Sunday, January 12, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ “အစိုးရအဆိုပြု တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် အပေါ် သုံးသပ်ချက်”

Aung Htoo January 8, 2014 at 12:22am
                                                                    နိဒါန်း

                      ၂၀၁၃ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ကချင်ပြည်နယ် လိုင်ဇာမြို့ တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီလာခံအပြီး နိုဝင်္ဘာလ (၄) ရက်နေ့ မြစ်ကြီးနား၌ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံကြရာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ၊ လုံ) က ရေးဆွဲထားသည့် စာချုပ်ကို အစိုးရဘက်က တင်သွင်းခဲ့ကြောင်း သိရသည်။

                      အစိုးရအဆိုပြုစာချုပ်သည် မည်မျှအရေးကြီးသဖြင့် ယင်းကို အခြေပြုလျက် စာတမ်းငယ် တစောင်မျှ ဖြစ်အောင်သုံးသပ်ရသည်ကို ရှေးဦးစွာရှင်းရန် လိုပါမည်။ ၆၅ နှစ်ကြာခဲ့ပြီးသည့် ပြည်တွင်းစစ်သမိုင်းတွင်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လွှမ်းခြုံပါဝင် လက်မှတ်ရေးထိုးခွင့်ရအောင်အာဏာရအစိုးရက အဆိုပြုတင် သွင်းသော စာချုပ်ဟူ၍ ဤသည်မှာ ပထမဆုံးဖြစ်သည်။
ထို့အပြင် ၁၉၈၉ခုနှစ်မှ စတင်၍ စစ်အစိုးရဟောင်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများချုပ်ဆိုခဲ့ကြသည့် သဘောတူညီချက်များအနက် ဥပဒေသဘောဆန်စွာ ပုံစံတကျ ရေးသား အဆိုပြုထားရာတွင်လည်းဤစာချုပ်မှာ ပထမဆုံးဖြစ်သည်။

                    ဤစာချုပ်ကို ရည်ညွှန်းလျက် တပြည်လုံးရှိတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အားလုံးကလည်း စုပေါင်းဆွေးနွေးကြကာပြန်လှန်အဆိုပြုစာချုပ် (မူကြမ်း) တစောင် ထွက်ပေါ်လာလိမ့်မည်ဟု ခန့် မှန်းရသည်။ ထို့နောက်(အကယ်၍ လက်ရှိအစိုးရနှင့် စစ်ခေါင်းဆောင်များဘက်က သဘောထား တင်းမာစွာ ထားပြီး ဆွေးနွေးပွဲများကိုတဘက်သတ် မဖျက်သိမ်းပါက) ၄င်းအဆိုပြုစာချုပ် (မူကြမ်း) နှစ်စောင်အပေါ် အခြေခံကာ နှစ်ဘက်အပြန်အလှန်ညှိနှိုင်းဆွေးနွေးသွားကြမည်ဟု မျှော်လင့်သည်။ ထို့နောက် ထိုစာချုပ် (မူကြမ်း) နှစ်စောင်လုံးအား ပြည်သူလူထုကြီးတရပ်လုံးသို့ ချပြ၊ ဆွေးနွေးဝေဘန်ခွင့်ပေး၊ သဘောထားဆန္ဒကို ရယူမည်ဆိုပါကသင့်တင့် လျောက်ပတ်သည့် ငြိမ်းချမ်းရေးစာချုပ်တစောင် ပေါ်ပေါက်လာဘွယ် ရှိပါသည်။

                   အဆိုပါ ပေါ်ပေါက်လာမည့် ငြိမ်းချမ်းရေးစာချုပ်၏ အနှစ်သာရကို မူတည်ကာ တပြည်လုံးအပစ် ရပ် ထားစဉ် ပဋိပက္ခ၏ ဘက်နှစ်ဘက်အတွင်း ပေါ်ပေါက်နိုင်သည့်ပြဿနာများအား ဤစာချုပ်ကို ကိုင်စွဲ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြေရှိမရှိ၊ ပြည်ထောင်စုနိုင်ငံတ၀ှမ်းလုံးတွင်ဥပဒေစိုးမိုးရေးအပေါ် အခြေခံသည့် လူ့အခွင့်အရေး အုတ်မြစ် ကို အတိုင်းအတာတခုအထိ ချနိုင်မချနိုင်၊ဤစာချုပ်၏လုပ်ငန်းစဉ်များကို ဆက်လက်ဖေါ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ အခွင့်အရေးများအပြင်တိုင်းရင်းသားများ လိုလားတောင်းဆိုလျက်ရှိသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံနိုင်မည့် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် လမ်းကြောင်း ပေါ်ပေါက်နိုင်မနိုင် အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။

          ငြိမ်းချမ်းရေးအဖြေရှာရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ၊ နိုင်ငံတကာ အတွေ့            အကြုံများနှင့် မြန်မာနိုင်ငံ၏ထူးခြားချက်များအား မည်သို့လေ့လာပေါင်းစပ်သင့်သလဲ။

                      သမိုင်းဝင်လိုင်ဇာတိုင်းရင်းသားညီလာခံအပြီး ချမှတ်လိုက်သော ဆုံးဖြတ်ချက်များအနက် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း ဟူ၍နိုင်ငံရေးအရရော စစ်ရေးအရပါ အရေးကြီးသည့် အချက်တရပ် ပါဝင်လာခဲ့သည်။ ဤသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကမိမိတို့၏တပ်များ ဖွဲ့စည်းတည်ရှိမှုအရ မြန်မာ့ တပ်မတော်နှင့်ပူးပေါင်းကာ တခုတည်းသောပြည်ထောင်စုတပ်မတော်အနေဖြင့် တရားဝင် ရပ်တည်လိုကြောင်း အတိ အလင်း ထုတ်ဖေါ်လိုက်သည်ဟု စာရေးသူ နားလည်သည်။ယခင် နအဖစစ်အစိုးရ ချပေးခဲ့သော နယ်ခြားစောင့်တပ်[1] ဖွဲ့စည်းပုံမှာအစစ အစိုးရစစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများက လက်မခံခဲ့ကြ။ သို့ဖြစ်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ပြည်တွင်းစစ် မီး ဆက်လက်တောက်လောင်ခဲ့သည်။ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကိုလိုချင်လျှင် တိုင်းရင်းသားလက်နက် ကိုင်တပ်များအား မည်သို့ တရားဝင်နေရာချထားရမည်မှာ အသေအချာ လေ့လာဆွေးနွေးရမည့် အကြောင်းရပ် ဖြစ်သည်။

                    သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားသည်ဟု ထပ်ခါထပ်ခါ ဆိုနေသော ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။“ကမ္ဘာမှာ ဘယ်နိုင်ငံမှာ မဆို တပ်မတော် ဆိုတာတခုတည်းဘဲ ရှိတယ်။ လက်ရှိတပ်မတော်ကို ဖျက်လို့လည်း မရဘူး။ ပြင်လို့လည်း မရဘူး။ တိုင်းရင်းသားတွေကလည်းဘာမှ မတောင်းဆိုဘူး။” ဟု ပြောခဲ့သည်။ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရန် တိုင်းရင်းသားများလိုင်ဇာညီလာခံဆုံးဖြတ်ချက်ထဲတွင် ထည့်သွင်းခဲ့ခြင်းမှာ အတိအလင်းတောင်းဆိုခြင်းပင် ဖြစ်သည်။ဤသည်မှာ ရှင်းနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး သည် အဘယ်ကြောင့် မျက်စိမှိတ်ခါ ဇွတ်ငြင်းနေသနည်း။

                  စစ်ရေးကိစ္စကို စိတ်ဝင်စားသည်ဖြစ်စေ၊မ၀င်စားသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည် သည် ဖြစ်စေ၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအားတိုင်းရင်းသားများက အဘယ်ကြောင့် တောင်းဆိုနေသည်၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းခွင့်ပြုသင့်သည်၊မပြုသင့်သည်တို့ကို အခြေခံလူထုကြီးတရပ်လုံး လိုက်ပါ စဉ်းစား ရမည့်အချိန်၊ သဘောထားအမြင်များထုတ်ဖေါ်ရမည့် အချိန်ရောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေး သည် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတဦးတည်းနှင့်သော်လည်းကောင်း၊ ၄င်းပါဝင် ဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော် တရပ်တည်းနှင့်သော်လည်းကောင်း၊သက်ဆိုင်သည့်ကိစ္စမဟုတ်၊ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးနှင့်ဆိုင် သည့် ကိစ္စဖြစ်သောကြောင့်ပင်။

                “ကမ္ဘာမှာ ဘယ်နိုင်ငံမှာမဆို တပ်မတော်ဆိုတာတခုတည်းဘဲ ရှိတယ်။”ဟူ၍ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက နိုင်ငံတကာအတွေ့အကြုံကို ကိုးကားကာ ထောက်ပြသွားခဲ့သည်။နိုင်ငံတကာ စံထားချက်များ၊ အတွေ့အကြုံများအား လေ့လာကာ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးအတွက်အဖြေရှာရန် ကြိုးပမ်းခြင်းဖြစ်ပါက ကြိုဆိုရ ပါမည်။ သို့ရာတွင် ပြည်တွင်းကိစ္စရပ်များတွင် မိမိတို့ မနှစ်သက်သော အကြောင်းရပ်နှင့် ကြုံတွေ့မှသာ နိုင်ငံတကာ စံထားချက်များ၊ အတွေ့အကြုံများအား ကိုးကားကာငြင်းပယ်ခြင်းမျိုး မဖြစ်သင့်။ မိမိတို့နှစ်သက်သည့် အကြောင်းရပ် အပေါ် အခြားသူများကနိုင်ငံတကာ စံထားချက်များ၊ အတွေ့အကြုံများအား ကိုးကားကာ ကန့်ကွက်လာသောအခါ အခြား နိုင်ငံများလုပ်တိုင်း လိုက်လုပ်စရာမလိုကြောင်း၊ မိမိတို့တိုင်းပြည်တွင် ထူးခြားချက်များရှိကြောင်း အကြောင်းပြကာ ပယ်ရှားခြင်းမျိုးလည်း မပြုသင့်ပါ။

               နိုင်ငံတကာ စံထားချက်များ၊ အတွေ့အကြုံများအားလေ့လာ ကိုးကားကာ အသုံးပြုရန် ကြိုးပမ်းရ မည်မှာ ဘက်တဘက်ဖြစ်သည်။ မိမိတို့တိုင်းပြည်၏ ထူးခြားချက်များအလိုက် အဖြေရှာရန် ကြိုးပမ်းရမည်မှာလည်း အခြား ဘက်တဘက်ဖြစ်သည်။ ဘက်တဘက်ဘက်အား မိမိတို့လိုလျှင် လိုသလို ကိုင်စွဲကျင့်သုံးခြင်းမျိုး၊ မလိုလျှင် မလိုသလို ပစ်ပယ်ခြင်းမျိုးမဖြစ်သင့်။ ယင်းနှစ်ခုကို ပေါင်းစပ် ကျင့်သုံးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မည်သို့ပေါင်းစပ်ကျင့်သုံးမည်နည်း။ အခြေအနေ နှစ်ရပ်ရှိပါသည်။

               ပထမအခြေအနေမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့်သက်ဆိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်မှစ၍ ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သည့် ခေတ်ကြီး[2] အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ရာ ယင်းအား အကောင်းဘက်[3] မှ မြင်သူများရှိသလို အပျက်သဘော[4] အခြေခံမှရှုမြင်သူများလည်း ရှိသည်။ သို့ရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ[5] နှင့်လူသားချင်းစာနာထောက်ထားသည့် ဥပဒေ[6]များ တကမ္ဘာလုံးသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွား၊ လက်တွေ့ကျင့်သုံးလာကြခြင်းများအပေါ်တွင်မူ မည်သည့်နိုင်ငံကမျှ ငြင်းပယ်နိုင်ခြင်းမရှိ၊ တညီတညွတ်တည်း လေးစားမှု ပြလာကြရသည်။ ယင်းတို့သည် ယနေ့ခေတ်တွင် အငြင်းမပွားသော နိုင်ငံတကာစံများ ဖြစ်လာခဲ့သည်။ မိမိတို့နိုင်ငံ၏ ထူးခြားချက်ဟူသည်ကို လက်ညှိုးထိုးကာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်း စာနာထောက်ထားသည့် ဥပဒေများအားလိုက်နာခြင်း မပြုနိုင်ဟူသော အကြောင်းပြချက်သည် ခေတ်မရှိတော့။ နိုင်ငံ့ဂုဏ် သိက္ခာ ငြိုးမှိန်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ကြရသည်။
ဒုတိယ အခြေအနေမှာ နိုင်ငံတကာမှ အပြုသဘောအတွေ့အကြုံများကို စံထားကာ လိုက်နာလုပ်ဆောင်ရန် ကြိုးပမ်းခြင်းနှင့် အပျက်သဘော အတွေ့အကြုံများမှ သင်္ခန်းစာရယူပြီး မိမိတို့တိုင်းပြည်၏ ထူးခြားမှုအလိုက် အသစ်တခုခုကို တီထွင် ကျင့်သုံးခြင်းဖြစ်သည်။

             ဤနေရာတွင် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ကိစ္စသည် ပထမ အခြေအနေနှင့် မသက်ဆိုင်။ ဒုတိယအခြေအနေတွင် တိုက်ရိုက်အကျုံးဝင်လျက် ရှိသည်။ မြန်မာ့တပ်မတော်သည် နိုင်ငံတကာ နိုင်ငံများရှိစံထား လောက်သည့် တပ်မတော်များကဲ့သို့ နိုင်ငံရေးတွင် ၀င်ရောက်မစွက်ဘက်ဘဲ ပြည်သူလူထုကိုကာကွယ်သည့် တပ်သာ ဖြစ်ခဲ့မည်ဆိုပါက ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဟူသည်မှာ ဆွေးနွေးရန်ပင်မလို။ မည်သည့်တိုင်းရင်းသားမျှ လည်း စစ်တပ်ထောင်ပြီး တွန်းလှန်စစ်ဆင်နွှဲရန် အကြောင်းမရှိ။ ယခုမူ အားမနာတမ်းဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့်တပ်၏ အနှစ်သာရ ပျက်စီးသွားခဲ့သည်မှာဆယ်စုနှစ်များစွာကြာခဲ့ပြီ။
စစ်အာဏာရှင်များ၏ အမိန့်ပေးမှုအောက်၌ အပြစ်မဲ့ကျောင်းသားများ ခိုလှုံလျက်ရှိသောကျောင်း သားသမဂ္ဂ အဆောက်အအုံအား ဗုံးဖြင့်ဖြိုချလုပ်ကြံခဲ့သည့်တပ်၊ ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးအား ကြိုးပေးခဲ့သည့် တပ်၊ သံဃာတော်များအား သတ်ဖြတ်ခဲ့သည့် တပ်၊ တိုင်းရင်းသူမိန်းခလေးများအား မုဒိန်းကျင့်ခဲ့သည့် တပ်၊ တိုင်းရင်းသားများ၏ ရွာပေါင်းမြောက်များစွာအား မီးရှို့ ခဲ့သည့်တပ်၊ ကရင်နှင့် ကရင်နီပြည်နယ်များတွင် တိုင်းရင်းသား ကျေးရွာ သုံးထောင်ကျော်အား အတင်းအဓမ္မရွှေ့ ပြောင်းခိုင်းခဲ့သည်တပ် ဖြစ်သွားခဲ့ပြီ။ ကချင်ပြည်နယ်တွင် လက်ရှိ စစ်ဘေးဒုက္ခသည် တသိန်းကျော်အနက် ထောင်နှင့်ချီသည့်တိုင်းရင်းသားများမှာ မြန်မာ့တပ်မတော်၏ စစ်ရာဇ ၀တ်မှုကျူးလွန်ခံခဲ့ကြရသည်။ သက်သေများ အခိုင်အမာရှိနေဆဲပင်။

             အနှစ်ချုပ်ဆိုရလျှင် မြန်မာ့တပ်မတော်သည်နိုင်ငံတကာ နိုင်ငံများရှိ စံထားလောက်သည့် တပ်မတော် များကဲ့သို့ လူထုများအပေါ် ကောင်းမွန်စွာဆက်ဆံခြင်း၊ ကာကွယ်စောင့်ရှောက်မှုပြုခြင်း မရှိခဲ့သဖြင့် တိုင်းရင်းသား များသည် မိမိတို့ကိုယ်ကိုခုခံကာကွယ်နိုင်ရန် တွန်းလှန်စစ် ဆင်နွှဲနေကြရခြင်းဖြစ်သည်။ တိုင်းရင်းသား တပ်မတော်များ ဟိုပြည်နယ် သည်ပြည်နယ်များတွင် အရှိုအရှို ပေါ်ပေါက်လာကြခြင်းဖြစ်သည်။

            တိုင်းရင်းသား လူထုများအပေါ် ဖိနှိပ်ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့သည့် မြန်မာ့တပ်မတော်အား သွားမထိနှင့် သည်အတိုင်းထား၊ ဖိနှိပ်မှုမှကာကွယ်နိုင်ရန် မလွှဲသာမရှောင်သာ တွန်းလှန်စစ်ဆင်နွှဲနေကြရသည့် တိုင်းရင်းသားတပ်မတော်များအားလုံး ဖျက်သိမ်းပြီး လက်နက်ချ ၀င်ရောက်လာကြရန် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက တောင်းဆိုနေခြင်းဖြစ်သည်။ ဤသို့မီဒီယာမှနေ၍ တင်းမာသည့် ခြိမ်းခြောက်သံပေးကာ ခြောက်လိုက်လျှင် တိုင်းရင်း သားတပ်မတော်များ ဒူးထောက်အရှုံးပေးကာ လက်နက်ချဝင် ရောက်လာကြလိမ့်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး စိတ်ကူးယဉ်နေပုံရသည်။ ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြည်တွင်းစစ် ၆၅ နှစ် သမိုင်းကသက်သေပြခဲ့ပြီ။

             မကြာသေးမီကပင် RCSS/SSA  ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က “အစိုးရရဲ့ နိုင်ငံရေးဆွေး နွေးပွဲမူဘောင်ကို သဘောမတူဘူး။ ထာဝရငြိမ်းချမ်းရေးရဘို့ လက်နက်စွန့်ရမှာဖြစ်လို့ဘဲ”ဟု ပြောကြားခဲ့သည်။[7] အလားတူပင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးများသည်လည်း မည်သည့် အာမခံချက်မျှ မရှိသည့် မျက်မှောက်အခြေအနေအောက်တွင် လက်နက်စွန့်ဘွယ်မရှိ။ ၁၉၅၈ ခုနှစ်တွင် ဦးနုအစိုးရက အကောင်အထည်ဖေါ်ခဲ့သည့် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေးအောက်တွင် မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ အာမခံချက်မရှိဘဲလက် နက်အပ်ခဲ့သော မွန်နှင့် ပအို့ဝ်များ လက်နက်ပြန်ကိုင်ခဲ့ကြရသည့် သမိုင်းသင်္ခန်းစာများအား တိုင်းရင်းသားအဖွဲ့များ ဖြတ်သန်းခဲ့ဘူးပြီ။
တပ်မတော် စစ်ခေါင်းဆောင်များသည် နိုင်ငံတကာမှအပြုသဘော အတွေ့အကြုံများကို စံထားကာ လိုက်နာလုပ်ဆောင်ရန် မကြိုးပမ်းနိုင်ခဲ့ကြောင်း ထင်ရှားသည်။သို့ဖြစ်လျှင် အပျက်သဘောအတွေ့အကြုံများမှ သင်္ခန်း စာရယူပြီး မိမိတို့တိုင်းပြည်၏ ထူးခြားမှုအလိုက် အသစ်တခုခုကို တီထွင် ကျင့်သုံးရပါမည်။ နိုင်ငံတကာမှ အပျက် သဘော အတွေ့အကြုံဟူသည်မှာအဘယ်နည်း။ ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယား ပြည်ထောင်စုနိုင်ငံများ ပြိုကွဲသွား ခဲ့ခြင်းဖြစ်သည်။ ဆိုဗီယက်ယူနီယံမှ  ၁၅ နိုင်ငံကွဲထွက်၊ယူဂိုဆလား ပြည်ထောင်စုမှ ခြောက်နိုင်ငံ ဖြစ်သွားခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံများ အလိုက်တပ်မတော်များ အဖြစ် ဆက်လက်ရပ်တည်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယင်းသို့ မဖြစ်သင့်။ အာဏာရ စစ်ခေါင်းဆောင်ဟောင်းသစ်များသည် ယင်းသို့ ဖြစ်စေမည့် ပြောဆိုလုပ်ဆောင်မှုများမပြုသင့်။

              တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ၄င်းတို့၏ တပ်များပါ ပါဝင်ဖွဲ့စည်းစေလျက် ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး တင်ပြနေခြင်းသည် ပေါင်းစည်းရေးကို တောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်ကို အပြုသဘော အခြေခံမှ ရှုမြင်ဘို့ လိုသည်။ လက်တွေ့ မည်သို့ပေါင်းစည်းသင့်သည်ကို လက်ခံစဉ်းစားရန် တာဝန်ရှိသည်။ နှစ်ဘက် အပြန်အလှန်ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ငြိမ်းချမ်းရေးအုတ်မြစ်တချပ်ကို ချသင့်သည်။
ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး တောင်းဆိုမှုအသံ ကျယ်လောင်လာသောအခါ “လက်ရှိ တပ် မတော်သည် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဖွဲ့စည်းထားသောတပ်မတော် ဖြစ်သည်။” ဟူ၍ ကာချုပ်မင်းအောင် လှိုင်က ၂၀၁၃ခုနှစ် ဒီဇင်္ဘာလ(၁) ရက်နေ့၌ ပြောလာသည်။ [8] တဦးချင်းအရ မြန်မာမဟုတ်သော အခြား တိုင်းရင်းသား များလည်းပါမည်မှာ အငြင်းမပွားပါ။ သို့ရာတွင် လူများစုကြီးမှာ စာရေးသူကဲ့သို့ မြန်မာလူမျိုးများ ဖြစ်သည်။ မြန်မာ့တပ်မတော်တွင် တပ်ကိုကိုင်၍ တိုက်ရိုက်အမိန့်ပေးနေကြသူများမှာ တိုင်းမှူး၊ တပ်မှူးများဖြစ်သည်။ ၄င်းတို့ အနက် မြန်မာ မဟုတ်သည့် အခြားတိုင်းရင်းသားဦးရေမည်မျှ ရှိသည်ကို ကာချုပ်က စာရင်းထုတ်ပြန်ပေးနိုင်လျှင် အကျိုးရှိမည်။၁၀ ရာခိုင်နုန်းမျှပင် ရှိမည်မဟုတ်သဖြင့် စာရင်းထုတ်ပြန်ပေးရဲလိမ့်မည်ဟု မမြှော်လင့်။

             ပို၍ အရေးကြီးသည်မှာ လူမျိုး ကိုယ်စားပြုမှုကင်းမဲ့နေခြင်းဖြစ်သည်။ သာဓကအားဖြင့် တပ်မတော် အတွင်း၌ ကရင်စစ်သားများလည်း ပါဝင်မည် မုချ ဖြစ်သည်။ သို့ရာတွင် ကေအင်ယူကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး အတွက် ကရင်ရွာအချို့အား မြေလှန်စနစ်သုံးပြီးမီးရှို့ရန် အမိန့်ပေးလိုက်သည့် အချိန်၌ တပ်မတော်အတွင်းရှိ မည်သည့် ကရင်စစ်သားကမျှ ၄င်းအမိန့်ကို မတွန်းလှန်ရဲဘဲ လိုက်နာဆောင်ရွက်ရသည်။ ၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ နိုင်ငံ၌ ဟူတူ လူများစုက တူစီ လူနည်းစုအား လူမျိုးတုံးသတ်ဖြတ်မှုကြီးကျူးလွန်ကာ ရက်စက်စွာ သတ်ဖြတ်ကြသော အခါ ဟူတူ လူများစုနှင့်အတူ တွဲ၍ ၄င်းတို့၏ အမိန့်ကိုနာခံကာ မိမိနှင့်မျိုးတူ တူစီများကို သတ်ဖြတ်သည့် တူစီများ လည်း အမြောက်အများ ရှိခဲ့သည်။ သို့ဖြစ်၍ မြန်မာ့တပ်မတော်အတွင်း၌ မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသား များပါ ပါဝင်ဖွဲ့စည်းထားသည် ဆိုရုံမျှနှင့်ပြည်ထောင်စု တပ်မတော်ဟု ခေါ်၍ မရနိုင်ပါ။

            တိုင်းရင်းသားအဖွဲ့အစည်းများက တောင်းဆိုနေကြသည်မှာ မိမိတို့အမျိုးသားလူထုကို ကာကွယ် နိုင်မည့်တပ်များ တရားဝင်ဆက်လက်ရပ်တည်နိုင်ရေး ဖြစ်သည်။စင်စစ်အားဖြင့်မူ တိုင်းရင်းသားများသည် ငြိမ်းချမ်းရေး ကို မြတ်နိုးကြသည်။  မိမိတို့၏ ကျေးလက်၊ တောင်တန်းများပေါ်တွင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းပြုလိုကြ သူများဖြစ်သည်။ မည်သူမျှ လက်နက်မကိုင်ချင်ကြ။ သို့ရာတွင်၎င်းတို့၏ ဘ၀က ၄င်းတို့ကို သင်ပေးလိုက်သည်။ လက်နက်ကိုင် မထားလျှင် မြန်မာ့တပ်မတော်၏ ဖိနှိပ်ရက်စက်မှုများ ခံကြရမည် ဟူသည်မှာ ဘ၀ပေးအသိဖြစ်လာသည်။ လက်နက်ကိုင်ထားမှသာ ၄င်းတို့ ၏ နိုင်ငံရေးအခွင့်အရေးတောင်းဆိုမှုကို အာဏာရစစ်အစိုးရက အလေးထား မည်ဟု နားလည်ကြသည်။ ဤအတိုင်းလည်းလက်ရှိ ဖြစ်ပေါ်နေသည်။ ၁၉၈၉ ခုနှစ် အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှ စတင်ခဲ့သော ယုံကြည်မှုတည်ဆောက်ရေးသည် မအောင်မြင်ပါ။ နှစ်ပေါင်း ၂၅ နှစ်မျှကြာပြီးနောက်မှာပင် စစ်အစိုးရ အဆက်ဆက်အပေါ် မယုံကြည်ကြပါ။ ယင်းကာလအတွင်း စစ်အစိုးရများ၏ ပြုမူဆက်ဆံမှုများမှာ ယုံကြည်စရာ မကောင်းခဲ့၊ ဥပဒေအရ မည်သည့်အာမခံချက်မျှ မရခဲ့၊ လက်တွေ့အရ အစိုးရစစ်တပ်က စတင်တိုက်ပွဲများ ပြန်ဖေါ် ခဲ့ခြင်းကြောင့်ဖြစ်သည်။

            သို့ဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် ၄င်းတို့၏ သက်ဆိုင်ရာ လက်နက်ကိုင်တပ် များကို ပိုးမွေးသလို မွေးမြူလာခဲ့ကြသည်။ အားလုံးနီးပါးသည် ၄င်းတို့၏ တပ်မတော်များအား ပျောက်ကြား[9] အနေ အထားမှအမြဲတန်းတပ်[10]များအသွင်သို့ ကူးပြောင်းလာကြသည်။ ယူနီဖေါင်း၊ ရာထူးတံဆိပ် အမှတ်အသားများ၊ အဆောင်အယောင်များ စနစ်တကျ တပ်ဆင်လာသည်။ တိုင်းရင်းသားလူငယ်များမှာ ၄င်းတို့၏ လူမျိုးအလိုက် ဖွဲ့စည်းထားသော တပ်များတွင် ယူနီဖေါင်းအပြည့်အစုံကို ရာထူးတံဆိပ် အမှတ်အသားများ တပ်ကာ ၀တ်ဆင်သည့်အပေါ် ဂုဏ်ယူဝင့်ကြွားကြကြောင်း တွေ့နိုင်သည်။

           အမြဲတန်းတပ်ပုံစံ ပီသလာသောတပ်များတွင် ၀သပ တပ်များသည် ထိပ်ဆုံးတန်းမှ ပါလာသည်။ ၁၉၈၉ ခုနှစ်ဧပြီလ (၁၈) ရက်နေ့တွင် ကျောက်ညီလိုင်၊ပေါက်ယိုချန်းတို့ ဦးဆောင်ကာ ၀ အမျိုးသားတပ်က ဗမာ ပြည်ကွန်မြူနစ်ပါတီအား ပုန်ကန်ခြားနားခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့သည့် တပ်ဖြစ်သည်။[11] ထိုစဉ်ကစ၍ န၀တ စစ်အစိုးရက အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ၀သပအား တည်ဆဲဥပဒေများကို ဆန့်ကျင်ကာ ရပ်တည်ခွင့်ပေးလာခဲ့သည်မှာ ယနေ့အချိန်အထိ နှစ်ပေါင်း အစိတ်နီးပါး ရှိလာခဲ့ပြီ။

          “ကမ္ဘာမှာ ဘယ်နိုင်ငံမှာမဆို တပ်မတော် ဆိုတာ တခုတည်းဘဲ ရှိတယ်။” ဟူ၍ ကမ္ဘာနှင့်ချီပြီး ကိုးကား ကြွေးကြော်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအားဝ တပ်မတော်၏တည်ရှိမှုနှင့် စပ်လျှဉ်း၍ မေးရပါမည်။ “စနစ်တကျ ဖွဲ့ စည်းတည်ဆောက်ထားသော တပ်မတော်တရပ်ကို ဥပဒေအရ တရားဝင်အောင်ဖေါ်ဆောင်မပေးဘဲ နှစ်ပေါင်း ၂၅ နှစ် နီးပါး ကြာမျှ ရပ်တည်လှုပ်ရှားခွင့် ပေးထားသည်မှာ ကမ္ဘာမှာ ဘယ်နိုင်ငံမှာရှိသလဲ” ဟူသော မေးခွန်းဖြစ်သည်။
ဝ တပ်မတော်၏ တည်ရှိမှုကို အသိအမှတ်ပြုထားခြင်းအားဖြင့်စစ်ခေါင်းဆောင် ဟောင်းသစ်များ သည် ၄င်းတို့ကိုယ်တိုင် ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့် ၂၀၀၈ ခုနှစ် မေလ (၂၉) ရက်နေ့ကထဲက တရားဝင် စတင်ချိုးဖေါက်လာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ၀ တပ်မတော်၏ တည်ရှိမှုသည် ပုဒ်မ ၃၃၈ ပါ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။” ဟူသော ပြဌာန်းချက်နှင့် ဆန့်ကျင်နေသောကြောင့်ဖြစ်သည်။ လာမည့် မေလ(၂၉) ရက်နေ့ဆိုလျှင် ချိုးဖေါက်မှု သက်တမ်းခြောက်နှစ် ပြည့်ပါမည်။ ဤချိုးဖေါက်မှုကြီးအား လွှတ်တော်အတွင်းရှိ မည်သည့် အမတ်တဦးတလေကမျှ ထောက်ပြခြင်း၊ ကန့်ကွက်ဆွေးနွေးခြင်းမရှိ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည်၎င်းတို့ မကာကွယ်လိုသည့် ကိစ္စများအား မျက်ကွယ်ပြုထားကြသည်။ ယင်းသို့ဖြင့် ဥပဒေစိုးမိုးရေးပျက်ယွင်းနေသည်မှာ သိသာထင်ရှားပါသည်။ မည်သို့ ပြန်လည်တည်ဆောက်မည်နည်း။
ဝ တပ်မတော် ကိစ္စ နှင့်စပ်လျှဉ်း၍ လက်ရှိအစိုးရအနေဖြင့်ဖြေရှင်းရန် နည်းလမ်းနှစ်ရပ်သာ ရှိသည်။ ပထမနည်းလမ်းမှာ တည်ဆဲ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသဖြင့်ဝ တပ်မတော်ကို လုံးဝဖျက် သိမ်းဘို့ ပြတ်ပြတ်သားသား ရာဇသံပေး၊ မနာခံပါက အပြတ်တိုက်ချပြီး  ဖျက်သိမ်းပစ်လိုက်ရန်သာရှိသည်။ ဒုတိယ နည်းလမ်းမှာဝသပနှင့် ညှိနှိုင်းဆွေးနွေးကာ ၀ တပ်မတော်တည်ရှိမှု တရားဝင်ဖြစ်စေရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၈ နှင့် အခြားဆက်စပ်သော ပုဒ်မများ၊ ဥပဒေများကို ပြင်ပေးလိုက်ရန်ဖြစ်သည်။

             ပထမနည်းလမ်းမှာ လုံးဝ မဖြစ်နိုင်တော့၊ ဖြစ်လည်းမဖြစ်သင့်တော့ပါ။ ယင်းသို့ မဖြစ်နိုင်တော့သည့် အခြေအနေရောက်အောင် ဖန်တီးခဲ့သူများမှာ စစ်ခေါင်းဆောင်ဟောင်းများဖြစ်သည်။ လက်ရှိသမတ ဦးသိန်းစိန်မှာ ထိပ်ဆုံးတွင် တာဝန်ရှိသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ လက်တွဲကာ နအဖ အတွင်းရေးမှုး (၂) အနေဖြင့် ကိုယ်တိုင်ပါဝင်ဖေါ်ဆောင်ခဲ့ခြင်း၊ စစ်အစိုးရ၏ နောက်ဆုံးဝန်ကြီးချုပ်အနေဖြင့် ဆက်လက်အကောင်အထည်ဖေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤသည်ကို ရှင်းပါမည်။
ရှစ် လေးလုံး အရေးတော်ပုံကြီး ပြီးဆုံးသည့်နောက်တွင် စစ်အစိုးရ၏အာဏာကို ခြိမ်းခြောက်နေ သောလက်နက်ကိုင် အင်အားကြီးနှစ်ရပ် ရှိခဲ့သည်။ တရပ်မှာရှမ်းပြည်၏ အရှေ့မြောက်ပိုင်း ၀ ဒေသတွင် ၀ တပ်ဖွဲ့ များ၏ တိုက်စွမ်းအားကို အဓိကအခြေပြု၍ တည်ဆောက်ထားသော ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ် များဖြစ်သည်။ ဒုတိယတရပ်မှာ ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး ကေအင်ယူ က တည်ထောင်ထား သည့် မာနယ်ပလော လွတ်မြောက်ဒေသကို အခြေပြုလျက် ဖွဲ့စည်းထားသော မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ) ဦးဆောင်သည့်တပ်များဖြစ်သည်။ ထိုစဉ်က ဒီအေဘီတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုကြီးနှင့် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် အင်အား တသောင်းကျော် ပါဝင်ခဲ့သည်။ ၀ တပ်များ က ဗမာပြည် ကွန်မြူနစ်ပါတီအားပုန်ကန်သောအခါ န၀တ စစ်အစိုးရသည် ၄င်းတို့၏ အာဏာတည်မြဲမှုကို ကျားကန် ပေးနိုင်ရေးအတွက် တချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ၀သပနှင့် အပစ်အခတ်ရပ်စဲရေး လုပ်လိုက်သည်။ ထို့နောက်ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ရင်ဆိုင်နိုင်ရန် အရှေ့မြောက်ဒေသတွင် ချထားခဲ့သော စစ်အစိုးရတပ်အတော်များများကိုနုတ်ပြီး ကရင်ပြည်နယ်သို့ ရွှေ့ ပြောင်းကာ ထိုးစစ်ကြီးများ ဆင်နွှဲစေပါတော့သည်။
ထိုကာလများအတွင်း ၀ တပ်မတော်သည် ရှမ်းနှင့်တိုက်ခိုက်ခဲ့သော စစ်ပွဲအချို့ မှ လွဲ၍ စစ်ကြောင့် အထိနာခြင်း မရှိဘဲ အေးဆေးစွာတပ်တည်ဆောက်ရေး လုပ်ခွင့်ရခဲ့သည်။ တရုတ်နိုင်ငံမှ အကူအညီလည်း မြောက်များစွာ ရရှိလာခဲ့သည်။[12] ၂၅ နှစ်နီးပါးမျှ ကြာလာခဲ့ပြီးနောက် ဗကပကို ပုန်ကန်ခဲ့စဉ် ၁၉၈၉ ခုနှစ်တုံးက အခြေအနေ မဟုတ်တော့။ စစ်ရေးအရရော စီးပွားရေးအရပါ တောင့်တင်းလာခဲ့သည်။

             မြန်မာ့တပ်မတော်က ၀ တပ်မတော်အား အပြတ်မတိုက်ရဲသည်မှာ အကြောင်းနှစ်ချက်ရှိသည်။ ပထမ အချက်မှာ အရင်းအနှီးကြီးမားလွန်းစွာ ပေးရမည်ဖြစ်ပြီး ၀နယ်ကို အပြီးအပိုင် သိမ်းပိုက်နိုင်ရန် မလွယ်၊ သိမ်းပြီး နောက် ဆက်လက်ထိန်းထားနိုင်ရေးမှာ ပို၍ခက်သည်။ မိုက်မိုက်ကန်းကန်းတိုက်ပါက ယူဂိုဆလားဗီးယားကဲ့သို့ ကွဲ သွားနိုင်သည်။ ဒုတိယအကြောင်းမှာ တရုတ်နိုင်ငံ၏ ငြိုငြင်မှုကို မခံနိုင်ခြင်းဖြစ်သည်။ ၀သပ ၏ နောက်၌ တရုတ်နိုင်ငံ ရှိနေကြောင်း အားလုံးသိကြသည်။ လိုင်ဇာ တိုင်းရင်းသားညီလာခံသို့ ၀ နှင့် မိုင်းလား အဖွဲ့များ မတက်ခြင်းမှာ တရုတ်နိုင်ငံက မီးစိမ်းမပြ၍ ဖြစ်ကြောင်း ဘာတေးလစ်တနာက ထောက်ပြသွားခဲ့သည်။[13]


             ၀ တပ်မတော်၏ တည်ရှိမှုကို စစ်အစိုးရအဆက်ဆက်က အသိအမှတ်ပြုထားခြင်းမှာ တည်ဆဲဥပဒေ များနှင့် လုံးဝဆန့်ကျင်လျက် ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပါ (၉) ဦးအား ရှမ်းပြည် ပညာ ရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့စည်းရန် ကြိုးပမ်းသည် ဟူ၍ စစ်အစိုးရက စွပ်စွဲကာ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေပုဒ်မ (၆)နှင့်အခြား ဥပဒေများပါ ပေါင်းစပ်တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ၇၅ နှစ်မှ၁၀၆ နှစ်အထိ ချမှတ်ခဲ့သည်။ ဤမျှပြင်းထန်လှသော ပြစ်ဒဏ်ကြီးများ ချမှတ်ခဲ့သည့် အဓိကအခြေခံမှာရှမ်းပြည် ပညာရှင်များအတိုင် ပင်ခံကောင်စီဖွဲ့စည်းရန် ကြိုးပမ်းခဲ့ကြခြင်းကြောင့် ဖြစ်သည်။

            ယင်းအမှုအား ၀သပ နှင့်ဝ တပ်မတော်၏ တည်ရှိမှုနှင့်နှိုင်းယှဉ်နိုင်သည်။ ၀သပ နှင့်ဝ တပ်မတော် ၏ တည်ရှိမှုသည် မည်သည့် ဥပဒေအရ တရားဝင်သနည်း။ ရှမ်းပြည် ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့စည်းရန် ကြိုးပမ်းရုံမျှနှင့် ရှမ်းခေါင်းဆောင်များအား ထောင်ဒဏ်နှစ်တရာကျော် ချမှတ်လျှင် ၀သပနှင့် ၀ တပ်မတော်ခေါင်းဆောင်များ အား ထောင်ဒဏ်နှစ်တထောင်ကျော် ချရပါမည်။ လက်တွေ့ ယင်းသို့ အရေးယူစေလိုသဖြင့် ထောက်ပြနေခြင်း မဟုတ်ပါ။ ဥပဒေစိုးမိုးရေးအခြေခံသဘောကို ရှင်းပြခြင်းသာ ဖြစ်သည်။ အာဏာရ စစ်အစိုးရအဆက်ဆက်သည် ယနေ့တိုင် ဥပဒေစိုးမိုးရေးအခြေခံကို ဖျက်ဆီးနေကြကြောင်း ရှင်းလင်းစေလို၍သာ ဖြစ်သည်။

            အမျိုးသားရင်ကြားစေ့ရေးဟူသည်ကို တတွတ်တွတ်ရွတ်လျက် ယခုတိုင် လက်ရှိ ဦးသိန်းစိန် အစိုးရ၏ ဥပဒေစိုးမိုးရေးချိုးဖေါက်မှုကြီးကို ၀ိုင်းဝန်းဖုံးကွယ်ထားကြသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများအားလုံးတွင် တာဝန် ရှိသည်။ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးအောင်မင်းတို့ ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းမှု ဖေါ်ဆောင်ရေးကော်မတီတွင် တာဝန်ရှိသည်။ ကာချုပ် မင်းအောင်လှိုင် ခေါင်းဆောင်သည့် မြန်မာ့တပ်မတော်တွင်တာဝန်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီတွင်လည်းတာဝန်ရှိသည်။
ဝ တပ်မတော် တည်ရှိမှုကို လက်တွေ့အရ ဖျက်သိမ်း၍မရနိုင်တော့ပါ။ တိုင်းပြည်သည် ယင်းအခြေ အနေသို့ ဆိုက်ရောက်နေခဲ့ပြီဖြစ်ကြောင်း သမတဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်ခေါင်းဆောင်ဟောင်းသစ်များ ကိုယ်တိုင်ဝန်ခံကြရပါမည်။ “ကမ္ဘာမှာ ဘယ်နိုင်ငံမှာမဆို တပ်မတော်ဆိုတာ တခုတည်းဘဲ ရှိတယ်။” ဟု ကြွေးကြော်ကာ မြန်မာ့တပ်မတော် တခုတည်းကိုသာ ထားရှိပြီး အခြားတိုင်းရင်းသားတပ်မတော်များအား လုံးဝဖျက်သိမ်းစေလိုသည့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် ပကတိအခြေအနေကို မျက်ကွယ်ပြုနေခြင်း ဖြစ်သည်။
လက်တွေ့အရ ၀ တပ်မတော် တခုတည်းကိုပင် ဖျက်သိမ်းရန် မဖြစ်နိုင်ပါ။

[1] Border Guard Force
[2] Globalization
[3] Positive
[4] Negative
[5] International HumanRights Law
[6] Humanitarian law
[7] 7 Daw News Journal, ဒီဇင်္ဘာ ၁၀ ရက် ၂၀၁၃ ခုနှစ်
[8] 7 Daw News Journal, ဒီဇင်္ဘာ ၄ ရက် ၂၀၁၃ ခုနှစ်
[9] Guerilla
[10] Regular Army
[11] ၀င်းတင့်ထွန်း၏ အမှောင်ကြားကဗမာပြည်၊ စာ ၄၉၈
[12] ဘာတေးလစ်တနာ “တရုတ်က၀ တပ်မတော်ကို အဆင့်မြင့်လက်နက်တွေ အဆက်မပြတ်ထောက်ပံ့နေတယ်။ ရဟတ်ယာဉ် အနည်းငယ်နဲ့ တိုက်ပွဲသုံးလက်နက်တင် မော်တော်ယာဉ်တွေတောင်ပါတယ်။” Messenger စာ ၁၀၊ ဒီဇင်္ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ်
[13] Messenger စာ ၁၀၊ ဒီဇင်္ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...