Thursday, January 30, 2014

ငြိမ်းချမ်းရေးစစ်တမ်း (၃)။ ဒဿမပိုင်း ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်း

Aung Htoo January 25, 2014 at 11:40pm
ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်းကိုသာ အဘယ်ကြောင့် ဦးတည်သင့်သလဲ။
မြန်မာ့ တပ်မတော်၏ သမိုင်းကို မှန်ကန်စွာ ပြန်လည်သုံးသပ်ရန် လိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျ ဆုံးခဲ့ပြီးနောက် နိုင်ငံခြား ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းနှင့်စပ်လျှဉ်း၍ ဗိုလ်ချုပ်ကျော်ဇော ခေါင်းဆောင်လျက် တရုတ်ဖြူ ချေမှုန်းရေးတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့၍သာ မြန်မာ့တပ်မတော် နံမည်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း တွင် မည်သည့် နိုင်ငံခြားကျူးကျော်စစ်ကိုမျှ ခုခံတိုက်ခဲ့ရခြင်း မရှိ။ ဗမာပြည်ကွန်မြူနစ်ပါတီ သေနတ်သံ တိတ်သွားခဲ့ ခြင်းမှာ ၀ အမျိုးသားများက အာဏာသိမ်းခဲ့ သောကြောင့်သာ။ မြန်မာ့တပ်မတော်က စစ်ရေးအရ ချေမှုန်းနိုင်၍ မဟုတ်။


 ပြည်တွင်းစစ် ၆၅ နှစ် သမိုင်းတလျှောက်တွင် ကိုးကန့်အဖွဲ့ကလေးမှလွဲ၍ အခြား ထင်ရှားသည့် မည်သည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းကြီး တခုတလေကိုမျှ မြန်မာ့တပ်မတော်က စစ်ရေးသက်သက်နှင့် ချေမှုန်း နိုင်ခဲ့သည် မရှိ။ အပနာမ ပြောခြင်းမဟုတ်။ ငြိမ်းချမ်းရေးကို မှန်ကန်စွာ ချဉ်းကပ်စေလိုသော စေတနာရိုးဖြင့် အရှိ ကို အရှိအတိုင်း ထောက်ပြခြင်းသာ ဖြစ်သည်။

ကိုးကန့်ဟူသည်မှာလည်း တရုတ်ပြည်ရှိ လူမျိုး စု ၅၆ မျိုးအနက် ကော်ကန် ဟူသောလူမျိုးအဖြစ် ပါဝင်သည်။ ရှမ်းပြည်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုများ ကို တုန့် ပြန်ရန် ကာကွယ်ရေး အဖွဲ့အနေ ဖြင့် ဗိုလ်မှုးချုပ်အောင်ကြီးက ဖွဲ့စည်းပေးခဲ့ရာမှ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တခုသဖွယ် ရပ်တည်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာရှင်များ ကိုယ်တိုင်က မြေတောင်မြှောက်ပေးခဲ့သည့် အဖွဲ့ ဖြစ်သည်။ တိုင်းရင်းသားဟုတ်မဟုတ်ပင် အငြင်းပွားနိုင်သော အဖွဲ့ငယ်လေးတခု အား ချေမှုန်းနိုင်သည့်အပေါ် စစ်မာန် တက်ကာ မြန်မာ့တပ်မတော်အနေဖြင့် အမျိုးဂုဏ်၊ ဇာတိမာန်နှင့်သမိုင်းကြောင်းများ အခိုင်အမာရှိသည့်အခြားတိုင်းရင်း သားလူမျိုးများ နှင့် ယင်းတို့၏ တိုက်စွမ်းရည်အား စိမ်ခေါ်သည့် ပြောဆိုသုံးနှုန်းမှုများသည် ပြည်တွင်းစစ်မီး အရှိန်ကို ပို၍မြင့်တက်စေပါမည်။

ကချင်ကို ဖိတိုက်နိုင်ခြင်းမှာ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူကို ဦးသိန်းစိန် အစိုးရက စည်းရုံးထားနိုင်၍ဖြစ်သည်။ ကေအင်ယူ ခေါင်းဆောင်များကို နေပြည်တော်သို့ အကြိမ်ကြိမ်ဖိတ်ခေါ်၊ သမတဦးသိန်းစိန် ကိုယ်တိုင် ကရင်ဝတ်စုံကြီးဝတ်ပြ၊ ကာချုပ်မင်းအောင်လှိုင်က ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးအား အသက် ထွက်မတတ် အတင်းဖက်ပြီး မည်မျှချစ်ကြောင်း သရုပ်ဖေါ်ပြ အမျိုးမျိုးစည်းရုံးထားချိန်တွင် ကေအိုင်အို ကို စစ်ရေးဖြင့် အပြတ်ထိုးခဲ့သည်။ ဤဗျူဟာများမှာ စစ်အစိုးရဟောင်းများ အဆက်ဆက် လုပ်လာခဲ့ပြီဖြစ်သဖြင့် ရိုးနေ ပါပြီ။ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားလျှင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား သွေးခွဲစည်းရုံးသည့် သဘောဆောင်သော လုပ်ငန်းများ ရပ်တန်းက ရပ်သင့်ပြီ။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) သည် ပြည်တွင်းစစ်သမိုင်းတွင် အရှည်ကြာဆုံးနှင့် အဆက်မပြတ် လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ကေအင်ယူ အပစ် အခတ်ရပ်စဲရေး လုပ်ခဲ့ခြင်းမှာ ပထမဆုံးဖြစ်သည်။ ကေအင်ယူသည်စစ်စွမ်းရည်ရှိသည့် နဂါးကြီး မှန်း ဦးသိန်းစိန် အစိုးရနှင့် ကာချုပ်မင်းအောင်လှိုင်တို့ ကောင်းမွန်စွာ သိကြသည်။ ၁၉၈၀ နောက်ပိုင်းမှစ၍ စစ်ရှိန်မြှင့် တင်လာနိုင်ခဲ့ပြီး မာနယ်ပလော လွတ်မြောက်နယ်မြေကိုပင် တည်ဆောက်နိုင်ခဲ့သည်။ စစ်ရှိန်အမြင့်ဆုံးနှစ်များ ဖြစ် သည့် ၁၉၈၉ မှ ၁၉၉၄ ခုနှစ်များအတွင်း စာရေးသူသည် မာနယ်ပလောတွင်လည်းကောင်း၊ မာနယ်ပလောနှင့် အနီး ဆုံးနေရာ ဒေါင်းဂွင်တွင်လည်းကောင်း ရှိနေခဲ့သည်။

စင်စစ်အားဖြင့်မူ မာနယ်ပလောကိုလည်း စစ်ရေးသက်သက်ဖြင့် တိုက်ပွဲဆင်နိုင်သဖြင့် သိမ်းယူနိုင် ခဲ့ခြင်း မဟုတ်ပါ။ ၀မ်ခ၊ မဲသရော၊ ထီပါဝီကျိုးစသောတိုက်ပွဲကြီးများတွင် စစ်အစိုးရတပ်များဘက်မှအကျအဆုံး များပြား ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်လှ က တဖက်သတ် အပစ်အခတ် ရပ်စဲရေးပင် ကြေညာခဲ့ရသည်။ ထိုကာလအတွင်း ဗုဒ္ဓဘာသာ ကရင်များပြဿနာပေါ်သည်ကို အခွင့်ကောင်းယူကာ ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးက အသုံးချစည်းရုံးပြီး မာနယ်ပလော နောက် ဖေးပေါက်မှ ၀င်ရောက်လာနိုင်သဖြင့်သာ ကျဆုံးခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် ကေအင်ယူသည် တော်လှန်စစ်ကိုဆက် လက်ဆင်နွှဲ ခဲ့သည်။ "ကိုယ့်လူမျိုးကို ချစ်တယ် ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး။" ဟူသော အဆိုအမိန့်ဖြင့် ကျယ်ပြန့်  သော အမျိုးသားရေး အမြင်ကို ကိုင်စွဲထားသည့် ဗိုလ်ချုပ်ကြီးမြသည် တော်လှန်စစ်ကို စွမ်းစွမ်းတမန် ဦးဆောင်ခဲ့သူ ဖြစ်သည်။

နှစ်ပေါင်းများစွာ တော်လှန်စစ်ဆင်နွှဲခဲ့ပြီးနောက် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ အာမခံချက် မရှိ ဘဲ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ခြင်းအပေါ် ကေအင်ယူအတွင်း သဘောထားအမြင် တင်းမာမှုများ ရှိခဲ့သည်။ သို့ ရာ တွင် အဖွဲ့အစည်းမကွဲအောင်ထိန်း နိုင်ခဲ့ပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရည်မှန်းခဲ့သည့် ကရင့်ကြမ္မာ ကရင် ဖန်တီးခွင့်များရလာမလား ဟူသော မျှော်မှန်းချက်ဖြင့် ကေအင်ယူ ခေါင်းဆောင်များက ဆက်လက် ကြိုးပမ်းခဲ့ ကြသည်။ ဦးသိန်းစိန် အစိုးရ ခေါင်းဆောင်များနှင့် အဆက်မပြတ်ဆွေးနွေးခဲ့ကြသည်။ ရုပ်ဝတ္တု ပစ္စည်း အချို့ နှင့် လုပ်ငန်းလုပ်ပိုင်ခွင့် အချို့ ရသည်မှလွဲ၍ ကရင်လူထုကြီးအတွက် ဥပဒေနှင့် အညီခံစားခွင့်ရှိမည့် မည်သည့်အခွင့်အရေး မျှမရသေး။ ဤသည်မှာ လက်ရှိကေအင်ယူခေါင်းဆောင်များအတွက် ပြန်လည်သုံးသပ်ဖွယ်များ ဖြစ်နိုင်သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ မှ ၃၁ ရက်နေ့အတွင်းကျင်းပခဲ့သည့် UNFC ၏ ညီလာခံတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ အနာဂတ် ဖက်ဒရယ်တပ်မတော်အား မည်သို့ဖွဲ့စည်းသွားမည်ကို မူအရ သဘောတူညီခဲ့ကြောင်း သိရ သည်။[1] ဤအချက်သုံးရပ်လုံးမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် အခြေခံများဖြစ်သည်။ တိုင်းရင်းသား ခေါင်းဆောင်များက ရဲရဲတင်းတင်း ဆုံးဖြတ်နိုင်ခဲ့ကြခြင်းအပေါ် မှတ်တမ်းတင်ရမည် ဖြစ်သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုသာ နောက်ဆုံးခံကတုတ်အနေနှင့် အသေအလဲဖက်တွယ်ထားလိုသော အစိုးရနှင့် မြန်မာ့တပ်မတော် အတွက်မူ နိုင်ငံရေးအရ အရှိုက်ထိုးခံလိုက်ရခြင်း ဖြစ်သည်။

UNFC ညီလာခံမှ အဆိုပါ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာပြီးနောက် တလအတွင်းမှာပင် အစိုးရဘက် မှ တုန့် ပြန်လှုပ်ရှားမှုများ ပေါ်လာသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် အစိုးရက UNSC အဖွဲ့ဝင်ဖြစ်သော ကေအင်ယူနှင့် RCSS နှစ်ဖွဲ့တည်း အား နေပြည်တော်သို့ ဖိတ်ခေါ် ဆွေးနွေးခဲ့သည်။ ယင်းမှာ အစိုးရက UNFC ကို သွေးခွဲရန် ကေအင်ယူနှင့် RCSS တို့အား စည်းရုံးခြင်းဟု ရှုမြင်ကြသည်။ ထိုမှ နှစ်လနီးပါးကြာပြီးနောက် အောက်တို ဘာလကုန်တွင် ကျင်းပသော လိုင်ဇာတိုင်းရင်းသား ညီလာခံသို့ ကေအင်ယူ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အရင်ဦးဆုံး လက်မှတ်ထိုး၊ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ ဟူသော လမ်းကြောင်း ကို ဦးသိန်းစိန်၊ ဦးအောင်မင်း အစိုးရနှင့် မြန်မာ့တပ်မတော်တို့က တင်လျက်ရှိနေ သည့် အချိန်တွင် အခြားတိုင်းရင်းသား အဖွဲ့အစည်းများနှင့်အတူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် ကေအင်ယူ ခေါင်းဆောင်များပါ လိုင်ဇာညီလာခံဆုံးဖြတ်ချက်များ အား အတည်ပြုခဲ့ကြခြင်းမှာ ထူးခြားချက်ဟု ဆိုနိုင်သည်။ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးအား ထပ်မံအတည်ပြုလိုက်ရုံ သာမက နိုင်ငံရေးလမ်းကြောင်းကိုလည်း အောက်ပါ အတိုင်း ချမှတ်လိုက်သောကြောင့်ဖြစ်သည်။

                    (၁) နိုင်ငံရေးတွေ့ဆုံဆွေးနွေးဆိုင်ရာ မူဘောင်ကိုချ
                    (၂) တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုး
                    (၃) အမျိုးသား အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပ
လိုင်ဇာညီလာခံ ဆုံးဖြတ်ချက်များသည် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား ရှူးရှူးရှားရှားဖြစ်သွားစေခဲ့သည်။ ဦးအောင်မင်း ဘာပြော ရမှန်းမသိ နှုတ်ဆိတ်သွားစေခဲ့သည်။ အဆိုပါအရေးကြီးသည့် ဆုံးဖြတ်ချက်များအား တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း အများစုကြီးက စုပေါင်း ချမှတ်နိုင်ခြင်းမှာ တိုင်းရင်းသားနိုင်ငံရေးတွင် ရှေ့ခြေတလှမ်းတိုးလိုက်ခြင်း ဟု ပြောနိုင်သည်။

လိုင်ဇာညီလာခံတွင် အခြားတိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်များ၏ ဆွေးနွေးချက်များအား နားဆင်လေ့လာပြီးနောက် ကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ကိုယ်တိုင် ရှင်းသွားသဖြင့် ၄င်းက ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ကို ပြတ်ပြတ်သားသား ဦးဆောင်ကာ ကေအင်ယူကိုယ်စား သဘောတူညီချက်ပေးခဲ့ခြင်းဖြစ် ကြောင်းလည်း ကြားရသည်။ မည်သို့ပင်ဖြစ်စေ ဤသဘောတူညီချက်ကို ခိုင်ခိုင်မာမာ ဆက်လက်ဆုပ်ကိုင်လျှောက် လှမ်းသွားမည်ဆိုပါက ကေအင်ယူ၏ နိုင်ငံရေး ပြန်လည်ဦးမော့လာစေမည့် လမ်းကြောင်းဟု သုံးသပ်နိုင်သည်။

နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရန် ကြိုးစားပါလျက် ဦးသိန်းစိန်အစိုးရက ယခုကဲ့သို့ဥပဒေကြောင်းအရ မတရားပြု ထားသော စာချုပ်မျိုးနှင့် ချုပ်နှောင်ရန်ကြိုးစားမှုကို ကေအင်ယူခေါင်းဆောင်များ သုံးသပ်မိနိုင်သည်။ ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးအရ နိုးကြားတက်ကြွသော ကရင်မျိုးချစ်ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ၏ ၀ိုင်းရံမှု အကြံပေးမှု၊ အားပေး မှုများဖြင့် ကေအင်ယူသည် နိုးနေသော နဂါးကြီး ပြန်ဖြစ်လာနိုင်သည်။

                      မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များသည် တိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိမာန် အပေါ် အခြေခံ သည့် စစ်ရေး တုန့် ပြန်နိုင်စွမ်းအားကို လျှော့မတွက်သင့်ပါ။ စစ်တပ်ကို အားကိုး၊ စစ်မာန်ကို တိုးပြီး စစ်မိုးရွာ စေမည့် ဖိအားပေး ခြင်းမျိုးသည် ပဋိပက္ခ၏ ဘက်နှစ်ဘက်လုံး အတွက်ရော လူထုကြီးတရပ်လုံးအတွက်ပါ အကျိုးမရှိပါ။ ယင်းကို အမြန်ဆုံးစွန့် လွှတ်ကာ တိုင်းရင်းသားခေါင်းဆောင်များ၏ နိုင်ငံရေးအရ တောင်းဆိုမှုများအပေါ် ဟန်ဆောင် အပြုံးများ၊ အနှစ်မပါသည့်စကား လုံးများ မသုံးဘဲ လက်တွေ့အရ စာချုပ်စာတမ်းအရ ရေးသားဖေါ်ပြခြင်းဖြင့် လေးစား အသိအမှတ်ပြုသင့်ပါပြီ။


ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များတွင် တာဝန်ခံမှုကို မည်သို့ရှာဖွေမည်နည်း။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား အဓိပ္ပါယ်ပြည့်ဝစွာ တိုးတက်မှု ရှိရှိကျင်းပနိုင်ရန် လိုပါမည်။ ယင်း အတွက် ပဋိပက္ခ၏ ဘက်နှစ်ဘက်လုံးတွင် အခြေခံအားဖြင့် တာဝန်ခံမှု ရှိမှဖြစ်နိုင်သည်။ ယခုအစိုးရအဆိုပြု စာချုပ်၌ ဦးအောင်မင်း ခေါင်းဆောင်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့် သုံးနှစ်နီးပါးကြာမျှ တောက် လျှောက်တွေ့ဆုံဆွေးနွေး၊ သဘောတူ လက်မှတ် ရေးထိုးထားခဲ့သည်များအနက် တိုင်းရင်းသားအခွင့်အရေးများအား အခြေခံအားဖြင့် အာမခံနိုင်သည့် မည်သည့် အချက်မျှမပါ။ မူလက ရရှိထားခဲ့သည့် အခြား သဘောတူညီချက်များပင် အားလုံးဖျက်သိမ်းခံရတော့မည့် အနေအထား ရှိနေသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ မြစ်ကြီးနား ဆွေးနွေးပွဲ၌ ဦးအောင်မင်း ကိုယ်တိုင် အောက်ပါအတိုင်း ကတိဝန်ခံချက် ပေးခဲ့သည်များအား ယခုစာချုပ်တွင် တလုံး မှ မထင်ဟပ်။

“နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ဘာတွေဆွေးနွေးနိုင်ကြမလဲ ဆိုရင် တိုင်းရင်းသားတွေ အား လုံးတောင်းဆို နေတဲ့ တန်းတူညီတူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်ရရှိရေး၊ တဆက်ထဲမှာဘဲ ခင်ဗျားတို့ ပြောတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ Power sharing, resource sharing ဆိုတဲ့ ကိစ္စရပ်တွေကို အဲဒီမှာ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ နိုင်ငံသားအားလုံးရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေဘဲ ဖြစ်ပါ တယ်။”

            ၁၉၈၉ က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်များတွင် နိုင်ငံရေးဆွေးနွေးလိုပါက အမျိုးသား ညီလာခံသွား ဟူ၍စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအား ပြောကြားခဲ့သည်။ အမျိုးသား ညီ လာခံသို့တက်ရောက်  ကာ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ရေး စသည်များအား တင်ပြခဲ့ သော်လည်း ပယ်ချခံခဲ့ ရသည်။ တိုင်းရင်းသားများလိုလားတောင်းဆိုသည့် အခွင့်အရေး များအား စနစ်တကျငြင်းပယ်ထားသည့် ၂၀၀၈အခြေခံ ဥပဒေသာ ပေါ်ထွက်လာခဲ့သည်။  ၂၀၁၀ ရွေးကောက်ပွဲကျင်းပ ပြီးသည်အထိ ဘာမှ ဖြစ်မလာခဲ့။

            ယင်းနောက်ပိုင်းမှ စ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသည်များအား သုံးနှစ်ခန့်တောက်လျှောက်လုပ် လာ ခဲ့သည်။ နည်းသည့် အချိန် မဟုတ်ပါ။ ငွေကြေးများစွာ ကုန်ကျခဲ့သလို၊ ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များ အဖွဲ့အစည်း များ၏ အင်အားများ လဲများစွာ ကုန်ဆုံးခဲ့သည်။ ထို့ နောက် ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၄)ရက်နေ့တွင် ပေါ်ထွက် လာ သည့် အစိုးရအဆိုပြုစာချုပ်ကို သေချာစေ့ငုစွာ သုံးသပ်လိုက်သောအခါ ဒုံရင်းက ဒုံရင်းအတိုင်းသာ ဖြစ်နေကြောင်း တွေ့ရသည်။ တိကျရေရာမှု မရှိသည့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့်ဝေါဟာရအား သုံးစွဲထားခြင်းမှလွဲ၍ ရှေ့ ကို သွား မည့် နိုင်ငံရေးလမ်းကြောင်းအား တိတိကျကျ မည်သည့် အာမခံချက်မျှ မတွေ့ရ။ နောက်ပြန်သွားနေကြောင်း ထင်ရှား သည်မှာ မြန်မာ့တပ်မတော်ကိုယ်စား အစည်းအဝေး တက်ရောက်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး က ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၄) အစည်းအဝေးပြီးနောက် မီဒီယာတွင် ပြောကြားခဲ့သည့် အင်တာဗျူးဖြစ်သည်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ပြည်ထောင်စု ဆိုတာ မည်သည့်အရာမှန်းမသိ၊ သူသိတာ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပြည်ထောင်စုကို တည်ဆောက်ပြီးဖြစ်နေပြီ ဟူ၍ပင်။

            ယင်းသို့ငြင်းဆိုလိုက်ခြင်းဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးသည် ပြည်ထောင်စုကို ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းသာ တည်ဆောက်သွားမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားများ နှစ်ငါးဆယ်ကျော် အဆက် မပြတ် ဖက်ဒရယ်ပြည် ထောင်စု တောင်းဆိုချက်ကို သိသိကြီးနှင့် ပြောင်ပြောင်တင်းတင်းပယ်ချလိုက် ရာ ရောက်သည်။  နိုဝင်္ဘာလ (၂) ရက်နေ့ ကမှ ကျင်းပ ပြီးစီးခဲ့သည့် လိုင်ဇာတိုင်းရင်းသား ညီလာခံ၏ ဆုံးဖြတ်ချက်များ ကို ဥပက္ခာပြု လိုက်ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဒီဗွီဘီနှင့် အင်တာဗျူးတွင် ၄င်းက မြန်မာ့တပ်မတော်က ဘာကိုမှ စိုးရိမ်စရာမလို ဘူး ဟူ သော စကားကို ထပ်ခါ ထပ်ခါ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော် အနေဖြင့် ဘယ်သူ့ကိုမှ ဂရု မစိုက်၊ ငါလုပ်ချင်ရာ လုပ်မယ်ဟု ကြေညာ လိုက်သလို သက်ရောက်သည်။

            အစိုးရ အဆိုပြုစာချုပ်ကို အခိုင်အမာ ကိုင်လျက် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဖက်ဒရယ်ကို ပြောင် ပြောင်တင်းတင်း ငြင်းပယ်သည့် အဓိပ္ပါယ်ရှိသည့် စကားများအား တပြည်လုံးသိအောင်ပြောကြားခဲ့သည်။ သို့ရာတွင် ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့က လွှတ်တော်အတွင်းတွင် တိုင်းရင်းသားများ လိုလားတောင်းဆိုတဲ့ ဖက်ဒရယ်ကို ပေးအပ်နိုင်ဘို့ “ဖက်ဒရယ်ဥပဒေ” မူကြမ်းတခုရေးဆွဲရန် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု တို့အား တာဝန်ပေးအပ်ခဲ့သည့် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဆီကလည်း မည်သည့်တုန့် ပြန်သံမျှ ထွက်မလာ။ တနှစ်ကျော်မျှ ကြာခဲ့ပြီဖြစ်သော်လည်း အဆိုပါ “ဖက်ဒရယ် ဥပဒေ” ဟူသည်မှာလည်း ဘယ်ရောက်နေ သည်မသိရ။ ဖက်ဒရယ်နှင့် စပ်လျှဉ်း၍ ဥပဒေရေးဆွဲပေးမည့် အဆင့်အထိပင် ကတိက၀တ် ပြုခဲ့သည့် ဦးရွှေမန်းသည် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဖက်ဒရယ်ကို ဘေးဖယ်သည့် စကားများ တနိုင်ငံလုံးကြားအောင်ပြောနေသော်လည်း မကြားချင်ယောင်ဆောင်နေသည်။ ဗိုလ်ချုပ်ဟောင်းကြီးသည် လက်ရှိဗိုလ်ချုပ်ကြီးကို မလွန်ဆန်နိုင်သည့် သာဓက လား (သို့မဟုတ်) နှစ်ယောက်ညှိနှိုင်းပြီး ခြောက်ချည်တခါ ချော့ချည်တလှည့်နှင့် သူရဲမွေးပြီးကုစားနေသည့် မှော်ဆရာ ဇာတ်ခင်းနေသလား အဖြစ်မှန် သိရန် မလွယ်ပါ။

            စာရေးသူတို့ငယ်စဉ်ကအပြောကောင်းသည့် ဇာတ်မင်းသားများတွင် ရွှေမန်းတင်မောင်နှင့် စိန်အောင် မင်း တို့သည် ထိပ်ဆုံးမှာ ရှိခဲ့သည်။ အပြောနေရာတွင် ရွှေမန်းတင်မောင်ကို စိန်အောင်မင်း ထက်ပင် ပို၍ ကြိုက်ကြ သည်။ အဆိုပါ ဇာတ်မင်း သားကြီးများသည် အပြောကောင်းရုံသာမက သူတို့ဇာတ်ကို သူတို့နိုင်အောင် က ကြသည်။ လူထု၏ ချက်ခြင်း မေတ္တာကို အပြည့်အ၀ ခံယူနိုင်ခဲ့သည်။ ယခုကြည့်လိုက်သော အခါ လွှတ်တော် ဥက္ကဌဦးရွှေမန်း နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း တို့သည် စစ်ခေါင်းဆောင်ဟောင်းများအနက် အပြောကောင်းသူများအဖြစ် ပေါ် လွင် လာကြသည်။ သို့ရာတွင်သူတို့ဇာတ်ကို သူတို့နိုင်အောင်ကနိုင်သည့် အနေအထား မတွေ့ရသေး။ တိုင်း ရင်း သားများတောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နှင့် စပ်လျှဉ်း၍ နုတ်က ကြွေးကြော်နေသော် လည်း လက်တွေ့ဥပဒေအရ အခွင့်အရေးများ ရအောင်လုပ် ဆောင်ပေးနိုင်သည်ကို မမြင်ရသေး။ ၄င်းတို့နှစ်ဦးသည် လူထု၏ ချစ်ခြင်း မေတ္တာအား ရွှေမန်းတင်မောင်နှင့် စိန်အောင်မင်း တို့ကဲ့သို့ခံယူလိုသည် ဆိုလျှင် မိမိတို့ အနေ အထားကို မိမိတို့ ကိုယ်တိုင် ပြန်လည်သုံးသပ်သင့်ပြီ။ မိမိတို့၏ နှုတ်ထွက်စကား များနှင့် ပေးထားခဲ့သည့် ကတိများ အပေါ် တာဝန်ခံမှု ရှိကြောင်းကို အစိုးရအဆိုပြု ယခုစာချုပ်တွင် စာနှင့် ပေနှင့် ထင်ဟပ်ပြရန် လိုသည်။

           တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု ဟူသည်မှာ အဘယ်နည်း
            “တိုင်းရင်းသားများ လိုလား သည့် ပြည်ထောင်စုဆိုသည်မှာ မည်သည့်အရာမှန်းမသိ” လျှင် သိအောင် လုပ်ရန်မှာ တိုင်းရင်းသားများနှင့် အစည်းအဝေးအဆက်မပြတ်တက်နေသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးတွင် တာဝန်ရှိ သည်။ ဤသည်မှာ ဘက်တဘက်က ဖြစ်သည်။ အခြားဘက်တဘက်တွင် လိုင်ဇာတိုင်းရင်းသားညီလာခံ၏ ဆုံးဖြတ် ချက်များကို ဖတ်လိုက်ရသောအခါ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးပြောကြားသည့်စကားအား တ၀က်လက်ခံရမလိုဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟုသာ ပါရှိပြီး ယင်းမှာမည်သည့်အရာမှန်း မည်သူမျှ တိတိကျကျနားမလည်နိုင်သောကြောင့်ဖြစ်သည်။ ယင်းမှာ အချိန်အကန့်အသတ်ကြောင့် အသေးစိတ် ညှိနှိုင်းပြုစုခြင်း မလုပ်နိုင်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။

            တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးကြာ အနီးကပ်နေထိုင်၊ ဆက် သွယ်၊ လုပ်ကိုင်ခဲ့သူ တဦးအနေဖြင့်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ရာတွင် အစပိုင်းမှနေ၍ အဆုံးနီးပါးရောက်သည်အထိ ၁၅ နှစ်နီးပါးမျှ ပါဝင်ခဲ့သူ တဦးအနေဖြင့်လည်းကောင်း တိုင်းရင်း သားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု ဟူသည်ကို အနီးစပ်ဆုံး အကျဉ်းချုပ်အနေဖြင့် အောက်ပါအတိုင်း နားလည်ပါသည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံများ 

၁။ ပြည်ထောင်စုကို ပြည်နယ်များဖြင့်ဖွဲ့စည်းခြင်း။ 
      အခြေခံလူ့အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံချက်ပေး ထားသော အမျိုးသားပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းစေရမည်။

၂။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ဖြင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ် တော်ကို ဖွဲ့စည်းခြင်း။
      လူဦးရေအပေါ်အခြေခံ၍ လူထုက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသော ပြည်သူ့လွှတ် တော်နှင့် ပြည်နယ်အသီးသီးက အရေအတွက်တူညီစွာ စေလွှတ်သောကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်ဟူသည့် လွှတ်တော်နှစ်ရပ်ပေါင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်း စေရ မည်။

၃။ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းခြင်း
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ပြည်နယ်လူဦးရေ၏ (၀.၁) ရာခိုင်နှုန်းထက် မပိုစေဘဲ ဖွဲ့ စည်းထားသည့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များအပေါ် အခြေပြု၍ အချိုးကျစေလွှတ်သော တပ်အင်အားများ စုပေါင်းကာ ပြည် ထောင်စုတပ်မတော်ကို ဖွဲ့စည်းစေရမည်။
၎။ ဥပဒေပြုအာဏာကို ခွဲဝေခြင်း 
            (က) ပြည်ထောင်စုအတွက် သီးသန့်ဥပဒေပြုအာဏာများ သတ်မှတ်၊
            (ခ)  ကြွင်းကျန်အာဏာများကို ပြည်နယ်များတွင် ထားကာ၊
                        (ဂ) ပြည်ထောင်စုနှင့် ပြည်နယ်ထပ်တူဥပဒေပြုအာဏာကို ပူးတွဲဖော်ဆောင်သည့် ဥပဒေပြု  စနစ်ကို ကျင့်သုံးစေရမည်။

၅။ ပြည်ထောင်စု သမ္မတ
ပြည်နယ်လွှတ်တော်အသီးသီးမှ ပေးပို့သော သမ္မတလောင်းများအနက်မှ သမ္မတနှင့် ဒုတိယ သမ္မတနှစ်ဦးတို့ကို အမျိုးသားလွှတ်တော်မှ ရွေးချယ်တင်မြှောက်ရမည်။ သမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်များ ၏ စစ်သေနာပတိချုပ် ဖြစ်စေရမည်။

၆။ ပြည်ထောင်စုတရားရုံးများ ဖွဲ့စည်းခြင်း
ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်များအကြားတွင်လည်းကောင်း၊ ပြည်နယ်တခုနှင့် အခြားတခု (သို့မဟုတ်) ပြည်နယ် အချို့အကြားတွင်လည်းကောင်း၊ အစိုးရနှင့် လူထုအကြားတွင်လည်းကောင်း၊ လူထုအချင်းချင်း အကြားတွင် လည်း ကောင်း ဖြစ်ပွားပေါ်ပေါက်သည့် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် အမြင့်ဆုံးအဆုံးအဖြတ်ကို ခံယူလိုက်နာ ကျင့်သုံးသွားစေရန်အတွက် ပြည်ထောင်စုအဆင့်တွင် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြတ်သော အောက်ပါတရား ရုံးများ ဖွဲ့စည်းတည်ထောင်စေရမည်။

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
(ခ)  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး
(ဂ)  အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးချုပ်

၇။ ရွေးကောက်ပွဲ
နိုင်ငံရေးပါတီကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းစေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြီးကြပ်မှု အောက်တွင် ပြည်ထောင်စုတဝှမ်းလုံးအတွက် လွတ်လပ်၊ ဘက်မလိုက်၊ မျှတသော ပုံမှန် အထွေထွေရွေးကောက်ပွဲ များ ကျင်းပစေရမည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာပြည်နယ်များတွင် ပြည်နယ်လူထု အနေဖြင့် ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များအား လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့် ရှိစေရမည်။

ဦးအောင်ထူး (ရှေ့ နေ) ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ

[1] http://www.phophtawnews.org/burmese/index.php/news/international-news/item/558-unfc.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...