Sunday, January 5, 2014

ပန်းကလေးနှင့် ပန်းကလေးချစ်သူ

(၁)
            နဂိုရှိမြဲ “ဒါးဂွင်”ဆိုတဲ့နာမည်ကို ABSDF ဗဟို“ဒေါင်းဂွင်”လို့ ပြောင်းခဲ့တဲ့ နယ်မြေကျအပြီး၊ ကရင်နီနယ်မြေကို ပြန်ရောက်တဲ့ ၁၉၉၆ ခုလောက်မှာ တကြိမ်။ ၂၀၀၁ ခုနှစ် KNU တပ်မဟာ(၂)နယ်မြေက မိသားစုဘ၀နဲ့ ပြန်ဆုတ်ခဲ့ရချိန်မှာတကြိမ် BLC (မြန်မာနိုင်ငံရှေ့နေများကောင်စီ) မှာ သင်တန်းတက်ခွင့်(၂) ကြိမ်ရရှိခဲ့ဖူးပါတယ်။

ကျနော်တို့တပ် ရင်းမှာ အသက်ကြီးသူစာရင်းပါတာရယ်။ တိုက်ခိုက်ရေး၊ ခေါင်းဆောင်ဆိုတဲ့ အပိုင်းတွေမှာ သုံးမရတာရယ်။ လေ့လာ အားလေး အတန်အသင့်ရှိတယ်လို့မြင်တာတွေရယ်ကြောင့်ပဲ တာဝန်ရှိသူတွေက ရွေးချယ်ကြတယ်လို့ ခံစားခဲ့ရပါ တယ်။ ၂ -ကြိမ်လုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင်ခေါ်ဆွေးနွေးကြတဲ့အခါ ၂-ကြိမ်လုံးပဲ အကြောင်းအ မျိုးမျိုးပြကာ ငြင်းဆိုမိခဲ့တယ်။ ဟုတ်တယ်လေ။ သူတို့ရှင်းပြတဲ့ အသုံးအနှုန်းအရဆို“တရားသူကြီး”သင်တန်းတဲ့။ ဒီ တော့ ဥပဒေတွေ၊ ပုဒ်မတွေလေ့လာရမှာပေါ့။ နိုး(No)ပါပဲ။ ဒါတွေကိုတော့ စိတ်မ၀င်စားတာအမှန်။ မြန်မာပြည်တွင်းမှာ နေစဉ်ကတည်းက တရားရုံးတွေရှေ့က ဖြတ်ကိုမလျှောက်ဘူး။ ရှေ့နေအသိုင်းအ၀ိုင်းနဲ့ကင်းအောင်နေခဲ့တယ်။ ရှင်း ရှင်းပြောရရင် ကြောက်လို့။
            ဒါပေမယ့်ဗျာ ၂၀၀၃ ခုနှစ် ရောင်နီဦးဆိုတဲ့ ABSDF ကျောင်းလေးမှာ ကျောင်းဆရာဈာန်ဝင်နေစဉ်မှာပဲ ကံ ပေါ်ဖို့အကြောင်းက ထပ်တကြိမ်ပြန်ဖန်လာတယ်လေ။ အဲဒီကာလက နိုင်ငံရေးအခြေအနေထူးခြားချက်တွေအရ နယ် စပ်အတိုက်အခံအဖွဲ့အစည်းတွေမှာ ရွေးချယ်ရမယ့်လမ်းကြောင်း (၃) ခုပေါ်လာခဲ့တယ်။ ထိုင်းနိုင်ငံအပါအ၀င် တတိယ နိုင်ငံတွေမှာ အခြေချရေး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ အသွင်ပြောင်းရပ်တည်ရေးနှင့် ပြည်တွင်းပြန်ရေးဆိုတာ တွေပေါ့။ ကျနော်လည်း ခေါင်းစားရပြီ။ ပြည်တွင်းပြန်ရေးကိုတော့ ပယ်ပြီးသား။ ပြည်သူ့အကျိုးကြည့်မယ့် အစိုးရမပေါ် သရွေ့လုံးဝမပြန်။ ဒါက ပြတ်သားပြီးသား။ မပြတ်သားတာက ကျန်တဲ့ (၂) ခုမှာ။ တတိယနိုင်ငံလည်း မထွက်ချင်ဘူး။ ထွက်မယ်ဆို ၁၉၉၅ မာနယ်ပလောကျအပြီး ထွက်ကြတဲ့အထဲ ပါသွားပြီပေါ့။ နောက်… တိုင်းရင်းသားအဖွဲ့အစည်းတွေ နဲ့အတူ အသွင်ပြောင်းပြီး ရပ်တည်ဖို့။ ဒါကလည်း ပြီးခဲ့တဲ့ကာလဖြတ်သန်းမှုတွေနဲ့ ထူးမခြားနားပါပဲ။ အလံ၊ ဘက်တံ ဆိပ် လောက်ပဲကွာမှာပါ။ စိတ်ဓါတ်နဲ့ယုံကြည်မှုရှိဖို့ပဲ အဓိကလို့မြင်မိတော့ ပြဿနာလို့ မမြင်ပါဘူး။
            ပြဿနာလို့မြင်မိတာက မိသားစုကိစ္စ။ ကျနော့်မှာ အိမ်ထောင်နဲ့ ကလေး(၂) ယောက်တောင်ရှိနေပြီ။ အရင် ကလို တစ်ယောက်တည်းမဟုတ်တော့။ ကျနော့်အမျိုးသမီးကလည်း မလည်မ၀ယ်။ သားနဲ့သမီးတွေအတွက် ထည့် စဉ်းစားရတာပေါ့။ “တွေဝေသွားပြီ” “ကြောက်တတ်သွားပြီ”လို့ သတ်မှတ်ရင်လည်း မတတ်နိုင်။ ကြားတခုကို ရွေး လိုက်မိတယ်။ ထိုင်းနိုင်ငံမှာ အခြေချရေး … ။

(၂)
            ကျနော်တို့ DYA (ဒီမိုကရက်တစ်လူငယ်များတပ်မတော်) ဘ၀က ကျနော်တို့ရဲ့ ဒုတပ်ရင်းမှူး၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဦးအောင်ထူးက အခု BLC (မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) မှာ အတွင်းရေးမှူး။ သူ့ဆီမှာလှမ်း အကူ အညီတောင်းကြည့်တယ်။ တကယ့် တော်လှန်ရေးခေါင်းဆောင်ဆိုတာက ရဲဘော်တွေအပေါ် အမြဲတမ်းတာဝန်ရှိနေ တာ မဟုတ်လား။ အပြည့်အ၀မဟုတ်တောင် တစိတ်တပိုင်းတော့ တာဝန်ယူတတ်ရမယ်လေ။ အာဏာရှင်ကြီး လို့ ပြောတဲ့ ဦးနေ၀င်းတောင်မှ သူ့တော်လှန်ရေးရဲဘော်တွေအပေါ် တာဝန်ယူတတ်သေးတာပဲ။
            ဒီလိုနဲ့ BLC မှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်ကြုံလာတယ်လို့ပြောရတော့မှာပေါ့။ ခက်တာက ကျနော်က တရားရုံးတို့၊ ရှေ့နေတို့ ဆိုတာကို ကြောက်တတ်သူ။ ဘာအတွေ့အကြုံ၊ ဘာလေ့လာမှု၊ ဘာနီးစပ်မှုမှမရှိခဲ့။ BLC တာ ၀န်ရှိသူများကတော့ ဒါကိုသိကြပါတယ်။ သူတို့မှာ အဖွဲ့ဝင်တွေ၊ ၀န်ထမ်းတွေ အရည်အသွေးမြင့်တင်ဖို့အတွက် အစီ အမံတွေကအပြည့်။ သိပ်မကြာပါဘူး။ ၂၀၀၄ ကုန်ခါနီးမှာပဲ BLC ရဲ့ ၃ လတာ သင်တန်းတခုကိုတက်ခွင့်ရလိုက်တယ်။  အရင် ၂ - ခါလို ငြင်းခွင့်မရှိတော့။ အခုဟာက ဘ၀ဖြစ်သွားပြီလေ။


(၃)
            တကယ်က “ရေငတ်တုန်း ရေတွင်းထဲကျ” ဆိုသလိုဖြစ်သွားတာဗျ။ ကျနော်သိချင်၊ လေ့လာချင်တာတွေက ဒီသင်တန်းမှာ သင်ပေးနေတာတွေ။ ဘာသာခွဲတွေအနေနဲ့ (၁၀) ခုတောင်မက။ (လူ့အခွင့်အရေး) Human Rights, (တရား ဥပဒေစိုးမိုးရေး) The Rule of Law, (လူထုအဓိက လူ့အဖွဲ့အစည်း) Civil Society, (ဒီမိုကရေစီ) Democracy, (ဖက်ဒရယ်) Federal, (ဖွဲ့စည်းပုံအခြေခံဥပဒေ) Constitution, (မျှတသောတရာခွင်) Fair Trail, (တရားမျှတသော အသွင်ကူးပြောင်းရေး) Transitional Justice, (မီဒီယာ) Media, (လွတ်လပ်သောတရားစီရင်ရေး) Independence Judiciary … ဆိုတာတွေပေါ့။ အဲဒီအထဲမှာ ကျနော့်စိတ်နဲ့ အတွေ့ဆုံးဘာသာကတော့ Civil Society ပါပဲဗျာ။
            ကျနော်တို့ကို သင်တန်းမှာ ညဖက်ညဖက် အချိန်ပိုအနေနဲ့ ဆရာဦးအောင်ထူးက မောင်းလေ့ရှိတယ်။ သူ့အ ချိန်နဲ့သူ သင်နေကြတဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အချိန်ပို ဆွေးနွေးကြဖို့၊ လေ့လာကြဖို့ပေါ့။ ဥပမာ ဆိုပါတော့ - Constitution သင်ပြီးသွားတာနဲ့ ညဖက် workshop တွေမှာ ၁၉၄၇၊ ၁၉၇၄ ဖွဲ့စည်းပုံတွေနဲ့ NCGUB ကရေးဆွဲတဲ့ ဖွဲ့စည်းပုံတွေကို နှိုင်းယှဉ်ပြီး အနာဂတ်မြန်မာပြည်နဲ့ အသင့်တော်ဆုံး၊ အဖြစ်သင့်ဆုံး၊ အသစ်တခုကို အဖွဲ့တွေအလိုက် အခန်းတွေခွဲပြီး ရေးဆွဲခိုင်းတာမျိုး။ Democracy ကို သင်ပြီး မြန်မာနိုင်ငံကို ဘယ်လို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားမယ်ဆို တာကို ဆွေးနွေးခိုင်းတာမျိုးပေါ့။ အဲဒီ အစီအစဉ်တုန်းက ထူးခြားဖြစ်စဉ်လေးတခုကို အမှတ်ရသေးတယ်။
            အုပ်စု(၅) စုခွဲပြီး လေ့လာကြတဲ့အထဲမှာ ၅ - စုလုံးက ဆိုရှယ်ဒီမိုကရက်ကိုပဲ ၀ိုင်းရွေးလိုက်ကြတော့  ဆရာ ဦးအောင်ထူးက “ဆိုရှယ်ဒီမိုကရက်ကို ဒီလောက်ကြိုက်တဲ့သူများနေပြီဆိုရင်တော့ ဆရာတောင် ဆိုရှယ်ဒီမိုကရက် နာမည်နဲ့ ပါတီထောင်ရတော့မလိုဖြစ်နေပြီ”လို့ ပြောခဲ့တယ်လေ။ ဆရာပြောမှ သတိထားမိတယ်။ ၁၉၉၀ ရွေးကောက် ပွဲမှာရော၊ လက်ရှိနိုင်ငံရေး အဖွဲ့အစည်းတွေမှာရော ကိုယ်ယုံကြည်ရာကို နယ်မည်တပ်ပြီး ဖွဲ့ကြတာမျိုးမတွေ့ရဘူးလေ။ ယေဘုယျဆန်ဆန် ဒီမိုကရေစီဆိုတွေချည်းပဲ တွေ့တွေ့နေရတယ်။ လစ်ဘရယ်ပါတီတို့၊ ဆိုရှယ်လစ်ပါတီတို့၊ ဆိုရှယ် ဒီမိုကရက်ပါတီတို့ဆိုပြီး ဘာကြောင့်မရှိကြတာလဲ။
            သင်တန်းကာလပြီးခါနီးလေ ညဖက် အစီအစဉ်တွေက ပိုများလာလေပဲ။ စကားပြောလေ့ကျင့်တာတွေပါ ပါ လာတယ်လေ။ အစပိုင်းတော့ ရိုးရိုးလို့ထင်မိတယ်။ နောက်ပိုင်းမှ ကိုယ်သိသမျှကို အစီအစဉ်တကျ အချိန်နဲ့ကွက်တိ ပြောဆိုတတ်အောင် လေ့ကျင့်ပေးမှန်းသိလိုက်ရတယ်လေ။ သင်ပြီးသမျှဘာသာတွေထဲက ကိုယ်အနှစ်သက်ဆုံး ဘာ သာအကြောင်းကိုပြောရမယ်။ ဘာတွေကိုကြိုက်တာလဲ၊ ဘာကြောင့်ကြိုက်သလဲပေါ့။ စစချင်း တစ်မိနစ်လောက်စီပါပဲ။ တစ်မိနစ်ဆိုပေမယ့် မလွယ်ဘူးဗျို့။ ကျနော်ဆို ကျောင်းဆရာသက်တမ်းက (၇)နှစ် (၈)နှစ်။ သီချင်းဆိုလည်း အကြိမ် ကြိမ် စတိတ်ခုံပေါ်မှာ ဆိုခဲ့ဖူးတာ။ ဒါပေမယ့် လူရှေ့ထွက်လိုက်တာနဲ့ ဒူးတုန်၊ အသံတုန်၊ နှလုံးတုန်က ဖြစ်တုန်း။ ကိုယ်ပြောချင်တာကို မရောက်တာတို့၊ အချိန်ပြည့်သွားလို့ မပြောဖြစ်လိုက်တာတို့၊ မေ့သွားတာတို့၊ အမျိုးမျိုးကြုံရ တာပဲ။ နောက်မှတဖြည်းဖြည်း အသားကျလာတယ်။ လိုရင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်နဲ့ကွက်တိဖြစ်အောင် ပြောတတ်လာတယ်လေ။

(၄)
            တည စကားပြောလေ့ကျင့်ပွဲမှာတော့ “အလေးစားရဆုံး”လူတစ်ယောက်အကြောင်းလေ။ ၅-မိနစ်စီ ပြောရ မယ်တဲ့။ ပြောကြတဲ့အထဲမှာ ကိုယ့်ရဲ့အဖေ၊ အမေ။ ညီအကို၊ မောင်နှမ။ ဆရာနဲ့ ခေါင်းဆောင်တွေ အကြောင်းများ တယ်။ ဆရာဦးအောင်ထူးရဲ့ဇနီး မနော်ကူးကတော့ ဆရာဦးအောင်ထူးအကြောင်း ပြောသွားတယ်လေ။ ခင်ပွန်းလို တာဝန်ကျေ၊ ဆရာတယောက်လို လမ်းညွှန်ပေးနိုင်ပြီး၊ ခေါင်းဆောင်တဦးလို ဦးဆောင်နိုင်လို့တဲ့ … ။
            သူများတွေပြောနေချိန် ကျနော့်မှာတော့ ဘယ်သူ့အကြောင်းပြောရမလဲ စဉ်းစားလို့ကိုမရနိုင်ဘူး။ စကားပြော လေ့ကျင့်တာဆိုပေမယ့် တကယ့်လေးစားရသူလည်း ဖြစ်ချင်တယ်လေ။ သူတကာသိပြီးတဲ့အထဲကလည်း မဖြစ်ချင် ဘူး။  အများကပါ လေးစားစရာကောင်းသူလို့ သတ်မှတ်သွာနိုင်မယ့်သူပဲ ဖြစ်စေချင်တယ်။ ပြောရမယ်အချိန်နဲ့လည်း ကိုက်ညီရမယ်ပေါ့။
စဉ်းစားနေရလွန်းလို့ ရှေ့ကလူတွေ ဘာပြောသွားမှန်းကိုတောင် ကောင်းကောင်းမသိလိုက်ဘူး။ တကယ် …။ လက်ခုပ်တီးသံကြားမှ ရောယောင်ပြီးလိုက်တီးဖြစ်တယ်။ ကျနော့်အာရုံထဲမှာရှိတဲ့လူတွေကို တယောက်ပြီးတယောက် ဆန်ကာစစ်ကြည့်နေရလို့။ နောက်ဆုံး ကျနော့်အလှည့်ကျကာနီးမှ လူ ၂ - ယောက်ကို ရွေးမိတယ်။ ကျနော်တို့ တပ်ရင်းမှူး ကိုတိုက်မောင်းနဲ့ ကောင်းစံဆိုတဲ့ ရဲဘော်လေးတယောက်တို့ကို။
ကျနော့်ရွေးချယ်မှုစံအရပဲ ကိုတိုက်မောင်းကို ပြန်ပယ်လိုက်ပါတယ်။ သူ့အကြောင်းက သိတဲ့သူများတယ်။ သူ့ အကြောင်းကို ရေးချင်သူ၊ ဖော်ပြချင်သူတွေလည်းရှိတယ်။ ခေါင်းဆောင်လုပ်ဖူးတော့ မှတ်တမ်းတချို့မှာလည်း ပါသွား နိုင်တယ်လေ။ ကောင်းစံကျတော့ သာမာန်ရဲဘော်လေး။ သူ့အကြောင်းသိသူက ရှားရှား။ သူ့အကြောင်းရေးမယ့်၊ မှတ် တမ်းတင်ပေးမယ့်လူဆိုတာက မရှိနိုင်ဘူး။ မထင်မရှားနဲ့ပျောက်ကွယ်သွားရမယ့် ဘ၀အဖြစ်တွေလေ။ ဒါကြောင့်ပဲ ကောင်းစံကိုရွေးလိုက်ရတာ။ သူတို့နှစ်ယောက်မှာ တူညီတာတခုက သက်ရှိထင်ရှားမရှိကြတော့ခြင်းပဲ။ ဒီမိုကရေစီ တော်လှန်ရေးအတွင်းမှာ ပေးဆပ်ရင်း ကျဆုံးသွားကြပြီ။
ကောင်းစံနဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးတွေကို တတ်နိုင်သလောက်ခြေရာပြန်ကောက်ကြည့်တယ်။ ထူးထူးခြား ခြားလေးတွေကို ပုံပြန်ဖော်ကြည့်တယ်။ ဒါမှ ကျနော့်အလှည့်ကျလို့ပြောဖြစ်ရင် သူများတွေထက် ပိုစိတ်ဝင်စားကြမှာ။ ပိုအံဝင်ဂွင်ကျဖြစ်မှာ။ သူ့ကို ဂုဏ်ပြုရာလည်းရောက်မှာလေ။

(၅)
ကောင်းစံရဲ့နာမည်ရင်းက ဆန်းသူရ။ ရှစ်တန်းကျောင်းသားလေး။ တောင်ကြီး အထက(၁) က ဆိုလားပဲ။ ရှစ်လေးလုံးအရေးအခင်း တောင်ကြီးမှာစဖြစ်တာ သူအပါအ၀င် အမှတ်(၁)နဲ့ အမှတ်(၄) အထကကျောင်းက ရှစ်တန်း ကျောင်းသားလေးတွေက စခဲ့ကြတာပေါ့။ ဒီအထဲမှာ ဆန်းသူရပါမှန်းကိုတော့ တောထဲရောက်ပြီးမှ သိရတာ။ ၈၊ ၈၊ ၈၈ ရက်နေ့က တောင်ကြီးဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကျောင်းဝန်စုံလေးတွေနဲ့ ကျောင်းသားလေးတွေ ဆန္ဒပြခဲ့ တာကိုတော့ ကျနော်ကိုယ်တိုင်မြင်ခဲ့ရတာလေ။
ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်မှာ ကျောင်းစိမ်းပုဆိုးလေးကိုအလံထူလို့ “ကမ္ဘာမကြေ” သီချင်းကို သံပြိုင် ဆိုပြီး စခဲ့ကြတာပေါ့။ ကျောင်းသားလေး (၇) ယောက်၊ (၈) ယောက်ထက်မပိုဘူး။ ပတ်ဝန်းကျင်က ကျနော်အပါအ၀င် လူကြီးဆိုသူတွေက အဲဒီအချိန်မှာ ပရိတ်သတ်သက်သက်။ ခပ်ဝေေ၀က အခြေအနေကို စောင့်ကြည့်နေရုံသက်သက်။
ကမ္ဘာမကြေသီချင်းဆိုပြီးတော့ ပန်းခြံကို တပတ်ပတ်ကြတယ်။ တပတ်မပြည့်ခင်အထိ ဒီကျောင်းသားလေး တွေချည်းသက်သက်။ တပတ်ကျော်လို့ အန္တရာယ်ကင်းတယ်၊ အနှောက်အယှက်မရှိဘူးဆိုတာကို မြင်ရမှ လူကြီးတချို့ ကပ်လာကြတာ။ လူတော်တော်လေးများလာတော့မှ ကျနော်တောင်ကပ်ရဲတာကို ရှက်ရှက်နဲ့ပဲ ၀န်ခံရမှုပဲ။ ဒီတော့ ကျနော်ပြောချင်တာက တောင်ကြီး ရှစ်လေးလုံးအရေးအခင်းကို စခဲ့တဲ့ကျောင်းသားလေးတွေထဲမှာ ကောင်းစံပါတယ်။
အရေးအခင်းအရှိန်ရလာလို့ ဆရာဝန်တို့၊ ရှေ့နေတို့၊ နိုင်ငံရေးသမားဟောင်းတို့ဆိုတာတွေ ပေါ်လာပြီး၊ စင်မြင့်တွေပေါ် သြ၀ါဒတွေချွေနေချိန် အဖြူအစိမ်းဝတ်လေးတွေက ရှေ့မှာ၊ ဘေးမှာ ကာရပ်ရပ်ပေးနေကြတယ်လေ။ မဆလက တစုံတရာအန္တရာယ်ပေးမယ်ဆိုရင် အဖြူအစိမ်းဝတ်လေးတွေက အသေခံတဲ့။ သပိတ်စစ်ကြောင်းတွေ ချီတက်ကြပြီဆိုရင်လည်း လမ်းဘေးတဖက်တချက်စီမှာ အဖြူအစိမ်းလေးတွေက လက်ချင်းဆက် လုံခြုံရေးစည်းဝိုင်း ပေါ့။ ဒီအဖြူအစိမ်းဝတ်တွေထဲမှာလည်း ကောင်းစံ ပါခဲ့တယ်တဲ့။

အောင်ဟမ်းရိုင်းလို့ခေါ်တဲ့ ပအိုဝ့်မြေရောက် ကျောင်းသားတွေကို စစ်သင်တန်းပေးတဲ့နေရာကို ကျနော့်တို့ အဖွဲ့ရောက်တော့ နောက်ကျနေပြီ။ သင်တန်းရှိရာနေရာရောက်ခါနီး ချောင်းလေးကိုကျော်လို့ တောင်ကုန်းလေးကို အတက်မှာ ကောင်းစံကို စတွေ့ဖူးတာ။
“အကိုတို့က တောင်ကြီးကပဲလား၊ ကျနော်တို့သင်တန်းတက်နေတာ (၂) ပတ်တောင်ကျော်ပြီ”လို့ မိတ်ဆက် ရင်းကျနော်တို့ကို ဦးဆောင်လမ်းပြပေးခဲ့တယ်လေ။ လမ်းမှာစကားတွေပြောရင်းက အတော်လေးရင်းနှီးလာတော့ သူ့ရင်ထဲက စကားတွေပွင့်ထွက်လာတော့တာပဲ။
“လူကြီးတွေက အသက်ကြီးလာလေလေ ညာတတ်လေလေပဲဗျ။ သူတို့မလုပ်ချင်တဲ့အလုပ်တွေဆို ကျနော် တို့ကို ညာညာခိုင်းတယ်။ အစားအသောက်စားရတဲ့အချိန်ကျတော့ ကလေးဆိုပြီး အလှည့်ပေးတာမျိုး မရှိဘူး။ သူတို့ပဲ အခွင့်အရေးပိုယူတတ်တယ်”တဲ့။ ပွင့်ပွင့်လင်းလင်းပြောတတ်တာ သူရဲ့ ဇ, ပေါ့။
ကောင်းစံတို့လို ကျောင်းသားငယ်လေးတွေ ဘ၀ကလည်းတွေးကြည့်ရင် တကယ့်ကို သနားစရာ။ ၁၅ နှစ်၊ ၁၆ နှစ်နဲ့တောထဲရောက်။ တောထဲရောက်မှ လူပျိုဖြစ်။ ရည်းစားထားချင်တော့လည်း တာဝန်က တော်လှန်ရေးတာဝန်။ တပ်ပုံစံ။ ဗမာအဖွဲ့အစည်းဖြစ်တာကလည်းတကြောင်း။ ဒီတော့ ခဏခဏပြဿနာဖြစ်တယ်။ စည်းကမ်းဆိုတာကို လည်းသိပ်နားမလည်။ နားမလည်လို့ဆိုပြီုး ခွင့်လွှတ်ပါများပြန်ရင်လည်း ထိမ်းသိမ်းလို့မရ။ ဒီတော့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရရောပေါ့။
တခါက ထိုင်းကရင်နီနယ်စပ်မှာနေချိန် ကောင်းစံလေ ကျနော်တို့ စခန်းနဲ့နီးတဲ့ ပန်ယွမ်းရွာက ကလေးမလေး နဲ့ကြိုက်တယ်။ ရည်းစားလည်းမထားဖူးတော့ အရူးအမူး။ ရွာထဲမှာအမြဲလိုဖြစ်နေတာပေါ့။ စခန်းစည်းကမ်းနဲ့ မညီ တော့ဘူး။ ဒီတော့ တပ်ရင်းမှူး ကိုတိုက်မောင်းကခေါ်သတိပေးတယ်။ ဒါပေမယ့် မရဘူး။ ညီအကိုလိုဖြစ်နေတာက တ ကြောင်း၊ အရူးအမူးဖြစ်နေတာက တကြောင်းမို့နောက်ဆုံး တပ်ကထွက်မယ်ဆိုတဲ့အထိကိုဖြစ်ပြီး ကောင်းစံလေ ရွာထဲမှာ သွားနေလိုက်တယ်။ တလ၊ နှစ်လကြာတဲ့ အထိ။ နောက်တော့မှ သတင်းတွေကြားရတယ်။ ကောင်းစံ တယောက် မြင်းလိုက်မောင်းနေတယ်တဲ့။ ရိက္ခာသယ်တဲ့မြင်းကို လိုက်မောင်းပေးရတာ။ ဒီတော့မှ ကြာရင် ပျက်စီး သွားမှာ စိုးတာရယ်။ လုံခြုံမှုအခြေအနေကို စိုးရိမ်ရတာတွေကြောင့် ကိုတိုက်မောင်းကို ၀ိုင်းနားချရင်း လိုက်ခေါ်ရတော့တယ်။ ကိုတိုက်မောင်းပဲလိုက်ခေါ်တာပါ။ ပြီးတော့လည်း သူတို့နှစ်ယောက်က တလုံးလုံးတထွေး ထွေးနဲ့။ တကယ့်ညီအကိုတွေလိုပဲ။ ကျနော်တို့မှာ မိဘတွေနဲ့မှမနီးကြတာ။ တာဝန်တွေရှိနေကြပေမယ့် တကယ်တော့ ညီအကိုတွေပဲလေ။

(၆)
ကောင်းစံကို အသိအမှတ်အပြုမိဆုံး အဖြစ်အပျက် တခုရှိတယ်။
ကျနော်တို့ ထိုင်းနယ်စပ်ကနေ ပအိုဝ့်ပြည်ကိုပြန်အရောက်။ ကျနော်တို့ပြန်ရောက်တဲ့သတင်းက တောင်ကြီး အထိကိုရောက်တယ်။ ရဲဘော်တချို့ရဲ့မိဘတွေလာတွေ့ကြတယ်လေ။ တောင်ကြီးနဲ့က သိပ်မှမဝေးတာ။ ဒီအထဲမှာ ကောင်းစံ အမေနဲ့အကိုလည်းပါတယ်။ ကိုယ်ပိုင်ကားနဲ့ကိုလာတာ။ ကောင်စံနဲ့တွေ့ချင်လို့တဲ။ တပ်က တာဝန်ရှိသူတွေ ကလည်းပေးတွေ့ပါတယ်။ သီးခြားအိမ်တအိမ်မှာ စီစဉ်ပေးပြီး လွတ်လွတ်လပ်လပ် ပြောခွင့်ပေးလိုက်ပါတယ်။ တနေ့ လုံးပြောဆိုကြပြီး၊ ညအိပ်ချိန်လောက်ရောက်တော့ ကောင်းစံတယောက် ကျနော်တို့ဆီပြန်ရောက်လာတယ်။
“ကျနော့်အမေက ကျနော့်ကို ပြန်ခေါ်တယ်ဗျ။ မြို့ပြန်ရောက်ရင် သားလိုချင်တာ ၀ယ်ပေးမယ်တဲ့။ ကားလို ချင်ရင်ကားတဲ့”
“ကျနော့်အမေက ခင်ညွှန့် အမျိုးသမီးနဲ့ရင်းနှီးတယ်တဲ့။ ပြန်လိုက်လာလို့ဘာမှ ပြဿနာမဖြစ်စေရဘူးလို့ အာ မခံတယ်တဲ့”
“ကျနော့်အကိုလိုပဲ နိုင်ငံရေးဝါသနာပါရင် မြို့ပေါ်ပါတီတခုခုမှာ ၀င်လုပ်ပါတဲ့၊ တောထဲတောင်ထဲမှာ ခြင်ကိုက် ဖြုပ်ကိုက်နဲ့ တဲ့။ အစားအသောက်၊ အနေအထိုင်ကလည်း ဒုက္ခရောက်လွန်းပါတယ် တဲ့”
“ကျနော် … ပြန်ပြောလိုက်တယ်။ သေသွားတဲ့ ကျနော်တို့ကျောင်းသားတွေကို သစ္စာမဖောက်ဘူးလို့။ ကျနော် တောခိုတော့ သေဖို့ကိုတွေးပြီးသားလို့။ ခြင်ကိုက်ဖြုပ်ကိုက်လောက်ကို ဂရုမစိုက်ပါဘူးလို့။ ဒီမိုကရေစီရရင် အမေ မခေါ်လည်း သားပြန်လာမှာပါလို့”
ကောင်းစံရဲ့အကိုက တောင်ကြီး လူဘောင်သစ်ပါတီဝင်တဲ့။ နောက်နေ့မနက်မှာ ကောင်းစံအမေနဲ့အကို နူတ် တောင်လာမဆက်တော့ပဲ စောစောထပြန်သွားကြတယ်။ ဒါပေမယ့် ကောင်းစံကတော့ တချက်လေးမှ အပြုံးမပျက်ပဲ လေ။
“မိုးဖြား အမ်းသမိုင်နယ်” (အမေထမင်း ဘာဟင်းနဲ့စားလဲ) ဆိုပြီး ရွာထဲမှာ အိမ်ဆင်းတအိမ်တက်နဲ့။ ဟဲဟဲ … ဟဲဟဲ နဲ့။

(၇)
၁၉၉၆ မှာ ကောင်စံတို့ပါတဲ့စစ်ကြောင်း KNU တပ်မဟာ (၂)နယ်မြေက နယ်စပ်ကို ပြန်ရောက်လာတယ်။ ကောင်းစံက အပြစ်တခုရှိလို့ ပြန်ခေါ်လာတာတဲ့။ ကျနော် စုံစမ်းကြည့်တော့ ရည်းစားထားတဲ့ကိစ္စပဲ။ ကောင်းစံက လည်းတရွာတကျည်ဆောက်ဆိုသလောက်ကို ရည်းစားထားတာတဲ့။ ရုပ်ကလေးကလည်းရှိ။ မြို့ပေါ်မှာနေခဲ့တာဆို တော့ သေသေသပ်သပ်ကလည်းဝတ်စားတတ်။ ဘာသာစကားကလည်း ဒေသအလျှောက်ပြောဆိုနိုင်တော့ ဖြစ် လောက်တာပေါ့။ ကောင်းစံကလည်း အပြောကောင်းမဟုတ်လား။ ဒါပေမယ့် ကျနော် နားမလည်တာက ရည်းစားထား တာ၊ များတာက ဘာကြောင့် အပြစ်ဖြစ်နေရတာလဲ။ ထူးခြားတာက ခုတခါစစ်ကြောင်းက ကျနော်တို့ (၆၀၁) တပ်ရင်း ချည်း သက်သက်မဟုတ်ဘူး၊ တပ်ရင်းပေါင်းစုံ။ ဒီတော့ခါတိုင်းလို သူ့အပေါ် နားမလည်နိုင်ကြလို့ များလားပေါ့။
ဒီအချိန်က နယ်စပ်နိုင်ငံရေးက မာနယ်ပလော ကျပြီးချိန်၊ တတိယနိုင်ငံထွက်ခွာတဲ့လမ်းကြောင်းပွင့်နေချိန်။ ကျနော်စိုးရိမ်မိတာက ကောင်းစံက မဟုတ်မခံ။ ပွင့်ပွင့်လင်းလင်းသမား။ အရင်လို တပ်ကထွက်သွားရင် အဝေးကြီး အထိရောက်သွားနိုင်တယ်။ ကိုတိုက်မောင်းကလည်း ကျဆုံးပြီးကာစဆိုတော့ တပ်ကလည်း ဖယိုဖရဲ။

ဒါကြောင့်ပဲ KNU တပ်မဟာ (၂)ကို ပြန်ထွက်မယ့်စစ်ကြောင်းမှာ ကျနော်လည်းလိုက်မယ်။ ကောင်းစံကို လည်းပြန်ခေါ်သွားချင်ကြောင်း စစ်ကြောင်းတာဝန်ခံ ကိုသန်းကျော်ဌေးးနဲ့ ဆွေးနွေးကြည့်တယ်။ ကောင်းစံကလည်း ဆန္ဒရှိတယ်လေ။ “နယ်စပ်မှာ လေနေတာထက်၊ ပြည်သူကြားမှာ သေရတာက ပိုအဓိပ္ပါယ်ရှိတယ် ” ဆိုတဲ့မူနဲ့ပေါ့။ နောက်ပြီးကောင်းစံက ဘာသာစကားစုံတတ်တာရယ်။ လမ်းကြောင်းတွေ ကျွမ်းကျင်တာရယ်။ နယ်မြေခံလို ဖြစ်နေ တာရယ်ကြောင့် ကျနော်တို့စစ်ကြောင်းအတွက် အကျိုးရှိနိုင်တယ်မဟုတ်လား။ ကျနော့်ဆွေးနွေးချက် အထမြောက် အောင်မြင်သွားပါတယ်ခင်ဗျာ။
တကယ်ပါပဲ တလမ်းလုံးမှာလေ ကောင်းစံရဲ့ အရည်အချင်းစုံကိုတွေ့ရတယ်။ စကားလောက်တော့၊ ရွာတွေ၊ ရွာသားတွေနဲ့ရင်းနှီးတော့ အတော့်ကို အဆင်ပြေတာပါ။ လမ်းတလျှောက်လုံး သူ့ကိုမသိတဲ့လူ၊ မခင်တဲ့လူကို မရှိ သလောက်ပဲ။ ကျနော့်အတွက်ဆိုကောင်းစံက အထောက်အပံ့ အဖြစ်ဆုံး။ ကျနော်က ခရီးမထွက်ဖြစ်တာကြာတော့ လမ်းသိပ်မလျှောက်နိုင်ဘူးလေ။ ကျန်းမာရေးကလည်း ချူချာတော့ စစ်ကြောင်းရဲ့နောက်ပိတ်အမြဲဖြစ်နေတတ်တယ်။ ဒီအချိန်မျိုးဆို ကောင်းစံက ကျနော့်အဖော်။ ကျနော့် ပစ္စည်းတချို့ကအစ ကူသယ်ပေးတယ်။ တလမ်းလုံးကောင်းစံ ရဲ့အပြစ်တွေကို ကျနော်ရှာနေမိပေမယ့် ခုထိတော့ မတွေ့ရသေး။

(၈)
ကျနော်လေ လယ်ခိုဒိုးသာရွာမှာ ကျောင်းဆရာလုပ်ရင်း ကျန်နေခဲ့ရတယ်။ စစ်ကြောင်းနဲ့မလိုက်နိုင်တော့တာ ရယ်၊ ကျောင်းဆရာအလုပ်ကို ပိုစိတ်ဝင်စားလာတာရယ်ကြောင့်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ကောင်းစံက
“နောက်မှ ကျနော်လာလည်မယ်။ ဒီရွာတွေကို ကျနော်ခဏခဏရောက်ပါတယ်။ ဘာမှအားမငယ်နဲ့ ဘူဒါး” ကောင်းစံက ကျနော့်ကို ဘူဒါးလို့ခေါ်တယ်။ နူတ်ဆက်ပြီး စစ်ကြောင်းနဲ့ဆက်လိုက်သွားပေမယ့် ကောင်းစံပြောခဲ့တဲ့ စကားကိုလေ တရက်မှ မမေ့ဘူး။
ဘယ်နေ့များပြန်ရောက်လာမလဲလို့ ကလေးတွေကို စာသင်နေရင်းပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာထိုင်ပြီး ပလိုင်း ရက်နေရင်းပဲ ဖြစ်ဖြစ်၊ လူနာတွေကို ဆေးကုနေရင်းပဲ ဖြစ်ဖြစ်၊ တောင်ယာတွေမှာ ဆူးလိုက်ထိုးနေရင်းပဲ ဖြစ်ဖြစ်၊ စပါးလိုက်ရိတ်နေရင်ပဲ ဖြစ်ဖြစ်၊ ဖာလာလိုက်ခူးနေရင်ပဲ ဖြစ်ဖြစ် မျှော်နေမိတယ်ဗျာ။

ရောက်တော့ရောက်လာပါတယ်။ ကောင်းစံတော့မဟုတ်။ ကောင်းစံရဲ့သတင်း။ ကောင်းစံတယောက် တိုက်ပွဲ တပွဲမှာ ကျဆုံးသွားပြီတဲ့။ ကျနော်မျက်ရည်ကျရပါပြီ။ ကျနော်တို့ ရဲဘော်တွေ ကျဆုံးရတာများပြီ။ ကျနော် မျက်ရည်မ ကျဖူးခဲ့။ အသားကုန်တို့၊ ကိုတိုက်မောင်းတို့ ကျဆုံးချိန်ကလည်း မငိုမိခဲ့။ ကောင်းစံကျမှ … ။ ကောင်းစံကျဆုံးရတာဟာ ကျနော့်ကြောင့်လို့ကို သံသယဖြစ်ဖြစ်လာလို့လေ။ ကောင်းစံကို ကျနော်ပြန်ခေါ်ခဲ့တာကိုး။ ကျနော်သာ မခေါ်ခဲ့လို့ တတိယနိုင်ငံတခုခုကို ထွက်သွားဖြစ်ခဲ့ရင် ဒီလိုဖြစ်ပါ့မလားဗျာ … ။
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ဆိုရတော့မှာပေါ့ … ။
ကျနော်ပြောခဲ့ဖူးတဲ့ ပန်ယွမ်းရွာက ကောင်းစံရဲ့အချစ်ဦးလေး အီဖျင်းဆိုတာလေ။ သူတို့လည်း ကရင်နီဒုက္ခ သည်စခန်းမှာ ပြန်နေကြတယ်တဲ့။ “နို့ပအား”ဆိုတဲ့ ဒုက္ခသည်စခန်းမှာပေါ့။ ကောင်းစံကျဆုံးချိန်လောက်မှာပဲ နအဖ စစ်တပ်က နို့ပအားဒုက္ခသည်စခန်းကိုဝင်အပစ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်တဲ့။
ကောင်းစံက ကျနော့်ကို သီချင်းတစ်ပုဒ်ရေးခိုင်းဖူးတယ်။ သူ့အချစ်ဦး အီဖျင်းအတွက်တဲ့ … ။ “ပန်းကလေးနဲ့ ပန်းကလေးချစ်သူ” ဆိုတဲ့ သီချင်းလေးလေ့။ ကောင်းစံအမြဲလိုလို ဆိုဆိုနေတတ်တာ။ ဒီသီချင်းလေးကို မဆိုဖြစ်တာ ခုဆို ဆယ်စုနှစ်တခုတောင် ကျော်ပြီပေါ့။       ။


လူဗိုလ်

၂၅ ၊ ၁၂ ၊ ၂၀၀၉

(Truenews...သစ္စာဂျာနယ်မှာ ပထမဦးဆုံးဖေါ်ပြပေးတဲ့ ကျနော်ရဲ့ စာမူလေးကို ပြန်တင်ပေးလိုက်ပါတယ်.. )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...