Wednesday, January 29, 2014

နှလုံးသားဒိုင်ယာရီ (၂၂)

January 28, 2014 at 12:29am


၂၀၀၂ခုနှစ်၊မတ်လ
အေးရွာသို့သတင်းဆိုးတစ်ခုဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသော ကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊မထိတ်သာမလန့်သာရှိလိုက်တာ” ဟုဆိုလိုက် သောအခါ
“ဒီလိုဗျ…ဒီလို ကျနော်တို့နိုင်ငံရဲ့အာဏာရှင်ဟောင်းကြီး ဦးနေ၀င်း ရဲ့သားမက်နဲ့မြေးတစ်စု ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းလိုက်ပြန်ပြီ” ဟုပြောလာသဖြင့် ကျနော်လည်းမဆီမဆိုင် မျက်ခုံးလှုပ် သွားရပြန်သည်။

ဒီလိုတိုင်းပြည်အခြေအနေမတည်ငြိမ်မှုကလည်း ကျနော့၏လုံခြုံရေးကိုရိုက်ခတ်လာ မည်ဖြစ်၍ ကျနော်ပိုမိုသတိထားနေထိုင်ခဲ့ရပါသည်။ ထိုအခြေအနေပေါ်မူတည်၍ ကျနော်အေးရွာတွင်ဆက်လက်ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့ သောကြောင့် လှိုင်သာယာဖက်သို့မြားဦးလှည့်ရပြန်သည်။ ထိုအချိန်က လှိုင်သာယာမှာ စည်ကားလှ သည်တော့မဟုတ်၊လူနေအိမ်နှင့်လမ်း များမှာဖေါက်တုန်း၊ဆောက်တုန်းသာရှိနေသေးသည်။ လှိုင်သာ ယာရှိ မိတ်ဆွေတစ်ဦးအိမ်တွင်ခေတ္တ သွားရောက်တည်းခိုဖြစ်သည်။ မိတ်ဆွေ၏ကူညီပံ့ပိုးမှုကြောင့် ဧည့်စာရင်းကိစ္စနှင့်တကွ အစစအရာရာ အဆင်ပြေခဲ့ရသည်။

မတ်လ(၂၇)ရက်၊(၅၇)နှစ်မြောက်၊တော်လှန်ရေးနေ့ဖြစ်မည်ဟုထင်သည်။ စစ်ရေးပြအခမ်းအနား ပြီးဆုံးပြီးနောက်တွင်တော့ မြို့တွင်းအခြေအနေတို့မှာတင်းကြပ်မှုမရှိတော့သောကြောင့် ကျနော်လည်း နေထိုင်သွားလာရလွယ်ကူသွားသည်။ ၂၀၀၂ခုနှစ်၊မတ်လ(၂၇)ရက်နေ့ည သတင်းနားထောင်စဉ် BBC သတင်းဌာနမှပြည်ပရောက်တပ်မတော်သားများဖြင့်ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံမျိုးချစ် စစ်သည်ဟောင်းများအစည်ွးဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။

နောက်တစ်နေ့ကျနော်လည်းလုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုဆက်လက်လုပ်ဆောင် ရင်း တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့် နောက်ကြောင်းပြန်ခေါက်ရန်စီစဉ်ရပြန်သည်။ စော်ဘွားကြီး ကုန်း အဝေးပြေးယာဉ်ရပ်နားရေးစခန်းတွင် တောင်ငူသို့ပြန်သွားမည့်ကားလက်မှတ်(၂)စောင် ဖြတ် လိုက်သည်။ ကျနော်၏အဖေါ်အဖြစ် နီးစပ်ရာလူငယ်တစ်ဦးလည်းလိုက်ပါမည်ဖြစ်သည်။ ကျနော်နှင့်လူငယ်လေးတို့နှစ်ဦး ည(၇း၃၀)နာရီတွင် စော်ဘွားကြီးကုန်းမှစတင်ထွက်ခွါလာရာ အခက်အခဲမကြုံရပဲ တောင်ငူမြို့သို့ မနက်(၄)နာရီကျော်ချိန်ခန့်တွင်ကားဆိုက်ရောက်ခဲ့သည်။ တောင် ငူမြို့သို့ရောက်သည်နှင့် ကျနော်တို့နှစ်ဦး ဆိုက္ကားငှား၍ စစ်တောင်းတံတားအလွန် ရပ်ကွက်သို့ရောက် ရှိခဲ့ကြသည်။ ထိုရပ်ကွက်ထဲတွင် တော်လှန်ရေးအဖွဲ့အစည်းများရှိနေသောကြောင့်ဖြစ်သည်။ ကျနော် ရောက်သည်နှင့်ခြံဝင်းအတွင်းရှိလူတစ်ယောက်ကို စကားဝှက်ပြောပြလိုက်သည်နှင့် အိမ်ထဲသို့တန်း၍ ၀င်ခွင့်ရခဲ့သည်။ အိမ်နှင့်ခြံမှာအတော်လေးကျယ်ဝန်းပြီး ကားသုံးလေးစီးခန့်ရှိနေသည်။ ကျနော်တို့ အတွက် အပေါ်ထပ်ရှိအခန်းတစ်ခန်းတွင်နေရာချထားပေးကြသည်။ ကျနော်ခေါ်ဆောင်လာသော လူငယ်လေးမှာ ကျနော့အကြောင်းကိုသေချာဂဏမသိ၊နွားကုန်သည်တစ်ဦးအဖြစ်သာသိထားသည်။

သူ့မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အတွက်ကျနော်နှင့်အလုပ်အတူလုပ်ရန်လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။ ကျနော်တို့နှစ်ဦးတည်းခိုသောအိပ်ခန်းအတွင်းရှိစစ်သုံးဆက်သွယ်ရေးစက်များနှင့်လက်နက် ငယ်အချို့ကိုလူငယ်လေးမြင်သွားသည်နှင့်အတော်လေးအနေကြပ်သွားပုံရသည်။ သူ့နှုတ်မှတစ်ခွန်းမှ စကားမဆိုလာသောကြောင့်ကျနော်လဲအမှုမဲ့အမှတ်မဲ့နေလိုက်မိသည်။ ညနေပိုင်းထမင်းစားချိန်နီး သောကြောင့် ရေချိုးပြီးထမင်းစားရန်သူ့ကိုပြောလိုက်မိသည်။ သူကလည်း “ဟုတ်ကဲ့ပါအကို၊ ရေမချိုး ခင် ကျနော်ဆေးလိပ်သွားဝယ်လိုက်အုံးမယ်” ဟုပြောကာ အိမ်အပြင်သို့ထွက်သွားလေတော့သည်။

အချိန်အတော်လင့်သည့်တိုင် ပြန်မလာသောကြောင့် သူ့ပစ္စည်းများကိုသွားရောက်ကြည့်ရှုသော် လည်းမူမပျက်ရှိနေဆဲ၊ ကျနော်ဆက်၍စောင့်နေမိသည်။ မှောင်ရီပျိုးစအထိပြန်မရောက်သည့်အဆုံး ကျနော်နှင့်ထိုအိမ်မှမိတ်ဆွေများ မြို့တွင်းတွင် အပူတပြင်းလိုက်လံရှာဖွေကြသော်လည်းမတွေ့ရတော့ ပေ။ နောက်ဆုံး အဝေးပြေးကားဂိတ်သို့သွားရောက်စုံစမ်းမှ ထိုလူငယ်မှာအ၀တ်တစ်ထည်၊ကိုယ်တစ်ခု နှင့် ရန်ကုန်သို့ကားနှင့်ပြန်လည်ထွက်ခွာသွားကြောင်းသိရတော့သည်။ တောင်ငူမြို့၌ သုံးရက်ခန့်ကြာ သောအခါ ကျနော့ကိုလာရောက်ကြိုမည့်ကားရောက်လာခဲ့သည်။ ထိုကားလေးနှင့်ပင် ယခင်ဆင်းလာ ခဲ့သည့်လမ်းအတိုင်း သံတောင်-ယာတို-လိပ်တိုမှတဆင့် လွိုင်ကော်-နောင်ယားသို့ပြန်လည်ထွက်ခွာ လာခဲ့သည်။

လွိုင်ကော်ရောက်တော့ ညနေစောင်းလုရှိနေပြီ။ တွေ့ဆုံစရာရှိသည့်မဟာမိတ် ခေါင်း ဆောင်များနှင့်တွေ့ဆုံပြီးနောက် ဆက်လက်ခရီးထွက်ရန်ပြင်ဆင်ရပြန်သည်။ မဟာမိတ်ခေါင်းဆောင် များ၏ စီစဉ်ပေးမှုကြောင့် နာရီဝက်ခန့်အကြာ ဒီတီဆိုင်ကယ်တစ်စီးနှင့်လူတစ်ယောက်ကျနော့ထံ ရောက်လာခဲ့သည်။ ကျနော်သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးရန်ညွှန်ကြားထားကြောင်း ရှင်းပြလေ သည်။ ကျနော်လည်း ခေါင်းဆောင်များကိုနှုတ်ဆက်ပြီး ဆိုင်ကယ်နှင့်ပင်ဆက်လက်ခရီးထွက်ခွာလာခဲ့ သည်။

လိုအပ်သည့်ဆိုင်ကယ်ဆီကိုတော့ ပါကန်းရှိသူတို့ရုံးစိုက်ရာနေရာတွင်သွားရောက် ဖြည့်ထည့်ခဲ့ သည်။ ကျနော်လည်းဆိုင်ကယ်နောက်မှာထိုင်ရင်း မောင်းနှင်ရမည့်လမ်းကြောင်းများကို ညွှန်ပြမောင်း နှင်ခိုင်းရသည်။ ဖရူဆိုးမြို့သို့မရောက်မီ “ဒေါလောခူ” ရွာထဲသို့ ပို့ဆောင်ခိုင်းခဲ့ရသည်။ ရွာလူကြီးအိမ် ရှေ့ဆိုင်ကယ်ရပ်သည်နှင့် ရွာလူကြီးလည်း ထွက်၍ကြည့်ရာ ကျနော့ကိုမြင်လိုက်သည်နှင့်အားရ၀မ်း သာ “ မြာဖုကာသိုရ” ဗမာခလေးပြန်လာပြီဟု ကယားဘာသာဖြင့်လှမ်း၍နှုတ်ဆက်လိုက်သည်။ ကျ နော်တို့နှစ်ဦးကို အိမ်ထဲသို့ဖိတ်ခေါ်ရင်း ခေါင်ရည်နှင့်ယုန်သားဖြင့်ကျွေးမွေးဧည့်ခံလေသည်။ ဆယ့်ငါး မိနစ်ခန့်အကြာ ကရင်နီတပ်မတော်မှစစ်သည်(၂၀)ခန့်ရောက်လာတော့လေသည်။

 ထိုအခါ ကျနော့ အား လိုက်ပါပို့ဆောင်သည့်မိတ်ဆွေက “အကိုက အဖွဲ့အစည်းကဆိုတာ ပြောပါလားဗျာ၊ ကျနော် လည်းအထက်ကခိုင်းလို့သာပို့ပေးရတယ်၊ဘာမှန်းမသိဘူး။ အခုမှပဲသဘောပေါက်တော့တယ်” ဟုဆို လိုက်သောကြောင့် အားလုံးကပြုံးပြီး သူ့ကိုကြည့်လိုက်ကြသည်။

ကျနော်ကလည်း “ဒီလိုပဲပေါ့ဗျာ ကိုယ့်နေရာ၊ကိုယ့်ဒေသမရောက်မချင်း သက်ပြင်းကောင်းကောင်းတောင် ဘယ်ချရဲပါ့မလဲဗျာ၊ အမှန် အတိုင်းပြောရရင် အခုမှပဲ အသက်၀၀ရှူရတော့တယ်” ဟုဆိုလိုက်သည်နှင့် ရွာလူကြီးမှလည်း“မြာဖု ရယ်၊ငါ့မလဲနင်အဖမ်းခံရရင်လည်း ဒုက္ခ၊ အခုပြန်ရောက်လို့အစိုးရကသိရင်လဲ ဒုက္ခ၊ ဘယ်နေရာမှကို မလွတ်ဘူး၊ ငါ့မှာ ကျွဲနှစ်ကောင်ကြားက မြက်ထက်ဆိုးပါတယ် ဟယ်” ဟုငြီးတွား လိုက်လေသည်။
 ဆက်ပါအုံးမည်။

အုပ်ကြီးဖေ
28.01.3014

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...