Monday, December 2, 2013

(MPC) Peace Diamogue program တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးနှင့် ပြောခြင်း

(မြန်မာသံတော်ဆင့်)

“ငြိမ်းချမ်းရေး ကိစ္စတွေမှာတော့ အစိုးရဘက်မှာ ဦးအောင်မင်းကို အစားထိုးလို့မရဘူး၊
ဦးအောင်မင်းက စတိုင်လ်ရှိတယ်။ ဦးအောင်မင်းက လူတွေကို Trust ရအောင် လုပ်ပေးနိုင်တာရှိတယ် သူ့မှာ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာပဲဖြစ်စေ၊ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးတဲ့အခါမှာပဲဖြစ်စေ နားထောင်နိုင်စွမ်းက အရမ်းအရေးကြီးတယ် တဖက်က မကျေနပ်လို့ ပြောလာတဲ့ဟာတွေကို သေသေချာချာ နားထောင်တတ်တဲ့ စွမ်းအားရှိတယ် တကယ့်ကို နှလုံးသားနဲ့လည်း နားထောင်တတ်တယ်၊ ဦးနှောက်နဲ့လည်း နားထောင်တတ်တယ် . . .”



U Aung Naing Oo ယခုအောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အပါအ၀င် အစိုးရ ဘက်မှ ပြောကြားလျက်ရှိသော်လည်း တိုင်းရင်းသား ဒေသများတွင်မူ လက်နက်ကိုင် တိုက်ပွဲများတွင် သေနတ်သံမစဲ ဖြစ်လျက် ရှိနေသေးသည်။ ထိုသို့ဖြစ်ပေါ် လျက်ရှိသော အခြေအနေ များကြောင့် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို မပီဝိုးတ၀ါး အဆင့်သာ ရှိသေးကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ် လာခဲ့သည်။ ယင်းသုံးသပ်မှုများ နှင့်အတူ အစိုးရ အသိုင်းအ၀ိုင်းအတွင်း ပဲ့တင်ရိုက်လာသော သတင်းစကား တခုမှာလည်း မြန်မာ့ငြိမ်းချမ်းရေး စင်တာကို ဦးဆောင်ကာ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေသူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၏ ငြိမ်းချမ်းရေးကိစ္စများ တာဝန်ယူ ဆောင်ရွက်နေမှုနေရာတွင် အခြားသော ပြည်ထောင်စုဝန်ကြီး တဦးနှင့် အစားထိုး ဆောင်ရွက်သွားရန်ရှိကြောင်း ကိစ္စပင်ဖြစ်သည်။ သတင်းစကားဟု ဆိုဆို၊ ကောလာဟလများဟု ပြောပြော မြန်မာနိုင်ငံ၏ နှစ်ရှည်လများ တိုက်ပွဲများကို ရပ်တန့်ရန် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စများနှင့် ပတ်သက် ဆက်နွှယ်မှု ရှိနေခြင်းကြောင့် ယင်းသတင်း စကားသည် အရေးကြီး ကိစ္စတရပ်လည်း ဖြစ်လာသည်။ ထို့အတွက် မြန်မာ့ငြိမ်းချမ်းရေး စင်တာ Peace Diamogue program တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးထံ မြန်မာသံတော်ဆင့်မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ပြန်လည် ဖော်ပြအပ်ပါသည်။

အခု အောက်တိုဘာ၊ နိုဝင်ဘာထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ် ဆိုပြီးတော့ လွှတ်တော်ဥက္ကဋ္ဌရော၊ နိုင်ငံတော်သမ္မတရော၊ ဦးအောင်မင်းတို့ရော ပြောဆို နေကြတာတွေရှိတယ်။ အခု အောက်တိုဘာလထဲကို ချဉ်းနင်း ၀င်ရောက်လာပြီဆိုတော့ လက်ရှိ တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ ဖြစ်ပေါ်နေတဲ့ အနေအထားအရ ဖြစ်လာနိုင်မယ့် အခြေအနေ ရှိပါသလား ခင်ဗျ။

အများကြီးရှိပါတယ်။ အခုဆိုရင် ၀န်ကြီး ဦးအောင်မင်းနဲ့ မြန်မာ Peace Centre က Technical Team က လူတွေက ရှမ်း၊ မွန် ဒေသတွေမှာ သွားပြီးတော့ ဥပမာဆိုရင် ရှမ်းမှာဆိုရင်လည်း ရှမ်းဒေသ တ၀ိုက်မှာရှိတဲ့ လက်နက်ကိုင် အင်အားစုတွေ ပေါ့နော်။ မွန်မှာဆိုရင်လည်း မွန်နဲ့ ကရင်မှာရှိတဲ့ လက်နက်ကိုင် အင်အားစုတွေ သွားပြီးတော့ nationwide cease-fire တွေ့မယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာ သွားရှင်းပြပြီး ဖြစ်တယ်။ မနေ့က ဆိုလို့ရှိရင်လည်း ဒီမှာ နိုင်ငံရေးပါတီ ၄၅ ပါတီလာသွားတယ်။ အဲဒါကိုလည်း သူတို့ ထပ်ပြီးတော့ ရှင်းပြတယ်။ နောက်ပြီးတော့ မီဒီယာမှာလည်း ရှင်းပြနေတာရှိတယ်။ နောက်တခုကလည်း ကျွန်တော်တို့ Technical Team အနေနဲ့လည်း ဒါတွေကို ရှင်းပြနေတာရှိပါတယ်။ ဒါဟာ တကယ်ကို ဖြစ်ဖို့ရှိပါတယ်။

ဖြစ်နိုင်တယ်ဆိုတော့ ဦးရွှေမန်းကလည်း လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ပြောနေတာတွေ ရှိတော့ အစိုးရအနေနဲ့ လွှတ်တော်အတွင်းမှာလုပ်ဖို့ ဆုံးဖြတ်ထားလား။ ဒါမှမဟုတ် ပြင်ပမှာလုပ်မှာလား။

ဒီလိုပါ အောက်တိုဘာလကုန်လည်း ဖြစ်နိုင်သလို နိုဝင်ဘာ အစပိုင်းလောက်လည်း ဖြစ်နိုင်တာပေါ့။ ရက်ကတော့ နည်းနည်းပါးပါး ကွာရင်လည်း ကွာမှာပေါ့နော်။ ဒါက nationwide cease-fire ဖြစ်ဖို့လိုတယ်။ ဖြစ်ဖို့လည်း ကြိုးစားနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရှင်းပြ ချင်တာက ကျွန်တော်တို့ cease-fire လုပ်တဲ့အခါမှာ တစ်ခါတလေ ကျရင် cease-fire လုပ်ပြီးလို့ ရှိရင်လည်း လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ နောက် တော်တော်နဲ့လည်း အပစ်မရပ်တဲ့ သဘာဝရှိတယ်။ ကျွန်တော်တို့က အခု အချိန်မှာ nationwide cease-fire အသွင်အပြင်ကို မလုပ်နိုင်ရင် ကျွန်တော်တို့ တကယ်တွေ့ဆုံ ဆွေးနွေးရေး ရှေ့နှစ်မှာ လုပ်မယ်ပေါ့ဗျာ။ လုပ်လို့ရှိရင် တွေ့ဆုံဆွေး နွေးရေးကို cease-fire က မသေချာရင် လာထိနိုင်တယ်။ ဒါကြောင့်မို့လို့ nationwide cease-fire အသွင်အပြင်ဆိုတာ တစ်ဖက်မှာလည်း နိုင်ငံရေး အကြောင်းပြော၊ တစ်ဖက်မှာလည်း ဒီ cease-fire တွေကို တကယ်ခိုင်အောင် Parallel သွားမယ့် ဥစ္စာ ဖြစ်ပါတယ်။ အဲတော့ ဒီထဲမှာ ခုနတုန်းက code of conduct လို့ခေါ်တဲ့ ထိန်းသိမ်း စောင့်ရှောက်ရမယ့် စည်းကမ်းတွေ။ နောက် Monitoring ကိစ္စတွေ၊ အမျိုးသမီးနဲ့ ကလေး စစ်သားတွေ ကိစ္စ၊ လူ့အခွင့်အရေးကိစ္စ အများကြီး ပါပါတယ်။ ဒါတွေကို နှစ်ဖက်လုံး ခေါင်းဆောင်တွေကတော့ သဘောတူ ဖို့လိုပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် တွေရော နိုင်ငံတော် အစိုးရ ခေါင်းဆောင်တွေရော သဘောတူဖို့ လိုပါတယ်။ အဲတော့ ကျွန်တော်တို့ နိုင်ငံဟာ အခုဟာ ဒီမိုကရေစီထဲကို စပြီးဝင်လာပြီ ဆိုတဲ့အခါကျ တော့ ကျွန်တော်တို့ လုပ်သမျှ မှန်သမျှကို Institutionalize လုပ်ဖို့လိုတယ်။ တစ်ယောက်ချင်းနဲ့ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ရင်းနှီးလို့ လုပ်တဲ့ပုံစံမျိုး မဟုတ်တော့ဘဲနဲ့ Institutionalize လုပ်ဖို့လိုတယ်။ ဒါကြောင့် မို့လို့ လွှတ်တော်ရဲ့ကဏ္ဍကလည်း အရေး ကြီးလာတယ်။ လွှတ်တော်ကလည်း ဒီ Peace Process မှာပါလာဖို့ လိုတယ်။ ဒါကြောင့်မို့လို့ အခု စဉ်းစားချက် ကတော့ ဒီ nationwide cease-fire ကိုလက်မှတ်ထိုးပြီ ဆိုတာနဲ့ ဒါမှမဟုတ် ထိုးပြီးပြီ ဆိုတာနဲ့ ဘယ်လို ပုံစံမျိုးနဲ့တော့ လာမလဲ ကျွန်တော် မသိသေးဘူးနော် လွှတ်တော်က နေပြီးတော့ ဒါကို တရားဝင် အင်ဒေါ့စ် လုပ်ပေးရမယ်။ ဆိုလိုတာကတော့ တရားဝင် ဖြစ်သွားတယ်ဆိုတာကို လွှတ်တော်က နေပြီးတော့ အင်ဒေါ့စ် လုပ်ပေးဖို့ လိုလိမ့်မယ်။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူးနော်။ ဥပမာ ကတိက၀တ် ကော်မတီတို့ ဘာတို့ ဆိုတာ၊ ဒါတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အဲလိုလုပ်မယ် ဆိုပြီးတော့ ဒါကပြောနေတာဖြစ်ပါတယ်။ ဒါကတော့ nationwide cease-fire agreement နဲ့ပဲ ဆိုင်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်ဆိုပြီးတော့ ပြီးခဲ့တဲ့ တခေါက်ကလည်း ၀န်ကြီးဦးအောင်မင်း ဦးဆောင် ပြီး UNFC နဲ့ ဆွေးနွေးကြတဲ့အခါမှာ UNFC ဘက်ကတော့ သဘောမတူသေးဘူးလို့ ပြောထားတယ်။ အခုကျတော့ရော အဲဒီအခြေအနေလေး။

nationwide cease-fire agreement ဆိုတာက အပစ်အခတ်ရပ်စဲဖို့ကို ပြောတာ ဖြစ်တယ်။ အဲတော့ အပစ်အခတ် ရပ်စဲရေးမှာဆိုရင် ပြည်နယ်တွေမှာ ထိုးထားတယ်။ ပြည်ထောင်စုအဆင့် ထိုးထားတယ်။ ဒါ နောက်ဆုံးအဆင့်ပေါ့ဗျာ nationwide တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးမယ်ဆိုရင်။ အဲဒီတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးတဲ့ဥစ္စာက သမိုင်းမှာ တခါမှ မဖြစ်ဖူးသေးဘူး။ နောက်ပြီးတော့ အခုလို နိုင်ငံရေး အပြောင်းအလဲ အနေအထားမျိုးမှာ တခါမှ မဖြစ်ဖူးသေးတဲ့အတွက် သမိုင်းဝင် လက်မှတ်ထိုးမယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ သမိုင်းဝင်ကိစ္စဖြစ်တယ်။ လက်နက်ကိုင် အင်အားစုတွေကလည်းပဲ အားလုံးက ငါတို့ပြန်ပြီးတော့ နောက်ကြောင်းမပြန်တော့ဘူး ဆိုတဲ့သဘောပေါ့နော်။ ဒါကြောင့် မို့လို့ နိုင်ငံတကာရဲ့ရှေ့မှာ လက်မှတ်ထိုးမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပိုပြီးတော့ ဒီဟာကို ခိုင်မာအောင် လုပ်ချင်တဲ့ သဘောပေါ့နော်။ နောက်ပြီး တော့ ခုန ကျွန်တော်ပြောသလို ဒီ့အပြင် တွေ့ဆုံဆွေး နွေးပွဲတွေ လုပ်ရင် cease-fire က မပြေလည်ရင်၊ ချနေသတ်နေရင် ဒီကိုလာပြီးတော့ ထိနိုင်တဲ့အတွက် ဒါကိုလည်း လုပ်ချင်တဲ့ သဘောပေါ့နော်။ ဒါက ကျွန်တော်တို့ အခုစဉ်းစားတဲ့ စဉ်းစားချက် တွေပေါ့ နော်။ UNFC နဲ့ကျတော့ ခုန ကျွန်တော် ပြောသလို nationwide cease-fire agreement ဆိုတာကတော့ နိုင်ငံရေး လုပ်ငန်းစဉ်ကို သွားဖို့အတွက် လိုအပ်တဲ့ Step တစ်ခုပေါ့။ အဲဒီတော့ ဒါဟာ နိုင်ငံရေး သဘောဆောင်တဲ့ agreement ပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေး agreement တော့မဟုတ်ဘူး။ ဆိုတော့ တစ်နည်းအားဖြင့် ပြောရလို့ရှိရင် ဒီ nationwide cease-fire agreement ကို လက်မှတ်ထိုးနိုင်တဲ့ လူတွေဟာ အဖွဲ့တွေဟာ လက်နက်ကိုင် အင်အားစုတွေပဲ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ဆိုတော့ UNFC ဟာနိုင်ငံရေး အဖွဲ့အစည်းဖြစ်တယ်။ အဲဒါကြောင့်မို့လို့ UNFC ဟာ ဒီ nationwide cease-fire agreement ကိုသူထိုးလို့မရဘူး။ သူ့ထဲမှာပါတဲ့ လူတွေဟာ ထိုးလို့ရတယ်။ မွန်ပြည်သစ်ပါတီတို့၊ KNU တို့ ထိုး လို့ရတယ်။ ဆိုတော့ nationwide cease-fire agreement ဆိုတာဟာ အပစ်အခတ် ရပ်စဲရေးစာချုပ်သာ ဖြစ်တယ်။ နိုင်ငံရေး သဘောဆောင်တယ်။ သို့သော် နိုင်ငံရေး အရ သဘောတူညီတဲ့ စာချုပ် မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ UNFC နဲ့ လက်မှတ် မထိုးဘူး။ ဒါပေမဲ့ UNFC ထဲမှာပါတဲ့အဖွဲ့တွေနဲ့တော့ လက်မှတ်ထိုးမယ်။ တခုရှိတာက တကယ့် တွေ့ဆုံဆွေးနွေးပွဲ ရောက်သွားပြီ ညှိနှိုင်းပွဲ ရောက်ပြီ ဆိုရင်တော့ UNFC အနေနဲ့ သူ့ဘာသာသူ ဘယ်လို လာလာ။ လာတာတော့ တစ်ဖွဲ့ချင်းစီ လာမယ်။ သူ့ဘာသာသူ ပေါင်းပြီးဆွေးနွေးမယ်ရတယ် ပြဿနာမရှိဘူး။ ဒါသူ့အလုပ်။ ဒါလွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ ဒီ nationwide cease-fire agreement ဆိုတာကတော့ ခုနကလို cease-fire agreement ဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့တွေသာ ထိုးရမှာဖြစ်တယ်။ ဆိုတော့ UNFC နဲ့ကျတော့ ဘာလဲဆိုတော့ UNFC ကျတော့ သူ့မှာလည်း သူတင်ပြလာတဲ့ Framework ရှိတာပေါ့ နော်။ နောက် နိုင်ငံတော် အစိုးရရဲ့ Framework လည်းရှိတယ်။တစ်နည်းအားဖြင့် ပြောရရင် ယူလာတာပေါ့။ တခြား အဖွဲ့ တွေကလည်း တင်ပြတာရှိတယ်။ Civil Society ကလည်း တင်ပြကောင်း တင်ပြလိမ့်မယ်။ နောက်ပြီးတော့ တခြား တိုင်းရင်းသား အဖွဲ့တွေကလည်း တင်ပြရင်တင်ပြမယ်။ ပြောလို့မရဘူး။ NLD ကလည်း Framework တင်ချင် တင်မှာပဲ။ ဆိုတော့ အစိုးရကလည်း သူလည်း တင်ချင်တင်မှာ ပေါ့နော်။ ဆိုတော့ အဲဒါတွေ အားလုံးကို ပြန်ပြီးတော့ ညှိဖို့လိုတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ UNFC ရဲ့ သူပြောတဲ့ဥစ္စာကို အပြတ်တစ်ခါတည်း လုပ်မယ်လို့ လက်ခံလို့မရဘူး။ ဒါတွေအားလုံးက ဆွေးနွေးရမှာ ဖြစ်တယ်။ အဲဒါပါပဲ။

သေချာတာကတော့ အောက်တိုဘာ လထဲမှာပဲဖြစ်ဖြစ်၊ နိုဝင်ဘာလထဲမှာပဲ ဖြစ်ဖြစ်ပေါ့လေ၊။ လပိုင်းအတွင်းမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့တော့ ဖြစ်နိုင်ချေ အလားအလာ အများကြီးရှိတယ်ပေါ့။

အများကြီးရှိပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အောက်ခြေမှာ ပြဿနာတွေ အများကြီး ဖြစ်နေတာမျိုးတွေ ရှိနေတော့ တကယ်လို့ ဒီအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့မှ ဒီလိုမျိုးပဲ ဆက်ဖြစ်နေဦးမယ် ဆိုရင်ရော အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုများ ဆောင်ရွက်မှုရှိလဲ။

ဒါကြောင့်မို့လို့ အခုဖြစ်နေတဲ့ ပြဿနာတွေဟာ အရင်ထိုးထားတဲ့ စာချုပ်တွေရဲ့ အားလုံးကို မလွှမ်းခြုံဘူးပေါ့နော်။ အားနည်းချက်တွေ ရှိတာပေါ့နော်။ ဥပမာဆိုလို့ရှိရင် စာချုပ်တွေမှာ ဘယ်တပ်တွေ ဘယ်မှာနေရမယ် ဆိုတာမပါဘူး။ ဆိုတော့ သိတဲ့အတိုင်းပဲ ရှမ်းပြည်မှာဆိုရင်လည်း တပ်တွေအများကြီး။ မြန်မာ အစိုးရ တပ်လည်းရှိမယ်။ SSA ရှိတယ်၊ RCSS ရှိတယ်၊ ပလောင်ရှိတယ်၊ ပအို့ဝ်ရှိတယ်။ ပအို့ဝ်ကလည်း နှစ်ဖွဲ့ လောက်ရှိတယ်။ ၀ ရှိမယ်။ နောက်ပြီးတော့ ပြည်သူ့စစ်တွေကလည်း အများကြီးပဲ။ ကရင်ဆိုလည်း ဒီလိုပဲ အများကြီးပဲ။ ဆိုတော့ အဲလိုတပ် တွေဟာသေချာနေရာ မချထားတဲ့အတွက် ထိတွေ့မှုတွေ ဖြစ်တတ်တယ်။ နောက်ပြီးတော့ ခေတ်တွေက ပြောင်းလာတယ်။ ခေတ်တွေက ပြောင်းလာတော့ လက်နက် ကိုင်အဖွဲ့အစည်း တွေကလည်း စားဝတ်နေရေးက ခက်လာတယ်။ ခက်လာတော့ သူတို့က စားဝတ်နေရေးအတွက် ဖန်တီး ကြရတဲ့ အခါမှာသူများ ဒေသထဲကို ရောက်သွားမယ်။ မြန်မာအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ရောက်သွားမယ်ဆိုရင် ဒါထိတွေ့မှုတွေ ရှိမှာပဲ။ နောက်တခြား issue တွေလည်း ရှိတာပေါ့နော်။ တခြား ပြဿနာတွေတော့ အများကြီးရှိပါတယ်။ အဲတော့ nationwide cease-fire agreement ဆိုတာက ခုနပြောသလို ဖြစ်နေတဲ့ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းနိုင်အောင်လို့ ထိုးတဲ့ဟာ ဖြစ်တယ်။ ဆိုတော့ ဒီဟာတွေ ဘာကြောင့် ဖြစ်နေသလဲ။ ဒီဟာတွေ ဖြစ်ဖို့အတွက် တပ်တွေ ခွဲထားဖို့ လိုသလား။ code of conduct လို့ခေါ်တဲ့ ခုနပြောတဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ချဖို့လိုတာလား။ Monitoring လုပ်ဖို့လိုတာလား။ ခုနပြောတဲ့ တိုင်းရင်းသားတပ်တွေ၊ အစိုးရရဲ့ မြန်မာ့တပ်မတော်ဆိုရင် လခ တွေဘာတွေ ရှိတာပေါ့နော်။ တိုင်းရင်းသား တပ်တွေကျတော့ လခမရှိဘူး။ အဲတော့ သူတို့စားဖို့ သောက်ဖို့တွေ ဘယ်လိုလုပ် မလဲ။ ဒါတွေပါ ကျွန်တော်တို့က အများကြီး အကျယ်ကြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက nationwide cease-fire agreement ဆိုတာက အခုနလို မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ကြိုးစားတာဖြစ်ပါတယ်။ အဲ တော့ အခုလို nationwide cease-fire agreement ထိုးလိုက်လည်း မနက်ဖြန်တော့ လက်နက်ကိုင် တိုက်ပွဲတွေက ရပ်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီဟာတွေ ရပ်သွားဖို့အတွက်ကို ကျွန်တော်တို့ လုပ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အားလုံးက လိုက်နာရမယ့် document တစ်ခုတော့ ရသွားမယ်။ အဲဒီကမှ တစ်ဆင့်တဆင့် သွားရမှာပေါ့။

ကျွန်တော်တို့ နိုင်ငံမှာက လူတွေက တချို့ နားမလည်တာလေးတွေ ရှိတာပေါ့ဗျာနော်။ ပဋိပက္ခကို ဒီလိုလည်း တခါမှ မဖြေရှင်းဖူးတာ ရှိတာကိုး။ ဘယ်နိုင်ငံမှာပဲ မဆို လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် ကုန်ကျစရိတ် သိပ်များတယ်။ ဥပမာ ၁၉၉၀ အစပိုင်း လောက်မှာ လူ ၃၀၀၀ လောက်ရှိတဲ့ အင်အားစုတစ်ခုကို လက်နက်နဲ့ အ၀တ်အစားဆင်ဖို့ ဒေါ်လာတသန်းကျတယ်။ အခုခေတ်နဲ့ ဆိုရင်တော့ တွက်ကြည့်လိုက် ဘယ်လောက်ရှိ သွားမလဲ။ ကျွန်တော်က တွက်ပြတာက အဲဒီပိုက်ဆံ ဘယ်ကရမလဲ။ သစ်ပင်ခုတ်မယ်၊ ကျောက်ရောင်းမယ် စသည်ဖြင့်၊ စစ်ဆင်တာတို့၊ စစ်ပွဲတို့၊ စားတာတို့ သောက်တာတို့ ဘာမှမပါသေးဘူး။ အဲလောက်ပဲ ရှိသေးတယ်။ ကျွန်တော် တစ်နည်းအားဖြင့် ပြောရလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခဟာ အင်မတန် ကုန်ကျစရိတ်များတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်သွားလို့ ရှိရင်လည်း ဒီဟာကို ပြန်လည်ထူထောင်ဖို့က အရမ်းကုန်ကျ စရိတ်များတယ်။ အခု ဆီးရီးယားမှာ ဖြစ်နေတဲ့ကိစ္စကို ပြန်လည် ထူထောင်မယ်ဆိုရင် ဒေါ်လာဘီလီယံ သန်းရှစ်ဆယ် ကုန်မယ်တဲ့ အဲလို ခန့်မှန်းထားတယ်။ အဲတော့ ဒီလို ပျက်စီးတာတွေကို ပြန်ပြီးတော့ ထူထောင်ဖို့အတွက်က ပိုက်ဆံလိုတယ်။ များသောအားဖြင့်က နိုင်ငံတစ်ခုဟာ ပဋိပက္ခကနေပြီးတော့ ပြန်ထွက်လာပြီ ဆိုလို့ရှိရင် သူ့မှာ ပိုက်ဆံ မရှိတတ်ဘူးဗျ။ တစ်ခါတလေကျလို့ရှိရင်လည်း ဒီပဋိပက္ခမှာ လူတွေက အများကြီး ထွက်ပြေးသွားတဲ့ အတွက် ပြန် ပြီးတော့ ထူထောင်ဖို့အတွက် မရှိဘူး။ ဒါတွေ ဖြစ်တတ်တယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော် ပြောချင်တာကတော့ လက်နက်ကိုင် ပဋိပက္ခတို့၊ စစ်ပွဲတို့ဆိုတာ ကုန်ကျစရိတ် များတယ်။ အဲတော့ Peace က အလကားမရဘူး ဆိုတာကို ပြောချင်တာ။ ပြန်လည် ထူထောင်ဖို့လည်း ပိုက်ဆံလိုတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံဟာ အခုမှပြန်ပြီးတော့ ထူထောင်ခါစ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေးအရ ပြန်လည် ထူထောင်ဖို့ဆိုရင် နိုင်ငံတကာ အကူအညီ လိုတယ်။ သီရိလင်္ကာဆို တစ်ဖွဲ့တည်းနဲ့ ဖြစ်တယ်။ နေရာဒေသလေး တစ်ခုတည်းမှာပဲ ဖြစ်တာက မြောက်ပိုင်းမှာ ဖြစ်တာပေါ့နော်။ ဂျပ်ဖနာ ကျွန်းဆွယ်မှာ ဖြစ်တယ်။ တမီလ် သူပုန်တွေနဲ့ အဲဒီဟာကို ပြန်ပြီးတော့ ပြန်လည် ထူထောင်ဖို့အတွက် သူများဆီမှာ သွားချေးရတဲ့ အခါကျတော့ နိုင်ငံတကာက သူ့ကို ဒေါ်လာ သန်းလေးထောင့်ငါးရာ လောက်ပေးမယ် ဆိုပြီးတော့ ကတိပေးတယ်။ ဒါပေမဲ့ ပွဲပျက်သွားပြီးတော့ နောက်ဆုံး သူ့ဘာသာသူ လုပ်တော့ ဒေါ်လာသန်းပေါင်း ၂၆၀၀ ကုန်တယ်။ ပြန်လည်ထူထောင်ဖို့အတွက် သတ်မှတ်လျာထားတဲ့ ပိုက်ဆံ။ အဲတော့ ငြိမ်းချမ်းရေးရရင် လူ သုံးထောင်လောက်ကို ပြန်ပြီးတော့ နေရာချထားဖို့၊ လက်နက်ကိုင်အင်အား သုံးထောင်လောက်ကို နေရာပြန်ချ ထားဖို့အတွက်က ဒေါ်လာသန်း တစ်ရာ့ခြောက်ဆယ်လောက် ကုန်မယ်။ အခုကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ ဘယ်လောက်အထိ သုံးခဲ့ပြီလဲ။ ကြည့်ရင်သိတာပဲ။ နိုင်ငံတော် အစိုးရ အနေနဲ့ရော ဘယ်လောက် သုံးခဲ့လဲ။ နိုင်ငံတကာကရော ဘယ်လောက်သုံးခဲ့လဲ။ အများကြီး မသုံးရသေးပါဘူး။ အများကြီးလည်း မကုန်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထား မျိုးနဲ့ ဒီလိုပြန်လည် ထူထောင်မှုမျိုးကို ကြီးကြီးကျယ်ကျယ် လုပ်ဖို့ဆိုရင် ပိုက်ဆံအများကြီး လိုတယ်။ အဲတော့ ဒီဟာကို လုပ်နိုင်ဖို့ အတွက်ကို နိုင်ငံတကာက အကူအညီကို ယူကိုယူရမှာ ဖြစ်တယ်။ အဲဒီတော့ ဘာပဲ ပြောပြော ကျွန်တော်တို့က သတိထားဖို့က လက်နက်ကိုင် ပဋိပက္ခတွေ စစ်ပွဲတွေဟာလည်း ကုန်ကျ စရိတ်များတယ်။ Peace ကလည်း ဈေးမချိုဘူး ဆိုတာကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ ဒီလောက်တိုက်ပွဲတွေ တစ်ပတ်ချာလည်လုံး ဖြစ်နေတဲ့ကိစ္စမှာ Peace က ဘယ်လိုမှ ဈေးချိုစရာ မရှိဘူး။ နောက် ကျွန်တော်တို့ဆီမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားကပဲ တစ်သိန်းလောက် ရှိတယ်ပြောတယ်။ နောက်ဒုက္ခသည်တွေလည်း ရှိသေးတယ်။ ဆိုလို့ရှိရင် ဒုက္ခသည်တွေ ပြန်လာရင်လည်း နေရာချထား ပေးဖို့လိုတယ်။ IDP တွေကိုလည်း ပြန်လည်နေရာ ချထားပေးဖို့လိုတယ်။ လက် နက်ကိုင် တပ်ဖွဲ့တွေကိုလည်း သေချာပြန်ပြီးတော့ ခုနပြောတဲ့ တပ်မတော်ကြီး တစ်ခုတည်းဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ဒါတွေ သင်တန်းပေးရမယ်။ ဘယ်သူက တပ်ထဲဝင်မလဲ။ ဘယ်သူက တပ်ထဲမ၀င်ဘူးလဲ။ ဘယ်သူက ရဲလုပ်မလဲ၊ ဘယ်သူက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ပေးရမလဲဆိုတဲ့ ခုနကျွန်တော်ပြောတဲ့ DDR Process ဆိုတာ အဲဒါပဲ။ အဲဒီဟာတွေလည်း ကျွန်တော်တို့ ပိုက်ဆံအများကြီး လိုတယ်။ ဆိုတော့ အဲဒါလေးပဲ ကျွန်တော် ပြောချင်ပါတယ်။ ဈေးမချိုဘူး နောက်ပြီးတော့လည်း သိပ်ပြီးတော့ ပြင်ပကလည်း ထောက်ပံ့ ပေးနေတာ မရှိဘူး။ ထောက်ပံ့ပေးတဲ့ ပိုက်ဆံတွေကလည်း စနစ်တကျ သုံးရတာ ဖြစ်ပါတယ်။ တစ်ခါ တစ်ခါ Peace Process မှာ ငွေကြေးသုံးစွဲမှုဟာ ဆိုရင်တော့ အရမ်း တင်းတင်းကျပ်ကျပ်ရှိပါတယ်။ တစ်ခါတစ်ခါ ကျလို့ရှိရင်တော့လည်း အသေးအမွှား ကိစ္စကအစ ကိုယ့်အိတ်ထဲက နေပြီးတော့ ပြေလည်အောင် ဆိုပြီးတော့ စိုက်လိုက်ရတာ ရှိပါတယ်။ ဒါတွေက မဆန်းပါဘူး။ ဒါတွေကတော့ တခြားမှာလည်း ဖြစ်တတ်တဲ့ကိစ္စ ရှိပါတယ်။

အစ်ကိုပြောသလိုပေါ့ Peace Process အတွက် နိုင်ငံတကာက ငွေကြေးထောက်ပံ့မှု အကူအညီတွေ အများကြီးလိုတော့ အဲလို အကူအညီတွေရအောင် ဘယ်လိုများ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာ ရှိလဲခင်ဗျ။

အဲဒါက ဒီလိုလုပ်ဖို့တော့ လိုလိမ့်မယ်ဗျ။ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးရေး လုပ်တဲ့အခါမှာ လုပ်ပြီးတာနဲ့ အဲဒီမှာပဲ နိုင်ငံတကာကနေပြီးတော့ ဒီဟာတွေကို ဘယ်လို ပြန်ကူညီမလဲဆိုတဲ့ နိုင်ငံခြားမှာတော့ Conference လို့ခေါ်တာပေါ့ဗျာ ကတိက၀တ်ပေးတဲ့ နိုင်ငံတကာ Conference တစ်ခုတော့ ခေါ်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီကနေပြီးတော့ ကိုယ့်ရဲ့ ရလာတဲ့ အဖြေတွေဟာ ဒီဟာတွေကို လက်တွေ့ ဆောင်ရွက်ဖို့ ပိုက်ဆံ ဘယ်လောက်လိုမလဲ၊ အဲဒါ ဘယ်နိုင်ငံက ဘယ်လောက်လှူမလဲ၊ ချေးရမလား၊ အလကားရမလား၊ NGO တွေက ကူညီရမလား ဒါတွေကို ကျွန်တော်တို့အားလုံး ရအောင်ယူပြီးတော့မှ ခုနကတိက၀တ် ပေးတဲ့ အပေါ်မှာ ဒီပိုက်ဆံနဲ့ တည်ဆောက်ဖို့ လိုတယ်။

MPC နဲ့ ပတ်သက်ပြီးတော့ အစိုးရ အသိုင်းအ၀ိုင်း ကြားထဲမှာ ပြန့်နေတဲ့ သတင်းလေးရှိတယ်။ MPC အပါအ၀င် ပေါ့လေ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရေး လုပ်ငန်းတွေကို အခု ၀န်ကြီးဦးအောင်မင်းက အဓိက ဦးဆောင် လုပ်နေတယ်။ ဒါပေမဲ့ မကြာခင် ၀န်ကြီးဦးအောင်မင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ နေရာမှာ ၀န်ကြီး ဦးအုန်းမြင့်ကို အစားထိုးပြီးတော့ ဆောင်ရွက်ခိုင်းသွားဖို့ ရှိနေတယ်ဆိုတာ အဲဒါဟုတ်ပါသလား။

ကျွန်တော်တို့ Peace Process မှာ ဦးအောင်မင်းကို အစားထိုးလို့ မရဘူး။ ဒါ ဦးအောင်မင်းက ကျွန်တော်တို့နဲ့ အလုပ်လုပ်နေလို့ ပြောတာမဟုတ်ဘူး။ ဦးအောင်မင်းက စတိုင်လ်ရှိတယ်။ ဦးအောင်မင်းက လူတွေကို Trust ရအောင် လုပ်ပေးနိုင်တာရှိတယ်။ သူ့မှာ ငြိမ်းချမ်းရေးလုပ်တဲ့ အခါမှာပဲဖြစ်စေ၊ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာပဲဖြစ်စေ နားထောင်နိုင်စွမ်းက အရမ်းအရေးကြီးတယ်။ တစ်ဖက်က မကျေနပ်လို့ ပြောလာတဲ့ ဟာတွေကို သေသေချာချာ နားထောင်တတ် တဲ့ စွမ်းအားရှိတယ်။ တကယ့်ကို နှလုံး သားနဲ့လည်း နားထောင်တတ်တယ်။ ဦး နှောက်နဲ့လည်းနားထောင် တတ်တယ်။ ဆိုတော့ နှလုံးသားချည်းပဲ နားထောင်လို့ လည်းမရဘူး။ ဦးနှောက်နဲ့လည်း နားထောင်တတ်တယ်။ Active Listen ပေါ့ဗျာ။ တကယ့်ကို နားထောင် တတ်တဲ့လူ ဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း အချိန်တိုအတွင်းမှာ ဦးအောင်မင်း အနေနဲ့ ဒီလောက်အထိ လုပ်နိုင်တာ ဖြစ်တယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့။ သမ္မတကြီးက ဦးဆောင်ပြီးတော့ပေါ့။ တခြားတပ်မတော်က လူတွေလည်း ပါတာပေါ့။ သို့သော် ဒီကိစ္စတွေ ဖြစ်အောင် ဦးအောင်မင်းက လုပ်နေတာ။ အဲတော့ ငြိမ်းချမ်းရေး ကိစ္စတွေမှာတော့ အစိုးရဘက်မှာ ဦးအောင်မင်းကို အစားထိုးလို့ မရဘူး။

(ဆက်လက်ဖော်ပြပါမည်)
.............................
ဦးအောင်နိုင်ဦး

၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ အပြီးတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး ဒီမိုကရက်တစ် ကျောင်းသားများ ပြည်သူ့တပ်ဦး (ABSDF) သို့ဝင်ရောက်ခဲ့သည်။ ABSDF တွင် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းမင်း၊ ဦးတင်မောင်သန်း စသည်တို့ဖြင့် ဗဟု (Vahu Development Institute) အဖွဲ့ကို တည်ထောင်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်ကြားပို့ချ ပေးခဲ့သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက် ဆောင်ရွက်မှု ရှိသလို ထိုစဉ်က မြန်မာအစိုးရ ထိပ်ပိုင်းအကြီးအကဲများ ပါဝင်ပတ်သက်မှုရှိသော Myanmar Egress အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုများလည်း ပြုလုပ်ခဲ့သည်။ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြန်မာနိုင်ငံသို့ ဗဟု အဖွဲ့ခေါင်းဆောင်များ ဖြစ်သော ဒေါက်တာဇော်ဦး၊ ဦးအောင်သူငြိမ်း တို့နှင့်အတူ ပြန်လည် ၀င်ရောက်လာခဲ့ပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူများ ပထမဦးဆုံး ပါဝင် ဆောင်ရွက်ခွင့် ရသည့် အစိုးရမှ ဖွဲ့စည်းပေးသော ကော်မတီ ဖြစ်သည့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့သည်။ ယခုအချိန်တွင် Myanmar Egress အဖွဲ့တွင် ပါဝင် ဆောင်ရွက်လျက် ရှိသူများနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၏ Peace Diamogue program တွဲဖက်ဒါရိုက်တာအဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...