Wednesday, January 29, 2014
ငြိမ်းချမ်းရေးစစ်တမ်း(၃)။ မြန်မာ့တပ်မတော်သည် ပြည်နယ်များမှနေ၍ တပ်ဆုတ်သင့်သလား။
Aung Htoo January 24, 2014 at 12:32am
နဝမပိုင်း။             မြန်မာ့တပ်မတော်သည် ပြည်နယ်များမှနေ၍ တပ်ဆုတ်သင့်သည် ဟူသော အမြင်။
ရှမ်းတပ်မှ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း က ၂၉ မေလ ၂၀၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်ကို သတိပြုမိသည်။ “မြန်မာအစိုးရကသာ တကယ်စေတနာရှိရင် တိုင်းရင်းသားနယ်မြေကနေ မြန်မာ့ တပ်မတော်အားလုံး တပ်ဆုတ် ရုပ်သိမ်းလိုက်လေ။ အဲလိုဆိုရင် တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး။ တခါတည်း ပွဲပြတ်ပြီပေါ့။ ငြိမ်းချမ်းရေးဆိုတာ လိုက်ရှာမနေနဲ့ သူ့ဟာသူအလိုလိုပေါ်လာလိမ့်မယ်။”
၎င်း၏ အဆိုတွင် နှစ်ပိုင်း ရှိသည်။ တိုင်းရင်းသားပြည်နယ်များမှနေ၍ မြန်မာ့တပ်မတော်တပ်များဆုတ် လိုက်လျှင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ ဟူသည်က ပထမ ပိုင်းဖြစ်သည်။
ဤသည်ကို အတိုင်းအတာ တခုအရ လက်ခံစဉ်းစားရပါမည်။ တိုင်းရင်းသားပြည်နယ်များတွင် သွားရောက်တပ်စွဲထားသော မြန်မာ့တပ်မတော်မှတပ်အများစု ကြီး ဆုတ်ပေးသင့်သည်မှာမူ သေချာ လှပါသည်။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်နယ်များသို့ ချီတက်ပြီး စစ်တိုက်စရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်။
လူထုထံမှ အချုပ်အခြာအာဏာ ဆင်းသက်လာသည်ဟူသော ဥပဒေသအရ၊ လူထုကို ကာကွယ်ခြင်း သည် အချုပ်အခြာ
အာဏာကို ထိန်းသိမ်းခြင်းဖြစ်သည်။ တိုင်းရင်းသားတပ်များအောက်တွင် ၄င်းတို့၏ သက်ဆိုင်ရာ လူထု သည် အကာအကွယ်
ရနေမည်ဆိုပါက အချုပ်အခြာအာဏာ ကို သူ့ဖာသာသူ ထိန်းသိမ်းထားပြီးဖြစ်နေသည်။ ထို့ ကြောင့် အချုပ်အခြာအာဏာ တည်မြဲရေးအတွက်ဟု အကြောင်းမပြနိုင်။ ရှမ်းတပ်၊ မွန်တပ်၊ ကရင်တပ်၊ ကရင်နီ တပ်၊ ၀တပ်၊ ကချင်တပ် စသည့်  တိုင်း၇င်းသား တပ်များတွင်လည်း အားနည်းချက်များ ရှိကြသည်မှာ အမှန်ပင်။ ဥပဒေစိုးမိုးရေးကို ထိပါးစေသည့် လုပ်ဆောင်မှုများကိုလည်း တွေ့ရသည်။
                    သို့ရာတွင် ၄င်းတို့သည် မိမိတို့၏ သက်ဆိုင်ရာလူထုအပေါ် ကြီးမားပြင်းထန်သည့် ဖိနှိပ်မှု၊ ရာဇ၀တ် မှုကြီးများ ကျူးလွန်မှုမှာ မရှိသလောက်နည်းသည်။ သို့ဖြစ်၍ ရှမ်းတပ်၏ ဖိနှိပ်ရက်စက်မှု အန္တရာယ်မှ ရှမ်းလူထုကို ကာကွယ်ရန် ဟု အကြောင်း ပြကာ မြန်မာ့တပ်မတော်က ရှမ်းပြည်နယ်သို့စစ်သွားတိုက်ရန် မလို။ မွန်တပ်၏ ဖိနှိပ် ရက်စက်မှုအန္တရာယ်မှ မွန်လူထုကို ကာကွယ်ရန်ဟု အကြောင်းပြကာ မြန်မာ့တပ်မတော်က မွန်ပြည်နယ်သို့ စစ်သွား တိုက်ရန်မလို။ အခြားပြည်နယ်များတွင်လည်း ထိုနည်းနှင်နှင် ပင်ဖြစ်သည်။
အဆိုပါ တိုင်းရင်းသားတပ်များသည် မြန်မာလူမျိုး အများစု နေထိုင်ရာ မြေပြန့်ဒေသသို့ဆင်းလာပြီး မြန်မာလူထုအားနှိပ်စက်ကလူ ပြုခြင်းလည်းမရှိ။ သူတို့ပြည်နယ်များမှာသာ သူတို့ ဖာသာနေထိုင်နေကြသည်။ အဆို ပါတိုင်းရင်းသား ပြည်နယ်များတွင်လည်း မည်သည့်နိုင်ငံခြားတိုင်းပြည်၏စစ်တပ်ကမှ ၀င်ရောက်ကျူးကျော် တိုက်ခိုက်မှု မရှိ။ ယင်းသို့ ဖြစ်ပါလျက် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်နယ်များသို့ အဘယ်ကြောင့် သွားရောက် စစ်တိုက်နေသနည်း။
သက်ဆိုင်ရာပြည်နယ်များတွင် အခြေစိုက် နေထိုင်လျက်ရှိသောလူထုကို ကာကွယ်ရန် ဟူသည်မှာ အပရိက မျှသာဖြစ်သည်။ စင်စစ်အားဖြင့် တိုင်းရင်းသား ပြည်နယ်များရှိမြေယာနှင့် သဘာဝသယံဇာတများအပေါ် လက်ဝါးကြီးအုပ်ချယ်လှယ် အသုံးချရန်မှာ အဓိကဖြစ်သည်။ လုံးဝ အသုံးချခွင့်မရှိဟုလည်း ဆိုလိုခြင်းမဟုတ်။ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများတွင် ဤသည်ကို ပွင့်လင်းစွာဆွေးနွေးပြီး မျှတစွာခွဲဝေသုံးစွဲနိုင်ရေးညှိနှိုင်းအဖြေရှာသင့်ပြီ ဖြစ်သည်။
ငြိမ်းသတ်လို့ ရပါလျက် မွေးထားသည့် ပြည်တွင်းစစ်ကို လက်ညှိုးထိုးပြီး မြန်မာ့တပ်မတော်ကို ကြီး သည်ထက် ကြီးအောင်တည် ဆောက်လာသဖြင့် မြောက်များလှသည့် စစ်အသုံးစားရိတ်များအောက်တွင် တိုင်းပြည်မှာ မွဲတေလာသည်။ ခရိုနီလူ့ အလွှာတခု မှလွဲ၍ လူထုအများစုကြီးမှာ ဖြူခါ ပြာကာကျလာသည်။ ပြည်တွင်းစစ် ၆၅ နှစ်ကြာ ဆင်နွှဲခဲ့ပြီးနောက် ထင်ရှားသိသာစွာ ကြီးပွား၊ တိုးများ၊ ပျံ့ ကားလာသော အရာ သုံးခုသာရှိသည်။ ကြီးပွားလာသည်မှာ စစ်တပ် ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဖြစ်သည်။ တိုးများလာသည်မှာ စစ်တပ်၊ စစ်အစိုးရနှင့် ခရိုနီများက လူထု ထံမှ သိမ်းယူထားသော မြေများဖြစ်သည်။ ပျံ့ ကားလာသည်မှာ မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသများသို့သွား ရောက်တိုက်ခိုက်ပြီး နိုင်ငံတကာအဆင့်ရှိ သည့် ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများဖြစ်သည်။
သို့ဖြစ်၍ ကုလသမဂ္ဂအထွေထွေညီလာခံက လူ့ အခွင့်အရေးချိုးဖေါက်မှု ဆိုင်ရာ ဆုံးဖြတ်ချက် များ နှစ်စဉ် ချပေးခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ်က အဆိုပါ ပြစ်မှု ကြီး များ အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပေး ၇န်ပင် အဆိုတင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ ပြန်လည် ဖြစ် ပွားခဲ့ သော စစ်ပွဲများအတွင်း ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်ကစစ်ရာဇ၀တ်မှု အတော်များများကျူးလွန်ခဲ့ကြောင်း တိကျသည့် သက်သေခံချက်အမြောက်အများရှိသည်။
ယင်းသို့ မငြိမ်းချမ်းသည့် အကြောင်းရင်းများကို ပေါင်းသွင်း စဉ်းစားနိုင်မှ အနာသိကာ ဆေးရှိပါမည်။ အမျိုးသား ရင်ကြားစေ့ရေးဟူသော ဆေးမြီးတိုကလေး တခုမျှနှင့် ရင့်ညောင်းရှည်ကြာလှပြီဖြစ်သော ပြည်တွင်း စစ် ပြဿနာကို အဖြေရှာနိုင်မည် မဟုတ်ပါ။
ထိုင်းမြန်မာနယ်စပ်တွင် ကရင်ဒုက္ခသည်များ သိန်းနှင့်ချီရှိသည်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီရေး အပြောင်းအလဲ လုပ်နေပါသည်ဟု မည်သို့ပင်ကြေညာဟစ်ကြွေးနေသော်လည်း ကရင်ဒုက္ခသည် အားလုံးနီးပါး သည် ယခုအချိန်အထိ နေရင်းရပ်ရွာ ကရင်ပြည်တွင်း သို့မပြန်ရဲကြ။ ၄င်းတို့သည် ပညာတတ်ကြီးများ မဟုတ်သော်လည်း ဘ၀ပေး အသိရှိသည်။ ၄င်းတို့၏ကျေးရွာများ အနီးတ၀ိုက်တွင် မြန်မာ့တပ်မတော်က တပ်စွဲထားသမျှ ဖြစ်နိုင်လျှင် နေရင်းရပ်ရွာကို မပြန်လိုကြ။ မပြန်ချင်ကြ၍ မဟုတ်။ ဒုက္ခသည်စခန်းမှာ နေရသည်ကပင် ဒုက္ခကြီးဖြစ်သည်။ ပြန်ချင် ကြသည်မှာ အမှန်။
ကိုယ့်ရွာကိုယ့်ဒေသတွင် လယ်ကလေး၊ ခြံကလေးများ လုပ်၍ အေးချမ်းစွာနေချင်ကြသည်။  သို့ ရာတွင် မြန်မာ့တပ်မတော် အကြောင်းကို ကောင်းစွာသိ၍သာ မပြန်ကြခြင်းဖြစ်သည်။ ကရင်ပြည်နယ်မှ နေ၍ မြန်မာ့ တပ်မတော် တပ်အများစုကြီးဆုတ် ပြကြည့်ပါ။ ကရင်ဒုက္ခသည်များ ၄င်းတို့၏နေရင်း ရပ်ရွာများသို့ အူလျား ဖားလျား အပြေးအလွှားပြန်သွားကြမည် မုချဖြစ်သည်။
ထိုနည်းတူစွာပင် ကချင်ပြည်နယ်စစ်ပွဲအတွင်း တသိန်းကျော်ရှိသည့် စစ်ဘေးဒုက္ခသည်များအနက် အများစုကြီးမှာ ကချင်လွတ်မြောက်ရေး အဖွဲ့(ကေအိုင်အို) ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရှိနေသည်။ ၄င်းတို့ သည်လည်း မပြန်ရဲကြ။ သို့ရာတွင် မြန်မာ့တပ်မတော်မှ တပ်အများစုကြီး ကချင်ပြည်နယ်မှနေ၍ ဆုတ်ပြကြည့်ပါ။ ကချင် စစ်ပြေးဒုက္ခသည်များ မည်သူကမျှ မကူညီချင်နေပါစေ။ ၄င်းတို့၏ နေရင်းရပ်ရွာများသို့ သူ့ထက်ငါ အရင်ဦး အောင် အရောက်ပြန်ကြမည်ဖြစ်သည်။
မြန်မာ့တပ်မတော်မှ တပ်များ အတိုင်းအတာအရ ဆုတ်ပေးသင့်သည်မှာ အငြင်းပွားဘွယ် မရှိသော် လည်း ရှမ်းတပ်မှ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်းထောက်ပြသလို သူ့အလိုလို ငြိမ်းချမ်းရေး ရသွား မည် ဟူသည်မှာမူ ဖြစ်နိုင်ဘွယ်မရှိပါ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အုတ်မြစ်ကိုမချနိုင်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ပြည်ထောင်စု တပ်မတော်တွင်တရားဝင်နေရာမချနိုင်၊ သဘာဝသယံဇာတ အရင်းအမြစ် များအား ပြည်ထောင်စုနှင့် ပြည်နယ်များအကြား မျှတစွာခွဲဝေမည့် ဥပဒေ မပြဌာန်းနိုင်၊ လွတ်လပ် မျှတ ဘက်မလိုက် သည့် ရွေးကောက်ပွဲအခြေခံများအား ဥပဒေပြင်ဆင်ပြောင်းလဲ ချမှတ် ခြင်းမပြုနိုင်၊ အငြင်းပွားမည့် ပြဿနာ မှန်သမျှအား ဥပဒေစိုးမိုးရေးအခြေခံတွင် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် (လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးကို မဏ္ဍိုင်ပြုသည့်) တိုင်းပြည် ယန္တယားများ မတည်ထောင်နိုင်လျှင် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းရေး မရနိုင်ပါ။
“ပြည်ထောင်စု ပြိုကွဲပါက တရားခံသည် မည်သူနည်း။”
စစ်ခေါင်းဆောင်များက ပြည်ထောင်စု မပြိုကွဲရေး ဟူသည်ကို ဟစ်ကြွေးနေသော်လည်း လက်တွေ့ တွင် ပြိုကွဲအောင်လုပ်နေသူများမှာ ၄င်းတို့ကိုယ်တိုင်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်္ဘာ နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ များ အတွင်း ကချင်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရက ကိုယ့်တိုင်းရင်းသား အချင်းချင်းအပေါ် ပြည်တွင်းစစ်သမိုင်း၌ အချိန် တိုအတွင်း အပြင်းထန်ဆုံး ထိုးစစ်ကြီးအား ရက်စက်စွာ ဆင်နွှဲခဲ့သည့် သာဓကကို ကြည့်နိုင်သည်။ ဤမျှကြီးမားပြင်း ထန်သည့် ထိုးစစ်ကြီးဆင်နွှဲခံရသည့် တိုင်းရင်းသားလူထုများ ဘက်မှ စဉ်းစားကြည့်ပါ။ ပြည်ထောင်စု ဟူသည်ကို ရွံရွာ မုန်းတီးသွားကြလျှင်ပင် ၄င်းတို့အပေါ်နားလည်နိုင်သည်။ မြန်မာစစ်ခေါင်းဆောင်များကြောင့် လူများစု မြန်မာလူမျိုးများ အပေါ် စိတ်နာသွားကြမည်ဆိုလျှင် ခွင့်လွှတ်သင့်သည်။ ခွဲထွက်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လျှင်ပင် ယင်းစိတ် ဓါတ်မျိုး ပေါ်ပေါက်လာအောင် ဖန်တီးသူများတွင် တာဝန်ရှိသည်။
ဤသည်မှာ ဦးသိန်းစိန်အစိုးရ၏ မူဝါဒအမှား သာမက၊ စစ်ခေါင်းဆောင်များ၏ မဆင်မခြင်ပေးအပ် သော အမိန့်များအောက်တွင် မြန်မာ့တပ်မတော် တရပ်လုံး အသုံးချ ခံနေရသောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော မူဝါဒမျိုး၊ လုပ်ရပ်မျိုးနှင့် ငြိမ်းချမ်းရေးကို မည်သို့လျှင် ရှာဖွေမည်နည်း။ စစ်မှန်သော ပြည်ထောင်စုကို မည်သို့လျှင် တည်ဆောက်မည်နည်း။ မြန်မာစစ်ခေါင်းဆောင်များသည် ယူဂိုဆလားဗီးယား ပြိုကွဲသွားမှုမှ သင်္ခန်းစာများရယူသင့် သည်။
ရောဂါကို ကုသမည့် သမားတော်သည် လူနာတွင် မည်သည့်ရောဂါစွဲကပ်နေကြောင်း အမှန်အတိုင်း သိရန်ကြိုးစားရပါမည်။ ကင်ဆာဖြစ်နေပါလျက် ကင်ဆာမှန်းသိအောင် မရှာဖွေနိုင်လျှင် သမားတော်ညံ့၍ဖြစ်သည်။ အသက်ဆုံးရှုံးလောက်သည့် ကင်ဆာမှန်းသိပါလျက် လူနာကို အမှန်အတိုင်းမပြောဘဲ သာမန်အပူနာလောက်ပါ ဟု နှစ်သိမ့်ခြင်းဖြစ်လျှင် လူနာကို မြန်မြန်သေတွင်းပို့ရာရောက်သည်။ ဤနှစ်ခုလုံးမကောင်းပါ။ မြန်မာ့တပ်မတော်တွင် ၁၉၆၂ ခုနှစ်ကထဲက သိသိသာသာ စွဲကပ်လာသည့် ရောဂါမှာ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒဖြစ်သည်။ ယင်းတို့ကို မစွန့် လွှတ်သမျှ ပြည်တွင်းငြိမ်းချမ်းရေး ရရန် မလွယ်ပါ။ ဤသည်ကို သမားတော်နေရာတွင် ရှိနေသည့် နိုင်ငံရေးခေါင်းဆောင်များက မြန်မာ့တပ်မတော်အား ပွင့်ပွင့်လင်းလင်း အသိပေးပြီး ရောဂါကို ကုသပေးရန်လိုပါမည်။ သို့မဟုတ်က ငြိမ်းချမ်းရေးနှင့် ဝေးနေပါမည်။
ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက လူနာရှင်ဖြစ်သော မြန်မာ့တပ်မတော်သည် မိမိ တွင် စွဲကပ်နေသောရောဂါ ထောက်ပြသူများအား ရန်သူလို သဘောမထားသင့်ပါ။ စစ်ခေါင်းဆောင် ဟောင်း သစ်များ နှင့် မြန်မာ့တပ်မတော် ကိုယ်တိုင်က စစ်အာဏာရှင်စနစ် နှင့် မဟာလူမျိုးကြီး ၀ါဒ နှစ်ရပ်ကို မစွန့်လွှတ်ပါက မည်သည့် အခါတွင်မျှ စစ်မှန်သည့် ငြိမ်းချမ်းရေး ရနိုင်ဘွယ်မရှိပါ။
၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ (၁၇) နှစ် အပစ်ရပ်ခဲ့သည့်ကာလ အတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုအပေါ် လူထုထောက်ခံမှုကို အများမြင်သာလောက်အောင် ထူးထူးခြားခြား မတွေ့ခဲ့ရပါ။ ၂၀၁၁ ခုနှစ်ဇွန်လ မှ စ၍ကေအိုင်အို က မြန်မာ့တပ်မတော်၏ ထိုးစစ်များအား ကြံ့ကြံ့ခံပြန်လည် တွန်းလှန် တိုက်ခိုက်ခဲ့ပြီးနောက် ကချင် ပြည်နယ်လူထုက ကေအိုင်အို၊ ကေအိုင်အေ ကို အင်တိုက်အားတိုက် ထောက်ခံလာခဲ့သည်။ မြစ်ကြီးနားဆွေးနွေးပွဲ များတွင် လူထုက ကေအိုင်အိုအား သောင်းသောင်းဖျဖျ ကြိုဆိုမှုမှာ အံမခန်းလောက်စရာဖြစ်သည်။ ယင်း ကြိုဆိုပွဲများ တွင် ကချင် အဆိုရှင် ဇော်လိုင်၏ "ဘွန်ဆန်တောင်” ဟူသော သီချင်းကိုတောက်လျှောက်ဖွင့်ခဲ့ကြသည်။ "ဘွန်ဆန် တောင်” မှာ မြန်မာ့တပ်မတော်၏ ထိုးစစ်အား ကချင်လွတ်မြောက်ရေး တပ်မတော်က ကြံ့ကြံ့ခံတွန်းလှန် တိုက်ခိုက်ခဲ့ သည့် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည့် တောင်၏ အမည်ဖြစ်သည်။ သီချင်းတွင် ဘုရားကျောင်းများ မီးရှို့ ခံရသည်ကအစ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း၊ ခြံသိမ်း ဖိနှိပ်မှုများကို ဖေါ်ကျူးထားပြီး “ရွှေလက်ဖြင့် ခေါ်လဲမလာ၊" “စိန်လက်ဖြင့် ခေါ်လဲ မလာ” ဟူ၍ နိဂုံးချုပ်ထားသည်။
သို့ရာတွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ခေါင်းဆောင်များသည် အမြင်ကျယ်သည်။ သဘောထားကြီးသည်။ အရှည်ကို မျှော်တွေးကြသည်။ ကမ္ဘာတခွင်ကို လှမ်းကြည့်ကြသည်။ ခွဲထွက်ရေးစကား စိုးစဉ်းမျှ မဟကြ။ ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မည်ဟု ဆုံးဖြတ်ကြသည်။ ပြီးခဲ့သည့် မြစ်ကြီးနား ဆွေးနွေး ပွဲတွင် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က အောက်ပါအတိုင်းအတိအလင်း ပြောသွားခဲ့ သည်။
“ ပြည်တွင်းစစ်ရပ်စဲပြီး တည်ငြိမ်အေးချမ်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖေါ် ဆောင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသွားရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာ ရေး နှင့် အမျိုးသား တန်းတူရေး ရရှိရေးတို့အတွက် အားလုံးကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါတယ်။”
တိုင်းရင်းသားများဘက်က ဤကဲ့သို့သော ပျော့ပြောင်းသည့် သဘောထားများနှင့် ပြည်ထောင်စု တည်ဆောက်ရေး နည်းနာများကို တင်သွင်းခြင်း၊ နှစ်ဘက် ငြိမ်းချမ်းစွာတွေ့ဆုံအဖြေရှာရန် အားထုတ်ခြင်းများ လုပ် ဆောင်နေပါလျက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တောက်လျှောက်တက်ရောက်နေသူ မြန်မာ့တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ အခွင့်အာဏာ များကို အပ်နှင်းခြင်းခံထားရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးသည် အဘယ်ကြောင့် သဘောထားတင်းမာလွန်းနေသနည်း။ "တိုင်းရင်းသားတွေ လိုချင်တဲ့ ပြည်ထောင်စု ဆိုတာ မည်သည့်အရာမှန်း မသိ” ဟူ၍ သူမို့ လို့ပြောရက်လေခြင်း။ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်ကြောင်း ၁၉၆၂ ခုနှစ် ကထဲက တောက်လျှောက်တောင်းဆိုလာခဲ့သည်။ ၄င်းကိုယ်တိုင်တက်ခဲ့သည့် မြစ်ကြီးနားဆွေးနွေးပွဲမှာလည်း တင်ပြ ချက် အကြိမ်ကြိမ်ကြားခဲ့ဘူးပြီ။ လိုင်ဇာတွင် ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံမှလည်း အလားတူဆုံးဖြတ်ချက် ထွက်လာကာ ဖက်ဒရယ်ပြည်ထောင်စုကို ကျယ်ကျယ်လောင်လောင် ပူပူနွေးနွေးထပ်မံ တောင်းဆိုခဲ့ပြီးပြီ။ အဘယ် ကြောင့် သူမသိပါဟု ဇွတ်ငြင်းနေသနည်း။
တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့မည်သို့တည်ဆောက်သွားလျှင် ရနိုင်မည်လဲ သူမသိပါ ဟု ပြောသွားလျှင် လက်ခံနိုင်ဘွယ်ရှိသေးသည်။ ပညာရပ်ပိုင်းဆိုင်ရာ အရ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်သည့် သဘောသဘာဝ ကို မသိပါ ဟု ဆိုလျှင် ကူညီမည့် ပညာရှင်များ နိုင်ငံခြားမှ မှာယူ နိုင် သည်။ တိုင်းရင်းသားများထဲမှလည်း ပို့ချပေးနိုင်သူ အမြောက်အများ ရှိသည်။ ပြည်တွင်းတွင် ဥပဒေပညာရှင်များ လည်း မနည်းလှ။ ယခုမူ ယင်းသို့မဟုတ်ပါ။ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုနေမှန်းသိပါလျက် ဇွတ်ငြင်းကာ ၄င်းနားလည် လက်ခံသည့် ပြည်ထောင်စု ဟူသည်မှာ ၂၀၀၈ ဖွဲ့စည်ပုံအရ တည်ဆောက်ထားပြီးပြီဟု အတိအလင်း မြွက်ဟ လိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များဘက်မှ ဘာကို ဆက်ဆွေးနွေးရမည် မသိတော့။
မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နှစ်ဘက်အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမည့် အနေအထားကို လက်မခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံကိုသာ အသေကိုင်ထားသည့် သဘောထားအား နှုတ်ကလည်း ပြောလာသည်။ အစိုးရအဆိုပြုစာချုပ်တွင်လည်း ယင်းအတိုင်းဖေါ်ပြထားသည်။ ယင်းသို့တင်းမာသည့် သဘောထားကြောင့် ပြည်တွင်းစစ်မီး အရှိန်ကြီးလာလျှင် ပထမဆုံးတာဝန်ရှိသူမှာ ကာချုပ် မင်းအောင်လှိုင်နှင့် သမတ ဦးသိန်းစိန်တို့ခေါင်းဆောင်သည့် (ကာ၊ လုံ) ဖြစ်သည်။ ဒုတိယ တာဝန်ရှိသူများမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒူးတိုက်ထိုင်ဆွေးနွေးပြီး ၄င်းတို့၏ သဘောထားမှန်များကို သိပါလျက် မျက်စိမှတ် ဇွတ်ငြင်းနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ မျက်စိဖွင့်ပြီး ကတိပေးထားပါလျက် မသိချင်ယောင်ဆောင်နေသူ ဦးအောင်မင်း တို့ဖြစ်သည်။
“ရရင်ရ မရရင်ချ" ဟူသော ဗိုလ်ချုပ်အောင်ဆန်း လှုံ့ ဆော်သွားခဲ့သည့် ကြွေးကြော်သံအား မြန်မာ့ တပ်မတော်ဘက်က သာ သုံးနိုင်သည်ဟု မယူဆသင့်။ မြန်မာမဟုတ်သည့် တိုင်းရင်းသားများကလည်း အချိန်မရွေး သုံးနိုင်သည်။ အမျိုးဂုဏ် ဇာတိမာန် ဟူသည်ကို မြန်မာတွေမှာသာ ရှိသည်ဟု ယူဆပြီး စာရေးသူကဲ့သို့မြန်မာလူမျိုး များကို မှားယွင်းစွာ သွေးထိုးလှုံ့ ဆော် အသုံးချမှုမျိုးမပြုသင့်။ မြန်မာမဟုတ်သည့် တိုင်းရင်းသားတွေမှာလည်း သူ့ အတိုင်း အတာနှင့်သူ အမျိုးဂုဏ် ဇာတိမာန်များ ရှိကြကြောင်း မြန်မာ့တပ်မတော်ခေါင်းဆောင်များ သတိပြုနိုင်လျှင် ငြိမ်းချမ်းရေးအတွက် အကျိုးရှိနိုင်ပါမည်။
“ကိုးကန့်ကို သုံးရက်အတွင်း အပြီးတိုက်ခဲ့တယ်။ ကချင် ကေအိုင်အိုကို ခုနှစ်ရက် အတွင်း ရအောင် ချေမှုန်းပြစ်နိုင်တယ်။” ဟူ၍ ကြုံးဝါးခဲ့သော စစ်ခေါင်းဆောင်များ၏ စကားသည် ကချင်အမျိုးသားများ၏ အမျိုးဂုဏ်၊ ဇာတိ မာန် စိတ်ဓါတ်ကို လှုံ့ ဆော် ပေးလိုက်သလို ဖြစ်စေခဲ့သည်။ ကချင် လူငယ်များသည် အုပ်လိုက် ပြုံလိုက် ချီလျက် ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ အတွင်းသို့ဝင်ရောက်သွားကြသည်။ အရည်အတွက် အားဖြင့် သောင်းနှင့်ချီသော ကျေးလက်နေ ကချင် အရပ်သားလူထုများက ကေအိုင်အေထံမှ လက်နက်များတောင်းကာ ၄င်းတို့ ဒေသကို ကာကွယ်နိုင်ရေးအတွက် ပြည်သူ့စစ်များ ဖွဲ့ခဲ့ကြသည်။ ခုခံတွန်းလှန်စစ်တွင် ပါဝင်ခဲ့ကြသည်။ နိုင်ငံတကာ ရောက် ကချင်အမျိုးသားများ၊ ကချင်အဖွဲ့အစည်းများသည် လက်ချင်းချိတ်တွဲကာ ကချင်အမျိုးသားရေး အတွက် တက်တက်ကြွကြွ လှုပ်ရှားမှုများ လုပ်လာခဲ့ကြသည်။ ဤသည်မှာ ကချင်ပြည်နယ်လူထု၏ သမိုင်းဖြစ်သွားခဲ့ပြီ။ မြန်မာ့ တပ်မတော်က အထင်မသေးသင့်။
ပြင်းထန်သော လက်နက်ကြီးများနှင့် အဆမတန်များပြားသည့် လူအင်အား တို့ကိုသာမက တိုက် လေယာဉ်များနှင့် ဟယ်လီကော်ပတာများကိုပါ သုံးပြီးတိုက်နိုင်ခဲ့သောကြောင့်သာ အရေးကြီးသည့် တောင်ကုန်းများ အား သိမ်းနိုင်ခဲ့သည့်အပေါ် မြန်မာ့တပ်မတော်က စစ်မာန်မတက်သင့်။ တိုက်ပွဲများ အရှိန်ပြန်မြင့်လာလျှင် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကိုပင် သိမ်း၍ ရချင်ရနိုင်သည်။ သို့ရာတွင် နောက်ထပ် နှစ်ငါးဆယ် ဆက်တိုက်စေဦး ကေအိုင်အို ကို အမြစ်ပြတ်ချေမှုန်းရန် မဖြစ်နိုင်ပါ။ ပြည်တွင်းစစ်ကို နိုင်ငံရေးနှင့် ဥပဒေစိုးမိုးရေးအခြေခံတွင်သဘောထားမှန်မှန်နှင့် ငြိမ်းသတ်သင့်သော အချိန်ရောက်ပါပြီ။ ပြည်တွင်းစစ်ကို မွေးထားပြီး အာဏာရ စစ်ခေါင်းဆောင်ဟောင်းသစ်များ က ကိုယ်ကျိုးစီးပွားရှာနေကြသည် ဟူသည့် စွပ်စွဲချက်များကိုပါ ပြည်တွင်းစစ်နှင့်အတူ ချုပ်ငြိမ်းစေသင့်ပါပြီ။
ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိရေးတို့ကို တိုင်းရင်းသား အဖွဲ့ အစည်းများ ၄င်းတို့ဖာသာ ၄င်းတို့လုပ်တတ်ကြသည်။ မြန်မာ စစ်ခေါင်းဆောင်များက ၄င်းတို့ကိုယ်စား ၀င်ရောက်လုပ် ပေးစရာမလို။ တိုင်းရင်းသား ခေါင်းဆောင်များနှင့် မည်သို့လက်တွဲလုပ်ဆောင် နိုင်မည်ကို သာ နည်းလမ်းရှာရန် ရန်ရှိ သည်။ ယင်းမှာ မဟာမြန်မာလူမျိုးကြီး ၀ါဒကို စွန့်လွှတ်မှ ဖြစ်နိုင်သည်။ တန်းတူရေးအခြေခံကို ကျင့်သုံးမှ ဖြစ်နိုင်သည်။ လိုင်ဇာ တိုင်းရင်းသားညီလာခံ ၄င်းတို့ ဖာသာ ၄င်းတို့ကျင်းပနိုင်စွမ်းရှိသည်။ ကျင်းပခဲ့ပြီးလည်းဖြစ်သည်။ ယင်းတွင် မည်သည့် တိုင်းရင်းသား အဖွဲ့တခုတလေကမျှ ခွဲထွက်ရေး ကို တင်ပြီးဆွေးနွေးခဲ့ခြင်းပင်မရှိ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုတပ်မတော် ပေါ်ထွန်းရေးတို့ကိုသာ တခဲနက် အဆိုတင် သဘောတူညီမှု ယူနိုင်ခဲ့ သည်။ ယင်းမှာ ပြည်ထောင်စု မပြိုကွဲစေရန်ဟု အကြောင်းပြကာ မြန်မာစစ်ခေါင်း ဆောင်များ ၀င်ရောက်လုပ်ပေးခြင်း ဖြင့် ရလာသည့်ရလာဒ် မဟုတ်။ လိုင်ဇာသို့ လာရလွယ်အောင် ပိတ်ထားသည့် လမ်းများအား ယာယီ ပြန်ဖွင့်ပေးခဲ့သည် ကိုတော့ အသိအမှတ် ပြုရပါမည်။ မြန်မာ့တပ်မတော်မှတပ်များ ဆုတ်ပေးလိုက်ပြီးနောက် ပိတ်ထား သည့်လမ်းများ ထာဝရ ပြန်ပွင့်သွားလျှင် တိုင်းရင်းသားပြည်နယ်များအချင်းချင်း ကူးလူးဆက်ဆံမှုများစွာပိုမိုကောင်းမွန်လာမည် ဖြစ် သဖြင့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရရှိရေး တို့အတွက် အဆများစွာ အကျိုး ဖြစ်ပါမည်။
အောင်ထူး (ရှေ့နေ) ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူ
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...