Thursday, January 30, 2014

သူတို့ရင်ထဲက နိုင်ငံတော် သူတို့ရင်ထဲက နိုင်ငံရေး



(လယ်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းတာ မလုပ်ဘဲ စိုက်ခင်းတွေကို သံဆူးကြိုးနဲ့ ခြံခတ်တာ လာလုပ်ရင် အသက်နဲ့ လဲလိုက်မယ်။ မယုံရင် စောင့်ကြည့်ထားလိုက်။)
လက်ပံတောင်းက ကျေးလက်နေ အမျိုးသမီး ပြောလိုက်တဲ့ စကားအပေါ်ကို ကြားရတဲ့ ဗမာပြည်သားတွေသာမက နိုင်ငံခြားက လူတွေကတောင် ဒါမှ ဗမာ့သတ္တိရယ်လို့ ချီးမွမ်းလေးစားကြတယ်။


ကျနော်တို့က နိုင်ငံတော်အတွက် အလုပ်လုပ်နေတာဆိုပြီး အစိုးရတာဝန်ခံတယောက် လာဖြေရှင်းပြော ကြားလိုက်တဲ့စကားကို လှောင်ရယ်ဟားတိုက်ပစ်လိုက်တဲ့ လယ်သူမတွေရဲ့ အသံဟာ လက်ပံတောင်းတောင်ဒေသ တောတောင်ရေမြေ ထန်းပင်တွေကြားက တိုးဝှေ့ဖြတ်သန်းပြီး ဗမာတပြည်လုံး ပျံ့နှံ့သွားတယ်။
ဒီကျေးလက်နေ အမျိုးသမီးတွေဟာ လီနင်ရဲ့ နိုင်ငံတော်နဲ့ တော်လှန်ရေး(ဒါမှမဟုတ်) နိုင်ငံတော်အစိုးရနဲ့ တော်လှန်ရေးကို ဖတ်ဖူးကြမယ် မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အသိ ဘယ်က ရလာခဲ့သလဲ။ သူတို့ စာပေလေ့လာလိုက်စားမှုကနေ ဒီလိုအသိ ရလာတာ မဟုတ်ပါဘူး။ ဘဝပေးအသိအရ နိုင်ငံတော်ဆိုတာ သူတို့သိနားလည်နေကြတာပါ။ သူတို့ကို လာပြောတဲ့ အစိုးရအာဏာပိုင်ပုဂ္ဂိုလ်က နိုင်ငံတော်အတွက် လုပ်ပေးနေတယ်ဆိုတာ သူတို့အတွက် လှောင်ရယ်စရာ ဖြစ်နေတယ်။ သူတို့ ယုံကြည်တဲ့ နိုင်ငံတော်ဆိုတာ ဘာလဲ။
“ငါ့သွေးငါ့ဓား ငါ့ဧရာဝတီ”ဆိုတဲ့ စိတ်ဓာတ်နဲ့ နိုင်ငံတော်ကို ကာကွယ်မယ်ဆိုတဲ့ ဗမာပြည်သား မျိုးချစ်ပြည်သူတွေ ဟိုးအရင်ကတည်းက ရှိခဲ့ဖူးတယ်။ ဒီစိတ်ဓာတ်နဲ့ ဓားကိုင်ပြီး အသက်စွန့်လွှတ်ကာ အမိနိုင်ငံတော်ကို ကာကွယ်သွားတဲ့ တိုင်းရင်းသား ပြည်သူတွေ အမြောက်အမြား ရှိခဲ့တယ်။ မေခ၊ မေလိခ၊ ဧရာဝတီ၊ သံလွင်၊ စစ်တောင်းအပါအဝင် သည်ရေသည်မြေ သည်တောသည်တောင်တွေဟာ နိုင်ငံတော်ပဲ။ လက်ပံတောင်းတောင်၊ စပယ်တောင်၊ ကြေးနီတောင်၊ ရှမ်းပြည်နယ် တောင်တန်းများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် တောင်စဉ်တောင်တန်းများ၊ ပဲခူးရိုးမ၊ရခိုင်ရိုးမ…စသည်တို့ဟာလဲ နိုင်ငံတော်ထဲမှာ ပါဝင်တယ်။ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း၊ ….စတဲ့ တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာလဲ သူတို့ယုံကြည်တဲ့ နိုင်ငံတော်ထဲမှာ ပါဝင်တယ်။ သယံဇာတတွေ၊ သစ်တောတွေ၊ ဘာသာရေးဆိုင်ရာ မွန်မြတ်တဲ့ အမွေအနှစ်တွေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေလဲ နိုင်ငံတော်ထဲမှာ ပါဝင်တယ်။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား…စတဲ့ အဖိနှိပ်ခံ ပြည်သူတွေလဲ နိုင်ငံတော်ထဲမှာ ပါဝင်တယ်။ ဒါ သူတို့ သိနားလည်တဲ့ နိုင်ငံတော်၊ ဒါ သူတို့ ရင်ထဲက နိုင်ငံတော်၊ ဒီနိုင်ငံတော်အတွက် အစိုးရအာဏာပိုင်က အလုပ်လုပ်နေပါတယ်ဆိုတဲ့ ဗလာစကားဟာ တကယ့်အဖြစ်မှန်မဟုတ်ဘဲ အညာအလှိုင်းစကားမှန်း သူတို့သိနေလို့ လှောင်ရယ် ဟားတိုက်လိုက်တာ ဖြစ်တယ်။
ဒါပေမဲ့ အာဏာပိုင်ပုဂ္ဂိုလ်ရဲ့ နိုင်ငံတော်ဆိုတာကတော့ လီနင်တို့ ပြောတဲ့ နိုင်ငံတော်အစိုးရဆိုတာနဲ့ နီးစပ်တယ်။ အဲဒီနိုင်ငံတော်ဟာ အုပ်စိုးသူက အုပ်ချုပ်ခံလူတန်းစားတွေကို ဖိနှိပ်တဲ့ ကိရိယာတွေပဲ။ အစိုးရ၊ စစ်တပ်၊ ပုလိပ်တပ်၊ အကျဉ်းထောင်၊ တရားရုံး၊ တရားဥပဒေ(၂၀၀၈ ဖွဲ့စည်းပုံဥပဒေကအစ၊ ပုဒ်မ ၁၈ အထိ ပါဝင်တယ်။) တို့ စတဲ့ ဖိနှိပ်ရေးယန္တယားနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတော်ပဲ။ လီနင်တို့ ပြောသလို လူတန်းစားမဲ့ လူ့အဖွဲ့အစည်းရောက်ရင် တစတစ ဖျက်သိမ်းပစ်ရမယ့် နိုင်ငံတော်မျိုး ဖြစ်တယ်။ ဒီလို နိုင်ငံတော်အစိုးရမျိုးကို ကိုယ်စားပြုတဲ့ အာဏာပိုင်တွေဟာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရင်ထဲက အမျိုးသားနိုင်ငံတော်အတွက် ဘယ်လိုမှ အလုပ်အကျွေးပြုနေတာမဟုတ်မှန်း ဘဝပေးအသိအရ ရှင်းရှင်းကြီး သိနေကြလို့ ကျေးတောသူတွေက လှောင်ပြောင်ရယ်မောလိုက်ခြင်း ဖြစ်တယ်။ ဒီလို လှောင်ပြောင်မှုနဲ့ အာဏာပိုင်ကို ဆန့်ကျင်ဖီဆန်လိုက်ခြင်း ဖြစ်တယ်။ ဒီလို ဖီဆန်အန်တုတဲ့ သတ္တိတွေ ဒီလယ်သူမတွေ ကျေးလက်နေတွေမှာ ဘယ်လို တည်ရှိလာတာလဲ။
သူတို့ရဲ့ သတ္တိတွေ မိုးပေါ်က ကျလာတာလား။
မဟုတ်ဘူး။ သူတို့ရဲ့ ဘ၀ကပေးလိုက်တဲ့ သတ္တိတွေ။ သည်သတ္တိမျိုးတွေနဲ့ ခေတ်အဆက်ဆက် ပြည်သူလူထုအပေါ် ဖိနှိပ်နေတဲ့ ရန်သူတွေကို ဗမာပြည်သူတွေ တိုက်ခိုက်လာခဲ့တာ။ ဆရာစံလယ်သမားသူပုန်တွေ ဓားလွတ်ကိုင်ပြီး သေနတ်လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ချဲ့ကုလားဖြူကို တိုက်ခိုက်လာခဲ့တာ ဒီလို ဘဝပေးသတ္တိနဲ့ပဲ။ အမျိုးသမီးတွေထဲကဆို ရေနံမြေမှာ နယ်ချဲ့အင်္ဂလိပ်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖိနှိပ်မှုကို မလျှော့တမ်းဇွဲနဲ့ သပိတ်တိုက် ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်အမျိုးသမီးများဟာလည်း တကယ့်ကို လေးစားချီးကျုးထိုက်တယ်။‘ မခင်သစ်’ဆိုရင် ဒီလိုသတ္တိမျိုးနဲ့ လူတန်းစားရန်သူကို ရဲရဲဝံ့ဝံ့ အသက်စွန့်တိုက်ပွဲဝင်ခဲ့လို့ စဉ့်ကိုင်မြို့ကိုတောင်“ ခင်သစ်မြို့နယ်”လို့ အမည်ပေး ဂုဏ်ပြုခြင်းခံရတဲ့အထိပဲ။ ဖောက်ပြန်တဲ့ ဖဆပလအစိုးရနဲ့ မြေရှင်တွေကို ထွန်တုံးတိုက်ပွဲဆင်ရင်း‘ ရဲဘော်မဆောင်းတင်’တို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ကြတယ်။
မျက်မှောက်ခေတ်မှာလည်း လက်ပံတောင်းက ကျေးလက်နေအမျိုးသမီးတွေဟာ သတ္တိရှိရှိ မလျှော့တမ်းဇွဲနဲ့ တိုက်ပွဲဝင်ခဲ့ကြတာ ရက်ကနေ လ၊ လကနေ နှစ်တွေတောင် ကူးခဲ့ပြီ။
ဒါပေမဲ့ နိုင်ငံခြားကလူတွေက အံ့သြစွာနဲ့ မကျေမနပ် ပြောလာတယ်။ “မင်းတို့နိုင်ငံက လယ်တွေယာတွေ မြစ်တွေ ချောင်းတွေ ရေမြေတောတောင်တွေကို မင်းတို့အစိုးက သွေးစုတ်အမြတ်ထုတ်ကြတယ်။ မင်းတို့ရဲ့ ဆင်းရဲသားပြည် သူတွေက ဒါကို သတ္တိရှိရှိ တိုက်ပွဲဝင်ကြတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ နိုင်ငံရေးသမားတွေက အဲဒီဘက်က ဘာလို့ မရပ်ကြတာလဲ”တဲ့။
အဲဒီတော့ကာ ဒါဟာ အလေးအနက် စဉ်းစရာ ပြဿနာ ဖြစ်လာတယ်။
တကယ်တမ်းမှာ သူတို့က အချက်အလက် အစုံအလင် မရလို့ပါ။ ဒီလို အဖိနှိပ်ခံပြည်သူတွေဘက်က ရဲရင့်စွာ စွန့်လွှတ် ရပ်တည်တဲ့ နိုင်ငံရေးသမားတွေ ရှိကြပါတယ်။ ဒီလို ရပ်တည်ရင်း သူတို့လျှောက်လှမ်းရတဲ့ ခရီးလမ်းကလည်း ကြမ်းတမ်းလွန်းတယ်။ ၀ရမ်းပြေး ဖြစ်သွားသူလဲ ရှိတယ်။ အကြိမ်ကြိမ် ထောင်ချခံရတဲ့ သူလဲ ရှိတယ်။ နှိပ်စက်ညှဉ်းပန်းခံရသူတွေလည်း ရှိတယ်။
ဒီလို ပြည်သူ့နဲ့ တသားတည်း ရပ်တည်တိုက်ဝင်တဲ့ သူတွေ မရှိမဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ နည်းတယ်။
ဒီတော့ စဉ်းစားလာရတယ်။
နိုင်ငံရေးသမားတွေ လုပ်တဲ့ နိုင်ငံရေးက သပ်သပ်လား။
အဖိနှိပ်ခံ အလုပ်သမားလယ်သမား ဒုက္ခရောက်နေတဲ့ပြည်သူတွေ တိုက်ပွဲဝင်နေကြတာ သူတို့ရဲ့နိုင်ငံရေးဆိုတာနဲ့ မဆိုင်ဘူးလား။
မိုးထိမိုးမိ အခြေအနေကိုပဲ အကဲခတ်ကြည့်လိုက်ပါဦး၊ ဘဝပျက်မယ့်အရေးမို့ သူတို့ ဆန္ဒပြရတယ်။ ဆန္ဒပြနေတဲ့ အမျိုးသမီးတွေဟာ ကလေးငယ်တွေကို ပွေ့ပိုက်ရင်း၊ ကျောပိုးထားရင်း သေနတ်တွေ ချိန်ရွယ်ထားတဲ့ ကြားထဲက ရင်ဆိုင် ဆန္ဒပြနေကြရတယ်။ အမေ့တွေရဲ့ကျောပေါ်က ပါလာကြတဲ့ ဒီ မသိနားမလည်သေးတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ပိန်းပိတ်အောင် မှောင်မည်းနေသလို ထွက်ပေါက်အဖြစ် ဆန္ဒပြနေကြတဲ့ အမျိုးသမီးတွေ အလုပ်သမားတွေမှာလည်း သွားစရာ လမ်းဘယ်မမြင် ဖြစ်ကြရတယ်။ ဒါကြောင့် ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာက ရွှေမြင်တင် စေတီတော် တောင်ခြေမှာ ဒုက္ဒသည်အဖြစ် ခိုလှုံခဲ့ကြတယ်။ ဒီအခါ ဘုရားဂေါပကလူကြီးတွေနဲ့ အာဏာပိုင်တွေ မောင်းထုတ်လို့ အဲဒီမှာ မနေနိုင်ဘဲ ထွက်ခွာခဲ့ကြရတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလို အဲဒီ ဒုက္ဒသည်တွေ အနှင်ခံရလို့ ထွက်လာချိန်မှာဘဲ မိုးတွေရွာ ချောင်းရေတွေကြီး ဒုက္ဒတွေနဲ့ ထပ်မံရင်ဆိုင်ရပြန်တယ်။ နောက်တခါ သူတို့ ရွှေရင်မျှော်တောင်တော်မြတ်တောင်ခြေက ဘုန်းတော်ကြီးကျောင်းမှာ ခေတ္တခိုလှုံကြရပြန်တယ်။ မိုးရွာတာကို ပဒုမ္မာရွှေကြာရိုးကို ထိးလိုမိုးပြီး ကာနိုင်ပေမယ့် သူတို့ရဲ့ သည်းမည်းပြင်းထန်လှတဲ့ ဒုက္ဒမိုးကိုတော့ ဘုန်းကြီးကျောင်းက အကာအကွယ် မပေးနိုင်ပြန်ပါဘူး။ အဲဒီမှာလဲ အထက်ရဲ့ဖိအားနဲ့ ကျေးရွာအာဏာပိုင်တွေက မောင်းထုတ်လို့ ဒုက္ဒသည်တွေကို သနားလို့ ခိုလှုံခွင့်ပေးခဲ့တဲ့ ဘုန်းကြီးပါ မောင်းချခံရပြီး ဒုက္ဒသည်တွေနဲ့ ဘ၀တူ ဖြစ်သွားရတယ်။
သည်ရွှေလုပ်သားတွေ ဇွဲကောင်းကောင်းနဲ့ဆန္ဒပြနေချိန် ငွေကြေးလိုအပ်နေတယ်။ စားစရာ လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေ ဗမာပြည်သာမက ပြည်ပ အနိုင်နိုင်ငံက လူတွေတောင် ကြားနေရတာပါ။ ကူညီတဲ့ နိုင်ငံရေးသမား အနည်းငယ်မှာလဲ ငွေမရှိလို့ ထိထိရောက်ရောက် မကူညီနိုင်ဖြစ်နေကြရှာတယ်။ အလှူအတန်းရက်ရောတဲ့ အလှူရှင်တွေ ဒီဒုက္ဒသည်တွေအတွက် မလှူရဲကြသလို အာဘောင်အာရင်းသန်တဲ့ နိုင်ငံရေးသမားဆိုသူတွေလဲ အင်တိုက်အားတိုက် ကူညီတာ မတွေ့ရဘူး၊ ခုဆို ဆန္ဒပြတိုက်ပွဲဝင်သူတွေ အင်အားနည်းသွားပြီ။ လူ လေးငါးဆယ်လောက် ကျန်တော့တဲ့ အခြေအနေ ရောက်သွားခဲ့ရပြီ။မိုးထိမိုးမိက ရွှေလုပ်သားတွေရဲ့ ဘဝတိုက်ပွဲဟာ ဗမာပြည်နိုင်ငံရေးသမားတွေရဲ့ အစွန့်ပယ်ခံ ဆန္ဒပြမှုလား။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ မကူညီနိုင်ကြအောင် သူတို့က ဘာအပြစ်တွေ ကျူးလွန်ထားကြပါသလဲ။
တခါ ပုလိပ်က ဆန္ဒပြတိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေရဲ့ ဘဝကို ကြည့်လိုက်ပါဦး။
သူတို့ရဲ့ စာတိုကလေးကို ဖော်ပြလိုက်ရင် ရင်နာစရာအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ။
(ကျနော်တို့  ကျ မ တို့  သည် ဤ ပလိပ် စက်ရုံမှာမြေ မှာမွေး၍ ဤမြေမှာ ကြီးခဲ့ပါသည် ။ ကျ နော် တို့  ကျ မ တို့  မိ ဘ များ သည် ခေတ် အ ဆက် ဆက် မဝ ရေစာ လ စာလေးနှင့် ဤ စက် ရုံ ၌ သား သ မီး များ ကို ရှင် သန် စေ ခဲ့ ပါ သည် ။ ကျ နော် တို့  ကျ မ တို့  သည် လည်း ဤ စက် ရုံ ၌ ပင် မိ ဘ များ ထံ မှ ပခုံး ပြောင်း ၍ ဝန် ထမ်း အိမ် ရာ လေး တွင် နေ ထိုင် ခွင့် ရ ရန် ဝန်ထမ်း ဘ ဝ ရပ် တည် ခဲ့ရ ပါ သည် ။ တိုး တက် ပြောင်း လဲ ပါ သည်၊ ပွင့် လင်း မြင် သာပါ သည်၊ သန့်  ရှင်း သော အ စိုး ရ ဟု အ ကြိမ် ကြိမ် ပြော သော သ မ္မ တ ဦး သိန် စိန် လက် ထက် မှာ ပင် ဤ စက် ရုံ ကြီး တရုတ် လူ မျိုး ပန် ဒါ ကုမ္ပဏီ ထံ နှစ် သုံး ဆယ် ကျ နော် ကျ မ တို့  မ သိ ပဲ ထိုး ငှါး ခဲ့ ပါ သည် ။ ကျ နော် ကျ မ တို့  သည် ၁' ၁ '၂၀ ၁၄ စက် မှု့  ဝန်ကြီး အ မိန့်  အရ ဝန် ထမ်း ဘ ဝ မှ အ နား ယူ ရ ပါ တော့ မည် ။ ကျ နော် တို့  ကျ မ တို့  သည် လွှတ် တော် ကိုယ် စား လှယ် လ စာ နှစ် လ စာ သာ ရှီ သော လျော် ကြေး ဖြင့် အိုး မဲ့ အိမ် မဲ့ အလုပ် မဲ့ စား အိုး မဲ့ နေအိမ်မဲ့ ဝင်ငွေမဲ့ ဘ ၀ မျိုး မဲ့ သုံး မဲ့ ဖြစ် ရ ပါ တော့ သည် ။ လူ ငါး ဆယ် ပင် မ ပြည့် သော စု ဝေး နေ ထိုင် ခွင့် ရှိ သည့် အ တိုင်း အ တာ အ တွင်း ကျ နော် ကျ မ တို့  ဘ ဝ ကို အ သ နား ခံ တင် ပြ ခွင့် ရရန် တောင်း ဆို ဘို့  ပြု ရာ လက် ညှိုး ငေါက် ငေါက် ထိုး ၍ ဝန် ထမ်း ချင်း ကိုယ် ချင်း မစာ ငေါက် ငမ်းသော ရဲ အရာ ရှီ အား ကျ နော် ကျ မ တို့  သည် ခွန်း တုံ မပြန် ရဲဘဲ ခေါင်း ငုံ ၍ နေရခဲ့ ပါ သည်။ ကျ နော် ကျ မ တို့  သည် ဝန် ထမ်း ဘဝ ကို မြတ် နိုးစွာ လျောက်ခဲ့ ပါ သည်။ နိုင် ငံ တော် မှ ချ မှတ် ထား သော မူ အတိုင်း ဆက် လက် နေ ချင် ၍ ဤ သို့  တောင်း ဆို ခြင်း ဖြစ် ပါ သည်။ ကျ နော် တို့  ကျ မ တို့  ဘ ဝ ကို ထည့် သွင်း စဉ်း စား ပါ သ လား ဟု နိုင် ငံ တော် သ မ္မတနှင့် တာဝန်ရှိသူတို့  ပန်ဒါ ကုမ္ပဏိနှင့် ချူပ် ဆိုသော စာချူပ် ကို ဖတ်ချင် မိ ပါ သည်။ မိ သား စု အိုး မဲ့ အိမ် မဲ့ဘ ဝ ကို ကျပ် ဆယ် သိန်း ဖြင့် လွှတ်တော် ကိုယ်စား လှယ် များ ကိုယ် တိုင် မည် သို့  လျောက် လှမ်းနိုင်ကြောင်း န မူ နာ နေ ပြ စေ ချင် ပါ သည် ။ ကျ နော် တို့  ကျ မ တို့  သည် လူ သား များ ဖြစ် ပါ သည် ။)
ဒီ သနားစရာ ဘဝတွေကို အသနားခံတင်ပြပေမယ့် အာဏာပိုင်တဦးဖြစ်တဲ့ ရဲအရာရှိက လက်ညိုးငေါက်ငေါက်ထိုး တားမြစ်နေသလို နိုင်ငံရေးလုပ်နေကြတယ်ဆိုသူတွေကလဲ လျစ်လျူရှုနေကြတယ်။ သည်အလုပ်သမားတွေရဲ့ ဘဝထဲက ရင်ထဲက နိုင်ငံရေးဟာ နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ လွှတ်တော်ထဲက၊ စကားပြောစင်ထက်က လေတလုံး မိုးတလုံး ထစ်ချုန်းနေကြသူတွေရဲ့ နိုင်ငံရေးနဲ့ တခြားစီလားဗျာ။
ရုရှားပြည် ဇာဘုရင်အစိုးရလက်ထက်က သွေးစွန်းတဲ့ တနင်္ဂနွေနေ့ အဖြစ်အပျက်ကို သတိရမိပါတယ်။ အလုပ်သမားတွေကို ဘုန်းတော်ကြီးဂေပွန်(သူလျှို) ဦးဆောင်ပြီး ဇာဘုရင်နန်းတော်အထိ ချီတက်ပြီး အသနားခံဖို့ ခေါ်သွားတယ်။ တော်လှန်ရေးသမားတွေက ဒီလို အသနားခံတာမျိုးလုပ်တာဟာ တောင်းဆိုချက်မရဘဲ ဇာဘုရင်အစိုးရရဲ့ ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းမှုပဲ ခံရလိမ့်မယ်ဆိုတာ ကြိုတွက်မိတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို ရှင်းပြပေမယ့် နားမဝင်တဲ့အခြေအနေမှာ တော်လှန်ရေးသမားတွေဟာ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို မှားယွင်းနေတဲ့ တောင်းဆိုမှုနည်းနာ ဖြစ်နေသည့်တိုင်အောင် သည်တောင်းဆိုချက် ဆန္ဒဖော်ထုတ်မှုကို ပစ်မထားရက်ဘဲ အလုပ်သမားတွေနဲ့ အတူ အသနားခံချီတက်ရာကို အတူ လက်တွဲလိုက်ပါခဲ့ကြတယ်။
ဇာဘုရင်အစိုးရရဲ့ ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် အလုပ်သမားတွေ နစ်မြုပ်ခဲ့ရတဲ့ သွေးအိုင်ထဲမှာ အလုပ်သမားတွေ(နိုင်ငံရေးသမားတွေ) အတူ လဲကျ အသက်စွန့်ခဲ့ကြတယ်။
ဗမာပြည်က အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံတို့ရဲ့ ဆန္ဒပြမှုတွေ၊ တိုက်ပွဲတွေကို သွေးအိုင်ထဲမှာ သည်အတိုင်းထားပြီး ခင်ဗျားတို့ စွန့်ပယ်ကြမှာလား။ ခင်ဗျားတို့နှလုံးသားတွေက ကြည့်ရက်ကြသလား။ ။
(ရွှေကြာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...