် လိုအပ်ပေမည်။ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးသို့ ဆောင်ကြဉ်းပေးကြရာဝယ် ကျွံနစ်ခဲ့ရသော ပြည်တွင်းစစ်နွံ အတွင်းမှ အမြန်ဆုံး ဆွဲထုတ်နိုင်ကြရန် အရေးကြီးသည်။ ထိုးနှက်မှုများ၊ တိုက်ခိုက်မှုများ၊ နိုင်ငံရေး ထောင်ချောက်များ၊ နိုင်ငံရေးတင်းမာမှု များဖြင့် အဆိုးကျော့ သံသရာကို စိတ်နာ၊ ရင်နာစွာဖြင့် မျက်ရည်များ စီးကျခဲ့ရရှာသော ဗိုလ်ချုပ်အောင်ဆန်း၏ အဖြစ်သနစ်သည် ယနေ့အချိန် အထိတိုင်လည်း သံသရာစက်ဝန်း လည်ပတ်နေဆဲ ဖြစ်နေပါ သလား ဟူသည်ကို ယနေ့ခေတ် နိုင်ငံရေးခေါင်းဆောင်များ အားလုံး ဆင်ခြင် သုံးသပ်ရပေမည်။

မြန်မာ့နွေဦး လျှောက်လှမ်းလိုသော ဒီမိုကရေစီစနစ်သည် မည်သို့သောစနစ်မျိုး ဖြစ်သည်၊ မြန်မာ့နွေဦးမှ ဆောင်ကြဉ်းပေးနိုင်သော ဖွံ့ဖြိုးရေးသည် မည်သို့သောဖွံ့ဖြိုးရေး ဖြစ်သည်ကို ယနေ့လက်ရှိ နိုင်ငံရေးခေါင်းဆောင် များ၏ အမြော်အမြင်ဖြင့် ဆုံးဖြတ်ကြရမည်သာ ဖြစ်သည်။

နောင်လာမည့် ရာစုနှစ်ဝက် အချိန်ကာလသို့ ရောက်ရှိသော် ကမ္ဘာလုံးဆိုင်ရာ ပါဝါဗဟိုချက် များအဖြစ်သို့ ရောက်ရှိလာကြမည့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများအကြား မြန်မာ့နွေဦး မည်သည့် အဆင့်အတန်း ရောက်နေသည်၊ မြန်မာပြည်သူများ မည်သည့်အဆင့်အတန်း ရောက်နေပြီ စသည်တို့ကို မျက်မှောက်ပြုကြရ ပေလိမ့်မည်။

နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားခေါင်းဆောင်များ စသည့် ယနေ့ခေတ် နိုင်ငံရေးခေါင်းဆောင်များ ခေတ်အလွန် နောင်လာမည့် နှစ်ပေါင်း ၅၀ တွင် မြန်မာ့နွေဦး အာရှတွင် ရွှေထီးဆောင်းနေမည်လား၊ အကွဲအပြဲ သံသရာနှင့် ပြည်တွင်း စစ်နွံအတွင်း သက်ဆင်းနေဆဲလား ဟူသည်ကို ယနေ့ခေါင်းဆောင်များ၏ လက်ဆင့်ကမ်းပေးမှုက အဆုံးအဖြတ် ပေးမည်သာဖြစ်သည်။ သမ္မတ အိမ်တော်တွင် မည်သူတက်တက်၊ လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံတွင် မည်သူဝင်ထိုင်ထိုင်၊ နိုင်ငံရေးပါတီများကို မည်သူတို့ ဦးဆောင်သည်ဖြစ်စေ၊ တိုင်းရင်းသား ပြည်နယ်များတွင် မည်သူတို့ အုပ်ချုပ်သည်ဖြစ်စေ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေရေး အတွက် အရပ်ရပ်နယ်ပယ်စုံ အင်စတီကျူးရှင်းများ မည်မျှခိုင်မာအောင် စွမ်းဆောင် နိုင်ခဲ့သည် ဟူသော အချက်က အဓိကဖြစ်ပေလိမ့်မည်။

ရှင်းအောင်ဆိုရလျှင် ခေါင်းဆောင်များကို အခြေပြုသော နိုင်ငံ တည်ဆောက်ရေးမှ အင်စတီကျူးရှင်းများကို အခြေပြုသော နိုင်ငံ တည်ဆောက်ရေးသို့ ပြောင်းလဲပေးနိုင်ရန် လိုအပ်ခြင်းဖြစ်သည်။

● မြန်မာ့နွေဦး မြန်မာ့မော်ဒယ်လ်●

အရှေ့ဘက်အရပ်သို့ လှမ်းမျှော်ကြည့်လျှင် ထိုင်းနိုင်ငံရေး ပဋိပက္ခ၊ ကမ္ဘောဒီယား နိုင်ငံရေးပဋိပက္ခ၊ အနောက်ဘက် အရပ်သို့ မျှော်ကြည့်လျှင် အီဂျစ်နွေဦး၏ အဆိုးဝင်္ကပါ၊ အာရပ်နွေဦး၏ ဧကန်မဲ့မှုများ စသည်တို့ကို တွေ့မြင်နိုင်ပေလိမ့်မည်။ မြန်မာ့နွေဦး ရှေ့သို့ဆက်၍ လျှောက်လှမ်းရာတွင် အချို့ကလည်း အိန္ဒိယမော်ဒယ်လ်ကို လိုက်၍ ပါလီမန်စနစ်ကို ဖော်ဆောင်သော အင်စတီကျူးရှင်းများ သွတ်သွင်းနိုင်ရန် ကြိုးပမ်း ကြကုန် သည်လည်း တွေ့ရှိရပါ၏။ နိုင်ငံတော်သမ္မတကြီး အနေနှင့် အခြေခံဥပဒေအရ အနီးစပ်ဆုံး ဆင်တူသော အမေရိကန် မော်ဒယ်ကို ရည်ညွှန်းလျက် Reality ကို အခြေပြုသော သမ္မတအုပ်ချုပ်ရေး စနစ်ကို ရှေးရှုနေ သည်ကိုလည်း တွေ့ရှိနိုင်သည်။ ဒီမိုကရေစီသို့ ချီရာလမ်းဝယ် ပါလီမန် ဒီမိုကရေစီ၊ မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် တည်ဆောက်သော ဒီမိုကရေစီ၊ ပါလီမန် တစ်ဝက်-သမ္မတ စနစ်တစ်ဝက် ဒီမိုကရေစီ၊ အရောအနှော ပုံစံဒီမိုကရေစီ စသည်အားဖြင့် အမျိုးမျိုးအဖုံဖုံ ရှိကြရာ၌ မြန်မာ့နွေဦး မည်သည့် ဒီမိုကရေစီသို့ ဦးတည် ကြမည်ကို ရွေးချယ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

အမေရိကန် Government Shutdown ဖြစ်စဉ်နှင့် ပတ်သက်၍ အီးယူ၏ စီးပွားရေးဒေါက်တိုင်ကြီး ဖြစ်သော ဂျာမနီဝန်ကြီးချုပ်က မဏ္ဍိုင်ကြီးသုံးရပ် ခွဲထားသော်လည်း ချိန်ခွင်လျှာ မညီမျှမှုကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း သုံးသပ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန် အနေဖြင့် ဂျာမနီမော်ဒယ်လ်ကို ပြန်လည် လေ့လာသင့်ကြောင်း အကြံပြု ခဲ့သည်။ သို့သော် ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသော ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ဒီမိုကရေစီကို အီလစ်အလွှာ တော်လှန်ရေးဖြင့် တွန်းလှန် ဖယ်ရှားနေ သည်ကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ တစ်ဖန် မြန်မာနိုင်ငံ အနေနှင့် ပါလီမန်ဒီမိုကရေစီကို လက်တွေ့ကျင့်သုံး ဖော်ဆောင်ခဲ့သည့် ခဲမှန်ဖူးသည့် စာသူငယ် ဖြစ်သောကြောင့် သမ္မတအုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲ လျှောက်လှမ်းခဲ့ခြင်းလည်း ဖြစ်နေသည်။ မိမိတို့ထက် အရင် သွားနှင့်ပြီးဖြစ်သော အင်ဒိုနီးရှား ဒီမိုကရေစီ၊ ဘရာဇီး ဒီမိုကရေစီ၊ တောင်အာဖရိက ဒီမိုကရေစီ တို့ကိုလည်း သင်ခန်းစာ ယူကြရပေမည်။

အမေရိကန်ကဲ့သို့ Government Shutdown မဖြစ်စေနိုင်သော ပြဋ္ဌာန်းချက်များ ပါဝင်ပြီးဖြစ်သည့် အခြေခံဥပဒေတွင် အားသာချက်များ ရှိနေနိုင်သလို အားနည်းချက်များလည်း ရှိနေမည်မှာ သေချာနေသည်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် ကျွမ်းကျင်သူ ပညာရှင်များ၏ အရပ်ဘက် အင်စတီကျူးရှင်းများ အားကောင်း ခိုင်မာခြင်း မရှိသေးသည့် အတွက် လက်ရှိ Key Player များက တတ်နိုင်သမျှ ကြိုးစားအားထုတ် ကြရမည် ဖြစ်သည်။ ထိုသို့ အခြေခံဥပဒေ ပြင်ဆင်ကြရာတွင် မိမိအထိုင် လက်ရှိတည်နေရာကို ဗဟိုပြု၍ သုံးသပ်မည် ဆိုပါက နောင်လာနောက်သား များအတွက် ခိုင်မာသော အခြေခံဥပဒေကို ထားရစ်နိုင်မည် မဟုတ်ပါ။ အပြန်အလှန် ထိန်းကျောင်းမှု အမှန်တကယ် ဖြစ်စေလိုလျှင် အပြန်အလှန် ထိန်းကျောင်းရေး လုပ်ငန်းစဉ် တစ်ပတ်လည်အောင် ဖန်တီးကြရန် လိုအပ်မည်ဖြစ်သလို သမ္မတ အုပ်ချုပ်ရေးစနစ် အမှန်တကယ် ခိုင်မာစေလိုလျှင် သမ္မတ အုပ်ချုပ်ရေးစနစ် အမှန်တကယ် ဖြစ်အောင် စဉ်းစားသုံးသပ် ကြရန် လိုအပ်ပေလိမ့်မည်။ တိုးတက်ပြောင်းလဲလာသော အမေရိကန် ဒီမိုကရေစီတွင် မဏ္ဍိုင်ကြီးသုံးရပ် သာမက အရပ်ဘက် လူ့အဖွဲ့အစည်း၊ သုတေသန နှင့် Think Tank အဖွဲ့အစည်းများ၊ မီဒီယာနှင့် သီးခြား အင်စတီကျုများက အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားကို ထိထိရောက်ရောက် ပုံဖော် နေကြပြီဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှု နှင့်တူသော အပြန်အလှန် ထိန်းကျောင်းမှုများ ဖြစ်ပေါ်လာရန် အင်စတီကျူးရှင်း များဖြင့် ခိုင်ခိုင်မာမာ ချမှတ်ခဲ့ရမည် ဖြစ်သည်။

အသွင်ကူးပြောင်းရေး အတွက် နိုင်ငံရေးပဋိညာဉ် လိုအပ်ချက် အရေးကြီးပုံကို ထောက်ပြကြရာ၌ အခြေခံဥပဒေ၌ ပါဝင်ထားပြီး ဖြစ်သော တပ်မတော်၏ အခန်းကဏ္ဍ၊ နောက်ကြောင်းပြန် အရေးယူမှုများ ကာကွယ်ထားမှု စသည့် ပြဋ္ဌာန်းချက်များကို အားလုံးက လက်ခံနိုင်လျှင် အသွင် ကူးပြောင်းရေး ပဋိညာဉ် ထားရှိပြီး ဖြစ်သည့် အခြေအနေသို့ ရောက်ရှိလာ နိုင်ပေမည်။

အုပ်ချုပ်သူဘက်မှ Risk and Threat များကို တွက်ချက်ရေးဆွဲထားသော ပြဋ္ဌာန်းချက် များသည် အပြန်အလှန် လုံခြုံမှုစနစ် Mutual Security System တည်ဆောက်ထားခြင်း ဖြစ်ကြောင်းလည်း သတိပြုရန် လိုအပ်ပေမည်။ အုပ်ချုပ်သူများ ဘက်က မဟာဗျူဟာ ထွက်ပေါက် ရှာဖွေ ဖန်တီးထားသော စနစ်တကျ ဆုတ်ခွာရေးကို အတိုက်အခံ ဘက်က စနစ်တကျ ဖြေလျှော့ရေး အဖြစ် လက်ခံလိုက်လျှင် အသွင်ကူးပြောင်းရေး ပဋိညာဉ် ရရှိပြီးသဘောသို့ ရောက်ရှိစေခြင်း ဖြစ်သည်။

ဆိုရလျှင် မြန်မာ့နွေဦးအတွက် အလိုက်ဖက်ဆုံးမှာ မြန်မာ့မော်ဒယ်လ်သာ ဖြစ်ပြီး အိန္ဒိယမော်ဒယ်လ် မဟုတ်နိုင်သလို ထိုင်းမော်ဒယ်လ်လည်း မဟုတ်နိုင်ပါ။ သန်း ၆၀ ကို မျက်မှောက်ပြုသော မြန်မာ့ မော်ဒယ်လ်သည် သန်း ၆၀ ကို လက်တွေ့အမှန်တကယ် မျက်မှောက်ပြုနိုင် ခဲ့ပါလျှင် စံထားရမည့် ကိုယ်ပိုင်အိပ်မက် တစ်ခု ဖြစ်လာမည်ဖြစ်သည်။

● နိဂုံး ●

စစ်ဓလေ့ ကဲသော မြန်မာ့နိုင်ငံရေးကြောင့် စီးကျခဲ့သော မျက်ရည်တို့မှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းတော့ မဟုတ်ပါ။ ပြည်တွင်း စစ်မီးလျှံများ အကြား သားသေလင်ကွဲ ငိုကြွေးကြကုန်သော မျက်ရည် အပေါင်းတို့လည်း ရှိခဲ့သည်။ နျူကလီးယားစစ် အတွင်း သက်ဆင်း ကျရောက်တော့မည့် တတိယကမ္ဘာ စစ်ကြီးကို ကယ်တင်ခဲ့သူဟု ခေါ်တွင်ကြကုန်သော ငြိမ်းချမ်းရေး ဗိသုကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်မွေးဖွားရာ မြေသည် ယခုထက်တိုင် စစ်မီးများ မငြိမ်းနိုင်သေးပါ။ ယခုအချိန်အထိ မြို့ကြီးပြကြီးနှင့် ဝေးရာအရပ် တို့တွင် နိုင်ငံကို အုပ်ချုပ်နေသည်မှာ နယက အစိုးရဟု သိရှိနေကြသေးသူများ ရှိနေကြ ပါသေးသည်။ ပဋိပက္ခ ယမ်းငွေ့များ အကြား အသက်ဘေးလွတ်အောင် ပုန်းရှောင် ပြေးလွှားနေကြရသော တိုင်းရင်းသား များမှာ ထိုင်း-မြန်မာ နယ်စပ် Refugee Camp ၁၁ ခုတွင် သုံးသိန်းခွဲ၊ IDP အဖြစ် လေးသိန်းခွဲ အမြောက်အမြား ရှိနေဆဲဖြစ်သည်။

လက်ရှိ ငြင်းခုံနေကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၌ “စစ်ဘောင်ဖယ်ရှားရေး” နှင့် “စစ်ဘောင်ချုံ့ရေး” ဘယ်သင်းက အရင် ဖြစ်သင့် သည်ကိုလည်း သန်း ၆၀ မျက်နှာဖြင့် ဆင်ခြင်ကြရန် လိုအပ်မည် ဖြစ်သလို ပြည်သူ သန်း ၆၀ အနေနှင့် ဖွံ့ဖြိုးရေး အသီးအပွင့်များကို ၂၀၁၅ ကျော်မှ ခူးဆွတ်စားသုံးသင့်သည် ဟူသော အတွေးအခေါ် တို့ကိုလည်း ဖယ်ရှားသင့်ပြီ ဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သူစိမ်းပြင်ပြင် ဖြစ်နေသော ဤမြန်မာ့မြေ၊ ဤပြည်သူတို့ အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘုရင်ခံ ရှေ့တွင် တိတ်တဆိတ် ကြေကွဲမျက်ရည် စီးကျစေခဲ့သော ပုဂ္ဂလနှင့် အတ္တကို အရင်းပြုသော နိုင်ငံရေးဓလေ့ဟောင်း ကြောင့် နွံနစ်ခဲ့ရခြင်းမှ ကင်းဝေးရန် အချိန်တန်နေပြီ ဖြစ်သည်။

အချုပ်ဆိုရသော် “ပြည်သူများ ညီညွတ်ကြပါ” ဟူ၍ နိုင်ငံရေးသမား တို့နှုတ်မှ တဖွဖွ ရွတ်ဖတ် သရဇ္ဈာယ်ကြကုန်သော “အမျိုးသားညီညွတ်ရေး” အတွက် နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် စံနမူနာပြ ညီညွတ်ကြရန် အချိန်တန် နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ စစ်ခြင်း-မစစ်ခြင်းထက် သန်း ၆၀ ထမင်းနပ်မှန်ပြီး တိုးတက်ရေးသည်သာ အဓိက ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

(မှူးဇော်)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Source : The Voice Weekly (http://thevoicemyanmar.com/2013/index.php/perspective/item/4096-ff.html)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...