Monday, January 27, 2014

ငြိမ်းချမ်းရေးစစ်တမ်း (၃)။ အဌမပိုင်း တို့တာဝန်အရေးသုံးပါး ဘောင်အတွင်း ပြန်လည်ဆွဲသွင်းခြင်း

Aung Htoo January 21, 2014 at 6:36pm
စနစ်ဟောင်းကို တော်လှန်ပြောင်းလဲလိုသည့် အင်အားစုများနှင့် စနစ်ဟောင်းကို ဖက်တွယ်ထားလို သော အင်အားစုများအကြား လက်နက်ကိုင်တိုက်ပွဲမဆင်နွှဲဘဲ အခြားနည်းလမ်းရှာကာ လူ့ အဖွဲ့အစည်းအား တိုးတက် ကောင်းမွန်အောင်လုပ်ဆောင်သွားကြမည် ဟူသော သဘောထားအခြေခံဖြင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ယင်းမှာ ခြွင်းချက် နိုင်ငံတချို့ မှ လွဲ၍ များသောအားဖြင့် တကမ္ဘာလုံး အသွင်လက္ခဏာဆောင် သည်။ အထူးသဖြင့် မြန်မာ နိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှစ၍ ပေါ်ပေါက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဤ သဘောတွင် လုံးဝပင် အခြေခံသည်။ သို့ရာတွင် စစ်အာဏာရှင် စနစ်ဟောင်းကို ဖက်တွယ် ထားလိုသူများက အကြောင်းအမျိုးမျိုးပြကာ ဆွေးနွေးပွဲများကို ဖျက်ဆီးခဲ့ကြသော ကြောင့် မအောင်မမြင် ဖြစ်ခဲ့ရခြင်း ပင်။
လက်ရှိစစ် ခေါင်းဆောင်ဟောင်း၊ သစ်များသည် ငြိမ်းချမ်းရေးကို တကယ်တမ်းမြတ်နိုး သည် ဆိုပါက ဤအတိတ် သမိုင်းသင်္ခန်းစာများမှ အတွေ့အကြုံများအား ပြန်လည် လေ့လာကာ ပြုပြင်ကျင့်သုံးသင့်ပြီ ဖြစ်သည်။
ဒီမိုကရေစီ အခြေခံကို ဖျက်ဆီးလျက် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းသည် စနစ်ဟောင်းဖြစ်သည်။ ခွဲထွက်ရေးကို အကြောင်းပြကာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ခဲ့ခြင်းသည် စနစ်ဟောင်းဖြစ် သည်။ အာဏာ သိမ်းပြီးနောက် တပ်မတော် သည် ဆိုရှယ်လစ်ရေးကို တကယ်တမ်း ဦးမတည်ဘဲ ဆိုရှယ်လစ်စနစ် တည်ဆောက်သွားမည်ဟု ကြေညာလုပ်ဆောင်ခဲ့ခြင်းမှာ စနစ်ဟောင်းဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းထားခဲ့စဉ် အတွင်း တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဟူ၍ ကြွေးကြော် ကျင့်သုံးခဲ့ခြင်းသည် စနစ် ဟောင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့ကာလ အထိ တပ်မတော်က ချမှတ်ကျင့်သုံးခဲ့သည့် စနစ်ဟောင်းအမြောက်အများသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ခေတ်စနစ်ကို တကယ်တမ်းပြောင်းလဲလိုသော ဆန္ဒရှိလျှင် စနစ်ဟောင်းများအား ဆက်လက်ဖျက် သိမ်းရန် လိုအပ်ကြောင်းကို လက်ရှိ မြန်မာ့တပ်မတော်ခေါင်းဆောင်များ ရိုးသားစွာလက်ခံရန် အချိန်ရောက် ပါပြီ။ လက်မခံ သေးလျှင် လက်ခံ လာစေရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောခွင့်ရ သည့် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားရန် တာဝန်ရှိသည်။ အထူးသဖြင့် လူထုသည် ပြည်တွင်း ငြိမ်းချမ်းရေး နှင့် စပ်လျှဉ်း၍ မိမိတို့၏ အမြင်၊ သဘောထားနှင့် ရပ်တည်ချက်များအား တကမ္ဘာလုံးကြားအောင် ဖေါ် ထုတ်သင့်ပါပြီ။

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် တို့တာဝန်အရေးသုံးပါးသည် စစ်အာဏာရှင်စနစ်က ချမှတ်ကျင့်သုံးခဲ့သည့် နိုင်ငံရေး ကြွေးကြော်သံများ ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး တို့မှာ နားထောင် လိုက်လျှင် ဟုတ်သယောင်ယောင်နှင့် လွဲနေသည်။ ယင်းတို့မှာ အပျက်သဘောများ[1] ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့်၊ အခြားဥပဒေများတွင်လည်းကောင်း၊ ငြိမ်းချမ်းရေးစာချုပ်များတွင် လည်းကောင်း မင်္ဂလာ မရှိသည့် အပျက် သဘောများကို မထည့်သွင်းသင့်ပါ။

အပျက်သဘောဖြစ်ပါလျက် စစ်အာဏာရှင်ဟောင်းများသည် အဘယ်ကြောင့်ထည့်သွင်းခဲ့သနည်း။ အပျက်သဘော အခြေခံကို လက်ညှိုးထိုးကာ ယင်းကိုကာကွယ်ရန်ဟု အကြောင်းပြလျက်  တရားဝင်ဖိနှိပ်ခွင့်ရအောင် ဥပဒေကြောင်း အခြေခံကို တည်ဆောက်လိုသောကြောင့်ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲစေရန်၊ တိုင်းရင်းသား စည်း လုံးညီညွတ်မှု မပြိုကွဲစေရန် ကြိုးပမ်းသည့် (ဆိုးဝါးစွာအကြမ်းဘက် တိုက်ခိုက်ဖိနှိပ်မှု များ အပါအ၀င်) မည်သည့်လုပ် ဆောင်ချက်မဆို တရားဝင်သည်ဟု ကြွေးကြော်နိုင်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ကြောက်မက်ဘွယ်ကောင်းသည့် ပဋိပက္ခများကိုသာ ဆက်လက်ဖြစ်ပွားစေပါမည်။ ငြိမ်းချမ်းရေးကို သော်လည်းကောင်း၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို သော်လည်းကောင်း ဦးမတည်ပါ။ ငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို စစ်မှန်စွာ ဦးတည်ချက် ထားမည် ဆိုပါက စာချုပ်တွင် အပြုသဘောဆောင်သည့် နိုင်ငံရေးရည်မှန်းချက်များကိုသာ ထည့်သွင်းသင့်ပါသည်။ ယင်းတို့မှာ ပြည်ထောင်စု တည်ဆောက်ရေး နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိရေး တို့ဖြစ်သည်။

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ကြွေးကြော်သံသည်လည်း ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။ အချုပ်အခြာအာဏာ ဟူသည့် အရာသည် အဘယ်နည်း။ မြင့်မြတ်သည့် အခွင့်အာဏာ[2] အနေဖြင့် မိုးပေါ်ကကျလာသည့်အရာ မဟုတ်သလို၊ မြေကြီးထဲက ရွှေတောင်ကြီးပေါ်ထွက်လာခြင်းလည်း မဟုတ်ပါ။ လူထု၊ နယ်မြေ နှင့်အစိုးရတို့ရှိပြီး နိုင်ငံတကာ၏ အသိအမှတ် ပြုမှုကို ရရှိပါက အချုပ်အခြာအာဏာရှိလာမည်ဖြစ်သည်။ ယင်းမှာနိုင်ငံတကာဥပဒေအရ ဖြစ်သည်။ အချုပ်အခြာ အာဏာကို လေးစား ကာကွယ်စောင့်ရှောက်ရမည် မှန်သော် လည်း မည်သည်က ပို၍ အဓိကကျသည်ကို သုံးသပ် ရပါမည်။
လူထု၊ နယ်မြေ နှင့် အစိုးရ တို့ခိုင်မာစွာ ရှိနေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရနေသမျှ အချုပ်အခြာ အာဏာ ရှိနေပါမည်။ လူထု၊ နယ်မြေနှင့် အစိုးရ သုံးရပ် မှာ အခြေခံဖြစ်သည်။ ယင်းသုံးရပ်တွင် လူထု နှင့် နယ်မြေ က ပို၍ အရေးကြီးသည်။ လူထု နှင့် နယ်မြေရှိမှ အစိုးရရှိလာမည်။ အစိုးရဟူသည်မှာ လူထုနှင့် နယ်မြေပေါ် မူတည်၍ ပေါ် ပေါက်လာရခြင်းဖြစ်သည်။ လူထုနှင့် နယ်မြေနှစ်ရပ်အနက် လူထု သည် ပို၍ အဓိက ကျသည်။ သက်ဆိုင်ရာ နိုင်ငံတွင် လူထုသည် နိုင်ငံသားများဖြစ်သည်။ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်သည်။ ဤသည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၄) မှာပင် လက်ခံထားရ သည်။

                    သို့ဖြစ်၍အဓိက ထား ကိုင်စွဲသင့်သည့် အခြေခံမူမှာ အချုပ်အခြာအာဏာ မဟုတ်။ အဘယ်ကြောင့်ဆို သော် အစိုးရအာဏာပိုင်များက အချုပ်အခြာအာဏာကို ရည်ညွှန်း၍ လူထုအပေါ်၊ နိုင်ငံသားများအပေါ် ဖိနှိပ် ရက်စက် ကျူးလွန်မှု မှန်သမျှ တရားဝင် ကြောင်းဖြင့် အကြောင်းပြနိုင်သော ကြောင့်ဖြစ်သည်။ ယင်းအစား နိုင်ငံအနေဖြင့် ကိုင်စွဲ သင့်သည့် အခြေခံမူမှာ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများအား ကာကွယ်ရေး ဖြစ်သည်။ နိုင်ငံသား များ သည် အချုပ်အခြာ အာဏာဆင်းသက်လာရာ မူလဘူတ ဖြစ် သောကြောင့်ပင်။ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများအား ကာကွယ်ထားနိုင်သမျှ အချုပ်အခြာအာဏာ တည်တန့် ခိုင်မြဲမည်။ ခေတ်စနစ်ကို ပြောင်းလဲရန်ဦးတည် မည်ဆိုလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်းကောင်း၊ စာချုပ်များတွင်လည်းကောင်း မှန်ကန်သည့် အတွေး အခေါ် များကို အုတ်မြစ်ချရန်စဉ်းစားသင့်ပါပြီ။

လက်နက်ကိုင်လမ်းစဉ်ကို မည်သူက စွန့်လွှတ်ရမည်နည်း။

စာချုပ်၏ စာမျက်နှာ ၂ ပထမ စာကြောင်းတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်။
“ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှု ကင်းမဲ့ခြင်း နှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်”ဟူ၍လည်းကောင်း၊ ယင်းနှင့် တဆက်တည်းတွင် “အတိတ်ဖြစ်ရပ်များ အပေါ် တစ်ဦးနှင့်တစ်ဦး အပြစ်မတင်ဘဲ နားလည်မှုနှင့် ယုံကြည်မှုတည် ဆောက်ကာ ငြိမ်းချမ်းရေးအဖြေများ ကိုရှာဖွေရန်” ဟူ၍လည်းကောင်း၊ ဖေါ်ပြထားသည်။

ယင်းနှစ်ခုမှာ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေသည်။

ပထမတခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ရည်ညွှန်းသည်မှာ အတိအကျ ဖြစ် သည်။ ယင်းတို့ အား လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခိုင်းခြင်း ဖြစ်သည်။ တိုင်းရင်းသားများက ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရန်လက်နက်ကိုင်စွဲ ထားကြခြင်းကို လမ်းစဉ်မှားအဖြစ်စွန့်လွှတ်ခိုင်းခြင်းမှာ တရားမျှတမှုမရှိသလို လက်တွေ့ လည်း မကျပါ။ မဖြစ်နိုင်မှန်းသိပါလျက် အဘယ်ကြောင့် ဖိအား ပေးနေသနည်း။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးတောင်းဆိုချက် ကြီးထွားမလာ စေ ရန် ကြိုတင်ဟန့် တားသည့် သဘောဆောင်သည်။ “တိုင်းရင်းသား အဖွဲ့အစည်းများအား လက်နက်ကိုတော့  ကိုင်ခွင့် ပြုမည်၊ လက်နက်ကိုင်လမ်းစဉ် ကိုတော့ စွန့်။” ဟူသည့်မူဝါဒ ကို ကျင့်သုံးခြင်းဖြင့် တဖြည်းဖြည်း လုံးပါးပါးသွားစေရန် ဖြစ်သည်။

အစိုးရ၏ ယင်းမူဝါဒသည် အတွေးအခေါ်အရမှားသည်။ လက်တွေ့ကျင့်သုံးရာတွင်လည်း ဥပဒေစိုးမိုး ရေး ပျက်ပြားစေသည်။ ရေရှည်အတွက်လည်း  တည်ငြိမ်သည့် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်နိုင်ဘွယ် မရှိ သည့် မူဝါဒ ဖြစ်သည်။
“အတွေးအခေါ်အရမှား သည်။” ဟု အဘယ်ကြောင့်ဆိုသနည်း။ လက်နက်ကိုင်ပြီး ဖိနှိပ်သူ ရှိနေသမျှ လက်နက်ကိုင်ပြီးခုခံသူ ရှိနေမည်။ ဤသည်မှာ ကမ္ဘာဦးအစမှနေ၍ ရှိ လာသည့် တရားဖြစ်သည်။ လက်နက်ကိုင်ပြီး ဖိနှိပ်မှုကို ရပ်စဲပါမည်ဟု အာမခံချက်မပေးဘဲ၊ (အတိအကျအားဖြင့်) လက်နက်ကိုင်ပြီး ဖိနှိပ်ခံ ရလျှင် ငြိမ်းချမ်းစွာပြန် လည်အရေးယူဆောင်ရွက်နိုင်မည့် တိုင်းပြည်အုပ်ချုပ်မှု ယန္တယားများတည်ရှိလာစေရန် ပြုပြင်တည်ဆောက်မပေးဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအား လက်နက်ကိုင် လမ်းစဉ်ကို စွန့်ခိုင်းခြင်းသည် ဓါးမိုး၍ မေတ္တာသုတ် ရွတ်ခိုင်း နေခြင်းဖြစ်သည်။

“လက်တွေ့ကျင့်သုံးရာတွင်လည်း ဥပဒေစိုးမိုးရေးပျက်ပြားစေသည်။” ဟု အဘယ်ကြောင့်ဆိုသနည်း။ “တိုင်းရင်းသား အဖွဲ့အစည်း များအား လက်နက်ကိုတော့ ဆက်ကိုင်ခွင့် ပြုမည်၊ လက်နက်ကိုင်လမ်းစဉ် ကိုတော့ စွန့်။” ဟူသည့်မူဝါဒ ကို ၁၉၈၉ ခုနှစ်ကထဲက စတင်ကျင့်သုံးခဲ့သော်လည်း ၄င်းတို့သည် တဖြည်းဖြည်း လုံးပါးပါးမသွားကြပါ။ ပျက်စီး ပျောက်ကွယ် မသွားကြပါ။ ပြောင်းပြန်ဖြစ်ကာ ကြီးထွားလာသော အဖွဲ့အစည်းများကိုပင်တွေ့နိုင်သည်။ သာဓက အားဖြင့် ၀သပ ကို ကြည့်ပါ။ ၁၉၈၉ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ပြီးနောက် အမြဲတမ်းတပ်ကြီး ပုံမျိုးပေါ် လာသည့်အပြင် ယခုအချိန်၌ စစ်သုံးရဟတ်ယဉ်များ၊ လေယဉ်ပစ် အမြောက်ကြီးများ၊ခေတ်မှီလက်နက်ကြီးများ အမြောက်အများတပ်ဆင်နိုင်နေပြီဖြစ်သည်။ ပျက်စီးပျောက်ကွယ် နေသည် မှာမူ ဥပဒေစိုးမိုးရေး ဖြစ်သည်။

စစ်အစိုးရ အဆက်ဆက် အာဏာပိုင်များသည် ကြီးသည့်အဖွဲ့ကိုကြီးသလို အခွင့်အရေးပိုပေး၊ ငယ် သည့်အဖွဲ့ကို ငယ်သလို ချောင်ထိုးထားပြီး အထက်စီးမှ ဆက်ဆံ၊ နိုင်လောက်မည် ထင်သည့် အဖွဲ့ကို ဖိပြီး အပြတ် တိုက်ပြ၊ အလယ်အလတ်လောက်ရှိမည့် အဖွဲ့များကို ခြောက်ချည်တခါ ချော့ချည်တခါ ဗျူဟာနှင့် ကိုင်တွယ်၊ နှစ်ပေါင်း အစိပ် နီးပါးခန့်ကြာပြီးနောက် တပြည်လုံးကို ခြုံကြည့်လိုက်သောအခါ လက်နက်ကိုင်အဖွဲ့အစည်းများများ၏ တည်ရှိမှု အား အနေအထား အမျိုးမျိုးအောက်တွင် အသွင်အမျိုး မျိုးဖြင့် ဗရမ်းဗတာ မဖြစ်ဖြစ်အောင် ဖန်တီးထားကြောင်းတွေ့ နိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပေါ် မူအရ တသမတ်တည်းကျ၊ တပြေးညီ ဆက်ဆံ၊ တန်းတူ အခွင့်အရေး အသိအမှတ်ပြုမှုများ လုပ်ဆောင်မပေးခဲ့သဖြင့် ဥပဒေစိုးမိုးရေးပျက်ပြားခြင်းဖြစ်သည်။ ယင်းဒဏ် ကို တပြည်လုံး ခံစားနေရသည်မှာ ရစရာမရှိ။

ကိုးကန့် အဖွဲ့လေးကို အပြစ်ရှာ၍ အပြတ်ချေမှုန်းခဲ့သော်လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်း ခိုင်းသည်ကို ခပ်တင်းတင်း ငြင်းဆန် ရပ်ခံနေသော ၀သပ အားလက်ဖျားနှင့် ပင် မတို့ရဲ။ အပစ်အခတ်ရပ်စဲ ထားသည်ခြင်း အတူတူ ရခိုင်မှ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်း ဖြတ်သွားရာနေရာ နှင့် ဆက်စပ်နေသော ရှမ်းအဖွဲ့များ အား အကြိမ်ပေါင်းရာချီ တိုက်ခိုက်နေသော်လည်း ကေအင်ယူ ကို မတိုက်။ နယ်ခြားစောင့်တပ်ဖွဲ့ရေး အားလက်မခံသည်ခြင်း အတူတူ နိုင်ငံရေးအရ အားမရှိသည့် ဒီကေဘီအေ အား ကျောသတ်မွေးမြူထားသည်။ ထိုးစစ် ဆင် တိုက်ခိုက်ခြင်းမရှိ။ သို့ရာတွင် ပင်လုံစာချုပ်ကို မီးမောင်းထိုးပြီး နိုင်ငံရေးအရ အားကောင်းကောင်း တောင်းဆို လာသော ကေအိုင်အိုအား အပြတ်ချေမှုန်းပြရန် ထိုးစစ်ကြီးများ ကြီးကြီးမားမား ဆင်နွှဲခဲ့သည်။  လန်ကျ လာ သော အခါ မွန်ပြည်သစ်ပါတီကို ရန်စပြီးအကြောင်း ရှာ သွားတိုက်ပြန်သည်။
အကျိုးဆက်အနေဖြင့် ဥပဒေစိုးမိုးရေး မပျက်လျှင် မည်သို့ခံနိုင်ပါအံ့နည်း။

ဥပဒေစိုးမိုးရေး အား ခရား ရေလွှတ် တတွတ်တွတ်ရွတ်နေသည့် အစိုးရ၀န်ကြီးများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အတွင်းရောက် ဒီမိုကရေစီ အင် အားစုများသည် မြန်မာ့တပ်မတော်၏ ယင်းသို့ဗရမ်းဗတာ လုပ်ဆောင်နေမှုများအား ထောက်မပြရဲကြ။ ပြင်းပြင်းထန် ထန် ကန့်ကွက်ရန်မှာမူ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်ပါမည်။

စစ်အစိုးရအဆက်ဆက်သည် ယနေ့တိုင် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအမျိုးမျိုးအား ဟိုတမျိုး၊ သည်တဖုံ၊ ဆက်ဆံ ကိုင်တွယ်၊ ရပ်ချင်သည့်အခါရပ်၊ တိုက်ချင်သည့်အခါတိုက်၊ သုံးချင်သည့်အခါ ဥပဒေကို သုံး၊ မသုံးချင်သည့် အခါ ဥပဒေကို မျက်ကွယ်ပြုထား စသည်တို့ကြောင့် ဥပဒေစိုးမိုးရေး ပျက်ပြားနေမှု အား ကျောကော့အောင်ခံ နေရသည်မှာ တိုင်းရင်း သားပေါင်းစုံလူထုဖြစ်သည်။ ဥပဒေစိုးမိုးရေးပျက်နေ သမျှ ငြိမ်းချမ်းရေးကို အဘယ်မှာ သွားပြီးရှာဖွေနိုင်တော့အံ့နည်း။ ဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ဆိတ်သုဉ်းလျှင် တိုး တက် ဖွံ့ ဖြိုးရေးဟူသည်ကို အဘယ်မှာ ရနိုင်ပါမည်နည်း။

ဦးသိန်းစိန် အစိုးရအဆိုပြုစာချုပ်ပါ အပစ်အခတ်ရပ်စဲရေးလမ်းစဉ်သည် ၁၉၈၉ ခုနှစ်က စတင် ကျင့် သုံး ခဲ့သည့် န၀တစစ်အစိုးရ ဟောင်း ခေတ်က မူဝါဒ ဟောင်းပင် ဖြစ်သည်။ အနှစ်သာရအရ ဘာတခုမျှ ခြားနားမှု မရှိ။ ပုံသဏ္ဍာန်အရမူ ထိုစဉ်က န၀တ က တိုင်းရင်းသား အဖွဲ့များအား နိုင်ငံရေးဆွေးနွေးခြင်လျှင် အမျိုးသားညီလာခံ သွား ဟု လက်ညှိုးထိုးပြခဲ့သည်။ ယခု အစိုးရ စာချုပ် တွင်မူ “အမျိုးသားညီလာခံ” နေရာ၌ “နိုင်ငံရေးဆွေးနွေးပွဲ” ဟူသည့် ဝေါဟာရ အစားထိုးဝင်ရောက်လာသည်။

နိုင်ငံရေးလမ်းကြောင်း အရ မည်သည့် အာမခံချက်မျှ မရှိသော “နိုင်ငံရေး ဆွေးနွေးပွဲ”။
နိုင်ငံရေး လမ်းကြောင်းမူဘောင်[3] ကို ယခုချက်ခြင်းဆွေးနွေးလျှင် ရပါလျက် မဆွေးနွေး ဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ ထောင်နံရံလေးဘက်အတွင်းသို့အဘယ်ကြောင့် ပြန်လည်ဆွဲသွင်းနေသနည်း။


တဖန် အစိုးရ၏ စာချုပ်၏ အထက်ပါ ဖေါ်ပြချက်အရ နိုင်ငံသား အားလုံးကို ထိခိုက် နစ်နာခြင်း၊ လုံခြုံမှု ကင်းမဲ့ခြင်း နှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ် ခံစားစေအောင် ကျူးလွန်ခဲ့ သည့် တရားခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း များဖြစ်သည် ဟု တိုက်ရိုက် ရည်ညွှန်းအပြစ်တင်လိုက်ပြန်သည်။ အဖြစ်မှန်နှင့် ပြောင်းပြန် ပြောနေပါပြီ။ ယင်းသို့ကျူးလွန်ခဲ့သူမှာ မည်သူနည်း။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးအား လုံခြုံမှု ကင်းမဲ့စေ သူမှာ စစ်အာဏာရှင်စနစ်ကိုဖေါ်ဆောင်၊ သို့မဟုတ် နာခံအလုပ်အကျွေးပြုခဲ့သည့် စစ်ခေါင်းဆောင်များသာ ဖြစ်သည်။ အထူးသဖြင့် ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပို၍ ထင်ရှားသည်။ သမိုင်းအထောက်အထားများရှိသည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များရှိပါသည်။

လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ်မှုများရှိလာသဖြင့် လူထုများသည် ရရာလက်နက်စွဲကိုင်၍ခုခံတိုက်ပွဲ ၀င်ခဲ့ရသောကြောင့် ပြည်တွင်းစစ်သက်ဆိုးရှည်နေခြင်းဖြစ်သည်။ အတိတ်ဖြစ်ရပ်များအပေါ် ပကတိ အတိုင်းကောက် ချက်ဆွဲ၊ သင်္ခန်းစာယူပြီး ပြုပြင်ကုစားရန် မကြိုးပမ်းသမျှ စစ်မှန်သည့် ငြိမ်းချမ်းရေး မရနိုင်။ အဖြစ်မှန်ကို ဖုံးကွယ်ကာ တဖက်သတ် စွပ်စွဲခြင်းဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပို၍နာကျည်းစေခြင်းမျိုး မဖြစ်သင့်။

အစိုးရအဆိုပြုစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပြည်တွင်းစစ်၏ တရားခံ များအဖြစ် ပထမ၀ါကျ၌ အရင်ဦးအောင်အပြစ်တင်ပြီးနောက် ဒုတိယ ၀ါကျတွင် “အတိတ်ဖြစ်ရပ်များ အပေါ် တစ်ဦးနှင့် တစ်ဦး အပြစ်မတင်ဘဲ -----” ဟူ၍ ဖြေလျှော့သည့် စကားကို သုံးထားပြန်သည်။ ယင်းသို့ဖြင့် ရှေ့နောက်မညီသည့် ဖေါ်ပြချက်များစွာ ပါဝင်သည့် အစိုးရအဆိုပြုစာချုပ်သည် ငြိမ်းချမ်းရေးအတွက် အကျိုးမဖြစ်စေရုံသာမက အကျိုးယုတ် စေပါသည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရိုးသားစွာ ဦးတည်ပါက လက်ရှိအာဏာရ စစ်ခေါင်းဆောင် ဟောင်းသစ် များ သည် ဤသို့ မပြုသင့်ပါ။

အစိုးရအဆိုပြုစာချုပ်ပါ ရည်ရွယ်ချက်များအောက်တွင် ထိန်းချုပ်ထားမှုများ။ 
နိုင်ငံတကာ အတွေ့အကြုံများအရ ယင်းကဲ့သို့သော စာချုပ်များသည် များသောအားဖြင့် အစိုးရနှင့် ယင်းကို လက်နက်ကိုင်ဆန့်  ကျင် တိုက်ပွဲဝင်လျက် ရှိသော အင်အားစုများအကြား ချုပ်ဆိုကြခြင်းဖြစ်သည်။ ၄င်းစာချုပ် များအား ငြိမ်းချမ်းရေးသဘော တူညီချက်များ[4] ဟု ခေါ်လေ့ရှိ ကြသည်။ ငြိမ်းချမ်းရေး အတွက်ရည်မှန်းကာ သဘော တူညီမှုကို ရှာဖွေကြခြင်းမှာ အဓိက ရည်ရွယ်ချက် ဖြစ်သည်။

  အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရန်ကြိုးပမ်းရာ၌ အရေးကြီးသည် မှန်သော် လည်း ပံ့ပိုးမှု နည်းလမ်းတခု သာ ဖြစ်ရပါမည်။ အပစ်အခတ်ရပ်စဲရေးကို အဓိက ရည်မှန်းကာ သဘောတူညီမှုကို ရှာဖွေ ခြင်းမဟုတ်။ ငြိမ်းချမ်းရေးကို အဓိက ရည်မှန်းကာ သဘောတူညီမှုကို ရှာဖွေခြင်း ဖြစ်ရပါမည်။ အစိုးရ၏ စာချုပ်သည် ယင်းနှင့် ပြောင်းပြန်ဖြစ်နေသည်။ စာမျက်နှာ (၃) အခန်း(၁) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ခေါင်းစဉ် အောက်တွင် အပစ်အခတ်ရပ်စဲခြင်းကို ထိပ်ဆုံးမှာတင်ထားရုံသာမက အပစ်အခတ်ရပ်စဲရေးသည် ပထမ၊ အပစ်အခတ် ရပ်စဲရေး သည် ဒုတိယ၊ အပစ်အခတ်ရပ်စဲရေးသည် တတိယ ဖြစ်နေကြောင်း တွေ့ရသည်။ ထို့ အပြင် အပစ်အခတ် ရပ်စဲရေးကို ခြွင်းချက်မရှိ လက်ခံရမည်ဟု ပင် ဆိုထားသည်ကို အောက်ပါအတိုင်း လေ့လာနိုင်သည်။

(က) အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီး နှစ်ဖက်သဘောတူညီထားသည့် ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်။

ခြွင်းချက်မရှိ ဟူသော အပြီးသတ်ပိတ်ပင်မှုအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံနိုင်ဘွယ်မရှိပါ။ ခြွင်းချက်မရှိဟူသော ဝေါဟာရကို သုံးထားခြင်းဖြင့် မည်သို့သော အခြေအနေအောက်တွင် ဖြစ်ပါစေ၊ အပစ်အခတ်ရပ်စဲရေးအား မထိခိုက်စေရ ဟူသည့် သဘောဆောင် သော ကြောင့်ပင်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ကို တုတ်သဘွယ် ကိုင်ခွင့်ပေးထားမည်။ ထိုအချိန်တွင် ပြည်နယ် များ အတွင်းအစိုးရလုပ်ခြင်တာလုပ်သမျှ၊ သဘာဝသယံဇာတများ အား ထုတ်လုပ်ခြင်သလို ထုတ်လုပ်နေသမျှ၊ ကုန်သွယ် ရေးလမ်းကြောင်းမှန်သမျှအား ထိမ်းချုပ်ခြင်သလို ထိမ်းချုပ်နေသမျှ၊ ပြည်နယ်များအတွင်းရှိမြေယာများအပေါ် နိုင်ငံခြား ကုမ္ပဏီကြီးများနှင့် ပြည်တွင်းခရိုနီကုမ္ပဏီကြီးများအား လုပ်ပိုင်ခွင့်များ ထင်သလို ချပေးကာ နေပြည်တော်က အကျိုး စီးပွားများ ထင်သလို ခံစားနေသမျှ၊ အများပြည်သူသုံးလမ်းများအား ပြန်ဖွင့်စေပြီး အုပ်ချုပ်ထောက်ပံ့ရေးနှင့် တပ်လဲလှယ်ရေးဟု အကြောင်းပြကာ စစ်ရေးရည်မှန်းချက်များအတွက် အစိုးရစစ်တပ်က ထင်သလို အသုံးချနေသမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ငုတ်တုတ်ထိုင်ကြည့်နေစေလိုသည့် အနေအထားကို စာချုပ်အရ ဖန်တီးထားခြင်းသာ ဖြစ်သည်။ အစိုးရအဆိုပြုစာချုပ်သည် တရားမျှတမှု ကင်းမဲ့သော စာချုပ်ဖြစ်သည်။

၁၇ နှစ်တာ အပစ်ရပ်ခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်ဖြစ်ခဲ့ခြင်းမှာ ကေအိုင်အို ဆက် ဆံရေး ရုံးကို အစိုးရတပ်က ၀င်ရောက်စီးနင်း၊ ဆက်ဆံရေးရုံးမှ ကချင်ရဲဘော်  ဒု တပ်ကြပ်ချန်းယိန်း အား ဖမ်းဆီး ခေါ်ဆောင်သွား၊ နှိပ်စက်ညှင်းပမ်းပြီး သတ်ပစ်ခဲ့ရာမှ စတင်ခဲ့သည်။ ဒု တပ်ကြပ် ချန်းယိန်း၏ အလောင်းအား ကေအိုင်အိုက ပြန်လည်ရရှိသောအခါ ကိုယ်ခန္ဓာ အနှံ့ တွင် ထုထောင်းရိုက်နှက်၊ ဓါးချွန်နှင့် ထိုး၊ ဦးခေါင်းကွဲဒဏ်ရာ၊ ညာဘက်လက်ဖ၀ါး ကြေမွပျက်စီး၊ ၀မ်းဗိုက်တွင် အနီးကပ် သေနတ်ပစ် သွင်း ဒဏ်ရာများကို တွေ့ရှိခဲ့သည်။ ဓါတ်ပုံအထောက်အထားများ ယခုတိုင်ရှိနေဆဲ။ ဤသည်မှာ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားသည့် ဥပဒေ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖေါက်ကာ အစိုးရစစ်တပ်က စစ်ရာဇ၀တ်မှုကို အတိအကျ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံရမည် ဆိုခြင်းမှာ အစိုးရစစ်တပ်က အလားတူ ပြစ်မှု မျိုးအား မည်သို့ပင် ထပ်ခါ ထပ်ခါ ကျူးလွန်ပါစေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဘက်က မည်သို့မျှ တုန့် ပြန်တိုက်ခိုက်မှု မပြုဘဲ ငြိမ်ခံနေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ စာမျက်နှာ ၅ အခန်း (၃) တွင်လည်း ယင်းသဘောဆောင်သည့် ပြဌာန်းချက်ကို အောက်ပါအတိုင်း တွေ့ရသည်။

(ဇ) နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်ကွပ်ကဲမှုအောက်ရှိ တပ်စခန်းများနှင့် တပ်ဖွဲ့ဝင်များအား မည်သည့်အကြောင်းပြချက်နှင့်မျှ တိုက်ခိုက်ခြင်း၊ နှောက်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း မပြုလုပ်ရန်။
ယင်းတွင် မည်သည့်အကြောင်းပြချက်နှင့်မျှ ဟူသော အပြီးသတ်ပိတ်ပင်မှုကို လည်း အထက်ပါအတိုင်းပင် စဉ်းစားနိုင်ပါသည်။

၂၀၀၈ အခြေခံဘောင်အတွင်း ပြန်လည်ဆွဲသွင်းခြင်း
အစိုးရ၏ အဆိုပြုစာချုပ်တွင် အောက်ပါအချက်များသည် ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းပြန်လည်ဆွဲသွင်းပြီး  ၄င်းအရ ဖွဲ့စည်းထားသည့် တိုင်းပြည်အဆောက်အအုံ[5] များ၏ ထိမ်းချုပ်မှုအောက်သို့ အတိအကျ ပြန်လည် ကျ ရောက်သွားစေသည်။
အခန်း (၄) အပုဒ် (၄)
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဌာန်းချက်များကို လေးစားလိုက် နာရန်။

အခန်း (၈) အပုဒ် (၁၂)
(ဂ) မိမိ၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီသို့တင်ပြရန်၊

အခန်း (၈) အပုဒ် (၁၃)
      ကော်မတီအနေဖြင့် ဆုံးဖြတ်ချက်မချနိုင်သည့် ကိစ္စရပ်များရှိလာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး  လုပ်ငန်းကော်မတီမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီသို့ တင်ပြ၍ အဆုံးအဖြတ် ခံယူရမည်။

အခန်း (၉) အပုဒ် (၁၆)
ဤသဘောတူညီချက် လက်မှတ်ရေးထိုးပြီးချိန်မှ (၂) လအတွင်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက်ဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စတင်ဆောင်ရွက်ရန် သဘောတူညီသည်။

မှတ်ချက်။                ။ “ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်” ဟူသော ခြွင်းချက်ပြဌာန်းချက်ကို ဖြုတ်လျှင်မူ လက်ခံနိုင်ဘွယ်ရှိသည်။
                                      အခန်း (၁၁) ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း 
၁၈။ ဤသဘောတူညီချက် လက်မှတ်ရေးထိုးပြီးချိန်တွင် ဆောင်ရွက်ပြီးခဲ့သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရန် သဘောတူညီသည်။

၁၉။ ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးပါက အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် တင်ပြ၍ အတည်ပြုချက်ရယူရန် သဘောတူညီသည်။

      ဤအတိုင်းဆိုပါက စာချုပ်ချုပ်ဆိုရန်ပင် မလိုတော့ပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အောက်သို့ ၀င် ရောက် ပါဟု တခွန်းတည်း ပြောလိုက်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အတွက် စဉ်း စားရပိုပြီး ရှင်း လင်းလွယ်ကူ နိုင်သည်။ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ဆွေးနွေးခဲ့သမျှများမှာ ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ(၄) ရက် နေ့၌ အစိုးရ အဆိုပြုစာချုပ်ထွက်ပေါ်လာ သောအခါ သဲထဲရေသွန် ဖြစ်သွားခဲ့သကဲ့သို့ ယခုစာချုပ် ကို လက်မှတ်ရေး ထိုး၊ နောက်ထပ် နှစ်အချို့ ကြာဆွေးနွေးကြ၊ ရရှိလာ သည့် သဘောတူညီချက်အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားပြီး စစ်ဗိုလ်ဟောင်း ကြံ့ဖွံ့အမတ်များကြီးစိုးထားသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၊ ယင်းက အတည်မပြုနိုင်ပါဟု နိဂုံးချုပ်လိုက်လျှင် ဘာတခုမျှ အရာမထင်ဘဲ ပြီးဆုံးသွားမည် ဖြစ်သောကြောင့် ပင်။

ဦးအောင်ထူး (ရှေ့နေ)ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ


[1] Negative Sense

[2] Divine authority

[3] Political framework

[4] Peace agreements

[5] State institutions

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...