Wednesday, January 8, 2014

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၉ ဆရာဖေမြင့်ဆောင်းပါး ...

 
 လွတ်လပ်ရေး ရပြီး ၆၆ နှစ် အကြာမှာ ကျွန်တော်တို့ တိုင်းပြည်ဘယ်နားရောက်နေသလဲ ပြန်စဉ်းစားကြည့် လိုက်တော့ ကုန်လွန်ခဲ့သည့် နှစ်တွေ အတွက် နှမြောစရာ။ သူ့ကျွန်ဘ၀က လွတ်မြောက်ပြီ၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ပြီ ဆိုပြီး ဖန်တီးလိုက်ကြတာ၊ ယခု နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ကြာသည့်အခါ ကျွန်တော်တို့ တိုင်းပြည်သည် ကမ္ဘာ့အလယ်မှာ တင့်တယ်ဖို့ ဝေးသေးပြီး၊ မေးငေါ့ ပြစ်တင် ဖဲကြဉ်ခံရသည့် ဘ၀မှ ရုန်းထွက်နိုင်စအနေအထားလောက်သာ ရောက်ရှိနေတာ တွေ့ရသည်။ နိုင်ငံတကာ တန်းစီဇယားများထဲမှာ အကောင်းဆုံး တွေ စီလျှင် ကျွန်တော်တို့ အောက်ဆုံးတန်းမှာ၊ အဆိုးဆုံးတွေ စီလျှင် ကျွန်တော်တို့ ထိပ်ဆုံးတန်းမှာ၊ အဲသလို နာမည်ဆိုးခဲ့သည်။ တကယ်တော့ လွတ်လပ်ရေးရစမှာ ကျွန်တော်တို့ အခြေအနေ မဆိုးခဲ့ပါ။ က်္ဘာနှင့် မယှဉ်နိုင်တောင် အနီးဝန်းကျင်မှာတော့ စီးပွားရေးအရ အခြေအနေ မဆိုးသော တိုင်းပြည်။ ကျွန်းသစ်၊ ရေနံ၊ ဆန်စပါးက ၀င်ငွေတွေရ၊ စက်မှုလုပ်ငန်းများလည်း အသင့်အတင့် အခြေချနိုင်ခဲ့၍ အဲသည်တုန်းက အစိုးရ လုပ်သူများက တိုင်းပြည်မှာ လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး လခ ရှစ်ရာ (စာရေးတစ်ယောက် လခ ၁၂၀ ဖြင့် မိသားစုကို ကျွေးထားနိုင်သောခေတ်က လခ ၈၀၀) ရစေရမည်လို့ ကြွေးကြွော်နိုင်ခဲ့သည်။ ပကတိထက် ပိုကဲသည်ပဲဆိုစေ၊ အဲသည်တုန်းက တိုင်းပြည် စီးပွားရေး တိုးတက်နေခဲ့သည့် အနေအထားကိုတော့ ထင်ဟပ်သည်ဟု ဆိုနိုင်သည်။ သို့သော်၊ ၁၉၆၂ မှာ အာဏာသိမ်းအစိုးရတက်လာပြီး၊ မဆလတစ်ပါတီကြီးစိုးမှုအောက်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဆိုတာ တည်ဆောက်တော့ တိုင်းပြည်က တစ်နေ့ တခြား မွဲတေလာကာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်များ စာရင်းမှာ ထည့်သွင်းခံရသည် အထိ ချွတ်ခြုံ ကျသွား ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း တက်လာသည့် အစိုးရများက ဆိုရှယ်လစ် စနစ်ကို ပယ်ဖျက်ခဲ့သော်လည်း လူအများ လွတ်လပ်စွာ တန်းတူညီမျှ ယှဉ်ပြိုင် လုပ်ကိုင်ခွင့်ရသည့် ဈေးကွက်စီးပွားရေးဖြစ်မလာ၊ အာဏာရှိသူနှင့် နီးစပ်ရာလူ (ခရိုနီ)များ ပေါင်းစားသည့် အလွဲသုံးစား စီးပွားရေးစနစ်သာ ထွန်းကားခဲ့၍ လူတစ်စု ကြီးကြီးကျယ်ကျယ် ချမ်းသာကာ တိုင်းသူပြည်သား အများစု ဆင်းရဲမြဲ ဆင်းရဲဆဲ၊ မွဲတေမြဲ မွဲတေဆဲ ဖြစ်နေသည်။ သည်စီးပွားရေး ပုံသ္ဌာန်ကို ပြောင်းလဲနိုင်ဖို့ အများကြီး ကြိုးစားကြရဦးမည်။ ယခုအထိကား ပြုပြင် ပြောင်းလဲရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မည့် လက်္ခဏာများ မမြင်တွေ့ရသေး။ နိုင်ငံရေး ကဏ္ဍမှာ၊...... လွတ်လပ်ရေးရစက ကျွန်တော်တို့ တိုင်းပြည်သည် ဒီမိုကရေစီနိုင်ငံ ဖြစ်သည်။ သည်ကနေ့၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆိုတာကို အသည်းအသန် ပြောဆိုနေရတာ၊ ရောက်မှ ရောက်ပါ့မလား၊ ဟိုအကြောင်း သည်အကြောင်းတွေ အကြောင်းပြုကာ တော်တော်ကြာ နောက်ကြောင်းပြန် သွားမလား စိုးရိမ်ပူပန်နေရတာတွေနှင့် နှိုင်းယှဉ် စဉ်းစားတော့ တစ်ချိန်တုန်းက ငါတို့ နိုင်ငံ ဒီမိုကရေစီ ပန်းတိုင် ဆိုတာ ရောက်ခဲ့ဖူးပြီးသားပါလားဟု တွေးမိသည်။ ဒါကိုပဲ တချို့က ကျွန်တော်တို့သည် ဒီမိုကရေစီနှင့် မထိုက်တန်သေးသလိုလို၊ အတော် လေ့ကျင့် ပျိုးထောင် ယူရဦးမလိုလို ပြောဆိုနေကြသေးသည်။ တကယ်တော့ ဒီမိုကရေစီစနစ်ကို ရိုက်ချိုး ဖျက်ဆီး သူတွေကြောင့်သာ ကျွန်တော်တို့သည် ဒီမိုကရေစီနှင့် ဝေးခဲ့ကြရတာ ဖြစ်သည်။ ဒီမိုကရေစီ မရှိသည့်အခါ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတွေလည်း ကင်းဝေးခဲ့သည်။ သည်လိုဖြင့် နိုင်ငံရေးဘက်မှာပါ ကျွန်တော်တို့ ချွတ်ခြုံကျခဲ့သည်။ ၊ ယခုတော့ အကောင်းဘက်ကို မျှော်လင့်ကောင်း မျှော်လင့်နိုင်စရာ အနေအထား တစ်စွန်းတစ်စ မြင်လာရပြီ။ ပီပီသသ မျှော်လင့်နိုင်တာ မဟုတ်။ စိုးရိမ်ကြောင့်ကြနှင့် တွယ်ယှက်နေသော မျှော်လင့်ချက်။ ရခဲ့ဖူးသော ဒီမိုကရေစီကို ပြန်ရနိုင်ဖို့ မျှော်လင့်ချက်။ သည်ကနေ့ စကားနှင့် ပြောလျှင်တော့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် တိုးတက် အောင်မြင်ရေး။ သို့သော်၊ သည်ကြားထဲမှာ ဖြေရှင်းစရာ ပြဿနာတွေ အတော် ကြီးမားစွာ ရှိနေသေးသည်။ ပြဿနာတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်နေတာတွေ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ အခြေခံမူများနှင့် ညီညွတ်အောင်၊ သည့်အပြင် ပြည်နယ်ပြည်မ၊ ဗဟိုနှင့် ဒေသ်္တရ အခွင့်အာဏာ တန်းတူညီမျှဖြစ်အောင် ပြုပြင် ပြောင်းလဲရေး။ တစ်ပြိုင်တည်းမှာပဲ၊ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲပြီး၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ အပါအ၀င် တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အင်အားစုတွေ မျက်နှာချင်းဆိုင် ထိုင်ကာ တိုင်းပြည်၏ အနာဂတ် ပုံသ္ဌာန်ကို သဘောတူ ညှိနှိုင်း သတ်မှတ်ရေး။ (ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးသည်လည်း သည်အထဲမှာ အကျုံးဝင်သွားမည်ပေါ့) အဲသည်ဟာတွေ ဆောင်ရွက်နိုင်ဖို့ လိုသည်။ သည်ကိစ်္စတွေ အောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ စိတ်ဓာတ်များပါပဲဟု ဆိုရလိမ့်မည်။ မိမိ အကျိုးစီးပွားကိုချည်း မူသေ ဆုပ်ကိုင်ထားချင်သော စိတ်ဓာတ်များကို စွန့်ပယ်ကာ နိုင်ငံချစ်စိတ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးစိတ်၊ သူတစ်ပါး ဆန်္ဒများကိုလည်း ထည့်သွင်း စဉ်းစားတတ်သော စိတ်တို့ဖြင့် ဆွေးနွေး ညှိနှိုင်း ကြမည်ဆိုလျှင် ကျွန်တော်တို့ တည်ဆောက်ရမည့် အနာဂတ် နိုင်ငံတော်ဟူသည် ဒီမိုကရေစီစနစ် ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်ဖြစ်ကြောင်း တညီ တညာ ထုတ်ပြန် ကြေညာနိုင်ကြလိမ့်မည်ဟု ရှုမြင်သည်။ အဲသည် နိုင်ငံတော်သစ်ကို စတင် အုတ်မြစ်ချနိုင်သော နေ့သည် လွန်ခဲ့သော ၆၆ နှစ်က ရရှိခဲ့သည့် ကျွန်တော်တို့ လွတ်လပ်ရေး၏ အနှစ်သာရများ စတင် ပြည့်ဝသောနေ့ဟု ဆိုချင်ပါသည်။ 
 ဖေမြင့် 
၁-၁-၂၀၁၄

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...