Tuesday, January 14, 2014
ငြိမ်းချမ်းရေး စစ်တမ်း (၃)။ တတိယပိုင်း - ငြိမ်းချမ်းရေးစာချုပ်ကအာမခံရမည့် ဥပဒေစိုးမိုးရေး အခြေခံ။
Aung Htoo January 11, 2014 at 3:04pm
စာချုပ်၏ ရေးသားဟန်မှာ အသွင်သဏ္ဍာန်အရဥပဒေသဘွယ်ဖြစ်ရမည်သာမက အနှစ်သာရအရ အစမှအဆုံး ဥပဒေစိုးမိုးရေးကိုအားဖြစ်စေရပါမည်။ နိုင်ငံတကာစံထားချက်များအခြေခံတွင် ဥပဒေအထောက်အကူ ပြုကွန်ရက်မှ လက်ခံထားသော ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံအကျဆုံးမူ(၁၀) ချက်အနက် နံပါတ် (၅) အချက်မှာ “ဥပဒေကို အတည်ပြုသည့် အဖွဲ့အစည်းများ[1]၊တိုင်းပြည် အဆောက်အအုံများ[2] တို့သည်ဘက်လိုက် ခြင်း မရှိ၊ အဂတိတရားမလိုက်စား၊ ကျောသားရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း။” ဖြစ်သည်။
အစိုးရစာချုပ် အခန်း(၂) အပုဒ် (၂)(ဂ) တွင် ဖေါ်ပြထားသည့်“အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရန်”ဟူသောအချက်မှာ ဥပဒေစိုးမိုးရေးနှင့် ရဲတပ်ဖွဲ့ ဆက်စပ်ထားသည်။ ရဲတပ်ဖွဲ့သည် အခြေခံအားဖြင့်အရေးကြီး သော်လည်း ယင်းမှာ ဥပဒေကို အတည်ပြုသည့် အဖွဲ့ အစည်းများ၏ အစိတ်အပိုင်းအနေဖြင့်သာပါဝင်သဖြင့် ဥပဒေစိုးမိုးရေးတခု လုံးအား ရဲတပ်ဖွဲ့တခုတည်း၏ လက်ဝယ်တွင်သာ စာချုပ်အရ အပ်နှံထားသည့် သဘော မဖြစ်သင့်။လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပကတိအနေအထားကို ကြည့်လျှင် ပို၍ပင် မသင့်တော်။
တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုထိထိရောက်ရောက် တာဝန်ယူစေလိုလျှင် အောက်ပါအချက် (၈) ချက်ကို ဖေါ်ဆောင်ရန် လိုပါမည်။
(၁) လူထုနှင့် နေ့ စဉ်ထိတွေ့ ဆက်ဆန်နေရသော ရဲတပ်ဖွဲ့ သည်လူ့ အခွင့်အရေးကို တန်ဘိုးထား ရုံသာမက လက်တွေ့ လိုက်နာကျင့်သုံးရန်လိုသည်။ အထူးသဖြင့်မြန်မာနိုင်ငံကဲ့သို့ လူ့ အခွင့်အရေး ချိုးဖေါက်ရာတွင် နံမည်ဆိုးဖြင့် ဆယ်စုနှစ်များစွာတလျှောက်လုံးကျော်ကြားနေသော နိုင်ငံအတွက် အထူးအရေးကြီးသည်။ ရဲတပ်ဖွဲ့ သည် နိုင်ငံတကာလူ့  အခွင့်အရေး စံချိန်စံညွှန်းများနှင့် အညီ ဥပဒေကို အတည်ပြုရမည်။[3]
(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၃၈ “နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။” ဟူသောပြဌာန်းချက်ကိုဖြုတ်ရပါမည်။  အဘယ်ကြောင့်ဆိုသော် အဆိုပါ ပြဌာန်းချက်အရရဲတပ်ဖွဲ့သည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိသောကြောင့်ဖြစ်သည်။
စစ်တပ်က ရွာတွင်း ၀င်၍ပစ်ခတ်သဖြင့် ကျောင်းသူကလေးတဦးသေဆုံးခဲ့သည့် အမှုတွင် ပြစ်မှုကျူး လွန်သည့် စစ်ကြောင်းမှ တပ်မတော် အရာရှိများကို ဖမ်းဆီးအရေးယူခြင်းမပြုခဲ့။ ပြောင်းပြန်ပင် စစ်တပ်၏ တိုင်တန်း ချက်ကို လက်ခံ၍ အဆိုပါ ကွယ်လွန်သူကျောင်းသူကလေး၏ ဖခင်အား တရားစွဲဆိုခဲ့သည်။[4]ဤသည်မှာ ရဲတပ်ဖွဲ့  သည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိခြင်းဖြင့်ဆိုးကျိုးကို တိုင်းရင်းသားပြည်သူများခံစားရသည့် သာဓက တခုမျှသာဖြစ်သည်။
မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအရေးမယူနိုင်သမျှ ကာလပတ်လုံး နယ်မြေရှိသော တိုင်းရင်းသားခေါင်းဆောင်များသည်လည်း အဆိုပါရဲတပ်ဖွဲ့၏အရေးယူမှုကို ခံမည်မဟုတ်။ ကိုယ့်နယ် မြေတွင် ကိုယ့်တပ်နှင့်နေကြမည်။ အစိုးရအဆိုပြု စာချုပ်ပါပြဌာန်းချက်သည်စစ်မှန်သည့် ဥပဒေစိုးမိုးရေးအတွက် အလုပ်ဖြစ် ဘွယ်မရှိ။ ပြစ်မှုဆိုင်ရာ တရားစီရင်မှုစနစ် တခုလုံးအားပြင်သည့် အခြေခံတွင် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းတည်ရှိမှုကို ပါ အခြေအမြစ်မှနေ၍ ပြုပြင်ပြောင်းလဲမှသာလျှင်ထိရောက်မှုရှိနိုင်သည်။
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် အောက်ပါပြဌာန်းချက်မျိုးကိုထည့်သွင်းပြီး မှသာ ရဲတပ်ဖွဲ့သည် လမ်းကြောင်းမှန်ပေါ် ရောက်လာနိုင်ဘွယ်ရှိသည်။
 “ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် အရပ်ဘက် အုပ်ချုပ်ရေး[5]အောက်တွင် ရှိစေရမည်။ ပြည်ထောင်စုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော အရပ်သားကာကွယ်ရေး ၀န်ကြီး၏ ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရမည်။ ရဲတပ်ဖွဲ့၊ထောက် လှန်းရေးတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံမှုထိန်းသိမ်းရေး အဖွဲ့များသည်အရပ်သား ပြည်ထဲရေးဝန်ကြီး၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်ရမည်။ ရဲတပ်ဖွဲ့သည် ဘက်လိုက်ခြင်းအလျှဉ်းမရှိစေရ။[6]
(၃) ကာချုပ်ကို အရေးယူနိုင်သည့် မည်သည့် တရားစီရင်ရေးယန္တယားမျှ မရှိ။[7]၄င်းသည်ဥပဒေ၏ အထက်တွင် ရောက်နေသည်။ စစ်မှုထမ်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုများအား အရေးယူနိုင်ရန်စစ်ခုံရုံးများ[8]ကို တပ်တွင်း၌ ဖွဲ့စည်းစီရင်ကြလေ့ ရှိသော်လည်း အရပ်ဘက် ဆိုင်ရာတရားစီရင်ရေး၏ကြီးကြပ်မှုမှ လုံးဝကင်းလွတ်သည့် စစ်ဘက် ဆိုင်ရာ တရားရုံးများ[9]သီးခြားတည်ထောင် စီရင် ခြင်းမှာ ဒီမိုကရေစီနိုင်ငံကြီးများ၏ အစဉ်အလာမဟုတ်ပါ။ ယခင်က မြန်မာနိုင်ငံတွင်လည်း၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအရ တပ်တွင်းတရားစီရင်ရေး၌ အယူခံ စီရင်ပိုင်ခွင့်အာဏာအားတရား ၀န်ကြီးချုပ် (အရပ်သားဖြစ်သူ)ကသာ ကျင့်သုံးခဲ့သည်။[10]ကာချုပ်၏ တာဝန် မှာ တပ်မတော်ကို စီမံခန့်ခွဲဦးဆောင် ရန်သာဖြစ်သည်။ တရားစီရင်ရန်မဟုတ်။ကာချုပ်က တရားစီရင်ရေး အာဏာကျင့်သုံးနေသမျှ ကာလပတ်လုံး ရဲတပ်ဖွဲ့ မည်မျှပင် အားကောင်းပါစေ၄င်းကို အရေးယူနိုင်ဘွယ်မရှိပါ။ ၄င်းကျူး လွန်နိုင်သည့် ပြစ်မှုများ၊ တာဝန်ရှိနိုင်သည့်ပြစ်မှုများအား စစ်ဘက်ဆိုင်ရာ တရားရုံးကို သုံးကာ ဖုံးထားနိုင်၍ ဖြစ်သည်။ ယင်းကို ဖျက်ရန်လိုသည်။
(၄) တပ်မတော်မှတိုက်ရိုက်ပြောင်းရွှေ့ လာပြီး ရဲတပ်ဖွဲ့အတွင်း ရဲယူနီဖေါင်းပြောင်းလဲဝတ်ထားသော အရာရှိမှန်သမျှအား တာဝန်မှ ရပ်ဆိုင်းရပါမည်။အရပ်သားဘ၀မှ ရဲသင်တန်းကျောင်းများကို တက်၊ ရဲလုပ်ငန်းများအား စနစ်တကျသင်ကြားပြီး ရဲတာဝန်အား တောက်လျှောက် ထမ်းဆောင်လာသူများကိုသာအဆင့်ဆင့် ရဲတပ်ဖွဲ့  အကြီးအကဲများအဖြစ် အထက်အမြင့်ဆုံးပိုင်းအထိတာဝန်ပေးခြင်းသည်သာ အသင့်မြတ်ဆုံးဖြစ်ပါမည်။ ယင်းကို အာဏာရှင်စနစ်၏ အုပ်ချုပ်မှုအောက်မှဒီမိုကရေစီသို့ ပြောင်းလဲသွားသောနိုင်ငံများတွင် တိုင်းပြည် အဆောက်အအုံ အပြောင်းအလဲ[11] လုပ်ဆောင်ခြင်း ဟုခေါ်လေ့ရှိကြသည်။
(၅) အထက်ပါအချက်သုံးရပ်ကိုဖေါ်ဆောင်ပြီးနောက်တွင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းကာရဲအနေဖြင့် တာဝန်ယူမည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များရှိ ဒေသဘာသာစကားကို တတ်ကျွမ်းသောဒေသခံများအတွင်းမှ နှစ်ဘက် သဘောတူရွေးချယ်၊ ရဲတပ်ဖွဲ့ဆိုင်ရာအတတ်ပညာ အကူအညီကို နိုင်ငံတကာမှ တောင်းခံလေ့ကျင့်သင်ကြားစေပြီးမှ တာဝန်ထမ်းဆောင်စေမည်cဆိုလျှင်မူမျှတမှု ရှိနိုင်ပါမည်။ ဥပဒေစိုးမိုးရေးကို တစုံတရာ ထိရောက်စွာ အထောက်အကူ ပြုနိုင်ပါမည်။
(၆) ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ရမည့်နေရာ“အပစ်ရပ်နယ်မြေအတွင်း” ဟူသော ဝေါဟာရမှာေ၀၀ါး မှုရှိသည်။ မည်သည့်နယ်မြေမှာ အပစ်ရပ်နယ်မြေဖြစ်သည်ကိုသတ်မှတ်ရ ခက်ခဲသည်။ တနိုင်ငံလုံးကို လွှမ်းခြုံကာ ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင် မည်ဆိုပါက နယ်မြေကို ခွဲခြားသတ်မှတ်ရန် မသင့်ပါ။ ဥပဒေစိုးမိုးရေးကို အထောက် အကူပြု စေရေးအတွက်ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမည်ဆိုလျှင် ပြည်နယ် အားလုံး၊ ပြည်ထောင်စု နိုင်ငံတ၀ှမ်းလုံးတွင် ဖေါ်ဆောင်ရန် လိုပါမည်။
(၇) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပါကပြည်နယ်အသီးသီးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရပါမည်။ ပြည်နယ်ရဲတပ်ဖွဲ့သည် ပြည်နယ်အစိုးရ၏ကွပ်ကဲမှုအောက်တွင် ရှိရပါမည်။ ပြည်နယ်အစိုးရအား ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူထုများကရွေးချယ်တင်မြှောက်ခံရသူများနှင့် ဖွဲ့စည်းရန်လိုပါမည်။
(၈) တိုင်းရင်းသားပြည်နယ်များတွင်ကိုယ်ပိုင်အုပ်ချုပ်ရေး ရခွင့်ရှိသည်ကို လက်ခံမည်ဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုနှစ်ပိုင်းခွဲရပါမည်။ တပိုင်းမှာ ဖက်ဒရယ်ရဲတပ်ဖွဲ့ ဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုအစိုးရ၏ကွပ်ကဲမှု အောက်တွင်ထားရှိပြီး ပြည်နယ်တခုမှ အခြားပြည်နယ်တခုကို ဖြတ်သန်း ကျော်လွှားဖြစ်ပွားနိုင်သည့်ပြစ်မှု ကြီးများအား အရေးယူ ကိုင်တွယ်ရန်ဖြစ်သည်။ နောက်တပိုင်းမှာ ပြည်နယ်ရဲတပ်ဖွဲ့ ဖြစ်သည်။ပြည်နယ်အစိုးရ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ထားရှိပြီး ပြည်နယ်အတွင်း ဖြစ်ပွားသည့်ပြစ်မှုများကို အရေးယူကိုင်တွယ်ရန် ဖြစ်သည်။
အထက်ပါ အခြေအနေ (၈) ရပ်နှင့်ပြည့်စုံပါမှရဲတပ်ဖွဲ့သည် တိုင်းရင်းသား ပြည်နယ်များ တွင် ဥပဒေစိုးမိုးရေးကို စစ်မှန်စွာ အထောက်အကူပြုနိုင်ပါမည်။ထို့အပြင် ဥပဒေစိုးမိုးရေးအတွက် ပို၍ အရေးကြီးသည်မှာ တရားစီရင်ရေးက ဖြစ်သည်။ရဲတပ်ဖွဲ့ မည်မျှပင် ကောင်းမွန်စေဦး လွတ်လပ် ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးမရှိပါကဥပဒေစိုးမိုးရေး အုတ် မြစ်ချနိုင်ဘွယ်မရှိပါ။ နိုင်ငံတကာရှေ့နေအသင်းချုပ်[12]မှ ဥပဒေပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်လေ့လာပြီး နောက် လွတ်လပ်သည့် တရားစီရင်ရေးပေါ်ပေါက်လာစေရန် တရားသူကြီးများအားခန့်အပ်ခြင်းကို သီးခြားလွတ် လပ်သည့် တရားစီရင်ရေးဆိုင်ရာ ခန့်အပ်ရေးကော်မရှင်[13] က လုပ်ဆောင်သင့်ကြောင်းအကြံပေးခဲ့သည်။ ထို့အပြင် တရားသူကြီးများ၏ ရာထူးနေရာတည်မြဲမှု[14] ကိုလည်း အာမခံရန်လိုပါမည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၃ (၂) ပြဌာန်းချက်မျိုးဖြင့် အာမခံထားမှသာ တရားသူကြီးများလွတ်လပ်စွာ စီရင်နိုင်ပါမည်။[15] သို့မှသာ ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက် နိုင်ပါမည်။
လွတ်လပ်သော တရားစီရင်ရေးဆိုင်ရာများသည်ငြိမ်းချမ်းရေးစာချုပ်နှင့် မဆိုင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းပြဌာန်းရမည့် အရာများဟုအချို့ က ယူဆနိုင်သည်။ ဤသည်ကို ရှင်းပါမည်။ ငြိမ်းချမ်းရေးစာချုပ် များတွင် အရေးအကြီးဆုံးများအနက်တရပ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖေါ်ဆောင်နေစဉ်အတွင်း ပိပက္ခ၏ ဘက်နှစ်ဘက် ထပ်မံပြဿနာဖြစ်လာပါကအကြမ်းဘက် လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်မပေါ်ပေါက်အောင် မည် သို့ ဖြေရှင်းမည် ဟူသည်ကိုထည့်သွင်းချုပ်ဆိုကြရသည်။ သာဓကအားဖြင့် ဗြိတိန်အစိုးရနှင့် မြောက်ပိုင်းအိုင်ယာလန်တို့ ချုပ်ဆိုသော စာချုပ်တွင် ရဲတပ်ဖွဲ့၏ အခန်းကကို ထည့်သွင်းဖေါ်ပြထားသည်။ မြောက်ပိုင်းအိုင်ယာလန်သည်ဒီမိုကရေစီ အခြေခံသောနိုင်ငံဖြစ်သည့်အပြင် ရဲတပ်ဖွဲ့သည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်မရှိ၊ နိုင်ငံရေးအရ အသုံးချရန် ရည်မှန်းချက်နှင့် တပ်မတော်အရာရှိများအား တိုက်ရိုက်ပြောင်းရွှေ့တာဝန်ပေးထားခြင်းလည်း မရှိ၊ ရိုးရိုးရဲ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ အသက်မွေးဝမ်းကြောင်းအရ[16] တာဝန် ထမ်းဆောင်ရန် လေ့ကျင့်ထားသောပုဂ္ဂိုလ်များ နှင့်သာ ဖွဲ့စည်းထားသဖြင့် အခြေခံအားဖြင့် သင့်လျှော်မှု ရှိသည်ဟု ဆိုနိုင်သည်။သို့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေအထားမှာမူ ယင်းနှင့်ပြောင်းပြန် ဖြစ်နေသည်။
ယင်း မြောက်ပိုင်းအိုင်ယာလန်မှာပင်ငြိမ်းချမ်းမှုထိန်းသိမ်းရာတွင် မူလရှိပြီးသော ရဲ၏ အနေအထားကို မလုံလောက်သေးဟု ယူဆသဖြင့်ရဲလုပ်ငန်းတိုးတက်အောင် ကြပ်မတ်ပေးရန် ကျွမ်းကျင်သူများ (နိုင်ငံတကာအပါ အ၀င်) ပါဝင်စေလျက်လွတ်လပ်သည့်ကော်မရှင်တရပ် ထပ်ဖွဲ့ရေးကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရသည်။[17] ထို့အပြင် တည်ရှိပြီးသားပြစ်မှုဆိုင်ရာတရားမျှတမှု[18] ရှာဖွေသည့်စနစ် ပိုမိုကောင်းမွန်ရေး၊တရားစီရင်ရေးလွတ်လပ်မှု ကို ကာကွယ်နိုင်ရေးအတွက် တရားသူကြီးများအား ခန့်ထားနိုင်ရေးစီစဉ်မှုများ[19]နှင့် တရားစွဲလုပ်ငန်းစဉ်နှင့်ယင်း၏ လွတ်လပ်မှုကို ကာကွယ်နိုင်ရေးစီစဉ်မှုများ[20] ကို ထည့်သွင်းချုပ်ဆိုခဲ့ရသည်။မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာတရားမျှတမှု ရှာဖွေမှုစနစ်၊ တရားစီရင်ရေးလွတ်လပ်မှုနှင့်တရားစွဲအဖွဲ့တို့၏ အခြေအနေမှာ ရစရာမရှိအောင် ဆိုးဝါးကျဆင်းလျက်ရှိ သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပိုဆိုးအောင်သာ အုတ်မြစ်ချပေးထားသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးစာချုပ်တွင် မြောက်ပိုင်းအိုင်ယာလန်၏နမူနာကို ယူကာ လက်ရှိရဲတပ်ဖွဲ့ အားပြုပြင်ဖွဲ့ စည်းခြင်းမရှိဘဲ  အသုံးပြုနိုင်လောက်သည့် အခြေအနေမရှိ။
၁၉၉၄ ခုနှစ်တွင် ကေအိုင်အိုနှင့်အစိုးရအကြား အပစ်ရပ်စာချုပ်ချုပ်ခဲ့ရာ၌ ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွား ပါက နှစ်ဘက်သဘော တူတည်ဆောက်ထားသော မည်သည့်ဖွဲ့စည်းမှု ယန္တယားက မည်သို့အရေးယူဆောင်ရွက်မည် ဟူသည်ကို တိတိကျကျမပါရှိခဲ့။ “ညှိနှိုင်းဖြေရှင်းသွားရန်” ဟူသည့် မရေရာသော ဝေါဟာရသာ ပါခဲ့သည်။[21] သို့ဖြစ်၍ ၁၉၉၄ ခုနှစ်မှ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် ကာလအတွင်း ကေအိုင်အိုစစ်သားများသည် အစိုးရစစ် တပ်၏ သတ်ဖြတ်မှုများကို အတော်များများ ခံခဲ့ကြရသော်လည်း[22] အပစ်ရပ်စာချုပ်ကို ကိုးကားကိုင်စွဲ၍ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ ဥပဒေစိုးမိုးရေး ပျက်သုဉ်းမှုကို ကေအိုင်အိုသည်ကြိတ်၍ ခံခဲ့ရသည်။ ခုနှစ်ကို တော့ မမှတ်မိတော့ပါ။ ဒီမိုကရက်တစ် ကရင်ဗုဒဘာသာ တပ်မတော်မှ စစ်သည်(၆) ဦးကိုလည်း မြန်မာ့တပ်မတော်က သတ်ဖြတ်ခဲ့ဘူးသည်။ မွန်ပြည်သစ်ပါတီနှင့် အခြားအဖွဲ့အစည်းများတွင်လည်းအလားတူ အတွေ့အကြုံများ မနည်းလှ။
၁၉၈၉ ခုနှစ်မှ စတင်ကာ န၀တစစ်အစိုးရကဖေါ်ဆောင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသမိုင်းတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် အရုပ်ဆိုးအကျည်းအတန်ဆုံးနှင့် အရက်စက်ဆုံးရာဇ၀တ်မှုကြီးမှာ မုန်းကိုး လူသတ်ပွဲ ကြီးဖြစ်သည်။ ၁၉၈၉ခုနှစ် မတ်လ (၁၂) ရက်နေ့တွင် ဖုန်ကျားရှင်ခေါင်းဆောင်သော ကိုးကန့်အဖွဲ့သည် ဗကပကို ပုန်ကန်ခွဲထွက်ကာန၀တ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည့် ပထမဆုံးအဖွဲ့ကြီးဖြစ်သည်။ အဆိုးဝါးဆုံးသော အတွေ့အကြုံကိုလည်း ပထမဆုံး ခံစားခဲ့ရသည်။
၎င်းအဖွဲ့ လွှမ်းမိုးထားသည့်ဒေသမှာလောက်ကိုင်၊ ချင်းရွှေဟော် တို့မှနေ၍ မုန်းကိုးအထိ ကျယ်ပြန့် ပြီး စစ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၁) အဖြစ်သတ်မှတ်ပေးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ၄င်းအဖွဲ့အတွင်း'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ခေါင်းဆောင်သော အုပ်စုနှင့်'ရန်'မျိုးနွယ်တွေထဲက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ခေါင်းဆောင်သော အုပ်စုတို့ပိပက္ခ ဖြစ်ကြသောအခါဖုန်ကျားရှင် အုပ်စုက အသာစီးရသွားခဲ့သည်။ ဖုန်ဘက်က ထောက် ကူရင်း စစ်အစိုးရ၏ 'ဒကစ' စစ်တပ်ကြီးရောက်လာသောအခါနှစ်ဘက်လုံးက လက်ခံခဲ့ရသည်။ ၂၀၀၀ ခုနှစ်အောက်တိုဘာလ (၂၄) ရက်နေ့တွင် မုန်းကိုးခေါင်းဆောင်မုန်ဆာလ ကို ဖယ်ရှားပြီး လီနင်မင် ခေါင်းဆောင်သည့် အုပ်စုက အာဏာသိမ်းရန် ကြိုးစားသောအခါစစ်အစိုးရ၏ မြန်မာ့တပ်မတော်က ၀င်ရောက်တရားစီရင်ပါတော့သည်။ လီနင်မင် အပါအ၀င် ၄င်း၏အုပ်စုတခုလုံး လူ ၁၅၀ ခန့်အား 'ဟေမိုးလုံ' ဒေသတွင် တချီတည်းအသေပစ်သတ်ကာ ရာမ ကျင်းကြီးများအတွင်းတွင်အစုလိုက် အပြုံလိုက် မြှုပ်နှံလိုက်သည်။ ဒေသခံများနှင့်တရုတ်နွယ်ဖွားများက 'ဒုတိယ နန်ကျင်းလူသတ်ပွဲကြီး' ဟု ပင် ဆိုစမှတ်ပြုခဲ့ သည်။[23]
ငြိမ်းချမ်းရေးဖြစ်စဉ်များသည်လူ့အခွင့်အရေးကို တိုးမြင့်စေရပါမည်။ ပိုမို၍ ဆုတ်ယုတ်ကျဆင်းခြင်းမျိုး မဖြစ်သင့်ပါ။အပစ်ရပ်ခဲ့သော တိုင်းရင်းသားစစ်သည်များ၏ နိုင်ငံရေးရပ်တည်မှုအား ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၄င်းတို့တွင် လူ့အခွင့်အရေးအရ အသက်ရှင်သန်ပိုင်ခွင့်[24]ရှိသည်။ ထိုနည်းတူစွာမြန်မာ့တပ်မတော်ရှိ စစ်သည် များတွင်လည်း အလားတူ အခွင့်အရေး ရှိသည်။ ဥပဒေအရ တရားစီရင်မှုဖြင့်ရုပ်သိမ်းခြင်းမှတပါး ၄င်းတို့၏ အသက် ရှင်သန်ပိုင်ခွင့် အခွင့်အရေးကို မည်သူမျှ ရုပ်သိမ်းခွင့်မရှိ။အပစ်ရပ်ထားစဉ် အတွင်းဖြစ်စေကာမူ ပိပက္ခဖြစ်ပွားနေ သော ဘက်တဘက်[25] က ဖမ်းဆီးရမိထားသော အခြားဘက်တဘက်မှစစ်သည်တဦး၏ အသက်ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းမှာ လူသားချင်း စာနာထောက်ထားသည့်နိုင်ငံတကာဥပဒေ ဖြစ်သည့် ဂျီနီဗာ ကွန်ဗင်းရှင်း ပုဒ်မ (၃) အရ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။[26] အပစ်ရပ်ထားစဉ်အတွင်းမြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများရှိ စစ်သည်များအား သတ်ဖြတ်မှုမှန်သမျှမှာစစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးစာချုပ်သည် ဥပဒေစိုးမိုးရေးကိုမျက်ကွယ်ပြုခွင့်ပေးထားသည် သဘောတူညီချက် မဖြစ် သင့်။ ဥပဒေစိုးမိုးရေးကို ခိုင်မာစွာ အုတ်မြစ်ချသည့်စာချုပ် ဖြစ်သင့်သည်။ ဥပဒေစိုးမိုးရေးရှိမှသာလူ့အခွင့်အရေးကို ခံစားခွင့် ရနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံတကာ စံထားချက်များ အခြေခံအပေါ်တွင်ဥပဒေအထောက်အကူပြုကွန် ရက်[27]က လက်ခံထားသည့် ဥပဒေစိုးမိုးရေးအခြေခံမူနံပါတ် (၁) မှာ အောက်ပါအတိုင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရေးနှင့် ပြစ်မှုကျူးလွန်ခံရသူများတရားမျှတမှုရှိစေရေး
အနိမ့်ဆုံး အခြေခံမှနေ၍ လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူရေးကို ကျင့်သုံးခြင်း။
အစိုးရအဆိုပြုစာချုပ် နိဒါန်းတွင်ဖေါ်ပြထားသည့် “အတိတ်ဖြစ်ရပ်များအပေါ် တဦးနှင့်တဦး အပစ် မတင်ဘဲ” ဟူသော ဝေါဟာရသည် ဥပဒေစိုးမိုးရေးကိုလုံးဝမျက်ကွယ်ပြုထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကို အဓိက ထားလျှင် ပြစ်မှုကျူးလွန်သူကိုဖေါ်ထုတ်အရေးယူ အပြစ်ပေးရပါမည်။
အကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို ဖေါ်ထုတ်အရေးယူ အပြစ်ပေးခြင်းမပြုလျှင်ပင် ပြစ်မှုကျူးလွန် ခံရသူများအတွက် တရားမျှတမှု ရရှိစေရန်ကုစားနည်း မျိုးစုံဖြင့် ကုစားပေးရပါသည်။ ကျန်ရစ်သူ မိသားစုအား လျော်ကြေးငွေများ ပေးအပ်ခြင်း၊ ဂုဏ်ပြုကျောက်စာတိုင်များစိုက်ထူပေးခြင်း၊ မှတ်တမ်းစာအုပ်များ ထုတ်ဝေခြင်း၊ တိုင်းပြည်အဆောက်အအုံများပြောင်းလဲဖွဲ့စည်းခြင်း[28] စသည်တို့ ဖြစ်သည်။ “အမှန်တရားဖေါ်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး” ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခြင်းသည်လည်း နည်းလမ်းတခုဖြစ်သည်။
ိပက္ခဖြစ်ပွားခဲ့သော ဘက်နှစ်ဘက် ညှိနှိုင်းဆွေးနွေးကြပြီးနောက်တောင်အာဖရိက၊ အင်ဒိုနီးရှား နိုင်ငံ အာချေး၊ ဆီအာရာလီယွန်းနိုင်ငံ၊ အယ်လ်ဆာဗေးဒေါ၊ကင်ညာ၊ လိုက်ဘေးရီးယား၊ ပနားမား၊ ပီရူး၊ အရှေ့တီမော စသော နိုင်ငံများတွင် အမှန်တရားဖေါ်ထုတ်ရေးနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ယူဂိုဆလားဗီယားနိုင်ငံပြိုကွဲသွားပြီးနောက် ပေါ်ပေါက်လာသည့် ၆ နိုင်ငံလုံးသည် စုပေါင်းကာ အလားတူ ကော်မရှင်မျိုးဖွဲ့စည်းရန် ကြိုးပမ်းလျက် ရှိကြသည်။ ယင်းသို့ ဆောင်ရွက်မှုများမှာ ဥပဒေစိုးမိုးရေးကိုတနည်းတဖုံ အထောက် အကူပြုစေပါသည်။ မြန်မာနိုင်ငံတွင် အစိုးရအဆိုပြုစာချုပ် အတိတ်ကလူ့အခွင့်အရေးချိုးဖေါက်ကျူးလွန် ခံခဲ့ရသူများ တရားမျှတမှု ခံစားနိုင်ရေး အတွက် အရေးယူဆောင်ရွက်ရန်မည်သို့မျှ ဖေါ်ပြမထားခြင်းမှာ လူသားစိတ်ကင်းမဲ့ရာ ရောက်သည်။ ဥပဒေစိုးမိုးရေးကိုလည်းလုံးဝ မျက်ကွယ်ပြုထားခြင်းဖြစ်သည်။
အစိုးရအဆိုပြုစာချုပ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ဖေါ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များ အပေါ် ကြီးကြပ်ရန်သော်လည်းကောင်း၊ ဘက်နှစ်ဘက်အတွင်းပြန်လည် ဖြစ်ပွားပေါ်ပေါက်နိုင်မည့် ပြသနာများ၊ အကြမ်း ဘက်ပိပက္ခများအား စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရန်သော်လည်းကောင်းဖေါ်ပြ ထားချက်များမှာအား နည်းလွန်းလှသည်။[29] စင်စစ်အားဖြင့် ယေဘုယျဆန်လွန်းသောနိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ[30] မှ လွဲ၍ တိကျ သည့် ရှေ့လုပ်ငန်းစဉ်များပင်စိုးစဉ်းမျှမတွေ့ ၇။ ၂၀၀၈ဖွဲ့ စည်းပုံအောက်သို့ ပြန်လည် ဆွဲ သွင်းထား[31] သည့်အပြင် နိုင်ငံ တကာ၏ အခန်းကကို ထည့်သွင်းခြင်းလုံးဝမရှိ။ပြသနာ များကို ငြိမ်းချမ်းစွာဖြေရှင်း နိုင်ရန် စစ်မီးများပြန်လည် မတောက်လောင်စေရန်နှင့်လူ့ အခွင့်အရေးချိုးဖောက်မှုများအား ရပ်ဆိုင်းနိုင်ရန်  နိုင်ငံတကာ၏ ကြီးကြပ်မှုကို ဖိတ်ခေါ်သင့်သည်။
ကင်ညာနိုင်ငံအတွင်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့သောအခါရက်သတ္တပတ်အချို့အတွင်းမှာ အာဖရိက သမဂ္ဂ ဥက္ကဌ ဂျွန်ကူးဖူး သည် ကင်ညာနိုင်ငံသို့ ရောက်ရှိကာဝင်ရောက်ဆောင်ရွက်နိုင်ခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားပြီး ရက်သတ္တပတ်အချို့မျှအကြာမှာပင်၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့၌ ကုလသမဂ္ဂ အတွင်းရေးမူးချုပ်ဟောင်း ကိုဖီအာနန် က မစ်ရှင်တခုကို ခေါင်းဆောင်၍ ရောက်ရှိလာခဲ့သည်။ ဖေဖေါ်ဝါရီ လ ၂၈ရက်နေ့တွင် အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ မတ်လ ၆ ရက်နေ့တွင် ဥပဒေ ထွက်လာသည်။[32]ပဋိပက္ခများ ငြိမ်သွားခဲ့သည်။ ညှိနိုင်းစေ့စပ် သူများ အိမ်ပြန်သွားခဲ့သည်။အာဖရိက သမဂ္ဂ၏ ကြားဝင်ကြိုးပမ်းမှု အောင်မြင်သည့် အနေအထားသို့ရောက်သွားခဲ့သည်။ နိုင်ငံတကာကသံတမန်ရေးအရ ၀င်ရောက်ဖြေရှင်းဆောင်ရွက်ပေးမှုကို လက်ခံ ခြင်းမှာ မည်မျှထိရောက်ကြောင်းသာဓက ဖြစ်သည်။
ကင်ညာနိုင်ငံ၏ ငြိမ်းချမ်းရေး ညှိနိုင်းမှု ဖြစ်စဉ်အတွင်း ရရှိခဲ့သည့် စံနမူနာ ယူထိုက်သောသဘော တူညီချက်များမှာ ပဋိပက္ခများ ဘာကြောင့်ဖြစ်ပွားခဲ့သည် ကိုဖေါ်ထုတ်စုံစမ်းစစ်ဆေးရန်၊ ရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်လည်သုံးသပ်ရန်နှင့် လူထုအတွင်း အမှန်တရား၊ တရားမျှတမှု နှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများဖေါ်ဆောင်ရန် စသည်တို့အတွက် ကော်မရှင်များ အသီးသီး ဖွဲ့စည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ အာချေးငြိမ်းချမ်းရေးဖြစ်စဉ်တွင် အီးယူနှင့် အာဆီယံတို့ သည် ကြီးကြပ်မှု အခန်း ကဏ္ဍတွင် ပါဝင်ခဲ့ကြပြီး မည်သို့ မည်ပုံ ကြီးကြပ်မည်ကို စာချုပ်၌ အသေးစိပ် စာနှစ်မျက်နှာခန့်မျှ ထည့်သွင်း ချုပ်ဆိုခဲ့သည်။[33]ဆီအာရာလီယွန်း သဘောတူစာချုပ်တွင် ပူးတွဲကြီးကြပ်ရေးကော်မတီကို အနောက်အာဖရိက ၁၅ နိုင်ငံပါဝင်ဖွဲ့ စည်းထားသည့် ECOWAS[34] က ဥက္ကဌတာဝန်ယူမှု အောက်တွင်ဖွဲ့ စည်းပြီး၊ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကို တောင်းခံကြောင်းနှင့် ဤငြိမ်းချမ်းရေးစာချုပ်အား  ဘက်နှစ်ဘက် သဘောရိုးနှင့် ခိုင်ကျည်စွာ ဖေါ်ဆောင်ရာတွင် ကုလသမဂ္ဂ၊ အာဖရိက သမဂ္ဂ OAU နှင့် ECOWAS တို့ က ကိုယ်ကျင့်သိက္ခာအရ အာမခံသူများအနေဖြင့် တာဝန်ယူကြောင်း စသည်တို့ ကို ဖေါ်ပြခဲ့သည်။[35]
[1] Law Enforcement Institutions
[2] StateInstitutions
[3] ရဲတပ်ဖွဲ့ နှင့် စပ်လျှဉ်း၍ ၂၀၁၃နိုဝင်္ဘာလ ၂၁ ရက်နေ့ တွင် ဟောင်ကောင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဆိုင်မွန်ယန်း (ဥပဒေအထောက်အကူပြုကွန်ရက်LAN ၏ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့ ဝင်) ပေးပို့ သော မှတ်ချက်။ “The police force is responsible for law enforcements inaccordance with international human rights standards.”
[4] မဂျာဆိုင်းအိန်အမှု၊ ၂၀၁၂ ခုနှစ်စက်တင်္ဘာလ (၁၃) ရက်နေ့ တွင် မြောက်ပိုင်းတိုင်းလက်အောက်ခံ ဟိုပင်အခြေစိုက် တပ်ရင်း(၃၈၉) က ဖားကန့်မြို့ဆွတ်ငိုင်ယန်ကျေးရွာအတွင်းသို့ဝင်ရောက်ပစ်ခတ်သဖြင့်အသက်(၁၄) နှစ်အရွယ် ကိုးတန်းကျောင်းသူ ကချင်အမျိုးသမီးကလေး မဂျာဆိုင်းအိန် ကွယ်လွန်သွားခဲ့။အသိသက်သေများ တရွာလုံးတွင်ရှိ။ ရဲတပ်ဖွဲ့ ကမည်သည့် အရေးယူမှုမျှ မလုပ်ခဲ့။ သူမ၏ ဖခင်ကလူ့ အခွင့် အရေးကော်မရှင်သို့ တိုင်ကြားသောအခါ မမှန်မကန်တိုင်ကြားသည်ဟု စစ်တပ်က ပြန်လည်အမှုဖွင့်၊ရဲတပ်ဖွဲ့ က တိုင်ချက်ကိုလက်ခံ၊ ဖခင် ဦးဘရန်ရှောင်မှာ ဖားကန့် မြို့ နယ်တရားရုံးတွင်ယခုတိုင် အမှုရင်ဆိုင်နေရ။
[5] Civilian Supremacy
[6] Neutrality ofpolice
[7] ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ပုဒ်မ ၂၉၃ အရ စစ်ဘက်ဆိုင်ရာ တရားရုံးများဖွဲ့ စည်းထားခြင်း၊ပုဒ်မ ၃၄၃ “စစ်ဘက်ဆိုင် ရာ တရားစီရင်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်အပြီးအပြတ် ဖြစ်သည်။” ဟု ပြဌာန်းထားခြင်း။
[8] Courts-Martial
[9] Military Tribunals
[10] ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေအခဏ်း (၁၇) ပုဒ်မ ၂၁၁။      “စစ်ဘက် အယူခံ တရားရုံးဖွဲ့ စည်းခြင်း”
   “စစ်ဘက်ဆိုင်ရာ အယူခံရုံးတရုံးရှိရမည်။ ထိုစစ်ဘက်ဆိုင်ရာအယူခံရုံး၏ တရားသူကြီးများသည် အောက်ပါအတိုင်း ဖြစ်ရမည်။
    (က) နိုင်ငံတော် တရားဝန်ကြီးချုပ်က ဤကိစ္စအလို့ငှာ တရားလွှတ်တော်ဝန်ကြီးများထဲမှ အခါအားလျော်စွာရွေးချယ်သော တရားလွှတ်တော်
           တရားဝန်ကြီးများ၊
    (ခ) နိုင်ငံတော် တရားဝန်ကြီးချုပ်က ဤကိစ္စအလို့ငှာ တပ်မတော်ရှိ ဒုတိယဗိုလ်မှုးကြီးအောက် အဆင့်မနိမ့်သော အရာရှိများထဲမှ အခါအား
         လျော်စွာ ရွေးချယ်သော အရာရှိများ၊
    (ဂ) အစိုးရ၀န်ထမ်းမဟုတ်သည့် ဥပဒေကျွမ်းကျင်သူများထဲမှနိုင်ငံတော် တရားဝန်ကြီးချုပ်က ခန့် အပ်သူများ၊”
[11] Institutional Reform
[12] International Bar Association
[13] Judicial Appointments Commission
[14] Judicial tenure
[15] ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၄၃ (၂) “ထင်ရှားသည်ဟု ဆုံးဖြတ်ပြီးသည့်အကျင့်စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်စေ၊ မစွမ်းမဆောင် နိုင်မှုကြောင့် ဖြစ်စေ၊ ထိုအကြောင်းတခုခုကြောင့်မှတပါး တရားဝန်ကြီးကို ရာထူးမှ မထုတ်ပယ်ရ။”
[16] Professional
[18]Criminal Justice
[19] The arrangements for making appointments to thejudiciary and magistracy, and safeguards for protecting their independence;
[20]The arrangements for the organisation and supervision of the prosecutionprocess, and for safeguarding its independence;
[21] ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်။“နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအိုင်အိုကိုယ်စားလှယ်
    အဖွဲ့ တို့ ၏ နှစ်ဦးနှစ်ဘက် နားလည်သဘောတူညီချက်များ”
    အပုဒ် (၄) (ည)။         “ကေအိုင်အိုတပ်ဖွဲ့ များ အခြေပြုတပ်စွဲသည့်နေရာဒေသများနှင့် စပ်လျှဉ်း၍ သော်လည်းကောင်း၊ အခြားရှင်းလင်းရန်
    လိုအပ်သည့် ကိစ္စရပ်တခုခု ပေါ်ပေါက်လာလျှင်သော်လည်းကောင်းနှစ်ဦး နှစ်ဘက် အတူတကွ ကွင်းဆင်းလေ့လာပြီး ဆွေးနွေးညှိနှိုင်း
    ဖြေရှင်းသွားရန်”
[22] ၁၉၉၆ ခုနှစ်တွင်ဖါးကန့်ခရိုင်ကေအိုင်အေတပ်ရင်း၆ မှ တပ်ဖွဲ့ ဝင်သုံးဦးအား အစိုးရတပ်က ဖမ်းဆီးသတ်ဖြတ်။
   ၂၀၀၁ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ခရိုင် ဂျာအိန်ပါကျေးရွာ ကေအိုင်အေ တပ်ရင်း ၉ နယ်မြှေ စိုက်ပျိုးရေးခြံကို အစိုးရတပ်က
   ၂၀၀၆ ခုနှစ်တွင် မူဆယ်- နမ့်ခမ်း လမ်းပေါ်ရှိနမ့်မြဲကျေးရွာ ကေအိုင်အေတပ်ခွဲမှ တပ်ဖွဲ့ ဝင် ၉ ဦးအား အစိုးရတပ်က ၀င်ရောက်စီးနင်းသတ်ဖြတ်။
[23] မျိုးဇေ ရေးသားသည့် ဆောင်းပါး၊ “စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင်ငြိမ်းချမ်းရေးကတော့ အနုတ်လက္ခဏာ”
   ၃၁-၈-၀၉
[24] The Right to Life
[25]Party in the armed conflict
[26] Legal Comment made by Dr. David Fisher, Professor of International Law,Faculty of Law, Stockholm University, Sweden. He is also a member of theInternational Advisory Board to the Legal Aid Network (LAN):
“Under common Article 3(1) of the Geneva Conventions, persons taking no activepart in the hostilities, including members of the armed forces who have laiddown their arms and those placed hors de combat by, forexample, detention are entitled to be treated humanely.“Violence to life and person, in particular murder of all kinds” is prohibitedunder the Article. It would not seem to matter that the killings of the warprisoners have taken place while a cease-fire agreement was in force. In otherwords, the mere existence of such an agreement would not remove the killingsfrom the context of the armed conflict. In fact, the very fact that thekillings took place indicates that the conflict is still in existence (andthus that Article 3 is applicable). In summary, the acts in question may verywell constitute war crimes, i.e., breaches of international humanitarian lawunder Article 3.”
[27] Legal Aid Network
[28] Institutional Reform
[29] Comment made by Dr Venkat Iyer, theUK-based Law Commissioner for Northern Ireland and member of InternationalAdvisory Board to the Legal Aid Network (LAN) on January 2, 2014:
Among the issues that have noteither featured in the agreement or have not been sufficiently fleshed out aretwo very important ones:
(a) details of how theimplementation of the agreement is to be monitored/enforced; and
(b) an arbitration clause forthe resolution of disputes that may arise.
[30] အစိုးရအဆိုပြုစာချုပ် အခန်း (၉) အပုဒ် (၁၅)
[31] အစိုးရအဆိုပြုစာချုပ် အခန်း(၈) အပုဒ်၁၂ (ဂ) နှင့် ၁၃။
[34] The Economic Community Of West African States (ECOWAS)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...