Friday, January 10, 2014

နံပိန်ခါးကိုင်း တို့ တိုင်းပြည်


ကျွန်တော်သည် စာသမားဖြစ်သဖြင့် အားကစားလုံးဝ ဝါသနာမပါကြောင်း ဦးစွာပြောချင်ပါသည်။ အိပ်ချိန်နည်းနည်း၊ စာဖတ်ချိန်များများနှင့် ဘဝကိုအခြေချထားမိသဖြင့် အားကစားလုပ်ရန်လည်း အခြေအနေမပေးပါ။ သို့သော် တက္ကသိုလ်ကျောင်းသားဘဝတွင် မေဂျာစိတ်ဓာတ်၊ အဆောင်စိတ်ဓာတ် များဖြင့် အားကစားပွဲများကိုတော့ လိုက်လံအားပေးခဲ့ပါသည်။
ကျွန်တော်တို့တက္ကသိုလ်တက်ချိန်က RC ဟုခေါ်သည့် ခန်းမအတွင်း ဘော်လီဘောလေ့ကျင့်နေကြသည့် ကျောင်းသားများ၏ ဘောလုံးရိုက်သံက တအုံးအုံးထကာ နှလုံးတုန်ဖွယ်ကောင်းလှသည်။ သူတို့ အရပ် အမောင်း၊ ခွန်အားဗလတွေလည်း သန်မာကြသည်။ ထိုခေတ်ကကျောင်းသားဆိုသည်မှာ ဆိုရှယ်နှင့် အားကစားတွင် ယနေ့ခေတ်ကျောင်းသားတွေထက်သာသည်။ မြို့နယ်၊ တိုင်း၊ ပြည်နယ်၊ ကျောင်းသား လက်ရွေးစင် အဆင့်များမှသည် မြန်မာ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်တွေဖြစ်သွားကြသည်။ ထိုခေတ်က လက်ရွေးစင်ဖြစ်ရန် ပြိုင်ပွဲတွေရှိသည်။လေ့ကျင့်ရန် အားကစားကွင်းတွေရှိသည်။ စာလည်းမပိ။ ကျောင်းမှ အိမ်ပြန်ရောက်လျှင် သို့မဟုတ် ကျောင်းလွှတ်လျှင် အိမ်မပြန်ဘဲ ဘောလုံးကွင်းထဲ၊ ဘော်လီဘောကွင်းထဲ တန်းဆင်းကာ လေ့ကျင့်ကစားကြသည်။ ထို့ကြောင့်လည်း သန်မာထွားကြိုင်းသည့် ကျောင်းသားတွေနှင့် မြန်မာ့အားကစား မြင့်မားခဲ့ဖူးပါသည်။ မကြာမီ ကျောင်းသားအားကစားပွဲတွေ ကျင်းပတော့မည်ဖြစ်သဖြင့် ကျောင်းသားတွေကို လေ့ကျင့်ပေးနေသော အားကစားရုံတစ်ရုံသို့ ရောက်သွားမိပါသည်။ ကျွန်တော့် ဆရာတစ်ဦးသည် ယနေ့တိုင် အားကစားပွဲများကျင်းပရေးကို ဝါသနာထုံသဖြင့် ရာသီချိန်ရောက်လျှင် အားကစားကွင်းသို့ရောက်နေတတ်သည်။ ယခင်က အားကစားတွေ လေ့ကျင့်လျှင် ကိုယ့်ကျောင်း ဘောလုံးကွင်း၊ ဘတ်စ်ကက်ဘောကွင်းတွေနှင့် ကျောင်းသား တွေ မျက်နှာမငယ်ကြပေ။ ယခုခေတ်တွင်မှ ဘောလုံးကွင်းတွင် ကျောင်းတိုးချဲ့ဆောက်ကြသည်။ ဘတ်စ်ကက်ဘောကွင်းကို ကျောင်းသားစုဝေးကွင်းလုပ်ပြီး အလယ်တွင် ကျောက်တိုင်တွေစိုက်ကာ မြန်မာ့ပညာရေးကို ကျောက်သားအက္ခရာတင်ပြီး စိတ်ကူးယဉ်ကြည့်ကြသည်။ စိတ်ကူးပေါက်ရောက် ကောက်လုပ်တတ်သည့် ပညာရေးလောကသားတွေကြောင့် ကစားကွင်းတွေပျောက်ကာ ကစားကွင်းမရှိသော ကျောင်းတို့၏တိုင်းပြည်ဘဝရောက်ခဲ့ရသည်။ ကျောင်းသားများ ယခုအခါ အားကစားလေ့ကျင့်လျှင် ပြည်သူ့အားကစားကွင်းသာရှိတော့သည်။ ကျွန်တော့် ဆရာက ဘော်လီဘောရုံတွင် ရှိနေသည်ဆိုသောကြောင့် မိုးလုံလေလုံရုံဘက်သို့ ထွက်ခဲ့သည်။ ဟုတ်မှ ဟုတ်ပါ့မလားဟု စိတ်ထဲတွင်ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ဖြစ်သည်။ ရုံအတွင်း ဝင်လိုက်မှ နှစ်သင်းဘော်လီဘောကစားနေသည်ကို တွေ့လိုက်ရသည်။ ပင့်ထောင်အား မပါ၊ ခုတ်ရိုက်အားမရှိ၊ ဘောလုံးကို တစ်ဘက်သို့ မရောက် ရောက်အောင် လက်ဖျံတွေနှင့် တွန်းပို့နေသလို ဖြစ်သည်။ အားပေးမည့်သူလည်းမရှိ။ တစ်ချိန်က ဆူညံစွာအော်ဟစ်နေသည့် ကျောင်းများမှ အားပေးသော ကျောင်းသားလည်းမရှိ။ စုံစမ်းကြည့်သောအခါ ကျောင်းတွေမှ ကျောင်းအုပ်တွေကမလွှတ်ကြောင်း၊ ရန်ဖြစ်မည် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ အတန်းကြီးတွေကလည်း စာမေးပွဲနီးသောကြောင့် မလာချင်ကြကြောင်းသိ လိုက်ရသဖြင့် အတော်လေးစိတ်မကောင်းဖြစ်မိသည်။ ဘော်လီဘောကွင်းတွင်း အုန်းဒိုင်းကြဲနေသော ဘောလုံး ခုတ်သံ၊ ရိုက်သံ၊ အားပေးသံတွေ တစ်ချိန်က အမှန်တကယ်ရှိခဲ့ခြင်းသည် အိပ်မက်ပမာဖြစ်ခဲ့ရသည်။ ကျွန်တော့်ဆရာက ကျွန်တော့်ကို ပြေးခုန်ပစ် လေ့ကျင့်နေကြသည့် ကွင်းဘက်ဆီသို့ ခေါ်သွားသည်။ ကျောင်းသား ကျောင်းသူတွေက ပုဆိုး ထမီချွတ်ပြီး ဘောင်းဘီတိုနှင့်ပြေးရမည်ကို ရှက်နေကြသည်။ ပိုဆိုးသည်က အပြေးသမားတွေပေါင်က ပုလွေရိုးလိုဖြစ်နေသည်။ အမြင့်ခုန်မည့်သူက နံကိုင်းနေသည်။ သံလုံးပစ် မည့်သူက သံလုံးကိုပင် နိုင်ပါ့မည်လောဟု စိုးရိမ်စရာဖြစ်နေသည်။ ကျွန်တော့်ဆရာက "မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုကတည်းက ကျောင်းသားအားကစားတွေလည်း ပျက်တော့တာပဲ" ဟု ရယ်မောရင်းပြောကာ ကျွန်တော့်ကို လက်ဘက်ရည်ဆိုင်သို့ ဆွဲခေါ်သွားသည်။ "ငါတို့ တစ်နှစ် တစ်ကြိမ် ကျောင်းသားအားကစားပွဲဆိုတာ လုပ်နေရသေးတယ်။ ဒါပေမယ့် စိတ်ပါလက်ပါ အရင် ကလို ပွဲမျိုးတွေ မဟုတ်တော့ဘူး။ စီမံချက်ရှိလို့ လုပ်ပေးနေရသလိုမျိုးပဲဖြစ်နေတယ်။ ကျောင်းသားတွေက အရင်ကလို အားကစားတွေ သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ တက္ကသိုလ်ဝင်တန်းသမားတွေဆိုရင် ပိုဆိုးသေး တယ်။ ကျောင်းတွေကိုက အောင်ချက်ကျမှာစိုးလို့ဆိုပြီး အားကစားဆိုရင် လွှတ်ကို မလွှတ်တော့တာ။ အဖြစ် သဘောလုပ်နေရတာပဲရှိတယ်။ နံပိန်ခါးကိုင်းတွေနဲ့ ဘယ်လို ကမ္ဘာလွှမ်းအောင် လုပ်နိုင်မှာလဲ" ဟု ဆွေးမြေ့စွာ ပြောနေသည်။ ကျွန်တော်တို့ ရှစ်တန်းကျောင်းသားဘဝလောက်က မြို့ပေါ်တွင် ဝိတ်ရုံဟုခေါ်သော အလေးမရုံတွေရှိသည်။ ဝိတ်ရုံတွင် အလေးမရန်အတွက် တစ်လလျှင် တစ်ကျပ်ခွဲပေးရသည်။ ကျွန်တော်တို့သည် ကိုဝင်းဦး၏ ဗလကို သဘောကျသည်။ ဟာကြူလီကိုကြိုက်သည်။ ထို့ကြောင့် ညနေကျောင်းလွှတ်လျှင် ဝိတ်ရုံသို့ဝင်ပြီး ဝိတ်မသည်။ ကျောင်းပိတ်ရက်များတွင် စပို့ရှပ်ဝတ်ပြီး လက်မောင်းသား ကြွားကြသည်။ ခုခေတ်ကလေးတွေ ကျူရှင်ပိနေသည်။ စာပိနေသည်။ စာပိနေသည်ဆိုရာတွင်လည်း အသိပညာ၊ အတတ် ပညာ၊ ဘဝပညာအတွက် လေ့ကျက်နေကြခြင်းမဟုတ်။ ကြက်တူရွေးစာအံသလိုရွတ်၊ ကျူရှင်တွေနှင့်ပတ် ချာလည်၊ ကျောင်းအားရက် ဂိမ်းဆိုင် အင်တာနက်ဆိုင်ပြေး၊ အစားအသောက်တွေကလည်း ကြောင်စာ ကြက်စာလောက်စားကာ ရှင်သန်နေကြသဖြင့် နံပိန်ခါးကိုင်းနေရခြင်းမှာ အဆန်းတော့မဟုတ်ပေ။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက နေ့ခင်းမုန့်စားလွှတ်ချိန် တစ်နာရီအချိန်ရသည်ကို အသွား ၁၅ မိနစ်၊ အပြန် ၁၅ မိနစ်ကြာ လမ်းလျှောက်ရသည့်အိမ်သို့ အပြေးပြန်ပြီး ထမင်းစားရသည်ကို အမှတ်ရမိသည်။ လမ်းလျှောက်၊ ထမင်းစား၊ ကျောင်းလွှတ်ချိန် ဝိတ်မ၊ ကျူရှင်လည်းတက်စရာမရှိ။ ကိုယ့်စာကို ကိုယ်တာဝန်ကျေ အောင်လုပ်ပြီး ၁၀ တန်းအောင်လာရသည်။ "ကလေးတွေ ကျုံလှီလာရတာ အခြားအချက်ရှိသေးတယ်။ ဘာကြောင့်လို့ မင်းထင်သလဲ" ကျွန်တော်မဖြေတတ်သဖြင့် ခေါင်းကုတ်လိုက်သည်။ ဆရာက ကျွန်တော့်ကို အနီးရှိ မူလတန်းကျောင်းလေးမှ မုန့်စားတန်းကို လက်ညှိုးထိုးပြလိုက်သည်။ "အဲဒီမှာ မင်းသွားကြည့် ကျန်းမာရေးနဲ့ မညီတဲ့ အသုတ်စုံဈေးပေါပေါ၊ အထုတ်စုံဈေးပေါပေါတွေပဲရှိတယ်။ ဟိုးက ကုက္ကိုပင်အောက်မှာကြည့်လိုက်။ သူများတွေ ထမင်းဘူးဖွင့်စားတာကို ငေးနေတဲ့ ကလေးတွေ။ သူတို့ ထမင်းဘူးတောင် ထည့်မလာနိုင်ကြဘူး။ မုန့်ဘိုးဆိုတာ အဝေးကြီး။ မနက်ကလည်း အိမ်က ထမင်းတောင် စားလာကြရဲ့လားမသိဘူး။ မိဘတွေက တစ်ညလုံး ဘောလုံးပွဲကြည့်။ ချဲထိုး၊ ဘောလုံးလောင်းနဲ့ အိပ်ယာက တောင် မထနိုင်သေးချိန်မှာ သူတို့ ကျောင်းကို လာကြရတယ်။ သူတို့ဘဝတွေက သိပ်မရေရာဘူး။ ဘယ်တော့ ကျောင်းထုတ်ခံရပြီး လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေကို ရောင်းစားခံရမလဲမသိဘူး။ ဒီလို မိဘမျိုး၊ ကလေး မျိုး၊ ကျောင်းမျိုးတွေနဲ့ ဘယ်လိုကမ္ဘာလွှမ်းအောင် လုပ်ကြမှာလဲ" မကြာသေးမီက ကမ္ဘာ့နို့တိုက်ကြွေးရေးနေ့ကို ကျင်းပသွားကြောင့် သတင်းစာတွင်တွေ့လိုက်ရသည်။ အထိမ်း အမှတ်နေ့တွင်မှ ကျောင်းသားတွေကို နို့တစ်ခွက်နှင့် ကြက်ဥတစ်လုံးပေးခြင်းသည် တစ်နှစ်စာ အဟာရဖြစ် မည်ဆိုလျှင် လိမ်လည်ခြင်းသာဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ပညာရေးလူ့ဘောင်တွင် အထိမ်းအမှတ်နေ့မှ နိုးထ၊ လူကြီးလာမှ ဟန်ရေးပြ၊ အမိန့်နှင့်မှကြောက်ကြသည့် အစွဲတွေကို ယခုတိုင် မချွတ်နိုင်သေးပါ။ ထို့ကြောင့်လည်း ရှေ့ကဖုံး၊ နောက်ကပေါ်၊ အခွံဟောင်းလောင်း မြင်မကောင်းအောင်ဖြစ်ခဲ့ရသည့် စီမံချက်တွေ ကလည်းများလှသည်။ မြန်မာ့ပညာရေးလောကတွင် အစိုးရကျောင်းများ၌ ယနေ့တိုင် နေ့လည်စာမကျွေးနိုင်သေးပေ။ နေ့လည်စာ ကျွေးပြီး အာဟာရပြည့်ဝသည့် ကျောင်းသားများ မွေးထုတ်ရေးအစီအစဉ်ကို မည်သည့်အချိန်မှ အကောင် အထည်ဖော်မည်မသိပေ။ ကျောင်းများတွင် နေ့လည်စာကျွေးသည့်စနစ်ကို နိုင်ငံကြီးများတွင် အစိုးရကိုယ်တိုင် အလေးတယူဖြင့် အကောင်အထည်ဖော်နေခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကျွန်တော်တို့ ယခင်က ဂျပန်ငပု တွေဟု နှိမ်ပြီးခေါ်ခဲ့သော ဂျပန်တွေ၏အရပ်အမောင်းကို ကျွန်တော်တို့ မမီတော့ပါ။ ဂျပန်တွေ ခေတ်မီအောင် လုပ်ရာတွင် ကျောင်းကစပြီး အခြေခံကို ပြုပြင်ကြသည်။ သန်မာထွားကြိုင်းအောင် လုပ်ကြသည်။ နို့သည်သူများနိုင်ငံတွင် ဈေးအပေါဆုံးအစားအစာစာရင်းဝင်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အခြေခံလူတန်းစား၊ ဆင်းရဲသည့်လူတန်းစား ဝယ်သောက်နိုင်သည့် အနေအထားတွင်မရှိပါ။ တရုတ်ပြည်တွင် ဆင်းရဲသည့်တောကျောင်းများတွင် နေ့လည်စာကြွေးရေးအစီအစဉ်တွေကို လုပ်ဆောင်နေ ကြသည်။ ကျောင်းလာလျှင် ထမင်းစားရမည်ဆိုသည့်အသိက ပညာရေးကို စိတ်ဝင်စားစေရန် ဆွဲဆောင်မှု တစ်ခုလည်းဖြစ်နေသည်။ ထို့ပြင် တရုတ်အစိုးရသည် ကျောင်းများတွင် နေ့လည်စာအစီအစဉ်ကို ကျွေးမွေး ချင်သည့် NGO အဖွဲ့များကို အားပေးသည်။ ဖိတ်ခေါ်သည်။ လမ်းဖွင့်ပေးသည်။ အကူအညီလည်းပေးသည်။ ကျွန်တော်ကြုံကြိုက်သဖြင့် အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါသည်။ ကျွန်တော်တို့ မြို့နှင့် ၁၀ မိုင်ခန့် အကွာ အထက်တန်းကျောင်းတစ်ကျောင်းကို ထိုရွာအနီးတွင် စက်ရုံလာဖွင့်ထားသည့် ကိုရီးယားတွေက လာပြီး လေ့လာကြသည်။ သူတို့က ကွန်ပျူတာ လှူချင်သည်ပြောသဖြင့် ကျွန်တော့်ကို ကျောင်းအုပ်ကြီးက ဘယ်လို ကွန်ပျူတာမျိုးတွေတောင်းရမည်နည်းဟု အကူအညီတောင်းသဖြင့် ကျွန်တော်လည်း စကားပြန်မှတစ်ဆင့် ကိုရီးယားများနှင့် စကားပြောဖြစ်သည်။ သူတို့က ကိုရီးယားရှိ သူတို့ကုမ္ပဏီမှ တစ်နှစ်တစ်ခါ စွန့်ပစ်လိုက်သည့် ကွန်ပျူတာများသည် အကောင်းပကတိ ရှိသေးကြောင်း၊ မိမိတို့ ထိုကွန်ပျူတာများကို ဤကျောင်းသို့ယူလာပြီး လှူဒါန်းလိုကြောင်းပြောသည်။ ထို့နောက် သူတို့က သူငယ်တန်းဘက်ကို လျှောက်ကြည့်ရင်း ကလေးတွေ မုန့်စားသူစား၊ ကစားသူကစား၊ ထိုင်သူထိုင်နေ ကြသည်ကိုတွေ့သွားသည်။ သူတို့က ကလေးတွေကို နေ့လည်စာ မကျွေးဘူးလားဟုမေးသည်။ ကျောင်းအုပ် ကြီးကလည်း မြန်မာနိုင်ငံတွင် ထိုစနစ်မရှိကြောင်းပြောပြသည်။ သူတို့က စိတ်မကောင်းဖြစ်သွားပြီး၊ သူတို့စက်ရုံ တွင် နေ့စဉ် လူ ၃၀၀ စာလောက် ထမင်းကျွေးနေရကြောင်း၊ အကယ်၍ ဤကျောင်းမှ ကျောင်းသားအချို့ကို နေ့စဉ်ထမင်းကျွေးလိုပါကြောင်း ကျောင်းအုပ်ကြီးကိုပြောသည်။ ကျောင်းအုပ်ကြီးကလည်း ဝမ်းသာအားရဖြင့် သူငယ်တန်းကလေး ၆၀ ခန့်ကို နေ့စဉ်နေ့လည်ပိုင်း အာဟာရ သဘောမျိုးလာကျွေးလျှင် ကျေးဇူးတင်မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထိုကျောင်းအတွက် ကွန်ပျူတာ အလုံး ၂၀ နှင့်၊ သူငယ်တန်းကလေး ကျောင်းသား ၆၀ စာနေ့ခင်းအာဟာရကျွေးမှုကို ကတိတွေရသဖြင့် ကျောင်းအုပ်ကြီးကလည်း ပျော်နေသည်။ ထိုသတင်းကို တိုင်းပညာရေးမှူးရုံးမှ မည်သို့ကြားသွားသည်မသိ။ ကျောင်းအုပ်ကြီးနှင့် ကျွန်တော့်ကိုခေါ် ပြီး ဌာနကို မတိုင်ပင်ဘဲ၊ ဌာနမှ ခွင့်ပြုချက်မရဘဲ၊ ဌာနကိုကျော်ပြီး ဘာမျှလုပ်ခွင့်မရှိကြောင်း၊ အကယ်၍ ကိုရီးယား တွေက ကွန်ပျူတာ အလုံး ၂၀ ကိုယူလာလျှင်လည်း ဌာနကို လာအပ်ရမည်ဖြစ်ကြောင်း၊ ဌာနက သင့်တော်သ လောက်ပြန်ခွဲပေးခြင်းကိုသာ လက်ခံရမည်ဖြစ်ကြောင်း၊ နေ့လည်စာလာကျွေးသည့်အစီအစဉ်ကိုလည်း လက်မခံသင့်ကြောင်း၊ အစဉ်အလာမဟုတ်သည်ကို အစဉ်အလာလုပ်လိုက်လျှင် နောက်ပေါ်လာမည့် ပြဿနာ များကို ဖြေရှင်းရန်ခက်ကြောင်း ခေါ်ယူသတိပေးသည်။ ကျောင်းအုပ်ကြီးကလည်း ကိုရီးယားတွေကို ပြန်လည် ပြောပြကာ ညှိနှိုင်းကြည့်သည်။ ကိုရီးယားတွေက ကွန်ပျူတာလည်းမလှူ၊ အာဟာရလည်းမကျွေးတော့။ သူတို့ က ဒေသခံများနှင့် အဆင်ပြေအောင်နေချင်ကြသည်။ သို့သော် အစိုးရနှင့် ထိပ်တိုက်မတွေ့လိုသဖြင့် ရှောင် ထွက်ကာ ကျောင်းသို့ ငွေတစ်သိန်းသာ လှူလိုက်သည်။ ထိုအဖြစ်အပျက်တွင် ခေတ်မီနိုင်ငံတော်ကြီး ထူထောင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြွေးကြော်နေသောသူ များ ကွန်ပျူတာတွေ ဆုံးရှုံးသွားသည်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေနိုင်မည့် အားကောင်းမောင်းသန် ကလေးတွေအတွက် အလေ့အကျင့်ကောင်းတွေ ဆုံးရှုံးသွားသည်။ တစ်ခါတစ်ရံ အစဉ်အလာသမားများနှင့် ကြိုးနီစနစ်ကိုသော်လည်းကောင်း အပြောင်းအလဲကို သဘောထားမကြီးသူများကြောင့်သော်လည်းကောင်း မတွန်းနိုင်၊ မလှုပ်နိုင်၊ မရှူနိုင်၊ မကယ်နိုင်ဖြင့် ပန်းတိုင်ပျောက်တတ်ပါသည်။ မည်သို့ဆိုစေ ပျောက်သော လမ်းတွင် ကျွန်တော်တို့ ယနေ့တိုင်လျှောက်လှမ်းနေဆဲဖြစ်သည်။

မှတ်ချက် ဤဆောင်းပါးကို ၂၀၁၂ နိုဝင်ဘာ ၈ ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည်။ 

 Written by တင်ညွန့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...