Saturday, January 11, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ ဒုတိယပိုင်း - အစိုးရအဆိုပြု ယခု စာချုပ်သည် တရားဝင်သလား။

Aung Htoo January 9, 2014 at 12:42am
                                                                 

            ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်များအတွင်းစစ်အစိုးရအဆက်ဆက်သည် မိမိကိုယ်ကို တရားဝင်သည့် နေရာတွင် ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တရားမ၀င်အဖွဲ့အစည်းများအဖြစ် ဆက်ဆံပြုမူ ဆောင်ရွက်ခဲ့သည်။ ၄င်းတို့ကိုယ်တိုင် အာဏာသိမ်းပြီးတက်လာသော အစိုးရဖြစ်သဖြင့် တရားဝင်အစိုးရ မဟုတ် သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား အပစ်အခတ်ရပ်စဲရေးလက်မှတ်များ ထိုးစေပြီးနောက် “ဥပဒေဘောင်အတွင်း ၀င်ရောက်လာကြပြီ” ဟူသောအသုံးအနှုန်းဖြင့် ဖိနှိမ်ထားလေ့ရှိခဲ့သည်။ ၄င်းတို့ကိုယ်ကို ဥပဒေဘောင်အတွင်းက တရားဝင်အစိုးရ အနေအထားမျိုးဖြင့် ဇွတ်မြှင့်တင်ထားလေ့ရှိခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက်တွင်ဤအနေအထားကို ပို၍ပင် သိသာထင်ရှားစွာ ဖေါ်ဆောင်လာခဲ့သည်။


            စင်စစ်အားဖြင့်မူ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည်ပြဿနာများစွာရှိခဲ့ပြီး ကြိုတင်မဲများ၊ မဲသမာမှုများ ဖြင့် အနိုင်ယူခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ ပွင့်လင်းစွာ သုံးသပ်ရလျှင် လွှတ်တော်အမတ်အများစုကြီးမှာ လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက် ခံခဲ့ကြရသူများ မဟုတ်ကြ။၂၀၁၀ ရွေးကောက်ပွဲ တခုတည်းအပေါ်မူတည်၍ တရားဝင်မှု ရရှိရေး ကြိုးပမ်းရာတွင် စစ်ခေါင်းဆောင်များ အခက်အခဲနှင့် ကြုံတွေ့ခဲ့သည်။ ရွေးချယ်တင်မြှောက်ခြင်း ခံရသူများ မဟုတ်သည့် စစ်ဗိုလ်၂၅% ပါဝင် ဖွဲ့စည်းထားသည့် လွှတ်တော်အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အချို့  ၀င်ရောက်သွားသဖြင့်သာ တရားဝင်သလိုလို အနေအထားမျိုး ဖန်တီးနိုင်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အစိုးရသည် မိမိ၏ တရားဝင်မှုကိုဇွတ်တွန်း တင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တရားမ၀င်အနေအထား ဆက်ထားရန် ကြိုးပမ်းနေမှုများ ရပ်ဆိုင်းသင့်ပြီ။ ယင်းသို့ပြုနေသမျှ စစ်မှန်သည့် ငြိမ်းချမ်းရေးမရနိုင်။အစိုးရက ယခု တင်သွင်းသည့် စာချုပ်သည် ဤသဘော လက္ခဏာဆောင်လျက် ရှိနေဆဲ ဖြစ်သည်။

            အစိုးရအဆိုပြု စာချုပ်၏ အခန်း (၁၂) အထွေထွေကဏ္ဍတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်။
၂၁။ ဤသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့် အချိန်မှစ၍ မတရားအသင်းအက်ဥပဒေအရ အရေးယူ ခံထားရသူများအပေါ် ဖြေလျှော့ပေးရေးဆောင်ရွက်ပေးရန် သဘောတူညီသည်။ ဤသည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား သတ်မှတ်ထားသည့် မတရားအသင်း စာရင်းဝင် အဖြစ်မှ ရုပ်သိမ်းပေးခြင်း မပြုကြောင်းနှင့် ၄င်းအဖွဲ့ဝင် တဦးချင်းစီအပေါ်တွင်သာ အစိုးရက သနားညှာတာ သမျှ သက်သာခွင့် ပေးသွားမည်ဟု အတိအလင်းဆိုလိုက်ခြင်း ဖြစ်သည်။ အစိုးရဘက်ကို တရားဝင်ဖြစ်စေပြီး လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအား တရားမ၀င် ဆက်ထားနေဆဲဖြစ်သော အစိုးရအဆိုပြု ယခုစာချုပ်သည် တရားဝင်ဖြစ်မလာနိုင်ပါ။ သို့ဖြစ်၍ ယခုစာချုပ်ကို ကိုင်စွဲကာ နိုင်ငံတွင်းရှိ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုနိုင်မည် မဟုတ်ပါ။ တရားဝင်စာချုပ်ဖြစ်လာစေရန်ရည်ရွယ် ချက်မရှိဘဲနှင့် စာချုပ်ဟူ၍ ခေါင်းစဉ်တပ်ကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များအား လက်မှတ်ထိုးခိုင်းခြင်းမှာ ဥပဒေကြောင်းအရ လှည့်ဖြားရာရောက်ပါသည်။
         
          စာချုပ်စာတမ်းများ၏ သဘာဝ အရလည်း တရားဝင်ထားရှိသည့် ဘက်ကသာ လိုက်နာရန်တာဝန်ရှိပြီး တရားမ၀င်ထားခံရသည့် ဘက်ကို လိုက်နာရန် အတင်းအကျပ် မပြုနိုင်သောကြောင့် အစိုးရအဆိုပြုစာချုပ်သည် စစ်မှန် သည့် ငြိမ်းချမ်းရေးကိုလည်း ဦးမတည်ပါ။ တရားဝင်စာချုပ်ချုပ် ဆိုလိုလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအပေါ်မတရားအသင်းကြေညာထားမှုများအား ရုပ်သိမ်းပေးရပါမည်။

          ၁၉၉၉ ခုနှစ်၌ ဆီအာရာလီယွန်းနိုင်ငံ အစိုးရနှင့် ဆီအာရာလီယွန်း တော်လှန်ရေးတပ်ဦး[1]တို့ အကြား ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်တွင် တော်လှန်ရေးတပ်ဦး အနေဖြင့် အစိုးရရုံးများ၌ ၀င်ရောက်ကာ အုပ်ချုပ်မှု တာဝန် ထမ်းဆောင်နိုင်စေရန် ဟန့်တားထားသော ဥပဒေများအား ၄င်းစာချုပ် လက်မှတ်ရေးထိုးပြီး(၁၄) ရက်အတွင်း အစိုးရက တာဝန်ယူ ရှင်းလင်းဆောင်ရွက်ပေးရမည်ဟု ပါရှိသည်။ ယင်းမှာ တော်လှန်ရေးတပ်ဦးအား တရားဝင် ဖြစ်စေရန် အစိုးရက ဥပဒေကြောင်းအရ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်သင့်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်ရှိအစိုးရတို့အကြား ချုပ်ဆိုကြမည့် တနိုင်ငံလုံး အပစ်ရပ်စာချုပ်၏ အနှစ်သာရသည် အဘယ်နည်း။ အပစ်ရပ်ရေးသက်သက်ကို အဓိက ဦးတည်လျက် ဥပဒေစိုးမိုးရေး ပျက်စီးနေမှုကို ဆက်လက်အားပေးနေသည့် စာချုပ် မဖြစ်သင့်ပါ။ ငြိမ်းချမ်းရေးကို ဦးတည်လျက် ဥပဒေစိုးမိုးရေးအုတ်မြစ်ကို စတင်ချမှတ်ကျင့်သုံးသည့် စာချုပ် ဖြစ်ရပါမည်။ သို့ဖြစ်လျှင် စာချုပ်ကို လက်မှတ်မထိုးမှီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၄င်းတို့၏ တပ်များအား တရားဝင် မည်သို့ရပ်တည်ခွင့်ပြုမည်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဘို့ လိုပါမည်။

          ၀ တပ်မတော်၏ တည်ရှိမှုကို လက်တွေ့အရ အသိအမှတ်ပြုထားသည့် ကိစ္စအား အထက်တွင် ဆွေး နွေးခဲ့ပြီ။ ယင်းသို့ အသိအမှတ်ပြုမှုကို တရားဝင်လုပ်ပေးရန် လိုပါမည်။ ၀အမျိုးသားများထက် ပို၍ သမိုင်းအစဉ်အလာ ကြီးမားသည့် အခြားတိုင်းရင်းသားများ၊ သမိုင်းတွင်တထီးတနန်းဖြင့် သီးခြားလွတ်လပ်စွာနေခဲ့ကြသူများ၊ ပင်လုံစာချုပ် ချုပ်ဆိုသည့် အချိန်ရောက်မှမြန်မာနိုင်ငံနှင့် ပေါင်းစည်းလာကြသော တိုင်းရင်းသားများ စသည်တို့က တွန်းလှန်စစ်[2]ကို ဆင်နွှဲနိုင်ရန် ၄င်းတို့၏ အမျိုးသားတပ်မတော်များ တည်ထောင်ထားကြခြင်းကို ၄င်းတို့၏နိုင်ငံရေးရည်မှန်းချက် မအောင်မြင်သေးပါဘဲလျက် မည်သို့လျှင် အတင်းအကျပ် ဖျက်ခိုင်း၍ ရနိုင်ပါမည်နည်း။ ၀ တပ်မတော်ကဲ့သို့ပင် အခြား တိုင်းရင်းသား တပ်မတော်များ၏ တည်ရှိမှုသည် အကောင်အထည် ဖြစ်သည်။ လက်တွေ့ဖြစ်သည်။ ဖျက်ခိုင်း၍ မဖြစ် နိုင်တော့။ မြန်မာ့တပ်မတော်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် နေရမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလည်း လက်မခံနိုင်ကြ။ ဤသည်မှာ အရှိတရားဖြစ်လာသည်။ ဤသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ ချဉ်းကပ်ကာ ငြိမ်းချမ်းရေး အဖြေရှာမည်ဆိုပါက တရားဝင်အသိအမှတ် ပြုရန်မှတပါး အခြားမရှိပါ။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေးသည် ထင်ရှားသည့် နည်းလမ်းတရပ် ဖြစ်လာသည်။

         ပြည်တွင်းစစ် ၆၅ နှစ်တာကာလအတွင်း တိုင်းရင်းသားတပ်များပေါက်ဖွားတည်ရှိလာမှုမှာ မြန်မာနိုင်ငံ၏ မျက်ကွယ်ပြု၍ မရသော ထူးခြားမှုဖြစ်လာသည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်လာသည်။ ခြေထောက်သဘွယ်ဖြစ် လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖိနပ်အနေဖြင့် စဉ်းစား ကြည့်နိုင်သည်။ ဖိနပ်သည် ခြေထောက်နှင့်မတော်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတပ်များ တရားဝင်ရပ်တည်ရေးအတွက် နေရာမရှိပါ။ ခြေထောက်ကိုဖြတ်ပစ်မလား၊ သို့ မဟုတ် ခြေထောက်နှင့်တော်မည့် ဖိနပ်အသစ်တရံ ထပ်ချုပ်မည်လား ဤနှစ်ခုကိုသာ စဉ်းစားရန် ရှိလာသည်။

         ဗိုလ်ချုပ်နေ၀င်းခေတ်ကခြေထောက်ကို ဖြတ်ပစ်ရန် ကြိုးပမ်းခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့သောအခါ ၁၉၇၄ဖွဲ့စည်းပုံကို အသေကိုင်ထားခဲ့သည်။ ယင်းအောက်သို့ ၀င်ရောက်ရန်သာ ဖိအားပေးခဲ့ပြီး ဖွဲ့စည်းပုံကို ကာကွယ်ခဲ့သည်။ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်သည်ဟု ဆိုကာ တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်ငြင်းပယ်ခဲ့သည်။ ဖိနပ်ကို အဓိကထားစဉ်းစားခဲ့သည်။ သို့သော် ဖိနပ်ဖြစ်သော ၁၉၇၄ ဖွဲ့စည်းပုံအားရှစ်လေးလုံး အရေး တော်ပုံ ကာလအတွင်း လူထုက သမိုင်းအမှိုက်ခြင်းထဲသို့ လွှင့်ပစ်ခဲ့သည်။ခြေထောက်သည် ပြတ်မသွားခဲ့။ ဆက်လက် ရှင်သန်ကြီးထွားလာခဲ့သည်။
၁၉၇၄ ဖွဲ့စည်းပုံအား ခုခံကာကွယ်ခဲ့ကြသည့် စစ်ခေါင်းဆောင်ဟောင်းများသည် လွှတ်တော်အတွင်းတွင် လည်းကောင်း၊ လွှတ်တော်အပြင်တွင် လည်းကောင်း ယခုတိုင်ရှိနေကြဆဲ ဖြစ်သည်။ ယင်းတို့သည် ဖိနပ် ဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအား ဆက်လက် ခုခံကာကွယ်ရန် ကြိုးစားနေကြပြန်သည်။ခြေထောက်နှင့်မတော်သော ဖိနပ်ကြီး ကို ကိုးရိုးကားယား စီးထားရင်း ဥပဒေစိုးမိုးရေးကို ဆက်လက် ချိုးဖေါက်နေကြပြန်သည်။ ဤပုံမျိုးနှင့်ဆက်သွားလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးရနိုင်ဘွယ် မရှိပါ။
ဝသပ အဖွဲ့အစည်း၊ ၀သပ က ထောင်ထားသည့် ၀ တပ်မတော်နှင့် ၀သပက စိုးမိုးထားသည့် နယ် မြေကို ယနေ့တိုင် စစ်အစိုးရအဆက်ဆက်က အသိအမှတ်ပြုထားရသည်။ ၀သပက သဘောမတူလျှင် မည်သည့် အစိုးရအရာရှိမျှ ၀ နယ်မြေအတွင်း ၀င်ရောက်ခွင့် မရှိ။ ၀ အမျိုးသားတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရ နေကြသည်။

          အခြားတိုင်းရင်းသားပြည်နယ်များအား ယင်းအခွင့်အရေး အဘယ်ကြောင့် မပေးသနည်း။ ခြားနားချက်သည် အဘယ်နည်း။ ၀သပ က ၀ အမျိုးသားတပ်မတော်ကို အတော်ပင်ကြီးမားစွာ တည်ထောင်ထားနိုင်၍ပင်။ တိုင်းရင်းသားပြည်နယ်များ အားလုံး နိုင်ငံရေးအရ တန်းတူအခွင့်အရေး မရကြဘဲ လက်နက်ကိုင်တပ်ကြီးကြီး ရှိသူက အခွင့်အရေး ပိုရကြမည်ဆိုလျှင် ပြည်ထောင်စုတခုလုံးတွင် လက်နက်ကိုင်တပ် တည်ထောင်ရေးပြိုင်ပွဲကြီး ဆက်ဖြစ်နေပါမည်။ ဤသည်မှာ မကောင်းပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

          တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၄င်းတို့၏ တပ်များအား တရားဝင် ရပ်တည်ခွင့်မပေးဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်လျှင် လက်နက်ကိုင်တပ် တည်ထောင်ရေး ပြိုင်ပွဲကြီး ဥပဒေနှင့်မညီဘဲ ဖြစ်ပွားနေသည်ကို အားပေးလိုက်ရာရောက်သည်။ ဥပဒေပြဌာန်းချက်များကို ကိုးကားကာ မြန်မာ့တပ်မတော်ဘက်က မိမိတပ်ကြီးထွားအောင် တည်ဆောက်နေသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ဘက်ကလည်း ဥပဒေပြဌာန်းချက်ကို ကိုးကားရန် မလိုဘဲမိမိတို့တပ်များ ကြီးထွားအောင် တည်ဆောက်ခွင့်ရနေသည်။ ဤအခြေအနေနှစ်ရပ် တပြိုင်တည်းဖြစ်နေခြင်းသည် ဥပဒေစိုးမိုးရေးအခြေခံ ပျက်ယွင်းခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် မည်သည့်အခါတွင်မျှလူထု၏ စီးပွားရေး တည်ငြိမ်၊ တိုးတက်မှု မရနိုင်။

          မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားခြောက်သည့် ချော့သည့် နည်းပရိယာယ်များကို စွန့်လွှတ်ကာ ရိုးရိုးမှန်မှန် ချဉ်းကပ်သင့်ပြီ။ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တမ်း လိုလားသည် ဆိုပါက မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းကိုပြန်လည် လေ့လာသုံးသပ်ကာ တိုင်းရင်းသားတပ်များအား တရားဝင်နေရာချထားနိုင်ရေးအတွက် ရိုးသားစွာအဖြေရှာသင့်ပြီ။ ဤသည်ကို အချိန်မဆွဲသင့်တော့။ ၁၉၈၉ ခုနှစ်မှ စတင် အကောင်အထည်ဖေါ်ခဲ့သည့် အပစ်ရပ်ဖြစ်စဉ်များအတွင်း စစ်အစိုးရများက အမျိုးသားညီလာခံကို လက်ညှိုးထိုး ကာ ရှောင်လွှဲခဲ့သည်။ ၁၅ နှစ်နီးပါးကြာမျှ အချိန်ဆွဲခဲ့သည်။ ယခုလည်း နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးကြပါဟူ၍ လက်ညှိုးထိုးကာ နောက်ထပ် နှစ်သုံးဆယ်ကြာသည်အထိ အချိန်ဆွဲခြင်းမျိုးကို မလုပ်ဆောင်သင့်တော့။

          တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယင်းတို့၏တပ်များအား တရားဝင်နေရာချထားနိုင် ရေးမှာ အသေးစိတ်နိုင်ငံရေးဆွေးနွေးပွဲများအထိ ယူသွားရန် အကြောင်းမရှိပါ။ လက်နက်ကိုင်ပဋိပက္ခဖြစ်နေကြသည့် ဘက်နှစ်ဘက် အဓိက ထိုင်ပြီး ချက်ချင်းလက်ငင်းဆွေးနွေးကြရမည့် ကိစ္စဖြစ်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကို လက်မှတ်ထိုးပြီးမှနိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးကြရန် ရွှေ့ လိုက်သည်ဆိုပါစို့။ နှစ်ပေါင်းမည်မျှ ဆက်ကြာမည် မသိသောဆွေးနွေးပွဲဖြစ်စဉ်များအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၄င်းတို့၏ တပ်များသည် တရားမ၀င် ဆက်လက်ရပ်တည်နေကြရမည်။ လက်တွေ့အရမူ တရားဝင်အဖွဲ့အစည်းလိုလို လှုပ်ရှားနေကြမည်။
၎င်းတို့ နှင့် ဆက်ဆံကြသည့် လူထုများအတွက်လည်း မတရားအသင်းဥပဒေနှင့် အရေးယူခံရမည် ကို စိုးရိမ်ရမည့် အနေအထား ဆက်ရှိနေမည်။ ဤသို့ ဖြစ်စေလို၍ အစိုးရဘက်က တမင်ဖန်တီးထားခြင်း ဖြစ်သည် ဆိုလျှင် မည်သည့်အခါတွင်မျှ ယုံကြည်မှု တည်ဆောက်နိုင်ဘွယ် မရှိပါ။ စိုးရိမ်စရာမလို၊ လက်တွေ့ အရေးမယူပါဆိုလျှင် လည်း ဥပဒေစိုးမိုးရေးကို နေ့စဉ်ချိုးဖေါက်သည့် သဘော သက်ရောက်သည်။ ဤအတိုင်းလည်း ဖြစ်ပေါ်နေသည်။

          အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များတွင် လက်နက်ကိုင်ပဋိပက္ခ၌ တိုက်ရိုက် အကျုံးဝင်ခြင်းမရှိ သူများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်တွေ့မပါဝင်ဘူးသူများ၊ အထူးသဖြင့် ဖက်ဒရယ်ကို ထောက်ခံကြောင်းကြေငြာပြီး ၂၀၀၈ ဖွဲ့ စည်းပုံအောက်သို့ ဆွဲသွင်းမည့် ပုဂ္ဂိုလ်များ ပါဝင် ဆွေးနွေးလာကြပါက အခြားနိုင်ငံရေးပြဿနာများ အဖြေရှာရာ၌ အကျိုးရှိကောင်း ရှိနိုင်ပါမည်။ သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၄င်းတို့၏တပ်များအား ပြည်ထောင်စုတပ်မတော်၏ အစိတ်အပိုင်းအနေဖြင့် တရားဝင်ရပ်တည်ရေး၊ အစိုးရထံမှလက်ဝါး ဖြန့်စရာမလိုဘဲ သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ၀င်ငွေလမ်းကြောင်းများမှ တရားဝင် သတ်မှတ်သည့် ရာခိုင်နှုန်း တစုံ တရာဖြင့် ခံစားခွင့်ရရှိရေး၊ တိုင်းရင်းသားတပ်များအတွင်း ရာထူးတာဝန်များ တပြေးညီ သတ်မှတ်ရေး၊ သင်တန်း ကိစ္စများ၊ လက်နက်ခဲယမ်းနှင့် စုသားစုဆောင်းရေး၊ လေ့ကျင့်ရေး၊ တပ်နေရာချ ထားရေး၊ စသည့် တပ်နှင့်ဆိုင်သည့်ကိစ္စရပ် မှန်သမျှတို့ ကိုမူ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များကိုယ်တိုင်တို့အား ဆွေးနွေး ဆုံးဖြတ်ခွင့်ပေးမှသာ သဘာဝကျ၊ တရားမျှတမှုလည်း ရှိနိုင်ပါမည်။

          ယင်းလက်တွေ့ ပြဿနာများအပေါ် သဘောတူညီချက်ရအောင် မယူဘဲ နှစ်ဘက်အလွယ်တကူ အပစ်ရပ် လက်မှတ်ထိုးပြီးနောက် နားလည်မှုဖြင့် လုပ်ပိုင်ခွင့်များပေးထားပါကပြဿနာပေါင်း သောင်းခြောက်ထောင် ကို ဖိတ်ခေါ်ရာရောက်ပါမည်။ အစိုးရက ၄င်းနှင့် အဆင်ပြေလျှင်ပြေသလို၊ မပြေလျှင် မပြေသလို လုပ်ပိုင်ခွင့်များ ပေးထားခြင်း၊ လုပ်ပိုင်ခွင့်များကိုပြန်ရုပ်ခြင်းတို့ ရှိမည် မုချဖြစ်သည်။ အစိုးရက ၄င်း၏ လက်ထဲတွင် လုပ်ပိုင်ခွင့်များကို ကိုင်ထားကာ နိုင်ငံရေးကစားတော့မည်ဖြစ်သည်။

          တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်မှ အစိုးရကိုနာခံသည့် အဖွဲ့အစည်းများအား လုပ်ပိုင်ခွင့် ပိုပေး၊ အာခံနိုင်သည့် အဖွဲ့အစည်းများအား လုပ်ပိုင်ခွင့်ပေးရန် ငြင်းပယ်၊ ဤနည်းဖြင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း အချင်းချင်းအတွင်းတွင်လည်းသွေးကွဲမှုများ ရှိလာနိုင်သည်။ တိုင်းပြည်၏ အခွင့်အာဏာကို သုံးကာ လုပ်ပိုင်ခွင့်များချချင်သည့်အခါ ချပေး၊ ရုပ်ချင်သည့်အခါ ရုပ်သိမ်း စသဖြင့် လုပ်ချင်သလိုလုပ်နေရာ၌ အချုပ် အခြာအာဏာ၏ မူရင်းပိုင်ရှင်ဖြစ်သော ပြည်သူလူထု၏ အခန်းကဏ္ဍ ပျောက်နေသည်။ ပြည်ထောင်စုတခုလုံးတွင် တသမတ်တည်း တပြေးညီ မရှိ။ ဤသည်မှာဥပဒေစိုးမိုးရေးကို ကြီးမားစွာ ပျက်ပြားစေသည်။ လူထုစီးပွားရေးကို ထိခိုက်စေသည်။

            “ကားပါမစ်နဲ့လဲလှယ်တဲ့ ငြိမ်းချမ်းရေးလား” ဟူသော စကားလုံးမှာ လူထုအတွင်း ခေတ်စားလျက် ရှိသည်။[3]အစိုးရက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားကား ပါမစ်များ ချပေးရာတွင် ၄င်းတို့က ပါမစ်များကို ပြန်လည်ရောင်းချရာ ပါမစ်တစောင်လျှင်ကျပ်သိန်း ၅၀၀ မှ သိန်း ၁၅၀၀ အတွင်း ရကြကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။[4]ပျမ်းမျှကြေးအားဖြင့် သိန်း ၁၀၀၀ ထားကြပါစို့။ ကားအစီး ၁၂၀ ရသော အဖွဲ့အစည်းတခုသည် အစီး၆၀ ဆယ်ကို ပြန်ရောင်းလျှင် ကျပ်သိန်းပေါင်း ၆၀၀၀၀ ရရှိမည်။ ဤသည်မှာ နည်းသည့်ငွေ မဟုတ်ပါ။ ငြိမ်းချမ်းရေးသည် လူထုကြီးတရပ်လုံးနှင့် သက်ဆိုင်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကိုအခြေပြုလျက် အစိုးရက ပေးသောခံစားခွင့်မှန်သမျှသည် သက်ဆိုင်ရာ တိုင်းရင်းသားလူထုများနှင့်လည်း သက်ဆိုင်ပါသည်။ ပြည်တွင်းစစ် ၆၅ နှစ် ကာလအတွင်း ငြိမ်းချမ်းရေးပျက်ခြင်းကြောင့် မကောင်းသည့် အကျိုးဆက်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူထုများက ခံစားခဲ့ကြရသောကြောင့်ဖြစ်သည်။

          သို့ရာတွင် ၄င်းဖြစ်စဉ်တခုလုံးတွင် လူထုအနေဖြင့် ရှင်းရှင်းလင်းလင်းသိခွင့်မရကြ။ အဆိုပါငွေများအား အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား လူထုအတွက်သော်လည်းကောင်း၊ မည်သည့်နေရာတွင် မည်သို့သုံးစွဲလိုက်ကြောင်း မသိကြရ။ ထိုအချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များသည် ၄င်းတို့ လိုချင်သည့် ငြိမ်းချမ်းရေးကို ကားပါမစ်များနှင့် လဲလှယ်လိုက်ပြီဟု ဂျာနယ်များကရေးသားလာကြခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ထိပါးမှာစိုးရိမ်မိသည်။

          ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း သေးသိမ်စေနိုင်ပါသည်။ ဤငွေများအား အဖွဲ့အစည်း ရပ်တည်ရေးအတွက် သုံးစွဲနေကြကြောင်း ဦးအောင်မင်း ကိုယ်တိုင်က အပြင်တွင် လိုက်ပြောနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေပြန်သည်။
အဖွဲ့အစည်းရပ်တည်ရေးအတွက် အခက်အခဲရှိသဖြင့် ဘဏ္ဍာငွေကြေး လိုအပ်သည်မှာ သဘာဝကျသည်။ သို့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ဖြစ်စဉ်အတွင်း လာဘ်လာဘ သဘောသက်ရောက်စေသည့် အကျိုး စီးပွားများအား ပေးအပ်လျှင် ပေးသူအတွက်ရော လက်ခံသူအတွက်ပါ မကောင်းပါ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးစေလိုသဖြင့် ဖြားယောင်းသည့် အနေဖြင့်ပေးသည်ဟု ပေးသူအပေါ် သုံးသပ်ခံရနိုင်သည်။ ကားပါမစ် အကျိုးစီးပွားကို ထောက်ထားလျက် ငြိမ်းချမ်းရေးစာချုပ်တွင် ပါသင့်သည့် ပြဌာန်းချက်များမပါဘဲ အလွယ်တကူ လက်မှတ် ထိုးပေးလိုက်သည်ဟု လက်ခံသူအပေါ်တွင်လည်း သုံးသပ်ခံရနိုင်သည်။

          သို့ဖြစ်၍ တရားဝင်ငြိမ်းချမ်းရေးစာချုပ်မချုပ်မှီ လာဘ်လာဘ သဘောသက်ရောက်စေသည့် အကျိုး စီးပွားများအား လက်ခံမည့်အစား မိမိတို့အဖွဲ့အစည်း ရပ်တည်ရေးအတွက်သာမက သက်ဆိုင်ရာတိုင်းရင်းသားလူထုများ ခံစားထိုက်သည့် နိုင်ငံရေးအခွင့်အရေး၊ မိမိတို့ပြည်နယ်အတွင်းရှိ ကုန်သွယ်လမ်းကြောင်းများ ၊နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် သဘာဝသယံဇာတထွက်ရှိမှုများ အပေါ်မှ ရသင့်ရထိုက်သည့် အကျိုးစီးပွားများအပေါ် တရား ၀င်ခွဲဝေသုံးစွဲခွင့်ရှိမည့် ရာခိုင်နှုန်းအချိုးအစားများအား ပွင့်ပွင့်လင်းလင်း ညှိနှိုင်းသဘောတူညီချက် ရှာနိုင်လျှင် ပိုမိုအကျိုးရှိပါမည်။ ယင်းသို့ဖြစ်စေရန်မှာ အဖွဲ့အစည်းအနေဖြင့် တရားဝင်အသိအမှတ်ပြုခံရဘို့ လိုသည်။ သို့မှသာ သဘောတူညီချက်များသည် ဥပဒေအရ အာမခံချက်ရှိနိုင်မည် ဖြစ်သည်။

            တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၄င်းတို့၏ တပ်များတရားဝင် ရပ်တည်၊ ဖွဲ့စည်း၊ လှုပ်ရှားရေးကိစ္စဆိုင်ရာများအား နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များသို့ ရွှေ့လိုက်မည်ဆိုပါစို့။ ကာလရှည်ကြာဆွေးနွေး ပြီးမှ မြန်မာ့တပ်မတော်က သဘောမတူဟု ဆိုပါကပြန်ပျက်သွားနိုင်ပြန်သည်။ အစိုးရအာဏာပိုင်များသာမက မြန်မာ့တပ်မတော် စစ်ခေါင်း ဆောင်များကိုယ်တိုင်ပါဝင်သည့် ဆွေးနွေးပွဲများကျင်းပ၊ ညှိနှိုင်းအဖြေရှာ၊ နှစ်ဘက် သဘော တူညီချက်ရပြီးမှ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါမည်။ လက်နက်ကိုင်တပ်မရှိ၊ လက်နက်ကိုင် ပဋိပက္ခတွင် ကိုယ်တိုင်မပါဝင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများ၊ သာမန် လူထုများသည် မိမိတို့အမြင်၊ ယူဆချက်၊ သဘောထားများအားအစိုးရကို ဖြစ်စေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖြစ်စေ တိုက်ရိုက်ပေးပို့ပြီး အကြံပေးနိုင်သည်။ မီဒီယာပေါင်းစုံကို သုံးကာ ထုတ်ဖေါ်နိုင်သည်။ လိုအပ်လျှင်ဆန္ဒပြ တောင်းဆိုနိုင်သည်။ လူထုများ၏ ပါဝင်မှုကို ဤနည်းဖြင့် ဖိတ်ခေါ်သင့်ပါသည်။

          တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့သည် လက်နက်ကိုင်ပဋိပက္ခ၏ ဘက်နှစ်ဘက် ဖြစ်သည်။ ဆွေးနွေးပွဲဖြစ်စဉ် တလျှောက်လုံး၌ သက်ဆိုင်ရာဘက်များအလိုက် မိမိတို့၏ လူထုများကို ရှင်းပြ သင့်သည်။ လူထု၏ သိရှိခွင့်[5]ကို တန်ဘိုးထားပြီး ၄င်းတို့၏ မေးခွန်းများအား မခြွင်းမချန်ဖြေကြားသင့်သည်။ လူထု၏ အကြံပေးချက်များကို တလေးတစား နားထောင်သင့်သည်။ လက်မခံနိုင်ပါက အဘယ်ကြောင့် လက်မခံနိုင်ကြောင်း ကျေလည်စွာရှင်းပြသင့်သည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ် တလျှောက်လုံးတွင် လူထု၏ပါဝင်မှုကို စနစ်တကျ လမ်းဖွင့်ပေးသင့်ပါသည်။

            ယင်းသို့သောကျယ်ပြန့်သည့် လူထုပါဝင်မှုအခြေခံတွင် ပဋိပက္ခဖြစ်နေကြသည့် ဘက်နှစ်ဘက်လုံးက လေ့လာခံယူပြီး နှစ်ဘက်ညှိနှိုင်းဆွေးနွေးအဖြေရှာ သဘောတူညီမှု ရအောင်ပြုကာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ၄င်းတို့၏တပ်များအား တရားဝင်နေရာချထားလိုက်နိုင်ပြီ ဆိုလျှင် မည်သူမျှ ငြင်းပယ်ကြ မည်မဟုတ်ပါ။တကယ့် တရားဝင်စာချုပ်ဖြစ်ရေးအတွက် ဆက်လက်ဖြည့်ဆည်းရမည့် အချက်များ ရှိပါသေးသည်။


                                    တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်လား၊ ငြိမ်းချမ်းရေး စာချုပ်လား

           ဗေဒင်မေးလျှင်ဆန်ကုန်ပါမည်။ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံး လက်မှတ်ထိုးပြီးနောက်တွင် အစိုးရအာဏာပိုင်များက ယင်းစာချုပ်ကို လက်ညှိုးထိုးလျက်တိုင်းပြည်တွင် ငြိမ်းချမ်းရေးရသွားပြီဟု ကမ္ဘာသို့ ကြေညာပါမည်။ ယင်းကို ကန့်ကွက်လို၍မဟုတ်ပါ။ တကယ်တမ်း ကြေညာ နိုင်သည့် အနေအထားရောက်အောင် အုတ်မြစ်ချပေးလိုက်သည့် စာချုပ်ဖြစ်စေဘို့သာ တိုက်တွန်းခြင်းဖြစ်သည်။

           လွန်ခဲ့သည့် သုံးနှစ်တာခန့်မျှ ကာလအတွင်း ဆွေးနွေးပွဲများအဆင့်ဆင့် ကျင်းပခဲ့ပြီးနောက်တွင် ယခု အချိန်၌ နိုင်ငံရေးအရ နောက်တဆင့်သို့ တိုးမြှင့်နိုင်လျှင် ဘက်နှစ်ဘက်လုံးအတွက် အကျိုးရှိပါမည်။ တနိုင်ငံလုံး အပစ်ရပ်ရေးသည်အဓိက ဦးတည်ချက် မဖြစ်သင့်တော့။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကိုယ်တိုင်က “ ၁၄ ဖွဲ့ရှိတာ၁၂ ဖွဲ့နဲ့ အပစ်ရပ်ပြီးသွားပြီ။ ၂ ဖွဲ့ဘဲကျန်တော့တယ်။ ကေအိုင်အိုနဲ့လည်း တိုက်ပွဲတွေမရှိသလောက်ဖြစ်နေပြီ။” ဟု ပြောခဲ့သည်။ ၄င်း၏ ပြောဆိုချက် မှန်ကန်ပါသည်။ ကေအိုင်အိုနှင့်လည်း စစ်ရှိန်လျှော့ရန် သဘောတူထားပြီးဖြစ်သဖြင့် တဆင့် တက်သည့်အနေဖြင့် ငြိမ်းချမ်းရေးကိုအဓိကထား ဦးတည်ဆွေးနွေးသင့်ပြီ။ တနိုင်ငံလုံးအပစ်ရပ်ရေးသည်လည်း ပါဝင်သွားပါမည်။ သို့ဖြစ်လျှင်စာချုပ်အား နိုင်ငံတကာတွင် သုံးစွဲသကဲ့သို့ ငြိမ်းချမ်းရေးစာချုပ် Peace Agreementဟု ခေါ်ဝေါ်နိုင်သည့် အဆင့်အထိ တထိုင်တည်းဆွေးနွေးသွားသင့်သည်။

          တိုင်းရင်းသားလူမျိုးအားလုံးအနက် ပြည်တွင်းစစ်ဒဏ်ကို အခံရဆုံးမှာကရင်လူထုဖြစ်သည်။ ကရင် ပြည်နယ်တွင် မြန်မာအစိုးရအနေဖြင့် လတ်တလော ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်သည်ထက် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဦးစွာခိုင်ခိုင်မာမာ လုပ်ဆောင်သင့်သည်ဟု ကရင်ပြည်နယ်ဒေသခံများက လိုလားနေကြကြောင်း သိရသည်။[6] ကော့ ကရိတ်မြို့နယ်ရှိ ကော့နွဲရွာသားတစ်ဦးဖြစ်သူ စောမြအေးက “ဖွံ့ဖြိုးရေးအစီအစဉ်ကို ကျနော်တို့ဒေသခံတွေ ကြိုဆို ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးခိုင်မာမှုကို အရင်ဆုံး လုပ်ဆောင်သင့်တယ်။ ငြိမ်းချမ်းရေးပျက်သွားရင် ဖွံ့ဖြိုးရေးက အချည်းနှီးပဲ ဖြစ်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ယခုအပစ်ရပ်ထားသည့် အခြေအနေမှာ မခိုင်မာသေး ဟု လူထုကထောက်ပြနေခြင်းဖြစ်သည်။

          ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လူထု၏ ယုံကြည်မှုကို တည်ဆောက်ရန်လိုပါမည်။ ပထမတခါ အပစ်ရပ်စာချုပ်ချုပ်ခဲ့ပြီးပြီ။ ဒုတိယတခါလည်း အပစ်ရပ်စာချုပ်ပင် ထပ်ချုပ်ဦးမည်ဆိုလျှင်ခြားနားချက်သည် အဘယ်နည်း။ ယခုစာချုပ်သည် ငြိမ်းချမ်းရေးလမ်းကြောင်းကို ပီပြင်စွာ ချလိုက်သည့်စာချုပ်၊ အပစ်ရပ်ဆိုင်းခြင်းအား တနိုင်ငံလုံး အတိုင်းအတာအရ လုပ်ဆောင်သည့်အပြင် (ရှမ်းပြည်တွင်တိုက်ပွဲများဖြစ်နေသလို) အပစ်အခတ်များ ထပ်မဖြစ်အောင် ကြီးကြပ်ထိန်းကွပ်နိုင်မည့် ယန္တယားအားကောင်းစွာ တပ်ဆင်ထားသည့်စာချုပ်၊ ရှေ့ဖေါ်ဆောင်မည့် နိုင်ငံရေး လုပ်ငန်းစဉ်များ တိကျပီပြင်စွာ ပါရှိသည့် စာချုပ်၊ တကယ့်ငြိမ်းချမ်းရေး စာချုပ်ဖြစ်ရန်မျှော်မှန်းပါသည်။ သို့ဖြစ်ပါက တိုင်းရင်းသားပေါင်းစုံလူထုအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါမည်။

           တောင်အာဖရိက နိုင်ငံ၏ ဆွေးနွေးပွဲဖြစ်စဉ်များတွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ နိုင်သည့် အဆင့်ရောက်သည်အထိ တောက်လျှောက်ဆွေးနွေး သဘောတူညီချက်များ ချနိုင်ခဲ့သည်။ ကင်ညာနိုင်ငံတွင် သဘောတူစာချုပ်ကို ဥပဒေအဖြစ်ပါ ဆက်တိုက်ပြဌာန်းပေးနိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ အာချေးတွင် ဆူနာမီဖြစ်အပြီး ၂၀၀၄ ခုနှစ်တွင် စတင်ဆွေးနွေး၊ ၂၀၀၅ခုနှစ် သြဂုတ်လတွင် အပြီးသတ်သဘောတူညီချက်ရ၊ ၂၀၀၆ ခုနှစ်မှစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အဘယ်ကြောင့် မဖြစ်နိုင် ရမည်နည်း။မလိုအပ်ဘဲ အဘယ်ကြောင့် အချိန်ဆွဲနေပါမည်နည်း။ ၂၀၁၄ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်သင့်သည်။

          လိုင်ဇာညီလာခံသည် သမိုင်းဝင်ဖြစ်သွားခဲ့ပြီ။ ပြည်တွင်းစစ် ၆၅ နှစ်တာ သက်တမ်းအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါး ပါဝင်တက်ရောက်သည့် ညီလာခံမှာ ဤတခုသာ ရှိသေးသည်။ ယင်း ညီလာခံတွင် အမျိုးသားအဆင့်နိုင်ငံရေးမူဘောင်ကို ချမှတ်ပြီးမှ တနိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုးသွားမည်ဟူသည်မှာ ထူးခြားသည့် သဘောတူညီချက်ဖြစ်သည်။ လာမည့်ကရင်ပြည်နယ်တွင် ကျင်းပမည့် ဒုတိယညီလာခံတွင်ဤ သဘော တူညီချက်ကို ဆက်လက်ထိန်းသိမ်းရုံသာမက အမျိုးသားအဆင့် နိုင်ငံရေးမူဘောင် ဟူသည်မှာအဘယ်အရာများနည်း ဟူ၍ အသေးစိတ်များအား ဆွေးနွေးအတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်သည်။


[1] Revolutionary United Front of Sierra Leone
[2] ကရင်နီပြည်သည် သမိုင်းကြောင်းအရလွတ်လပ်စွာတည်ရှိခဲ့ကြောင်း၊ ယင်း၏ လွတ်လပ်ခဲ့မှုကို ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂ (ခ) အရပင် ထည့်သွင်းပြဌာန်း အသိအမှတ်ပြုခဲ့ရကြောင်း ကရင်နီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူကွယ်လွန်သူ မန်းအောင်သန်းလေးက စာရေးသူ အား ရှင်းပြခဲ့ဘူးသည်။ ၄င်းက ဆက်လက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည်တော်လှန်စစ်ကို ဆင်နွှဲနေခြင်း မဟုတ်၊ တွန်းလှန်စစ်ကို ဆင်နွှဲနေခြင်းသာဖြစ်ကြောင်း၊တော်လှန်စစ်ဆိုသည်မှာ မိမိတိုင်းပြည်၏ အစိုးရကို မကြိုက်၍ တော်လှန်ခြင်းဖြစ်ကြောင်း၊  တွန်းလှန်စစ်ဆိုသည်မှာ မိမိတိုင်းပြည်အတွင်းသို့အခြားတိုင်းပြည်အစိုးရတရပ်ရပ်၏ လက်နက်ကိုင်တပ်များက ၀င်ရောက် ကျူးကျော်လာသဖြင့် ပြန်လည်မောင်းထုတ်ရန်တွန်းလှန် တိုက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
[3] ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့ ထုတ်Weekly Eleven News Journal မှ ထုတ်နုတ်ဖေါ်ပြချက်။
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များအား စုစုပေါင်း အစီးရေ ၃၀၀၀ နီးပါးအထိ တင်သွင်းခွင့်ပေးမည်။အစီး ၂၀၀၀ ကျန်သေးပြီး မည်သို့  လုပ်ဆောင်မည် အတိအကျ မသိရ။ အဆိုပါ အစီး ၂၀၀၀ အတွက်ပါမစ်များ ရောင်းချလျှင် ယခုဈေးဖြင့် ဆိုပါက အနည်းဆုံး ကျပ်သန်းပေါင်း ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော်) မှ အများဆုံး ကျပ်သန်းပေါင်း သုံးသိန်း (အမေရိကန် ဒေါ်လာ ၃၀၇ သန်းအထိ)ရရှိကြမည် ဖြစ်သည်။”
[4] ၄င်း
“ကားဈေးကွက်၌ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ကားပါမစ် အရေအတွက်မှာ ရာဂဏန်း ထောင်ဂဏန်း ၀န်းကျင်ရှိနေနိုင်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ပါမစ်များမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေးအဖွဲ့  အစည်းများရသည့်ကားပါမစ်များကို ပြန်လည်ရောင်းချမှုများ ရှိနေသည်။ ----- ဈေးကွက်အတွင်း ငြိမ်းချမ်းရေးအတွက်ချပေးထားသည့် ပါမစ်များကို ပြန်လည်ရောင်းဝယ်ရာတွင် တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ အထိ ပေါက်ဈေးရှိသည်။”
[5] The Right to Know
[6] Karen Information Center

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...