Monday, January 6, 2014

အရေးအကြီးဆုံး အသိမ်မွေ့ဆုံး အကဲဆတ်ဆုံး

 စကားပလ္လင် ယနေ့ဖြစ်ပေါ်နေသော “အခြေခံဥပဒေ ဒီဘိတ်” ကြီးတွင် “တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း” ကိစ္စကို အကျယ်လောင်ဆုံး ကြားနေရသည်။ ပြောရလျှင် “အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပြဿနာ” မှာ မြန်မာ့ ဒီမိုကရေစီရေး၏ “အရေးအကြီးဆုံး” အပိုင်းဖြစ်လေရာ ၂၅ ရာခိုင်နှုန်း ကိစ္စကို “တည်” ပြောနေကြသည်မှာ သူ့ဟာနှင့်သူ သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။
သို့နှင့်တိုင် အဆိုပါကိစ္စမှာ အသိမ်မွေ့ဆုံးနှင့် အကဲဆတ်ဆုံးလည်း ဖြစ်နေပြန်ရာ ကျယ်ကျယ်ပြန့်ပြန့် ချင့်ချိန်ဆုံးဖြတ်ပါမှ တန်ကာကျလိမ့်မည် ဟုလည်း စဉ်းစားမိသည်။ ဤစဉ်းစားချက်ဖြင့်ပင် ယခုစာစုကို ရေးပါသည်။ ပျောက်ဆုံးကွင်းဆက် စံတော်ဝင် မတ်စ်ဝါဒသမိုင်းကို ပြန်ကြည့်လိုက်လျှင် အလွန်စိတ်ဝင် စားစရာကောင်းသော “ဆက်ထုံး” တစ်ခုကို တွေ့ ရပါလိမ့်မည်။ ကားလ်မတ်၏ မူလဟောစာတမ်းနှင့် ပီအိုင်လီနင်၏ ပြင်ဆင်ချက်။ မတ်နှင့် အိန်ဂျယ်တို့က အမေရိကနှင့် အင်္ဂလန်တို့တွင် အရင်းရှင်စနစ်မှ ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်း စွာ ကူးပြောင်းနိုင်သည်ဟု ဟောစာတမ်းထုတ်ခဲ့သည်။ ဤနိုင်ငံနှစ်ခုတွင် အခြားသော ဥရောပနိုင်ငံ များမှာလို လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး အာဏာတို့ တိုက်ရိုက်ချိတ်ဆက်မှု မရှိသေးသောကြောင့် ဆိုခဲ့ပါအတိုင်း စစ်တမ်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့တစေ ပထမကမ္ဘာစစ်ကြီးကို ဖြတ်သန်းပြီးသောအခါ နိုင်ငံအားလုံး နီးပါးမှာပင် လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး အာဏာခွင်ထဲ ရောက်သွားသည်။ ဤအပြောင်းအလဲကို ထောက်ပြပြီး လီနင်က “လက်နက်ကိုင် တော်လှန်ရေးမှတစ်ပါး အခြားမရှိ” ဟု ပြင်ဆင် ရပ်ခံခဲ့ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂရိတော်လှန်ရေးမှာ အဆိုပါရပ်ခံချက်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့တိုင် ဂရိတော်လှန်ရေး မအောင်မြင်ခဲ့ပါ။ လီနင်စစ်တမ်းလည်း ထင်တိုင်းမပေါက် ဖြစ်သွားခဲ့သည်။ ဘာကြောင့်နည်း။ အမေရိကနှင့် အင်္ဂလန်အပါအဝင် စစ်ပြီးခေတ် ဖွံ့ဖြိုးပြီးနိုင်ငံကြီး များတွင် “အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး” ပြဿနာကို ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဖြေရှင်းနိုင်သောကြောင့်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ အကြောင်းကြောင်းကြောင့် နိုင်ငံရေး အဖွဲ့အစည်း သဘောဆောင်နေသော လက်နက်ကိုင် တပ်ဖွဲ့များကို “ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း” အဖြစ် ပြန်လည် နေရာချပေး လိုက်နိုင်ခြင်းဖြစ်သည်။ ဤအတွက် ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်ပီဟန်တင်တန်နှင့် သူ၏စာအုပ် ကို အမှတ်ပေးကြသည်။ ဟန်တင်တန်က ဤအရွေ့ကို “ပျောက်ဆုံးနေသော ကွင်းဆက်” (Missing Link) ဟု ဝိဂြိုဟ်ပြုခဲ့သည်။ ဒုတိယအလှည့် သို့တိုင်အောင် ဟန်တင်တန်၏ အဆိုပါစာအုပ်နှင့် ဆိုခဲ့ပါ အယူအဆမှာ လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်ကား ကွက်တိ မဖြစ်ခဲ့ပါ။ ဤနိုင်ငံများရှိ လက်နက်ကိုင် တပ်ဖွဲ့များမှာ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများ ထဲမှ သန္ဓေတည် မွေးဖွားလာခဲ့သည် ဖြစ်ရာ မူလကတည်းက နိုင်ငံရေး သဘောဆောင်နေသည်။ ထို့ထက် စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ (၁၉၆၀ တစ်ဝိုက်) အရောက်တွင် စစ်ဘက် အာဏာသိမ်းမှုများ အပြိုင်းအရိုင်း ပေါ်လာပြန်ရာ “စစ်ဘက်မှ နိုင်ငံရေးတွင် ပါဝင်လာသော” (Militarization of Politics) ခေတ်တစ်ခေတ်နှင့် ကြုံလိုက်ရပြန်သည်။ ဤကာလအတွင်း စစ်ဘက် အာဏာသိမ်းခဲ့သော နိုင်ငံများကို ကြည့်လိုက်လျှင် အမေရိကန် သို့မဟုတ် ဆိုဗီယက် ကျောထောက်နောက်ခံနှင့် သိမ်းခဲ့ကြသည်များ ရှိသည်။ တတိယအမျိုးအစား အာဏာသိမ်းမှု များကား စစ်အေးနှင့်မဆိုင် မည်သည့် ကျောထောက်နောက်ခံနှင့်မှ မဟုတ်။ ပြည်တွင်းစစ်ကို အကြောင်းခံ ပေါ်ထွက်လာခြင်း ဖြစ်သည်။ စစ်ဘောင် ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ စစ်အေးလွန်ခေတ် “စစ်ဘက်ပြန်လည် ဆုတ်ခွာသောခေတ်” (Demilitarization) သို့ ရောက်သောအခါ စစ်အေးနှင့် ဆက်စပ်နေသော စစ်ဘက်ပါဝင်မှုများ ချက်ချင်းဆိုသလို ပြန်ဆုတ်သွား သော်လည်း ပြည်တွင်းစစ် တန်းလန်း နိုင်ငံများတွင်မူ ဤမျှမလွယ်။ ဤကိစ္စကို အာရှနှင့် လက်တင်အမေရိက ဒီမိုကရေစီ အပြောင်းအလဲများနှင့် ယှဉ်တွဲ စဉ်းစားလာကြရသည်။ ဆိုခဲ့ပါ ပြည်တွင်းစစ် မပြီးပြတ်သေးသော နိုင်ငံများတွင် နိုင်ငံတော် ကာကွယ်ရေးသက်သက် တာဝန်ယူသော ပရော်ဖက်ရှင်နယ်အဖွဲ့အစည်း အဖြစ် တိုက်ရိုက်သွားဖို့ အခြေအနေမပေး။ ပြည်တွင်းလုံခြုံရေးပါ တာဝန်ယူ ကြရသော နီယိုပရော်ဖက်ရှင်နယ် ဆိုသည့် အဆင့်တစ်ဆင့် ကြားခံထားရ သေးသည်။ ဆိုရလျှင် ပိုရှည်ကြာနိုင်သလို ပို၍လည်း ခက်ခဲသိမ်မွေ့သည်။ အလောတကြီး အဆောတလျင် ကိုင်တွယ်မိလျှင် နောက်ကြောင်းပြန် အန္တရာယ်ရှိနိုင်သလို “ဘော်လကန်နိုက်ဇေးရှင်း” (အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှု) အန္တရာယ်လည်း ရှိသည်ဟု ဆိုသည်။ ပြည်တွင်းစစ်ပြဿနာ တစ်စုံတစ်ရာ ပြေလည်မှသာ ဆုတ်ခွာရေးအတွက် လမ်းစပေါ်နိုင်စရာ ရှိသည်။ “တဖြည်းဖြည်း ဆုတ်ခွာရေး” (Gradual Change) သာ ဖြစ်ဖို့များလိမ့်မယ်” ဟု ဆိုပါသည်။ ဤနေရာ တွင်လည်း ထိပ်တိုက် ရင်ဆိုင်ရေးထက် ညှိနှိုင်း အဖြေရှာရေးကသာ ပိုအလုပ်ဖြစ်လိမ့်မည်ဟု အတွေ့အကြုံများက လှစ်ပြ လျက်ရှိသည်။ အနီးစပ်ဆုံး ဆိုရလျှင် အင်ဒိုနီးရှား အတွေ့အကြုံ။ ၁၉၉၈ က စစ်ဘက်ပါဝင်မှု ၄၀ ရာခိုင်နှုန်းအထိ ရှိသည်။ ၁၉၉၉ တွင် ၂၅ ရာခိုင်နှုန်း။ ၂၀၀၄ ရောက်မှ အပြီးအပြတ် ဖယ်ရှားနိုင်ခဲ့သည်။ မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့် ဆိုခဲ့ပြီးသော ပညာရှင် စဉ်းစားချက်များနှင့် နိုင်ငံတကာ အတွေ့အကြုံ များကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်လိုက်လျှင် လက်တွေ့ကျသော အဖြေတစ်ခု ရကောင်းစရာ ရှိလိမ့်မည် ထင်သည်။ ဤနေရာတွင် “အခရာ” အကျဆုံး မှာ မြန်မာနိုင်ငံ၏ ပကတိအရှိပင်ဖြစ်သည်။ အဆိုပါ ပကတိအရှိကို စာရေးသူ ဉာဏ်မီသလောက် စာရင်း တို့ကြည့်ပါမည်...။ ၁။ မြန်မာ့တပ်မတော်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံတွင် သန္ဓေတည်ပြီး ရဲဘော်သုံးကျိပ် အဖြစ် မွေးဖွားကာ ဖက်ဆစ်တော်လှန်ရေးဖြင့် အသက်ဝင်လာသည်။ ၂။ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှာ မြန်မာ့တပ်မတော်ကို စတင် အုတ်မြစ်ချခဲ့သော ခေါင်းကိုင်ဖခင်ကြီးလည်း ဖြစ်သည်။ ၃။ သို့တစေ တပ်မတော်က နိုင်ငံတော်အာဏာကို တိုက်ရိုက်ချုပ်ကိုင် ခဲ့ရာက အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ယိုယွင်းခဲ့ရသည့် ကာလမှာလည်း ရာစုဝက်နီးပါး ခန့်ရှိသည်။ ယခုထိလည်း အကင်း မသေတတ်သေး ...။ ၄။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့ အရှည်ကြာဆုံး စစ်ပွဲစာရင်း ဝင်သည်။ ၅။ လက်ရှိ တောတွင်းလက်နက်ကိုင် အင်အားမှာ တစ်သိန်းအထက် ရှိသည်ဟု သိရသည်။ အစိုးရရော၊ တောတွင်းကပါ ဖွဲ့စည်းခဲ့ကြသော ကာကွယ်ရေး အဖွဲ့ပေါင်း ၅၀၀၀ ကျော်ရှိသည် ဟုလည်း ဆိုသည်။ ၆။ မြန်မာ့လက်နက်ကိုင် အဖွဲ့အစည်း အားလုံး (အစိုးရရော၊ တောတွင်းပါ) မှာ ပြည်တွင်းစစ် နောက်ခံပေါ် တည်ဆောက်ထားသော အင်စတီကျူးရှင်းများ ဖြစ်နေသည်။ ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေသည်။ ၇။ လက်ရှိ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ ကနဦးတံခါးဖွင့် အဆင့် (Political Opening) မျှသာရှိသေးရာ အလွန် အကဲဆတ်သော အနေအထားတွင် ရှိနေဆဲဖြစ်သည်။ ဤသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ ဆန္ဒထက် အမြော်အမြင်က ပိုအရေးကြီးလိမ့်မည် ဟု သဘောရပါကြောင်း ...။ 
 Written by ကျော်ဝင်း
 (စာညွှန်း - Civil – Military Relations and Democracy (Larry Diamond))

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...