Saturday, January 25, 2014

ငြိမ်းချမ်းရေးစစ်တမ်း (၃) ပဉ္စမပိုင်း။ မြေယာပြဿနာနှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၁)

Aung Htoo January 20, 2014 at 5:05am
                                 
          အဖွဲ့အားလုံး ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များတွေ့ဆုံဆွေး နွေးကြပြီးနောက် တပြည်လုံး လက္ခဏာဆောင်သည့်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ပါက သက်ဆိုင်ရာပြည်နယ်များ၌ အခြေခံလူထု ရရှိမည့် အဓိကနိုင်ငံရေး အခွင့်အရေးသည် အဘယ်နည်း။ ဤမေးခွန်းကိုမေးရခြင်းမှာ တဖွဲ့ချင်းအလိုက် အပစ်ရပ်လက်မှတ် များ ရေးထိုးခဲ့ကြသော်လည်း တိုင်းရင်းသားအခြေခံ လူထုအနေဖြင့် မည်သည့်အခွင့်အရေးမျှ ဟုတ္တိပတ္တိ မရခဲ့သောကြောင့်ဖြစ်သည်။

အပစ်အခတ်များ ယာယီရပ်သွားသဖြင့် အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်စိတ်လျော့ပါးသွား သည်။ ခရီးသွားလာရေးတစုံတရာ အဆင်ပြေလာသည်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ အတန်အသင့်ဖြစ်ထွန်း လာသည်။ အလုပ်အကိုင်အခွင့်အလမ်းကလေးများ ယခင်ကထက် တစုံတရာ ပို၍ ရလာသည်။
နှစ်သစ်ကူးကဲ့သို့ ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များ အတော်အသင့် လွတ်လပ်စွာ ကျင်းပနိုင်လာကြသည်။ လူထုအတွက်မှာမူ ဤမျှ သာ ဖြစ်သည်။ သို့ရာတွင် မိမိတို့၏ဘ၀ရပ်တည်မှုကို ပြောပလောက်အောင်
အာမခံချက်ပေးနိုင်သည့် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ  မရရှိကြ။

၁၉၈၉ ခုနှစ်မှစတင်ပြီး ယနေ့၂၀၁၄ ခုနှစ်အတွင်း ရောက်လာသည်အထိ ၂၅ နှစ်ခန့် ကြာမျှ တဖွဲ့ချင်းအပစ်ရပ်ကာလအခြေအနေ များကို ချုပ်ကြည့်လိုက်လျှင် ယနေ့အချိန်၌ လူထု၏ ဘ၀မှာ ဒုံရင်း ဒုံရင်း အတိုင်းသာ ရှိနေကြောင်းတွေ့နိုင်သည်။ ဆိုးဝါးသည့် အပိုင်းမှာပင် ပို၍ များပြားနေသည်။ ယင်းမှာ ယခင်ကချုပ်ဆိုခဲ့သည့် အပစ်ရပ်စာချုပ်များတွင် ပြည်နယ်အနေဖြင့်လည်းကောင်း၊ သက် ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအနေဖြင့်လည်းကောင်း၊ လူထုအနေဖြင့်လည်းကောင်း ရသင့်ရထိုက် သည့် မြေယာဆိုင်ရာအခွင့်အရေးများကို ဆွေးနွေးသဘောတူညီချက် မယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။

ပြည်ထောင်စုတခုလုံးလက္ခဏာဆောင်သည်အထိ တိုင်းရင်းသားလှုပ်ရှားမှုများ အထိုက်အလျှောက် အားကောင်းလာသည့် ယခုတကြိမ်တွင်မူ ဤသို့မဖြစ်သင့်တော့။ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုး လိုက်ပြီးသည် နှင့် တပြိုင်နက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆက်စပ်၍ အခြေခံအားဖြင့် လူထုဘ၀အတွက် အာမခံချက်ရှိသည့် မြေယာ အခွင့်အရေးရသွားသည့် အနေအထားရှိစေချင်သည်။ တိုင်းရင်းသားခေါင်းဆောင်များ အလေးအနက်ထား ဆွေးနွေး တောင်းဆိုကြလိမ့်မည်ဟု မျှော်လင့်သည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးတွင် ပင်လုံစာချုပ်အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရာခိုင်နှုန်း အပြည့် ရစေရမည် ဟူသော အာမခံချက်ကို မည်သူမျှမငြင်းနိုင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့် သည့် အကြောင်းရပ်များတွင် မြေယာအပေါ်စီမံခန့်ခွဲခွင့်သည် ထိပ်ဆုံးမှ ပါဝင်သည်။ ဤသည်ကို မြေယာဆိုင်ရာ အခွင့်အရေးသုံးရပ်အပေါ် မူတည် ဖေါ်ဆောင်သင့်သည်။

ပထမ အနေဖြင့် တိုင်းရင်းသားပြည်နယ်များသည် မြေယာအပေါ် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရှိရမည်။ ဒုတိယအနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများသည် လယ်လုပ်သူ လယ်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်တို့ ရှိရမည်။ တတိယအနေဖြင့် ပြည်နယ်အသီးသီးအတွင်းရှိ ဒေသငယ်တခုတွင် ဘိုးစဉ်ဘောင်ဆက် စဉ်ဆက်မပြတ် နေထိုင် လာခဲ့သော ဒေသခံတိုင်းရင်းသားများသည် မိမိတို့အသက်ရှင်နေထိုင်သော နယ်မြေ၊ ကျေးရွာတ၀ိုက်ရှိ သဘာဝမြေ၊ တောရိုင်းမြေ၊ သစ်တောမြေတို့ကို စုပေါင်းပိုင်ဆိုင်အသုံးချခွင့်ရှိရမည်။

ပထမ အခွင့်အရေးမှာ ပြည်နယ်များ၌ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ခေါင်းဆောင် များ၊ ပြည်နယ်ကို အုပ်ချုပ်မည့် သူများနှင့် ဆိုင်သည်။ ဒုတိယနှင့် တတိယ အခွင့်အရေးများမှာ လူထုနှင့် တိုက်ရိုက် ဆိုင်သည်။  ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးပြီးသည်နှင့် တပြိုင်နက် ဤအခွင့်အရေးများစတင်ခံစားနိုင်သည့် လမ်းကြောင်းကို ရောက်သွားပြီဆိုလျှင် လူထုသည် အတိုင်းထက် အလွန်ဝမ်းမြောက်ကြမည် မုချဖြစ်သည်။  လွန်ခဲ့ သည့် ၂၅ နှစ် အပစ်ရပ်ခဲ့သည့် ကာလနှင့်မတူဘဲ ယနေ့အချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အသီးအပွင့်ကို သက်ဆိုင်ရာ တိုင်းရင်းသားအခြေခံလူထုများ တိုက်ရိုက်ခံစားသင့်သည့် အချိန်ရောက်ပါပြီ။
သို့ရာတွင် ယင်း မြေယာဆိုင်ရာ အခွင့်အရေးသုံးရပ်လုံးအား ၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းပြီး ချိန် မှစ၍ စစ်အစိုးရ အဆက်ဆက် ကျင့်သုံးလာခဲ့သောမြေယာဥပဒေနှင့် မူဝါဒများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင် နှင့် ၄င်းအရချမှတ်ကျင့်သုံး
လျက်ရှိသော မြေယာဥပဒေသစ်များနှင့် မူဝါဒများအရမူ လုံးဝ (လုံးဝ) ပင် ဖေါ်ဆောင်၍ မရနိုင်ပါ။ ဥပဒေဘောင်အခြေခံကို အခြေအမြစ်မှနေ၍ ပြောင်းရပါမည်။

ဤသည်ကို ပြောင်းအောင် ဆွေးနွေး သဘောတူညီချက် မယူနိုင်ဘဲ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထပ်ထိုးကြပြန်ဦးမည် ဆိုလျှင် နောက်ထပ် အနည်းဆုံး ၂၅ နှစ်မျှကြာ လက်နက်များကို တုတ်များသဘွယ် ကိုင်ပြီး အစိုးရက တည်ဆဲဥပဒေများကို ကိုးကား၍ မြေယာအပေါ် ထင်သလို စီမံခန့်ခွဲ အသုံးချနေကြသည်ကို ငုတ်တုတ်ထိုင်ကြည့်ရသည့် ဘ၀နှင့် အဆုံးသတ်ပါမည်။
အထက်ပါ မြေယာဆိုင်ရာ အခွင့်အရေးသုံးရပ်ကို တရားဝင်ရအောင် ဆွေးနွေးသဘောတူညီမှု မယူနိုင်ဘဲ အစိုးရကလဲ အစိုးရက မြေယာအပေါ်ထင်သလို စီမံခန့်ခွဲနေကြသလို၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းဟူသည်များကလဲ အပစ်ရပ်အခြေအနေကို အခွင့်ကောင်းယူ၊ အစိုးရနှင့် နားလည်မှုယူကာ မိမိတို့လွှမ်းမိုး ထားသောဒေသများတွင် ထင်သလိုစီမံခန့်ခွဲ၊ နိုင်ငံခြားကုမ္ပဏီများ၊ ခရိုနီများနှင့် လက်ဝါးရိုက်ပြီး အကျိုးစီးပွားခွဲယူ စသည်တို့ကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် လုပ်ဆောင်ကြမည် ဆိုလျှင် ဥပဒေစိုးမိုးရေးကို ပျက်သည်ထက် ပျက် အောင် အားပေးဖေါ်ဆောင်ရာရောက်ပါမည်။ အနစ်နာဆုံးမှာ သက်ဆိုင်ရာပြည်နယ်များရှိ အခြေခံလူထုများဖြစ်ပါမည်။

မြေယာအခွင့်အရေးသုံးရပ်ကို တရားဝင်ရယူခံစားနိုင်ရေးအတွက် ဆွေးနွေးပွဲများတွင် အထောက်အပံ့ ဖြစ်စေရန် မြေယာနှင့်ဆက် စပ်သော ဥပဒေဆိုင်ရာများကို အခြေခံအားဖြင့် လေ့လာရန် လိုပါမည်။

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ၀န်ကြီး ဒေါက်တာကံဇော်က ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂၃) ရက်နေ့တွင် ဘီဘီစီ ရေဒီယို၏ အင်တာဗျူးမေးခွန်းအား အောက်ပါအတိုင်း ဖြေကြားသွားခဲ့သည်။             “ ပြီးခဲ့တဲ့ နှစ်က လယ်ယာမြေ ဥပဒေသစ်အရ သက်ဆိုင်ရာ လယ်လုပ်သူများကို ဧပြီ၊ မေ လောက် ကထဲက စပြီး အမည်ပေါက် လုပ်ပေးနေပါတယ်။ အမည်ပေါက်သွားပြီ ဖြစ်တာကြောင့် ပိုင်ပိုင်နိုင်နိုင် ရင်းနှီးမြှုပ်နှံလို့ ရတယ်။ ဒီမြေကို အပေါင်ထားပြီး စိုက်ပျိုးစရိတ်ချေးငွေ ချေးငှား လာနိုင်တယ်။ လွတ်လပ်ရေးရပြီးကထဲက ၁၉၅၂၊ ၅၃၊ ၅၄ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရ တချိန်တုံးကတော့ လယ်ယာမြေအားလုံးဟာ နိုင်ငံပိုင်ဖြစ်တဲ့အတွက် အခု ဒါဟာ ကြီးမားသော ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်။”

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ ၀န်ကြီး ဒေါက်တာကံဇော်သည် ဒေါက်တာ ဟု သုံးထားသဖြင့် မည်သည့် ဒေါက်တာမှန်း မသိရသော်လည်း ပညာတတ်တဦးဖြစ်မှာ သေချာသည်။ ၄င်း၏ အထက် ပါ အင်တာဗျူးနှင့် စပ်လျှဉ်းပြီး ဖြစ်နိုင်သည့် အချက်နှစ်ချက် ထောက်ပြရန် လိုအပ်လာသည်။ ပညာတတ်တဦး အနေဖြင့် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးတာဝန်ကို ယူထားသော်လည်း မြန်မာနိုင်ငံတွင် တည်ခဲ့၊ တည်ဆဲဖြစ်သောလယ်ယာမြေဆိုင်ရာဥပဒေကို နားမလည်သည့်ကိစ္စဖြစ်သည်။  မြန်မာနိုင်ငံလယ်ယာမြေနှင့် စပ်လျှဉ်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ သက်ဆိုင်ရာ လယ်ယာမြေဥပဒေများ၊ အစိုးရအဆက်ဆက်၏ ပြောင်းလဲခဲ့ သော မူဝါဒများအား လက်တွေ့ပြဿနာများနှင့်ဆက်စပ်ပြီး စေ့စေ့ငှငှ နားမလည်ပါဘဲလျက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် ၀န်ကြီးဌာနကို တာဝန်ယူထားရခြင်းဖြစ်လျှင် တိုင်းပြည်မှာ ယခုထက်ပို၍ ဆင်းရဲရုံသာရှိ သည်။ ဤသည်မှာ မကောင်းပါ။

ဒုတိယ ဖြစ်နိုင်ချေမှာ လယ်ယာမြေဆိုင်ရာ ဥပဒေများကို တကယ်တမ်း နားလည်ပါလျက် စစ်အစိုးရ ခေါင်းဆောင် ဟောင်းသစ်များ၏ အလိုကျ ပိပိရိရိနှင့်တိုင်းပြည်ကို လိမ်လည် အင်တာဗျူးပေးသွားခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ပို၍ပင် ဆိုးနေပါသည်။ ကိုယ်ကျင့်တရား[1] နှင့်ဆိုင်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဟူသည်ကို ရှင်းပါမည်။

ဝန်ကြီး ဒေါက်တာကံဇော်သည် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေကို ကိုးကား လျက် တချိန်တုံးက လယ်ယာမြေအားလုံးသည် နိုင်ငံပိုင်ဖြစ်ခဲ့ကြောင်းကို ထောက်ပြပြီး ယခုနိုင်ငံပိုင် မဟုတ်တော့ သည့် သဘော ရှင်းပြသွားခဲ့သည်။ ယင်းမှာ တက်တက်စင်အောင်လွဲနေသည်။ ဥပဒေအရ လယ်ယာမြေများသည် ယခု အချိန်အထိ နိုင်ငံပိုင်ဖြစ်နေသေးသည်။ သာဓက တခုပြပါမည်။

                   မြန်မာ့တပ်မတော် တပ်ရင်း အမှတ် ၅၄၆၊ ၅၄၇ နှင့် ၅၄၉ တို့အခြေစိုက်တိုးချဲ့ တည်ထောင်ရန်အတွက်  ကော့ကရိတ်မြို့ နယ် နဘူးတောင်ရွာတ၀ိုက်ရှိ လယ်ဧက တထောင်ကျော်အား သိမ်းယူခဲ့သည်။ ယင်းအပေါ် အသိမ်း ခံ ကရင်လယ်သမားများက မကျေနပ်သဖြင့် ၂၀၁၂ ခုနှစ်အတွင်းတွင် ဆန့်ကျင်လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့သည်။ လယ် သမား ၇၈ ဦးကို ဦးဆောင်လျက် ကော့ကရိတ်မြို့ပေါ်သို့ သွားရောက်အရေးဆိုသူမှာ ဗိုလ်မှုးချုပ်ထိန်မောင်၏ ကေအင် ယူ၊ ကေအင်န်အယ်လ်အေ ခွဲထွက်အဖွဲ့မှ ဒုတိယ ဗိုလ်မှုးကြီး စောဂျိုးဇက်နှင့် ၄င်း၏ ရဲဘော်များ ဖြစ်သည်။

                    လယ်မြေ အသိမ်းခံရသော ကရင်လယ်သမားများအနက် လယ်သူမကြီးဒေါ်ပွင့်ဖေါက အောက်ပါ အတိုင်း ဖွင့်ဟခဲ့သည်။ " ကျမတို့မိသားစု ရဲ့ လယ်မြေတွေကို အကုန်သိမ်းသွားပြီ။ ဘာတခုမှ မကျန်တော့ဘူး။ ဘာမှ လုပ်စားစရာ မရှိတော့ဘူး။ တပ်ရင်းမှုးဆီကို သွားပြီး တကွက်လောက် ပြန်ပေးပါလို့ တောင်းပန်တယ်။ တပ်ရင်းမှူးက ပြောတယ်။ နိုင်ငံတော်ပိုင်မြေတွေ ဖြစ်တယ်တဲ့။ နိုင်ငံတော်မှာ သေနတ်ရှိတယ်၊ အာဏာရှိတယ်၊ အကုန်ယူလို့ ရတယ် တဲ့။ နင်တို့ကရင်တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးတဲ့။"

                   ၁၉၆၂ ခုနှစ်မှာစ၍ ယနေ့အချိန်အထိ တည်ရှိဆဲဖြစ်သည့် မြေယာဆိုင်ရာ ဥပဒေများအရ တပ်ရင်းမှူး ပြောသည်မှာ မှန်သည်။ နိုင်ငံတော်ပိုင်မြေများဖြစ်သည်။ လယ်သမားတွေ မပိုင်။ အဆိုပါတပ်ရင်းမှူးသည် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ ၀န်ကြီးဒေါက်တာကံဇော်ထက် ပို၍ပင် အမှန်တရားကို ပြောသည်။ လက်ရှိအချိန်၌ လယ်ယာမြေကို နိုင်ငံပိုင်ဖြစ်ပုံမှာ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ ခေတ်ကထက် ပိုပါသည်။

            နှိုင်းယှဉ်ချက် (၁)
၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေသည် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ခံ ဖြင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။ ယင်းအခြေခံဥပဒေ ပုဒ်မ ၃၀ (၁) တွင် “နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင် ဖြစ်သည်။” ဟု ပြဌာန်းထားခဲ့ သည်။” သို့ရာတွင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဆိုရှယ်လစ် စနစ် အခြေခံ ရှိခဲ့သဖြင့် နိုင်ငံတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများအား၊ နိုင်ငံတော်ဟူသည့် အမည်အောက်တွင် အစိုးရက လက်ဝါးကြီးအုပ်ချယ်လှယ်ရန်သော်လည်းကောင်း၊ အစိုးရစစ်တပ်က သိမ်းချင်သလို သိမ်းခွင့်ပေးရန် သော် လည်းကောင်း၊ ခရိုနီ စီးပွားရေးသမားကြီးများအား လုပ်ပိုင်ခွင့်ချပေးရန် သော်လည်းကောင်း မဟုတ်ခဲ့။ ဆိုရှယ်လစ်စနစ် အခြေခံကို ပံ့ပိုးရန်နှင့် မြေရှင်စနစ်အား တိုက်ဖျက်ရန်သာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ အောက်ပါအတိုင်း ဆက်လက်ပြ ဌာန်းခဲ့သည်။          

ပုဒ်မ ၃၀ (၂) ------ မည်သည့် မြေယာကိုမဆို ပြန်လည်သိမ်းယူပြီးလျှင် ထိုမြေယာကို စုပေါင်းစိုက်ပျိုး ရေးအတွက်ဖြစ်စေ၊ သမ၀ါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစားသမားများသို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့် အရေး ရှိရမည်။
            ပုဒ်မ ၃၀ (၃) ------ မည်သည့်အခြေခံစနစ်နှင့်မျှ မြေယာအမြောက်အများ ပိုင်ဆိုင်ခွင့် မရှိစေရ။ တဦးတည်းပိုင်ဖြစ်သော မြေယာ၏ အများဆုံးအရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။

ဝန်ကြီး ဒေါက်တာကံဇော် ရည်ညွှန်းသည့် လယ်ယာမြေဥပဒေသစ်ဟူသည်မှာ ၂၀၁၂ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြဌာန်းလိုက်သည့် လယ်ယာမြေဥပဒေဖြစ်သည်။ ယင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ  နောက်ခံတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းအခြေခံဥပဒေတွင်အောက်ပါအတိုင်း ပြဌာန်းထားခဲ့သည်။

ပုဒ်မ (၃၇) (က) နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်း ရှိ သယံဇာတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။

နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း ပြဌာန်းထားသည်ခြင်း အတူတူ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် စစ်အာဏာရှင်စနစ်အခြေခံရှိခဲ့သဖြင့် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀(၂) နှင့်ပုဒ်မ ၃၀(၃) တို့တွင် ပါရှိခဲ့သည့် ဆိုရှယ်လစ်စနစ်၏ အခြေခံ၊ မြေရှင်စနစ်တိုက်ဖျက်ရေး အခြေခံများကို ထည့်သွင်းပြဌာန်းခြင်း မပြုတော့။

            နှိုင်းယှဉ်ချက် (၂)
(၁) ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၏ အဓိက ရည်ရွယ်ချက်နှင့် အကောင်အထည် ဖေါ်မှုမှာ မြေမဲ့လယ်မဲ့လယ်သမားများကို ပြန်လည်ဝေငှရန်[2] ဖြစ်သည်။ အားနည်းချက်များ ရှိခဲ့သော်လည်း လက်တွေ့ အရ လယ်သမားများအတွင်းတွင်သာ မြေယာဝေခြမ်းရေးကို အဓိက လုပ်ခဲ့သည်။

                 ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ အဓိက ရည်ရွယ်ချက်နှင့်အကောင်အထည် ဖေါ်မှုမှာလယ်ယာ မြေကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ရန်ဖြစ်သည်။[3]

(၂) ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရ လယ်ယာမြေများကို နိုင်ငံပိုင် လုပ်လိုက် သည် ဆိုသော်လည်း ပုဂ္ဂလိက ပိုင်စနစ်ကို လုံးဝအပြီးအပိုင် ဖျက်သိမ်းလိုက်ခြင်း မဟုတ်။ ဥပဒေအရ သတ်မှတ်ချက် များနှင့် ညီညွတ်သော လယ်ယာမြေများနှင့်စပ်လျှဉ်း၍ ပုဂ္ဂလိကပိုင်စနစ်ကို ဆက်လက်ထားရှိသည်။[4]
      ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ဥပဒေနှင့်အညီ ပုဂ္ဂလိက ပိုင်စနစ် လုံးဝမတည်ရှိ။ လယ် လုပ်သူ လယ်သမားသည် လယ်ယာမြေကို လက်ရှိထားခွင့်၊ လုပ်ပိုင်ခွင့်အပြင် ရောင်း၊ ပေါင်၊ ဖလှယ်၊ ပေး၊ ငှား လုပ်ခွင့် ရှိသော်လည်း [5] ယင်းတို့သည် လယ်ယာမြေပိုင်ဆိုင်မှု[6] အပေါ်ရရှိသည့် အခွင့်အရေး မဟုတ်၊ လယ်ယာမြေ လုပ်ပိုင် ခွင့်[7] အပေါ်ရရှိသည့် အခွင့်အလမ်း ဖြစ်သည်။

(၃) လယ်သမားများအတွက် လိုအပ်နေသည်မှာ လယ်လုပ်သူ လယ်ပိုင်ခွင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ပေးအပ်ထားသည်မှာ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဖြစ်သည်။

(၄) ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ “နိုင်ငံတော်” ဟု ဆိုရာတွင် ပြည်ထောင်စု နိုင်ငံသာမက ပြည် ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကို သော်လည်း ကောင်း ဆိုလိုသည် ဟူ၍ ပြဌာန်းထားသည်။ ယင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်လည်း “နိုင်ငံတော်” ဟူသည်တွင် အကျုံးဝင်သည်။ သို့ဖြစ်၍ ပြည်ထောင်စု အစိုးရ တနည်းအားဖြင့် ဗဟိုအစိုးရ တခုတည်း၏ သဘောဆန္ဒ နှင့်ပြည်နယ်များအတွင်းရှိ မြေယာများကို ထင်သလို စီမံခန့်ခွဲ၍မရ။ ပြည်နယ်ဥပဒေစာရင်းတွင်လည်း မြေယာနှင့်ပတ် သက်သော လုပ်ပိုင်ခွင့် အတော်များများ ဆက်လက်အပ်နှင်းထားခဲ့သည်။

     ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရမူ “နိုင်ငံတော်” ဟုဆိုရာတွင် အုပ်ချုပ်မှု အခွင့်အာဏာကို သော် လည်းကောင်း၊ တရားစီရင်မှု အခွင့်အာဏာကို သော်လည်းကောင်း ဆိုလိုသည်[8] ဟူ၍သာ ဖေါ်ပြထားသည်။ “ပြည် ထောင်စုအဖွဲ့ဝင်၏” ဟူသော ဝေါဟာရ ပျောက်သွားခဲ့သည်။ ပြည်နယ်ဥပဒေပြုစာရင်းတွင်လည်း မြေယာနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်များ မပါရှိတော့။ လယ်ယာစိုက်ပျိုးရေး ဟူ၍သာ ပါရှိသည်။ သို့ဖြစ်၍ လက်တွေ့အရ ပြည် နယ်အားလုံးအပါအ၀င် ပြည်ထောင်စု တခုလုံးရှိ မြေယာများအား ဦးသိန်းစိန် အစိုးရ ထင်သလို စီမံခန့်ခွဲခွင့် ရလျက် ရှိသည်။ မြေယာအပေါ် စီမံခန့်ခွဲခြင်းနှင့် စပ်လျှဉ်း၍ ဥပဒေအရ ပြည်နယ်အသီးသီးက ခုခံကန့်ကွက်ခွင့် မရှိတော့။

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအောက်တွင် လယ်သမားများဘ၀အခြေအနေ အကောင်းဆုံးခေတ်ဖြစ်ခဲ့သည်။ လယ်သမား ဟူသည်မှာ တနှစ် တွင် သုံးရာသီရှိသည့်အနက် တရာသီသာသာခန့်သာ အလုပ်လုပ်ရန် လိုအပ်သည်။ ကျန်သည့် နှစ်ရာသီ နီးနီးမှာ ကြိမ်လုံးကလေးများကိုင်ပြီး ရွာရိုး လျှောက်လည်နိုင်၊ အလှူအတန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ပေးနိုင်သောခေတ်၊ လယ် သမားများ ရွှေမိုးငွေမိုးရွာသောခေတ် ဖြစ်ခဲ့သည်။ လူမှုရေးအရ သဟဇာတ[9] ရှိခဲ့သည်။ ကျေးရွာလူမှုအဖွဲ့အစည်း စည်းလုံးညီညွတ်မှု[10] အားကောင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအောက်တွင် လယ်သမားများ ဆင်းရဲတွင်းအနက်ဆုံး၊ အဖိနှိပ်ခံရဆုံး၊ ဒူးနှင့် မျက်ရည် အသုတ်ရဆုံးဖြစ်သည်။ သန်သန်မာမာ လုပ်ကိုင်စားသောက် နိုင်သည့် ကျေးလက်လူငယ်အမြောက်အများသည် လယ်ယာလုပ်ငန်းကိုင်ငန်းများကို စွန့်ခွါကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားရောက် ကျွန်သဘောက်သာသာမျှ ဘ၀နှင့်အသက်ရှင်ရပ်တည်ကြရသည်။ သို့မဟုတ်လျှင် ရန်ကုန် ကဲ့သို့သော မြို့ ကြီးပြကြီးများသို့ တက်ကာ စက်ရုံ၊ အလုပ်ရုံများတွင် ရသမျှ အနိမ့်ဆုံးလုပ်ခ ကလေးများကို လက်ခံ၍ အလုပ်သမားများဖြစ်သွားကြသည်။ စင်စစ်အားဖြင့် အလုပ်သမားများဟုပင် ခေါ်နိုင်သည့် အနေအထားမရှိ။ အလုပ် သမား လူငယ်တဦးက ရေဒီယိုအင်တာဗျူးတခုတွင် “အလုပ်ကျွန်” ဟူ၍ သုံးသွားခဲ့သည်။ ကျေးလက် မြေကျွန် ဘ၀ မှ မြို့ ပြ “အလုပ်ကျွန်” ဘ၀သို့ ပြောင်းသွားခြင်းဖြစ်သည်။ စစ်မရှိသော မြေပြန့်ဒေသ ကျေးရွာများတွင် လူမှုရေးအရ သဟဇာတ[11] (လုံးဝ) နီးပါး ပျက်သုဉ်းသွားသည်။ ကျေးရွာလူမှုအဖွဲ့အစည်း စည်းလုံးညီညွတ်မှုချွတ်ခြုံကျသွားသည်။ ဤသည်မှာ ပြည်တွင်းစစ်နှင့်မည်သို့ဆက်စပ်နေသနည်း။

စစ်အစိုးရအဆက်ဆက်က ပြည်တွင်းစစ်ကို မွေးမြူထားကာ ယင်းကို လက်ညှိုးထိုးလျက် စစ်တပ်ကို ကြံ့ခိုင်ကြီးထွားအောင် တည်ဆောက်ခဲ့သဖြင့် အထူးသဖြင့် ကျေးလက် စီးပွားလူမှုဘ၀ကို တိုက်ရိုက်ထိပါးခြင်းကြောင့် ဖြစ်သည်။ မလိုအပ်ဘဲ စစ်တပ်ပေါင်းများစွာ တည်ထောင်လာရသောအခါ တပ်တွင်းရိက္ခာဖူလုံရေးမှစပြီး တပ်မိသားစု များအား ထမင်းကျွေးနိုင်ရေးအတွက် လုပ်ငန်းများတည်ထောင်လုပ်ကိုင်နိုင်ရန် (သို့မဟုတ်) တနည်းနည်းဖြင့် တပ်ရံပုံ ငွေ ရှာရန် ကျေးလက်လယ်သမားများ၏ မြေယာများကို သိမ်းယူရတော့သည်။  စစ်တပ် အခြေပြုထားသည့် နေရာများ တွင် ဒေသခံကျေးလက်လယ်သမားများ ပိုင်သည့်မြေယာများအား ဆယ်စုနှစ်ပေါင်းများစွာ မတရားသိမ်းယူခဲ့ခြင်း များမှာ ယခုအခါ တစတစ ဘူးပေါ်သလို ပေါ်လာနေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များမှ စတင်၍ နှစ်ပေါင်းများစွာ စစ်အစိုးရ၊ စစ်ခေါင်းဆောင်များ၊ စစ်တပ် နှင့် ၄င်း၏ခရိုနီတို့က သိမ်းထားခဲ့သည့်၊ (ရှေ့ကိုလည်းဆက်လက် သိမ်းခွင့်ရနေသည့်) မြောက် များလှစွာသော လယ်ယာ မြေဆိုင်ရာ ပြဿနာများအား ကိုင်တွယ်ဖြေရှင်း ပေးနိုင်သည့် ဥပဒေ  မရှိ။ မြေယာကို နိုင်ငံပိုင်လုပ်ထားသည့် တည်ဆဲ ဥပဒေနှင့် ဆန့် ကျင်၍လည်း မူဝါဒ သစ် ချမှတ်၍ မရ။ ဤဥပဒေဘောင်ကြီး တခုလုံးအရင်းအမြစ်မှနေ၍ မပြောင်းသမျှ မည်သည့်အစိုးရတက်တက် လူထုရင်ဆိုင်နေရသော မြေယာပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်။ လက်ရှိ ဦးသိန်းစိန်အစိုးရနှင့် နောင်တက်လာမည့် အစိုးရများသည်လည်း စစ်ခေါင်းဆောင်များအား ဆန့်ကျင်၍ မြေယာ မူဝါဒသစ် မချမှတ်ရဲ။ အစိုးရအနေဖြင့် လူထုနှင့် ထိပ်တိုက်မတွေ့စေရေးအတွက် မြေယာအချို့ကို လယ်သမား များအား ပြန်ပေးရန် မြန်မာ့တပ်မတော်အား ဖျောင်းဖျရုံမှလွဲ၍ အခြားမရှိ။

ပို၍ အရေးကြီးသည်မှာ ပြည်နယ်များအပါအ၀င် ပြည်ထောင်စုတခုလုံး၊ အခြေခံလူထုကြီး တရပ်လုံး သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ[12] နှင့်လက်ရှိ တည်ဆဲ မြေယာဥပဒေများ[13] အတွင်းတွင် ပိတ်မိ နေခြင်းဖြစ်သည်။ ယင်းဥပဒေများအား ကိုင်စွဲ၍ လယ်သမား၏ မြေများ ပြန်လည်ရရှိစေရန် စစ်တပ်အား ဥပဒေကြောင်းအရ ရင်ဆိုင် ယှဉ်ပြိုင်တောင်းဆိုခြင်း[14] မပြုနိုင်သောကြောင့်ဖြစ်သည်။
လယ်သမားတွေ ၄င်းတို့၏ လယ်ယာမြေ ပြန်ရရေး တရားစွဲဆိုချက်များအား တရားရုံးများက ပယ်ချ နေသည်။[15] မော်လမြိုင်ကျွန်းမြို့ နယ်တွင် ကိုယ့်လယ်ကိုယ် ပြန် ထွန်သော လယ်သမားများအား အာဏာပိုင်များက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၇ ရာဇ၀တ်မကင်းသော ကျော်နင်းမှုအရ တရားစွဲဆိုခြင်းခံနေရကြောင်းဖြင့် လယ်သူမကြီးတဦးက ငိုယိုကာ ပြောကြားသွားခဲ့သည်။[16] ချုပ်၍ဆိုရလျှင် မြေယာများအား စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ လက်ဝေခံခရိုနီကြီးများ၊ ကုမ္ပဏီများက သိမ်းယူကြသဖြင့် ကျေးလက်လူမှုစီးပွားရေး ဘ၀ပျက်စီးခြင်းမှာ ပထမ အချက်ဖြစ်သည်။

ဒုတိယ အချက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရမည့် ဘဏ္ဍာငွေများအား စစ်အာဏာ တည် မြဲရေးအတွက် စစ်ခေါင်းဆောင်များ အာဏာသိမ်းအစိုးရအဆက်ဆက် ထင်သလို အသုံးပြုခဲ့ခြင်း၊ ယခုတိုင် အသုံးပြု နေခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်မှ အနားမယူမီ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ပြဌာန်း သွားခဲ့သည့် အထူးရံပုံငွေ ဥပဒေမှာ အဆိုးဆုံးဖြစ်သည်။[17] ၄င်းအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက် အပေါ် သမတက သဘောတူညီရုံမျှဖြင့် ရန်ပုံငွေ ထူထောင်၊[18] ထင်သလိုသုံးနိုင်၊[19] စာရင်းစစ်ဆေးခြင်းပင် ခံယူရန် မလို[20] ကြောင်း ပြဌာန်းထားသည်။ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးအတွက် တမြို့ နယ်လျှင် ကျပ်သိန်း တထောင် အသုံးပြုခွင့်ပေးခြင်းမှာ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိ ဟူ၍ သမတက ကန့်ကွက်ကြောင်း[21] သိရသည်။

ပြည်တွင်းစစ်အတွင်း စစ်ခေါင်းဆောင်များက တိုင်းပြည်ဘဏ္ဍာငွေများ ဖြုန်းတီးနေသည်ကိုတော့ သမတက မကန့်ကွက်ရုံမက အားပေးအားမြှောက်ပြုလျက် ရှိသည်။၂၀၁၂ ခုနှစ် ဒီဇင်္ဘာလနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ များအတွင်း ကချင်ပြည်နယ်၌ ကေအိုင်အိုအား အဆမတန်များပြားသော တပ်အင်အား၊ ကျည်တလုံးလျှင် ကျပ် သိန်း လေးဆယ်ခန့်တန် လက်နက်ကြီးကျည်ပေါင်းထောင်နှင့် ချီ၍ နေ့စဉ်ပစ်ခတ်ခဲ့ရုံသာမက တိုက်လေယာဉ်နှင့် ဟယ်လီ ကော်ပတာများကိုပါ သုံး၍ ထိုးစစ်ကြီးဆင်နွှဲခဲ့ရာ တနေ့ စစ်အသုံးစရိတ်မှာ ကျပ် သိန်းငါးသောင်းမျှ ရှိခဲ့ကြောင်း ကျွမ်းကျင်သူများက တွက်ချက်ကြသည်။ ဤမျှ များပြားသည့် စစ်ရေးအသုံးစရိတ်ကို အထူးရံပုံငွေမှ ကျခံ သုံးစွဲခဲ့ခြင်းမှာ မည်သည့် အခြေခံဥပဒေနှင့် ညီပါသနည်း။ ကျေးလက်ဒေသများတွင် ဗွက်ခင်းသောလမ်း၊ ဆေးမရှိ သည့် ဆေးရုံနှင့် ဆရာမရှိသောကျောင်းများဖြင့် အတိပြီးနေချိန်တွင်[22] တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ရမည့် ငွေများအား မလိုအပ်ဘဲ တိုက်နေသည့် ပြည်တွင်းစစ်အတွက် စစ်တပ်က ထင်သလို သုံးနေသည်ကို သမတက အတည်ပြုချက် ပေးနေရသည်။ တိုင်းပြည်သည် မည်သည့်အခါတွင် တိုးတက်နိုင်ပါမည်နည်း။ အထိအနာဆုံးမှာ ကျေးလက်ဒေသများ ဖြစ်သည်။

                     မြို့ တော်ဟောင်း ဖြစ်ခဲ့သော ရန်ကုန်တွင် လူလတ်တန်းစားများ နေထိုင်သည့် တိုက်တာမြောက်များ စွာမှာ မြင်ရက်စရာ မကောင်းလောက်အောင်ပင် ဆင်းရဲစုတ်ပြတ်လျက် ရှိသည်။ မြို့ ပေါ်တွင် မနေထိုင်နိုင်တော့သည့် ဆင်းရဲသားများမှာ မြို့ ပြင်လွင်တီးခေါင်တွင် တည်ဆောက်ထားသော ရေမီးမပြည့်စုံ၊ ခလေးကျောင်းနှင့် ဆေးပေးခန်း ပင် မရှိသည့် ရပ်ကွက်သစ်များတွင် နွမ်းပါး၊ ချို့ ငဲ့လွန်းစွာ အသက်ရှင်ရပ်တည်ကြရသည်။[23] ဤသည်တို့မှာ ပြည်တွင်း စစ်နှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။

ဦးသိန်းစိန်အစိုးရသည် ပြည်တွင်းစစ်ကို စစ်စစ်မှန်မှန် ငြိမ်းသတ်ရန် မကြိုးပမ်းပါက ဥပဒေစိုးမိုးရေး ပျက်နေမည် ဖြစ်သလို၊ အခြေခံလူထုစီးပွားရေးသည်လည်း မည်သည့်အခါမျှ တိုးတက်နိုင်ဘွယ် မရှိ။ အတုအယောင် ဒီမိုကရေစီအောက်တွင် တိုင်းပြည်၏ ဓန ချမ်းသာများသည် စစ်အာဏာရှင်စနစ်ကို ဆက်လက် အသက်သွင်းလိုသော စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် ခရိုနီကြီးများ၏ လက်ဝယ်တွင်သာ ဆက်လက်စုပုံ နေမည် ဖြစ်သည်။ တိုင်းပြည်၏ ဓနချမ်းသာများမှာ တိုင်းရင်းသားပြည်နယ်များကို ရောက်ရန်ဝေး၍ စာရေးသူကဲ့သို့ မြန်မာ လူမျိုးများအဓိက နေထိုင်ရာ မြေပြန့်ဒေသများတွင်ပင် တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော အလုပ်သမားများနှင့် လယ်သမားများ ခံစားခွင့် မရကြ။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက မြေယာဆိုင်ရာ အခွင့်အရေး သုံးရပ် ရရှိခံစားနိုင် အောင် ဆွေးနွေး၊ တောင်းဆို၊ သဘောတူညီနိုင်မည် ဆိုလျှင် မြန်မာမဟုတ်သော တိုင်းရင်းသားများသာမက မြေပြန့်  ဒေသရှိ မြန်မာတိုင်းရင်းသားများပါ ထောက်ခံကြပါမည်။ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်ကြပါမည်။ ရေရှည် တည်တန့် ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်ပါမည်။
            သို့ရာတွင် ယင်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ထိုး၊ မြေယာအပါအ၀င် နိုင်ငံရေးပြဿနာများအား မကြာခင် ကျင်းပတော့မည့် နိုင်ငံရေးဆွေးနွေးပွဲဟူသည်များတွင် ဆွေးနွေးကြပါဟု ကြွေး ကြော်ပြီး ချပေးနေသော ဦးသိန်းစိန်၊ ဦးအောင်မင်း အစိုးရ၏ မဟာဗျူဟာအောက်တွင် ဖြစ်နိုင်ဘွယ်လုံးဝမရှိပါ။ လိုင်ဇာကွန်ဖရင့်က ချမှတ်ခဲ့သည့် နိုင်ငံရေးမူဘောင်ကို အရင်ဆွေးနွေးရန် ဟူသည့်အချက်တွင် ထည့်သွင်းဆွေး နွေးပြီး အပစ်ရပ်လက်မှတ်မထိုးမီ သဘောတူညီနိုင်မှသာ ဖြစ်နိုင်ပါမည်။

ဦးအောင်ထူး (ရှေ့ နေ)


[1] Ethic

[2] ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ (၇)

[3] ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အခန်း (၂) ပုဒ်မ ၄ မှ ၈။

[4] ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ (၆)

[5] ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ (၉)

[6] The right to own farm land

[7] The opportunity to cultivate

[8] ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၇

[9] Social cohesion

[10] Unity of community

[11] Social harmony

[12] ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇

[13] ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့် ခွဲရေး ဥပဒေများ

[14] Legal Claim

[15] ရန်ကုန်မြို့ တော်ဝန်ဟောင်းနှင့် လွှတ်တော်မြေယာစုံစမ်းရေးကော်မတီဝင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်၊    ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြားမှ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့ တွင် ထုတ်လွှင့်။

[16] ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြားမှ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့ တွင် ထုတ်လွှင့်။

[17] နိုင်ငံတော် အချုပ်အခြာအာဏာ တည်တန့် ခိုင်မြဲရေးအတွက် လိုအပ်သော အသုံးစားရိတ်ဆိုင်ရာ အထူး ရန်ပုံငွေ ဥပဒေ၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၀၊ ၂၀၁၁ ခုနှစ်

[18] ၄င်း ပုဒ်မ (၃)

[19] ၄င်း ပုဒ်မ (၄)

[20] ၄င်း ပုဒ်မ (၅)

[21] 7 Day News Journal ဒီဇင်္ဘာ ၁၁၊ ၂၀၁၃ ခုနှစ်

[22] ကျောက်သင်ပုန်းပေါ်တွင် ဆရာမ အမြန်လာပါ ဟူသော စာတမ်းကလေး ရေးသားပြီး ဆရာမဲ့နေသော ကျောင်း စုတ်ကလေး၏ ရှုခင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြား ဒီဇင်္ဘာလ ၂၉ ရက် ၂၀၁၃ ခုနှစ်။

[23] ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလ ၂၇ ရက်နေ့ တွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာ ရုပ်မြင်သံကြားဌာန မှ ထုတ်လွှင့်ချက်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...