Thursday, January 9, 2014

ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ လက်တွေ့အရေးပါပုံ - အပိုင်း ၃

January 6, 2014 at 4:45am
ဤဆောင်းပါးသည် ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ လက်တွေ့အရေးပါပုံ - အပိုင်း ၁ နှင့် ၂ ၏ အဆက်ဖြစ်သည်။


(၃) ဆေးပညာမှ ဆင့်ကဲဖြစ်စဉ်

ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆေးပညာသည် ကျန်းမာရေးနှင့် ရောဂါများ အကြောင်း နားလည်သိရှိရန် ခေတ်သစ် ဆင့်ကဲဖြစ်စဉ် သီအိုရီကို အသုံးချသည့် ပညာရပ်ဖြစ်သည်။ ၎င်းသည် ယနေ့ခေတ် ဆေးပညာနှင့် အထူးသဖြင့် ခေတ်မီ ဆေးပညာ သင်ကြားမှု၏ တရားသေဆန် သော အမြင်နှင့် ရှင်းပြချက်များကို ဖြည့်စွက်ကူညီ သည့် သိပ္ပံနည်းကျ ချဉ်းကပ်နည်း တစ်မျိုးဖြစ်သည်။
သုတေသီတို့က ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒသည် ဆေးတက္ကသိုလ်များ၌ သင်နိုင်သော ခေါင်းစဉ်တစ်ရပ်သာမက၊ သင်ဖို့ လိုအပ်သော အခြေခံ ဆေးသိပ္ပံ အသိပညာ ဖြစ်သည်ဟု အကြံပြုကြသည်။


ဆေးပညာနှင့်သက်ဆိုင်သော ဇီဝသက်ရှိ၏ ဆီလျော်အောင် ပြုပြင်ပြောင်းလဲမှုများမှာ-

(၁) ရောဂါပိုးများ၏ ရောဂါပြင်းထန်းမှု၊ ပဋိဇီဝဆေးကို ခံနိုင်ရည်၊ လူသား၏ ခုခံအားစနစ်ကို ရှောင်ရှားမှု အသီးသီး၏ ဆင့်ကဲပြောင်းလဲမှု
(၂) လူသား ဆင့်ကဲပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်၏ အကန့်အသတ်ရှိမှု၊ မပြည့်စုံမှုနှင့် ကောင်းကျိုး တစ်စုံတစ်ခုအတွက် ပေးဆပ်ထားရသည့် လက္ခဏာများ
(၃) ဆင့်ကဲပြောင်းလဲခြင်းကြောင့် ရရှိလာသော လူသား၏တုံ့ပြန်မှုများက ၎င်းကို ကူးစက်ရောဂါနှင့် ထိခိုက်ဒဏ်ရာတို့မှ အကာအကွယ်ပေးပုံ၊ ပြန်လည်ကောင်းမွန် စေပုံ။ သာဓကအားဖြင့် ရောဂါပိုးကြောင့် အဖျားတက်ခြင်း၊ ရောဂါကို ခုခံသည်စနစ်။ အဆိုပါ တုံ့ပြန်မှုများကို အမြင့်ဆုံး ထိရောက်အောင်ခန္ဓာကိုယ်ကပြန်လည်ထိန်းညှိပုံ။
(၄) ယခင်က ပတ်ဝန်းကျင် အခြေအနေများ ပေါ်ဆီလျော်အောင် ရှေးဦး လူသားတို့၏ ဆင့်ကဲပြောင်းလဲခဲ့မှုသည် ခေတ်သစ် ပတ်ဝန်းကျင် အခြေအနေ များနှင့် ပတ်သက်ပုံ။ အထူးသဖြင့် အစားအစာ အချိုးအဆ၊ အသက်ရှည် နိုင်စွမ်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် သန့်ရှင်းမှုတို့ ပါဝင်သည်။

ရောဂါပိုးများ၏ဆင့်ကဲပြောင်းလဲမှုများ
ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ အခြား ရောဂါပိုးနှင့် ကပ်ပါးပိုးများ၏ ဆင့်ကဲပြောင်းလဲမှုသည် ဆေးပညာတွင် ဗဟိုချက်ကျသော နေရာ၌ ပါဝင်သည်။ အကြောင်းရင်းမှာ ရောဂါပြင်းထန်းမှု၊ ပဋိဇီဝဆေးကို ခံနိုင်ရည်၊ လူသား၏ ခုခံအားစနစ်ကို မြေလှန်တိုက်ခိုက်နိုင်စွမ်းရည် တို့၏ ပြောင်းလဲနေမှုများကို နားလည်ဖို့ လိုအပ်နေ၍ဖြစ်သည်။

(က)    ပဋိဇီဝဆေးကို ခံနိုင်ရည်
ပဋိဇီဝဆေးသည်ပိုးမွှား၏ အရေးကြီးသော ဓာတ်ကူပရိုတင်းများကိုအလုပ်မလုပ်အောင်တားမြစ်သည်။သို့ရာတွင် ဗီဇဖောက်ပြန်မှုကြောင့် ပရိုတင်း၏ တည်ဆောက်ပုံ ပြောင်းလဲသည့်အခါ ပဋိဇီဝသည် အစွမ်းမထက်တော့ပေ။ ထိုပိုးသည်ဆေးကို ခံနိုင်ရည်ရှိသွားပြီး ဒေါင်လိုက် ဗီဇစီးဆင်းမှုအရသဘာဝ၏ ရွေးချယ်မှု နိယာမအတိုင်းမျိုးတူပိုး အုပ်စုအတွင်းလျင်မြန်စွာ စည်ပင်ပြန့်ပွားလာသည်။ အခြားရှိပြီး ဘတ်တီးရီးယားများသို့လည်းအဆိုပါ ပဋိဇီဝခံနိုင်ရည်ရှိသည် ပရိုတင်း၏ ဗီဇဒီအန်အေကို ဒီအန်အေကွင်းပြတ် (Plasmid)များအနေဖြင့် ရေပြင်ညီဗီဇစီးဆင်းမှုအရပုံတူပွားဖြန့်ဝေကြသည်။ မျိုးဆက်အနည်းငယ်ကြာသော်ပဋိဇီဝဆေးသည် သုံး၍မရအောင်အစွမ်းမရှိဖြစ်သွားနိုင်သည်။ ဗိုင်းရပ်ရောဂါများ၏ အချို့အခြေအနေများ၌ ဆေးကိုမသုံးပဲ ရပ်ထားခြင်းဖြင့် ဆေးတိုးသည့် မျိုးနွယ်များ ပြန်လည်ပေါက်ပွားခြင်းကို အားပေးနိုင်လေသည်။ ဆေးမပေးထားသည့် အခြေအနေ၌ ဆေးတိုးသည့် မျိုးနွယ်များက ဆေးမတိုးသည့် မျိုးနွယ်များကို ယှဉ်ပြိုင်လွှမ်းမိုးနိုင်လျှင် ဆေးမတိုးသည့် မျိုးနွယ်များ ပြန်လည်လျော့ကျနိုင်လေသည်။ ထိုအချိန်၌ဆေးပြန်ပေးခြင်းဖြင့် ရောဂါပိုးများကို ပြန်လျော့ပါးစေနိုင်သည်။ ဆေးမတိုးသည့် အခြေအနေများ၌ ယာယီဆေးဖြတ်ခြင်းဖြင့် ဖြေရှင်းနိုင်ခြင်း၏ နောက်ကွယ်၌ ဆင့်ကဲဖြစ်စဉ် ယန္တရားများကို နားလည်ထားမှု ရှိလေသည်။



ပုံ -                       ဘတ်တီးရီးယား၌ ဗီဇဖောက်ပြန်သည့်အခါ မျိုးကွဲများ ပေါ်ထွက်လာသည်။ မျိုးကွဲများသည် ယှဉ်ပြိုင်ပွားများသည့်အတွက် ၎င်းတို့၏ အရေအတွက်သည် မတူညီနိုင်ပေ။ ဆေးမတိုးသည့် ဘတ်တီးရီးယားသည် ဆေးတိုးသည့် ဘတ်တီးရီးယား မျိုးနွယ်များကို မယှဉ်နိုင်ပေ။ ထို့ကြောင့်လည်း ဆေးသည် အသုံးပြုနိုင်အောင် ထိရောက်ခဲ့ခြင်းဖြစ်သည်။ ဆေးအသုံးပြုသည့်အခါ ဆေးတိုးသည့် ဘတ်တီးရီးယားများ သေကုန်သော်လည်း ဆေးမတိုးသည့် ဘတ်တီးရီးယားများ ကျန်ရစ်ပေသည်။ ယှဉ်ပြိုင်သူမရှိသဖြင့် ၎င်းတို့သည် ပွားများလာကြမည်ဖြစ်သည်။


(ခ) ရောဂါပေးနိုင်စွမ်းရည် (Virulence)
ရှေးယခင်က ရောဂါပိုး၏ အရှိတရားသည် ကူးစက်ခံရသူကို အန္တရာယ် ပေးစေလိုသည့် ရည်ရွယ်ချက် မဟုတ်ဟု ယူဆသည်။ ၎င်း၏အစာအာဟာရနှင့် မျိုးပွားမှုသည်သာ ရည်ရွယ်ရင်းဖြစ်သည်။ ရောဂါပိုးကြောင့် ကူးစက်ခံရသူ၏ ထိခိုက်မှုသည် ဘေးထွက်ဆိုးကျိုးသာ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ရောဂါပိုးတို့သည် ရေရှည်တွင် ကူးစက်ခံအပေါ် အန္တရာယ်ပေးမှု ပိုနည်းလာမည်ဟု ဆိုကြသည်။ သို့သော် ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှကြည့်လျှင် ရောဂါပြင်းထန်မှုသည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်၍ ရေတိုဆင့်ကဲပြောင်းလဲမှုများဖြစ်သည်။ ၎င်းကို ထိန်းညှိသော လက္ခဏာ တစ်ရပ်သာရှိသည်။ ကူးစက်ခံမှ နောက်ထပ်ကူးစက်သူကို ကူးစက်နိုင်သည်အထိ ရောဂါပြင်းထန်မှုကို လျှော့ချထားရန်ဖြစ်သည်။ ရောဂါသည် ပြင်းထန်လွန်းက နောက်လူကို မကူးစက်ခင် သေဆုံးသွားပေမည်။ ကူးစက်ပိုးသည် သေလူနှင့်အတူ ပျောက်ကွယ်သွားနိုင်သည်။ သို့တည်းမဟုတ် ရောဂါသည် လူတစ်ဦးကို ကူးစက်ပြီး နောက်လူကို မကူးစက်နိုင်မီ ခုခံအားစနစ်၏ တိုက်ခိုက်မှုခံရပါကအဆိုပါပိုးသည် ပျောက်ကွယ်သွားနိုင်သည်။ ဤသဘာဝရွေးချယ်မှုဖိအားဖြင့်ရောဂါ၏ ပြင်းထန်မှုသည် ပြောင်းလဲလျက် ရှိသည်ဟုဆိုထားသည်။

(ဂ) ခုခံအားစနစ်ကို ရှောင်ကွင်းခြင်း (Immune Evasion)
ရောဂါပိုး၏ အောင်မြင်မှုသည် ကူးစက်ခံရသူ၏ ခုခံအားစနစ်ကို ရှောင်ကွင်း နိုင်မှုကိုလည်း မှီတည်နေသည်။ သို့ဖြစ်၍ အဆိုပါသဘာဝ ရွေးချယ်မှု ဖိအား သက်ရောက်နေ၍ ရောဂါပိုးတို့သည် ရှောင်ကွင်းရန် နည်းလမ်းမျိုးစုံ ဆင့်ကဲ ပြောင်းလဲ ဖြစ်ထွန်းလာကြသည်။ အိမ်ရှင်၏ဆဲလ်တွင် ပုန်းခိုခြင်း၊ ဆဲလ်အခွံ (Capsule) ဖြင့် ကာကွယ်ခြင်း၊ ဇီဝလက္ခဏာများ (Antigen/markers) လျင်မြန်စွာပြောင်းလဲခြင်း၊ အိမ်ရှင်၏ မော်လီကျူးများ (ဥပမာ သွေးထဲမှ ဖိုက်ဘရင် ပရိုတင်း) ဖြင့် ရုပ်ဖျက်ခြင်း အစရှိသည့် နည်းလမ်းမျိုးစုံ ဖြစ်ထွန်း လာကြသည်။
 

လူသားဖက်မှဆီလျော်အောင် ပြုပြင်မှုများ
(က) အကန့်အသတ်၊ အတားအဆီးများ (Constraints)
ဆီလျော်အောင် ပြောင်းလဲမှုဆိုသည်မှာ ဆင့်ကဲဖြစ်ပေါ်နိုင်မှသာ ရရှိသော လက္ခဏာရပ်များဖြစ်သည်။ အချို့ ဆီလျော်အောင် ပြုပြင်မှုများသည် နေထိုင်မကောင်း ဖြစ်ခြင်းကို ကာကွယ်နိုင်၍ ဆင့်ကဲဖြစ်ပေါ်ကောင်းသော်လည်း လုံလောက်သော သဘာဝရွေးချယ်မှု ဖိအားတစ်ခု မရှိလျှင် ဆင့်ကဲမပေါ်ပေါက်နိုင်ပါ။
ခန္ဓာကိုယ်ဆဲလ်များ၏ ဒီအန်အေ ပုံတူပွားမှုသည် အလွဲအမှား အလျင်းကင်းစင်အောင် မဆောင်ရွက်နိုင်သဖြင့် ဆဲလ်ပွားနှုန်းဖောက်ပြန်ကာ ကင်ဆာရနိုင်သည်။ ကျွန်ုပ်တို့၏ ပရိုတင်းဓာတ်ကူပစ္စည်းများသည် တဆင့်ချင်း ဆင့်ကဲပြောင်းလဲလာ ရခြင်းဖြစ်ရာ ၎င်းပြောင်းလဲခဲ့ရသည့် လမ်းကြောင်းများအတိုင်း အကန့်အသတ်များ ရှိနေမြဲဖြစ်သည်။ သို့ဖြစ်၍ ဇီဝမော်လီကျူးစနစ်အားလုံးသည် ပြီးပြည့်စုံမှု ဟူသည် မရှိနိုင်ချေ။

နို့တိုက်သတ္တဝါတို့၏ ဆင့်ကဲပြောင်းလဲမှုတလျှောက်တွင် အချို့ မျိုးနွယ်များ (တွေ့ ရှိရသမျှ ပရိုင်းမိတ်နှင့် ပူးမျိုးနွယ်များဖြစ်ကြသည်) တွင် ဗိုက်တာမင်စီ ထုတ်လုပ်သည့် ပရိုတင်းအင်ဇိုင်းအတွက် ဗီဇသည် ပျက်စီးယို့ယွင်းသွားခဲ့သည်။ ဤဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းကြောင့် လူသားတို့သည် ဗိုက်တာမင်စီကို မချက်လုပ်နိုင်ပဲ ပြင်ပမှ မှီဝဲရသည်။ ဗိုက်တာမင်စီ ချို့တဲ့မှုသည် သွားဖုံးနှင့် အရေပြားသွေးယိုစီးမှု ဖြစ်စေနိုင်သည်။  အလွန်ပြင်းထန်ပါက သွားများ ကျွတ်ထွက်စေနိုင်သည်။ အနာမကျက်လွယ်ပဲ ပြည်တည်နာများဖြစ်လာနိုင်သည်။ နောက်ဆုံး အသက် သေဆုံးသည် အထိဖြစ်စေနိုင်သည်။
တဖန်မျက်လုံးအိမ်အတွင်း အရည်ဖိအားမြင့်တက်သည့် ရောဂါကြောင့်လည်း အာရုံကြောဆဲလ်တို့သည် ထိခိုက်မှုများ ရရှိပြီး အမြင်အာရုံ ချို့ယွင်းနိုင်သည်။ အဆိုပါ ပြဿနာရပ် အားလုံးကို ဖြေရှင်းရန်မှာ အလင်းခံစားသည့် ဆဲလ်များကို အရေပြားအောက်တွင် တိုက်ရိုက် ဖွံ့ဖြိုးခြင်းဖြင့် ရနိုင်ပေသည်။ သို့သော် လူသား၏ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ အရေပြားမှ မျက်လုံး မဖြစ်နိုင်သောကြောင့် အဆိုပါ ချို့ယွင်းချက်များ ရှိနေခြင်းဖြစ်သည်။ သို့သော် မျက်လုံးပိုင်ဆိုင်မှုသည် အဆိုပါ ရောဂါများနှင့် ချို့ယွင်းချက်များနှင့် ယှဉ်လျှင် လူသားအတွက် များစွာ အကျိုးရှိနေ၍ ဖြစ်သည့်နည်းဖြင့် မျက်လုံး ဖွံ့ဖြိုးလာရခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ လေပြွန်အထက်ပိုင်းသည် အစာပြွန်နှင့် တသားတည်း ဖြစ်နေပေသည်။ သို့ဖြစ်၍ အစာနှင့် အန်ဖတ်များ လေပြွန်တွင် ဆို့ကာ အသက်အန္တရာယ် ပေးနိုင်ပါသည်။ ထို့ကြောင့် လေပြွန်နှင့် အစာပြွန်တို့သည် သီးခြားစီ ဖြစ်သင့်သည်။ လွန်ခဲ့သည့် နှစ်သန်း ၄ဝဝခန့်က ကျောရိုးရှိသတ္တဝါ ဘိုးဘေးမျိုးစိတ် တစ်ခုမှ ဆူးတောင် ရေယက်ပါငါး အုပ်စုနှင့် အသားစိုင်ရေယက်ပါငါး အုပ်စုတို့ ခွဲထွက်စဉ်က ထိုဘိုးဘေးသက်ရှိ၏ အူလမ်းကြောင်းမှ အိတ်သဖွယ်အင်္ဂါငယ်သည် မတူညီသော လမ်းကြောင်းများနှင့် ပြောင်းလဲခဲ့သည်။ ဆူးတောင်ရေယက်ပါငါးတို့၌ ရေကူးရာတွင် ကူညီသည့် လေစည်ဖောင်း ဖြစ်လာပြီး၊ အသားစိုင် ရေယက်ပါငါးတို့တွင် ကနဦးအဆုတ် ဖြစ်လာသည်။ ထို ရှေးဦးအသားစိုင် ရေယက်ပါငါးမျိုးနွယ်တို့မှ လူသားနှင့် နို့တိုက်သတ္တဝါများ ဆက်လက် ကွဲထွက် ပေါ်ပေါက် လာခဲ့ပေသည်။ ထို့ကြောင့်လည်း အစာပြွန်နှင့် လေပြွန် ဆက်စပ်မှု ရှိနေခြင်း ဖြစ်သည်။



ပုံ -                 ရှေးဦးအရိုးမာငါး၏ အစာရေမျိုနှင့် ဆက်နေသည့် ကနဦးလေအိတ် (အထက်ဝဲ)မှ အဆုတ်ငါး၏ အဆုတ်၊ ဦးပိုင်းဆူးတောင်ပါငါးမျိုး ဖြစ်သော ထရောက် (Trout)ငါးကဲ့သို့ လေပြွန်(Pneumatic Duct) ပါသည့် လေစည်ဖောင်း၊ နှောင်းကျသည့်ဆူးတောင်ပါ ငါးမျိုးဖြစ်သည့် တွတ်ငါးမျိုးနွယ်များ၏ အစာရေမျိုမှသီးသန့်ဖြစ်နေသည့် လေစည်ဖောင်း။ (အထက်မှအောက်သို့ ယာသုံးခု)
ရှေးဦးအဆုတ်သည် အစာလမ်းကြောင်းမှ ထွက်သည့် အိတ်သဏ္ဍာန်အင်္ဂါများဖြစ်သည်။ ခြေလေးချောင်းသတ္တဝါ တို့၏ အဆုတ် (အောက်ဝဲ) သည် အရိုးမာငါး၏ ရှေးဦးအဆုတ်မှ ဆင်းသက်လာသည်။ ဤတည်ဆောက်ပုံကို ဆက်လက်ထိန်းသိမ်းထားသဖြင့် လေပြွန်သည် အစာပြွန်နှင့် ဆက်နေခြင်းဖြစ်သည်။


(ခ) အကျိုးနှင့် ပေးဆပ်မှု (Trade-offs)
ဆင့်ကဲဖြစ်စဉ်အရ ဆီလျော်အောင် ပြုပြင်မှု တစ်ခုစီသည် သက်ရှိတစ်ခုတည်းတွင် ပဋိပက္ခ ရှိနေသည်။ ပဋိပက္ခ ဖြစ်သော ဆီလျော်ပြောင်းလဲမှုတို့ကို သင့်လျော်သော အကျိုးနှင့် ပေးဆပ်မှုရရှိရန် ပြန်လည် ချိန်ညှိသည်။ ၎င်းတို့တွင် ပါဝင်သည့် သာဓကတို့မှာ-

ဦးနှောက်နှင့် အူလမ်းကြောင်း အရွယ်အစား- ပိုကြီးသော ဦးနှောက်သည် ပိုမြင့်သော စွမ်းအင်သုံးစွဲမှုရှိသည်။ စွမ်းအင်ရရှိရန် အစာစုပ်ယူဖို့ အူလမ်းကြောင်း ဖွံ့ဖြိုးရန်လိုအပ်သည်။

အရေပြား ရောင်ခြယ် ထုတ်လုပ်မှု- ခန္ဓာကိုယ် အမွေးနည်းပါးလာသော လူသား၏ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ အရေပြား၌ မယ်လနင် (Melanin)ခေါ်ရောင်ခြယ်ပိုများလာသည်။ ထိုရောင်ခြယ်ကကင်ဆာအထိ အန္တရာယ်ပေးနိုင်သောခရမ်းလွန်ရောင်ခြယ်ကို ကာကွယ်ပေး ထားသည်။ ဆိုးကျိုးကား ခရမ်းလွန် ရောင်ခြယ်ရှိမှ အရေပြားသည် ကော်လက်စထရောမှ ဗိုက်တာမင်ဒီ ချက်လုပ်နိုင် ခြင်းဖြစ်သည်။ ဗိုက်တာမင်ဒီသည် ခန္ဓာကိုယ်တွင်း ကယ်ဆီယမ်နှင် အရိုးဇီဝကမ္မ ဖြစ်စဉ်အတွက် အရေးပါသော ဟော်မုန်းဖြစ်သည်။ သို့ဖြစ်၍ ကင်ဆာ ကာကွယ်သော ရောင်ခြယ် (အသားမဲခြင်း) နှင့် ဗိုက်တာမင်ဒီ ထုတ်လုပ်မှုအတွက် ရာသီဥတုနှင့် အညီ လူသား၏ အရေပြားသည် ရောင်ခြယ် ထုတ်လုပ်မှုကို ထိန်းညှိနေသည်။ ဤ ရောင်ခြယ်ကွာခြားမှုသည် နေရောင်ခြည်နှင့် ဥတုမတူသော ဒေသအသီးသီးမှ လူတို့၏ အသားအရောင် ကွာခြားမှု၏ ပင်မအကြောင်းရင်း ဖြစ်သည်။

ဘာသာစကားနှင့် လေပြွန်ဆို့ခြင်း- လူသားသည် တိကျသော အသံကို အခြေခံသည့် ဘာသာစကား အသုံးပြုသည့်အတွက် ဆက်သွယ်ရေး အကျိုးအမြတ် များစွာ ရှိသည်။ သို့သော်အသံအိုးကို အခြေခံသော ဘာသာစကားဖြစ်သည်။ ဘာသာစကားအတွက်အသံအိုးနှင့်ဆက်နွယ်သည့် ကြွက်သားတို့ကို ဆီလျော်အောင် ပြုပြင်ခြင်းကြောင့် အိပ်နေစဉ် လေပြွန် ကြွက်သားများ ပြေလျော့ကာ လေပြွန်ဆို့ခြင်း ဖြစ်တတ်သည်။ နှလုံးပြဿနာရှိသူများ၌ ဤချို့ယွင်းချက်သည် များစွာ အန္တရာယ် ရှိနေသည်။



လူ့ယဉ်ကျေးမှုကြောင့် ရသော ရောဂါများ
လူသားသည် အသီးခူး-အမဲလိုက်ဘဝမှ ပြောင်းလဲတိုးတက်လာသော ယဉ်ကျေးမှု လောကကြီးကို ရောက်ရှိလာခဲ့သည်။ သို့သော် လူ၏ အကျင့်နှင့် လက္ခဏာရပ်တို့သည် ထိုလောကသစ်ကြီးကို ဆီလျော်အောင် မပြုပြင်ရသေးပေ။ ဤပြောင်းလဲလာသော ပတ်ဝန်းကျင်သစ်သည် လူကို ကျန်းမာရေး ပြဿနာများစွာ ပေးသည်။

(က) အစားအသောက်
ရှေးအခါက လူတို့သည် အစာအာဟာရ ရှားပါသည်။ အသီးခူးရ၊ အမဲလိုက်ရ သဖြင့် ပင်ပန်းပြီး မထိရောက်ပေ။ ထို့ကြောင့်လူသည် ကစီနှင့် အဆီအဆိမ့်ကို အလွန် ခံတွင်းတွေ့ကြသည်။ ကစီသည် လူအတွက် မရှိမဖြစ် လိုအပ်သော အစာမျိုးဖြစ်၍ ဦးစားပေး နှစ်သက်ခြင်း ဖြစ်သည်။ အဆီကို ဖြိုခွဲလျှင် ကစီ၏အစားထိုး သုံးနိုင်သည်။ ထို့ကြောင့်လည်း အဆီကို နှစ်သက်ခြင်းဖြစ်သည်။ ယနေ့ခေတ် ယဉ်ကျေးမှု တိုးတက် လာ၍ အသီးခူးစရာမလို၊ စိုက်ပျိုးစားသောအခါ၊ အမဲလိုက်စရာမလိုပဲ မွေးမြူလာ သောအခါ၊ အစာအာဟာရသည် အဆမတန် ပေါကြွယ်ဝလာသည်။ သို့သော် လူ၏ သဘာဝအသိသည် အစာရှားသည့် ပတ်ဝန်းကျင်ဟုသာ ထင်မှတ်နေသည်။ ထို့ကြောင့် ပေါများသည့် အတိုင်း အလွန်အကျွံ စားသုံးမိပြီး ကျန်းမာရေးပြဿနာများ ရရှိလာသည်။ သွားပိုးစားခြင်းသည် ဥပမာတစ်ရပ်ဖြစ်သည်။ စက်မှုနည်းပညာ တိုးတက်လာ၍ ရေခဲသေတ္တာထဲ ထားသော်လည်း မအေးခဲသော Trans-fat များကို တီထွင်လာကြသည်။ ၎င်းသည်လည်း ကျန်းမာရေးကို များစွာ ထိခိုက်စေသည်။

(ခ) အိုမင်းခြင်း
လူသားသည် နည်းပညာနှင့် ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် အသက်ရှည်လာသည်။ သို့သော် အရှင်ဆိုးရှင်ရခြင်းသာ ဖြစ်သည်။ လူသား၏ သဘာဝအသက်တိုတို အတွက်သာ ခန္ဓာကိုယ်သည် ဆီလျော်အောင် ပြုပြင်ထား၍ အသက်ကြီးလျှင် ရောဂါမျိုးစုံ ဝင်လာကြသည်။ ကိုယ်တွင်းအင်္ဂါများ ယို့ယွင်းခြင်း၊ ခါးနာခြင်း၊ လေးဖက်နာ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိထိခိုက်ခြင်းအထိ အစုံပါဝင်သည်။ ဆင့်ကဲဖြစ်စဉ်သည် ရွေးချယ်မှုဖိအား တစ်စုံတစ်ရာ ရှိမှသာ အလုပ်လုပ်နိုင်သည်။ မည်သည့် သတ္တဝါမဆို မျိုးဆက်သစ် လက်ဆင့်ကမ်းပြီးလျှင် ၎င်းတို့အပေါ်သဘာဝရွေးချယ်မှု၏ ဖိအားလျော့နည်းသွားသည်။ မျိုးဆက်များစွာ ပွားများစေရန် ဆင့်ကဲပြောင်းလဲမှုကို အခြားဘဝလိုအပ်ချက် များက ကန့်သတ်ထားသည်။ သို့ဖြစ်၍ သတ္တဝါတို့သည် ၎င်းတို့ကိုအစားထိုးမည့် မျိုးဆက်သစ်များ ရရှိပြီးလျှင် မျိုးပွားဖို့ ဆက်လက်ကျန်ရစ်ရန် မလိုအပ်ပေ။ အသက်ရှည်စေမည့် ဗီဇများ မပေါ်ထွန်းလာပေ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ အိုမင်းလာကြသည်။

(ဂ) ကိုယ်လက်လှုပ်ရှားခြင်း
ယခင်က လူသားသည် ကိုယ်လက်လှုပ်ရှား များစွာ လုပ်ရသည်။ အသီးခူးရန်၊ အမဲလိုက်ရန်၊ ယဉ်ကျေးလာသော အခါတွင်လည်း ထွန်ယက်စိုက်ပျိုးရန် ကိုယ်လက်လှုပ်ရှား လုပ်ရသည်။ ယဉ်ကျေးမှု ပြောင်းလဲလာ သည်နှင့်အမျှ အချို့သည် ကိုယ်လက်လှုပ်ရှား နည်းပါးသည့်အလုပ်များသာ လုပ်ကြရတော့သည်။ ခေတ်သစ် အိုင်တီခေတ်တွင် ကွန်ပျူတာနှင့်သာ အလုပ်လုပ်ရသော ဘဝမျိုးတွင် ကိုယ်လက် လှုပ်ရှားသည် မရှိသလောက် နည်းသွားသည်။ ရှေးက လူသားတို့သည် ကိုယ်လက်လှုပ်ရှား မရှိသည့် အခါမျိုးသည် နေမကောင်းသည့် အချိန်မျိုးသာ ဖြစ်သည်။ ခန္ဓာကိုယ်က နေမကောင်းခြင်းကို တုံပြန်ရန် အသက်ကယ်သည့် ဇီဝကမ္မ ရည်ရွယ်ချက်များနှင့် စိတ်နှင့်ရုပ်ပိုင်းဖိစိးမှု ဆိုင်ရာလှုံ့ဆော်ချက်များ ထုတ်လုပ်ပေး သည်။ ခေတ်သစ်လူသားသည် ကျန်းမာနေလျက် ကိုယ်လက်မလှုပ်ရှား သည့်အတွက် ခန္ဓာကိုယ်ကို လှည့်စား သကဲ့သို့ဖြစ်စေသည်။ ခန္ဓာကိုယ်က လူကို နေမကောင်းသည့် သဖွယ် တုံ့ပြန်သည်။ အဆစ်ရောင်ခြင်းကဲ့သို့သော မှားယွင်းသည့် တုံ့ပြန့်မှုများသည် ရလဒ်ဆိုးများဖြစ်ကြသည်။

(ဃ)သန့်ရှင်းမှု
လူသား၏ ခုခံအားစနစ်တွင် အပိုင်းနှစ်ပိုင်းပါသည်။ တစ်ပိုင်းမှာ ရောဂါပိုးကို တိုက်ခိုက်သည့် အပိုင်းဖြစ်ပြီး၊ တစ်ပိုင်းမှာ အန္တရာယ်ပြုလောက်သည့် လှုံ့ဆော်မှု များကိုတုံ့ပြန်ခြင်းဖြစ်သည်။ ဒုတိယအမျိုးတွင် Allergy များ ပါဝင်သည်။ ခေတ်သစ် လူသားသည် ပိုးမွှားကင်းစင် သန့်ရှင်းလွန်းသဖြင့် ရောဂါပိုးကို တိုက်ခိုက်သည့် အပိုင်းမှာ အားနည်းလာသည်။ အထူးသဖြင့် သန်ကောင်ကဲ့သို့ ကပ်ပါးကောင် များသည် ရောဂါပိုးသတ်သည့် စနစ်ကို များစွာ အလုပ်ပေးသောလှုံ့ဆော်မှုဖြစ်သည်။ ထိုပိုးမွှား အန္တရာယ်ကင်းသဖြင့် Allergy ဖြစ်စေသော အပိုင်းမှာအလွန် အားကောင်း လာသည်။ သို့ဖြစ်၍ လှုံ့ဆော်မှု အနည်းငယ်သည်ပင် ကြီးမားလွန်းသော တုံ့ပြန်မှု ရသည်။ လေပြွန်ရောင်မှုကို အခြေခံသော ပန်းနာရောဂါသည် သန့်ရှင်းလွန်မှုနှင့် များစွာဆက်နွယ်မှုရှိသည်။ ကလေးတို့ကို မြေကြီးနှင့် ရင်းနှီးစေလျှင် ပို၍ ကျန်းမာသည် ဟု ကျွန်ုပ်တို့ သိထားကြသည်။ ၎င်းအဆိုကိုထောက်ခံသောအားဖြင့် မြေဆီလွှာဘတ်တီးရီးယား၏ ဇီဝလက္ခဏာမော်လီကျူး အချို့ကိုလူနာ၏ လေပြွန်တွင်းထည့်သွင်း ပေးခြင်းဖြင့်ရောဂါ သက်သာသည်ကို တွေ့ရှိထားသည်။ ရောဂါပိုးကာကွယ်သော ခုခံအားစနစ်သည်လျော့ကျသွားရန် မထိန်းညှိနိုင်ခဲ့သော် ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ် ပြန်တိုက်သော ရောဂါမျိုး (Autoimmune disease)များ ရရှိနိုင်သေး၏။

 မူကွဲဗီဇနှစ်စုံရှိခြင်း၏ အကျိုးကျေးဇူး
လူသားတစ်ဦးစီသည် ဗီဇတစ်မျိုးတည်းကို ဖခင်ဆီမှ မူကွဲဗီဇတစ်ခုနှင့် မိခင်ဆီမှ မူကွဲဗီဇ တစ်ခုရရှိသည်။ မူကွဲဗီဇတို့သည် လက္ခဏာရပ်အမျိုးမျိုး မူအမျိုးမျိုးကွဲနေသည်။ အချို့ လက္ခဏာရပ်တို့သည် လူသားကို ကောင်းကျိုး ပေးသည်။ အချို့သည် လူကို သေလောက်အောင် အန္တရာယ်ပြုသော ဗီဇချို့ယွင်းမှု ဖြစ်သည်။ ချို့ယွင်းသော မူကွဲဗီဇနှစ်စုံရှိသောသူသည် အန္တရာယ်ပေးလောက်သော ဗီဇချို့ယွင်းမှု ဖြစ်တတ်သော်လည်း ကောင်းမွန်သောဗီဇနှင့်တွဲ၍ရှိလျှင် ကောင်းသော ဗီဇက အန္တရာယ်ကို များစွာ လျှော့ချပေးသည်။ ထိုအခါ အန္တရာယ်ရှိသော ဗီဇသည် ထူးခြားသော အကျိုးကျေးဇူးများကို ဖော်ပြလာသည်။ တံစဉ်ပုံ သွေးနီဥဆဲလ်ကို ဖြစ်စေသော မူကွဲဗီဇသည် အန္တရာယ်ကင်းသော ဗီဇနှင့် တွဲ၍ လူသားတစ်ယောက် တည်ဆောက်၍ရသည်။
      ကောင်းမွန်သော ဗီဇရှိနေ၍ တံစဉ်ပုံသွေးနီဥဆဲလ်များသည် အန္တရာယ် မပေးလောက်သော ပမာဏ၌ ရှိနေသည်။ ငှက်ဖျားဖြစ်စေသော ကပ်ပါးအဏုဇီဝပိုး သည် တံစဉ်သွေးနီဥဆဲလ်ကို ကပ်ပါးပြုသောအခါ ဆဲလ်သည် အလွယ်တကူ သေဆုံးပြီး ဘေလုံးနှင့် အသည်းက ပိုးနှင့် ပျက်ဆီးသောဆဲလ်ကိုပါ သွေးကြောမှ ရှင်းထုတ်လိုက်သည်။ သို့ဖြစ်၍ ဤမတူညီသော မူကွဲဗီဇနှစ်စုံရှိခြင်းသည် ငှက်ဖျား ရောဂါ ခံနိုင်ရည်ကို တိုးမြှင့်ပေးထားသည်။ ဤအချက်က အန္တရာယ်ပေးသော မူကွဲဗီဇမျိုးကို ငှက်ဖျားပေါများသော ဒေသ၌ ပို၍တွေ့မြင်ရခြင်းကို ရှင်းပြထားသည်။ ဆင့်ကဲဖြစ်စဉ်သဘောအရ တံစဉ်ပုံ သွေးနီဥဆဲလ်ဖြစ်စေသော ဗီဇသည် သဘာဝ၏ ရွေးချယ်ခံရ သောကြောင့်ဖြစ်သည်။



ပုံ -                 (ဝဲ) ငှက်ဖျားဖြစ်သည့်ဒေသများ နှင့် (ယာ) တံစဉ်ပုံသွေးနီဆဲလ် ဗီဇပျံ့နှံ့တည်ရှိပုံ။
 

မျိုးနွယ်များ ကွဲထွက်ပုံကို ခွဲခြမ်းလေ့လာခြင်း၏ အသုံးဝင်ပုံ
ဆင့်ကဲဖြစ်စဉ်၌ မျိုးစိတ်တစ်ခုမှ မျိုးစိတ်အသစ်များ ကွဲထွက်ပုံကို လေ့လာသည့် နယ်ပယ် (Phylogenetics) ရှိသည်။ မျိုးကွဲထွက်ပုံလေ့လာခြင်းသည် ဆင့်ကဲဖြစ်စဉ်၏ အခြေခံဥပဒေသဖြစ်သော ဘုံတူညီသည့်ဇာစ်မြစ် (Common Descent) ကို အခြေခံထားသည်။ မျိုးကွဲထွက်ပုံ လေ့လာခြင်းသည်လည်း အကျိုးကျေးဇူးများစွာ ရှိသည်ကို ပြနေပါသည်။ ဓာတုလုပ်ငန်းကို သိရှိပြီးဖြစ်သည့် ဗီဇများနှင့် ဓာတုလုပ်ငန်း မထုတ်ဖော်ရသေးသည့် ဗီဇများကို မျက်မှောက်ခေတ် သက်ရှိများ၏ မျိုးနွယ်များ၏ ဆက်နွယ်ပုံကို လိုက်၍ နှိုင်းယှဉ်ပြီး ၎င်းဗီဇ၏ ဓာတုလုပ်ငန်းကို ထုတ်ဖော်နိုင်သည်။ ဤလုပ်ငန်းစဉ်သည် သင့်တော်သည့် ဆေးဝါးအသစ်များ ရှာဖွေဖန်တီးရာ၌ အခြေခံကျပေသည်။ ကူးစက်ရောဂါပိုးတို့သည် ကူးစက်ခံရောဂါရှင် မျိုးစိတ်များ ကွဲထွက်သည့်အလိုက် ၎င်းတို့လည်း ပြောင်းလဲလေ့ရှိကြသည်။ သို့ဖြစ်၍ မျိုးစိတ်ကွဲထွက်မှုသည် ကူးစက်ရောဂါပိုးတို့၏ အပြုအမူပြောင်းလဲမှုများကို သက်ရောက်မှုရှိလေသည်။ သို့ဖြစ်၍ ကူးစက်ခံသက်ရှိတို့၏ ဆင့်ကဲမျိုးကွဲထွက်ပုံကို လေ့လာခြင်းဖြင့် ကူးစက်ရောဂါပိုး သယ်ဆောင်နိုင်သည့် သက်ရှိမျိုးစိတ်များကို ရှာဖွေနိုင်သည်။ ကူးစက်ရောဂါ မျိုးကွဲထွက်မှုများကို ထောက်လှမ်းနိုင်သည်။ ၎င်းတို့နှင့် သင့်လျော်သည့် ကာကွယ်ဆေးများ ရွေးချယ်နိုင်သည်။


(Kyaw Zwar Lynn)
Ok, what is a human's destiny if you can suggest.
အပိုင်း ၁ အတွက် လင့်ခ်
https://www.facebook.com/notes/kyaw-zwar-lynn/%E1%80%86%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%85%E1%80%A5%E1%80%B9-%E1%80%9E%E1%80%AE%E1%80%A1%E1%80%AF%E1%80%AD%E1%80%9B%E1%80%AE-%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AB%E1%80%95%E1%80%B6%E1%80%AF-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81/628239663891130

အပိုင်း ၂ အတွက် လင့်ခ်
https://www.facebook.com/notes/kyaw-zwar-lynn/%E1%80%86%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%85%E1%80%A5%E1%80%B9-%E1%80%9E%E1%80%AE%E1%80%A1%E1%80%AF%E1%80%AD%E1%80%9B%E1%80%AE-%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AB%E1%80%95%E1%80%B6%E1%80%AF-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82/629117280470035

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...